ကယ်လီကို ကြည့်ရင်း ချန်ဟန် သဘောပေါက်သွားသော်လည်း ခပ်ရေးရေး ပြုံး၍...
"ဒါဆို အဲ့ဒီလူတွေက မင်းကို လုပ်ကြံဖို့ ဘာလို့ ရောက်လာတာလဲ..."
"ငါလည်း မသိဘူး..." ကယ်လီ၏ မျက်နှာပေါ်တွင် မှောင်မိုက်သော အရိပ်အယောင်တစ်ခု ထွက်ပေါ်လာသည်။ "အဲ့ဒီ လုပ်ကြံသတ်ဖြတ်သူတွေက အထက်လူကြီးတွေ မဟုတ်ဘူးလေ... သူတို့က သတ်ဖြတ်ဖို့ တာဝန်ယူထားတဲ့ သူတွေသက်သက်ပဲ... ဘာမှ မသိကြဘူး... ဘယ်သူက သူတို့ကို ငှားရမ်းလိုက်တာလဲ ဆိုတာတောင် မသိကြဘူး..."
"ဒါ့အပြင် သူတို့က ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ နည်းလမ်းမျိုးစုံ သုံးသွားကြတယ်..."
ထိုနေရာအထိ ပြောပြီးနောက် သူ့ မျက်နှာမှာ ပြာနှမ်းသွားပြီး အတော်လေး စိတ်မကောင်း ဖြစ်နေသည်မှာ ထင်ရှားနေ၏။
ဤလူများက လုပ်ကြံသတ်ဖြတ်သူ အဖွဲ့အစည်း တစ်ခုမှ လာကြခြင်း ဖြစ်ပြီး အပျင်းပြေ သက်သက် ရောက်လာကြခြင်း မဟုတ်မှန်း ထင်ရှားလှသည်။ သူတို့ ငှားရမ်းခံခဲ့ရခြင်းပင်။
သို့သော် ယခု သူတို့ သေဆုံးသွားခဲ့ပြီ ဖြစ်သဖြင့် သူတို့၏ တစ်ခုတည်းသော သဲလွန်စ ပျောက်ဆုံးသွားခဲ့ရပြီ။ ဆက်လက် စုံစမ်းစစ်ဆေးရန် အတော်လေး ခက်ခဲသွားပေလိမ့်မည်။
မည်သို့ပင်ဖြစ်စေ သေသွားသော လူများက စကားမှ မပြောနိုင်တော့ပြီ မဟုတ်ပါလား။
အကယ်၍ ဤလူများသာ ကူတူးနယ်မြေမှ လာကြခြင်း ဆိုပါက ပြဿနာ သိပ်ကြီးမည် မဟုတ်ချေ။ ကယ်လီ မိသားစု၏ ခွန်အားနှင့် ဆိုပါက သူတို့ ဆန္ဒရှိသရွေ့ သဲလွန်စ အချို့ကို အလွယ်တကူ ရှာဖွေနိုင်ပေလိမ့်မည်။
သို့သော် သူတို့ကို ငှားရမ်းခဲ့သူများက ဤအချက်ကို ကြိုတင် စဉ်းစားထားခဲ့ပြီး ဖြစ်သည်။
'အရိပ်၏ ထိတွေ့မှု' ဆိုသည်မှာ နိုင်ငံခြား တိုင်းပြည် တစ်ခုမှ လုပ်ကြံသတ်ဖြတ်ရေး အဖွဲ့အစည်း တစ်ခု ဖြစ်ပြီး လျှို့ဝှက်ချက်များကို လုံးဝ အတိအကျ ထိန်းသိမ်းထားလေ့ ရှိသည်။ ကယ်လီ မိသားစု၏ အင်အားကြောင့် သူတို့ ဖောက်သည်များကို သစ္စာဖောက်ဖို့မှာ လုံးဝ မဖြစ်နိုင်ပေ။
ထို့ကြောင့် ကယ်လီ အနေဖြင့် ခန့်မှန်းချက် အချို့ကိုသာ ထုတ်နိုင်တော့၏။
သူက ချန်ဟန်ကို ခန့်မှန်းချက် အနည်းငယ် ပြောပြပြီးနောက် ပြာနှမ်းနေသော မျက်နှာဖြင့် ထွက်ခွာသွားတော့သည်။
သေချာပေါက် မထွက်ခွာမီလေးတွင် ချန်ဟန်၏ အကူအညီအတွက် ကျေးဇူးတင်ရန် လက်ဆောင်များစွာ ယူဆောင်လာပေးခဲ့သည်။ ချန်ဟန်အတွက် အလွန် အကျိုးအမြတ် များစေမည့် စီးပွားရေး လုပ်ငန်း အချို့ကိုပါ ဆွေးနွေးပေးခဲ့သေး၏။
တုံ့ပြန်သည့် အနေဖြင့် ချန်ဟန်လည်း မငြင်းဆန်ဘဲ တိုက်ရိုက်ပင် လက်ခံလိုက်သည်။
ကူတူး တော်ဝင်မြို့တော်ရှိ နန်းတော် အတွင်း၌...
လှပသော ခန်းမဆောင်ကြီး တစ်ခုထဲတွင် အတော်လေး တိတ်ဆိတ် ငြိမ်းချမ်းနေ၏။
ဤနေရာမှာ အလွန် ကျယ်ဝန်းသော နေရာတစ်ခု ဖြစ်ပြီး လူ သိပ်မများပေ။
အမျိုးသမီး တစ်ဦးက ခန်းမဆောင် အလယ်တွင် တစ်ယောက်တည်း ထိုင်ကာ ကိစ္စရပ် အမျိုးမျိုးကို ဖြေရှင်း ဆောင်ရွက်နေသည်။
ရွှေရောင် နေရောင်ခြည် မှိန်ဖျော့ဖျော့လေးက ပြတင်းပေါက်မှ တဆင့် အမျိုးသမီး၏ ခန္ဓာကိုယ်ပေါ် ဖြာကျနေပြီး သူမ ကိုယ်လုံးကိုယ်ပေါက်နှင့် နှင်းကဲ့သို့ ဖြူဖွေးသော အသားအရေကို အလွန် ဆွဲဆောင်မှု ရှိစေသည်။
သူမက သိပ်အသက်မကြီးသေးပုံ ရပြီး အသက် ၂၅၊ ၂၆ နှစ် အရွယ်ခန့်သာ ရှိဦးမည်။ သူမမှာ အလွန် လှပပြီး ပါးလွှာသော ဝတ်ရုံတို တစ်ထည်ကို ဝတ်ဆင်ထားသည်။ ထိုနေရာတွင် ထိုင်ရင်း သူမ စိတ်ထဲ တွေးတောနေလိုက်၏။
ထိုအချိန်တွင် အပြင်ဘက်မှ လောတကြီး ခြေသံများ ထွက်ပေါ်လာပြီး ကြီးမားသော ဆူညံသံများဖြင့် တပါတည်း ထွက်ပေါ်လာတော့သည်။
အိုလီဗီယာ မျက်မှောင်ကြုတ်သွားပြီး လျှောက်လာသော လူကို ကြည့်ကာ တိုးညှင်းစွာ မေးလိုက်သည်။
"ဗာနာ ထပ်ပြီး ခိုးထွက်ဖို့ ကြိုးစားပြန်ပြီလား..."
"ဟုတ်ကဲ့ပါ..." မလှမ်းမကမ်းမှ အစေခံမလေး တစ်ယောက်က ဒူးတစ်ဖက် ထောက်ကာ လေးစားသော အမူအရာဖြင့်...
"လွန်ခဲ့တဲ့ လဝက်အတွင်း ဒါက တတိယအကြိမ်မြောက်ပါပဲ..."
"ဟွန်း..." အိုလီဗီယာက အေးစက်စက် နှာခေါင်းရှုံ့လိုက်ပြီး... "ငါ့ခွင့်ပြုချက် မပါဘဲ ခိုးထွက်သွားပြီးတော့ လုပ်ကြံခံရလုနီးပါး ဖြစ်တာတောင် ခိုးထွက်ဖို့ ကြိုးစားနေတုန်းပဲ..."
"သူ အသက်ရှင်ရတာ ငြီးငွေ့နေပြီလား..."
အိုလီဗီယာ၏ စကားကို ကြားလျှင် အစေခံမလေးလည်း ဒူးတစ်ဖက် ထောက်ထားရင်း မည်သည့်စကားကိုမျှ ဝင်မပြောရဲတော့ပေ။
အိုလီဗီယာက သူမ နဖူးကို ပွတ်သပ်ပြီး ညင်သာစွာ သက်ပြင်းချလိုက်ကာ ပင်ပန်းနွမ်းနယ်နေသော လေသံဖြင့် ပြောလိုက်သည်။
"ပြောပါဦး... သူ ဘာဖြစ်လို့ ခိုးထွက်ဖို့ ဒီလောက်တောင် ကြိုးစားနေရတာလဲ... ပြီးတော့ အဲ့ဒီနေ့က ဘာတွေ ဖြစ်ခဲ့လဲ ဆိုတာပါ ပြောပြဦး..."
"ဟုတ်ကဲ့ပါ..."
အစေခံမလေးက ခေါင်းညိတ်ပြီးနောက် ညစာစားပွဲတွင် ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို ပြောပြလိုက်၏။
နားထောင်နေရင်း အိုလီဗီယာ ရုတ်တရက် မျက်မှောင်ကြုတ်သွားသည်။
"နေပါဦး... အဲ့ဒီညက ဗာနာက တစ်ယောက်ယောက်ကို ကခုန်ဖို့ အရင် ဖိတ်ခေါ်ခဲ့တာ သေချာရဲ့လား..."
"ဟုတ်ကဲ့ပါ..." အစေခံမလေးလည်း ခေါင်းညိတ်ပြသည်။
"ပြီးတော့ အဲ့ဒီလူက ကွက်တိပဲ ဗာနာ့ကို ဝင်ကယ်လိုက်တာပေါ့..." အိုလီဗီယာ ဖြည်းညှင်းစွာ မေးလိုက်၏။
အစေခံမလေးထံမှ အတည်ပြုချက် ရရှိပြီးနောက် အိုလီဗီယာ တစ်စုံတစ်ရာကို သဘောပေါက်သွားတော့သည်။
"သူရဲကောင်းက မင်းသမီးလေးကို ကယ်တင်တဲ့ ရိုးရိုးရှင်းရှင်း ဇာတ်လမ်းပါလား..."
သူမက ခေါင်းခါယမ်းပြီးနောက် စိတ်ထဲ တွေးတောနေလိုက်သည်။
ဤဖြစ်ရပ်က အတော်လေး တိုက်ဆိုင်လွန်းနေ၏။
ဗာနာက သူမ ညီမလေး ဖြစ်ပြီး ကူတူး တော်ဝင်မိသားစု၏ မင်းသမီး တစ်ပါးလည်း ဖြစ်သည်။ သူမအား ဒုက္ခပေးချင်နေသော အကြောင်းပြချက် ရှိသူများ အများအပြား ရှိနေပေသည်။
သို့သော် ဗာနာ ခိုးထွက်သွားသည်နှင့် တစ်ပြိုင်နက် တစ်စုံတစ်ယောက်က လုပ်ကြံသတ်ဖြတ်ရန် ရောက်လာခဲ့သည်လား။
ဒါက ကယ်လီနဲ့ ပတ်သက်ပြီး ပြဿနာ တစ်ခုခု ရှိနေလို့လား...
ထို့အပြင် သူမက ထိုသူ့ ကယ်တင်ခြင်းကို ခံလိုက်ရသည်မှာလည်း တိုက်ဆိုင်လွန်းလှ၏။
ဒါက ကြိုတင် စီစဉ်ထားတာများလား...
ထိုအခိုက်အတန့်တွင် အိုလီဗီယာ၏ စိတ်ထဲ အတွေးပေါင်းများစွာ ဖြတ်ပြေးသွားတော့သည်။
ဗာနာနှင့် ယှဉ်လျှင် သူမက အများကြီး ပိုအသက်ကြီးပြီး အရာများစွာကို မြင်တွေ့ခဲ့ရပြီး ဖြစ်သည်။
ပထမဆုံး အနေဖြင့် တော်ဝင်မိသားစုတွင် နေထိုင်ရသူပီပီ သူမက အရာအားလုံးကို အလိုအလျောက် သံသယ ဝင်နေတတ်ပြီး အရာများစွာကို မယုံသင်္ကာ ဖြစ်လေ့ရှိသည်။
"ကိုင်လင်း ဆိုတာ ဘယ်လိုလူမျိုးလဲ..."
ထို့နောက် သူမက ချန်ဟန် အကြောင်းကို စတင် မေးမြန်းတော့၏။
တုံ့ပြန်သည့် အနေဖြင့် အစေခံမလေးက ချန်ဟန်၏ အတိတ်အကြောင်းကို အကြမ်းဖျင်း ပြောပြလိုက်သည်။
သူမ၏ အချက်အလက်များမှတဆင့် အိုလီဗီယာက ချန်ဟန်ကို ပိုမို နားလည်သွားခဲ့လေပြီ။
"သူ့အကြောင်း ကြားရတာ မဆိုးပါဘူး..."
အစေခံမလေး ချန်ဟန်၏ အတိတ်အကြောင်း ပြောပြသည်ကို နားထောင်ပြီးနောက် အိုလီဗီယာ၏ မျက်နှာထား အနည်းငယ် ပြေလျော့သွားပြီး ခေါင်းညိတ်၍...
"သူက တောင်ဘက်ပိုင်းက မှူးမတ် မိသားစု တစ်ခုက ဆင်းသက်လာတာပဲ... သူ့မိသားစုက သိပ်ပြီးတော့ အင်အားမကြီးဘူး... ပြီးတော့ ကော်ရီပိုရဲ့ တပည့်ဖြစ်သလို ပါရမီလည်း ကောင်းတယ်... အစစ်အမှန် သူရဲကောင်း တစ်ယောက် ဖြစ်လာဖို့ မျှော်လင့်ချက် ကြီးကြီးမားမား ရှိတယ်..." သူမ စိတ်ထဲ တွေးလိုက်မိသည်။
"တကယ်လို့ သူ့မှာ ဘာပြဿနာမှ မရှိဘူးဆိုရင် သူက ဗာနာနဲ့ အတော်လေး လိုက်ဖက်မယ့်သူပဲ..."
တော်ဝင်မိသားစု၏ မင်းသမီး တစ်ပါး ဖြစ်သော်ငြား သူမက တခြားသူများထက် အများကြီး ပိုငယ်ရွယ်ပြီး အစ်မဖြစ်သူ အိုလီဗီယာလည်း ရှိနေသေးသည်။
ဆိုလိုသည်မှာ သူမတွင် ထီးနန်းလုရန် အခွင့်အရေး သိပ်မရှိသဖြင့် သူမအား ထောက်ခံလိုသူ သိပ်များမည် မဟုတ်ပေ။
ဗာနာ၏ မင်းသမီး အဆင့်အတန်းနှင့် ဆိုပါက အကယ်၍ အင်အားကြီး မှူးမတ် မိသားစု အချို့နှင့် လက်ဆက်ပေးလိုက်ပါက ပြဿနာများ ဖြစ်ပေါ်လာရန် အလွန် လွယ်ကူ၏။
လက်ရှိ အခြေအနေများအောက်ရှိ မင်းသမီး တစ်ပါး အနေဖြင့် တခြားသူများ၏ အခွင့်အရေးယူ အသုံးချခြင်းကို ခံရရန် အလွန် လွယ်ကူလှသည်။
ထို့ကြောင့် အိုလီဗီယာ၏ အမြင်အရ ဗာနာ အနေဖြင့် အင်အားသိပ်မကြီးသော်ငြား ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်စွမ်းရှိသည့် မှူးမတ် မိသားစု တစ်ခုနှင့် လက်ဆက်ခြင်းက အကောင်းဆုံး ဖြစ်ပေလိမ့်မည်။
တောင်ပိုင်းရှိ မှူးမတ် မိသားစုငယ်လေး တစ်ခုမှ စစ်သည်တော် တစ်ယောက်ဆိုလျှင် လုံးဝ ပြီးပြည့်စုံနေလေပြီ။
သေချာပေါက် ချန်ဟန်က အပြင်ပန်းတွင် အတော်လေး ကောင်းမွန်သည်ဟု အိုလီဗီယာ ခံစားနေရသော်ငြား အသေးစိတ်ကို သေချာ ထည့်သွင်း စဉ်းစားရဦးမည် ဖြစ်သည်။
"စစ်သည်တော် ကိုင်လင်းက တခြား အပိုင်းတွေမှာကော ဘယ်လိုနေလဲ..." သူမက စားပွဲကို ခေါက်ရင်း မေးလိုက်သည်။ "သူ့မှာ ကိုယ်ရေးကိုယ်တာ ပြဿနာတွေ ရှိလား... ဥပမာ... စေ့စပ်ထားတဲ့ မိန်းကလေးတို့ ဘာတို့..."
မှူးမတ် မိသားစု အများစုမှာ အခြား မိသားစုများ၏ ထောက်ခံမှုအား ရယူရန်နှင့် မိမိကိုယ်ကို အင်အား တောင့်တင်းစေရန် သူတို့ ဆက်ခံသူများကို ငယ်ရွယ်စဉ်ကတည်းက အိမ်ထောင်ဖက် စီစဉ်ပေးလေ့ ရှိကြသည်။
ထို့အပြင် မှူးမတ် အသိုင်းအဝိုင်းများမှာ ရှုပ်ထွေးလှသဖြင့် အစေခံမလေးများ၊ သို့မဟုတ် အခြားသူများနှင့် ရသော တရားမဝင် ကလေးများ မကြာခဏ ရှိတတ်ကြ၏။
မိခင်ဖြစ်သူ၏ လွှမ်းမိုးမှုကြောင့် အိုလီဗီယာ ကိုယ်တိုင်တွင်ပင် ချစ်သူ အတော်များများ ရှိခဲ့သည်။
သူမ ညီမလေး ဖြစ်သူ သဘောကျနေသော သူအတွက် အတိတ်တွင် ချစ်သူများ ရှိခဲ့လျှင်ပင် ဂရုစိုက်မည် မဟုတ်သော်ငြား စေ့စပ်ထားသူ ရှိနေခြင်းကိုမူ လုံးဝ လက်ခံနိုင်မည် မဟုတ်ပေ။ သို့မဟုတ်ပါက အနာဂတ်တွင် အခြေအနေများက အတော်လေး ရှုပ်ထွေးသွားပေလိမ့်မည်။
သို့သော် သူမ ရရှိလိုက်သော အဖြေက သူမအား အတော်လေး အံ့အားသင့်သွားစေခဲ့၏။
End
***