အိုလီဗီယာက သူမ၏ အစေခံမိန်းကလေးကို ကြည့်ရင်း အတော်လေး အံ့အားသင့်နေဟန်ဖြင့်...
"မင်းပြောချင်တာက သူရဲကောင်း ကိုင်လင်းမှာ အရင်က မိန်းမ တစ်ယောက်မှ မရှိခဲ့ဖူးဘူးပေါ့..."
အစေခံမိန်းကလေးမှာလည်း အတော်လေး အံ့အားသင့်နေသော်ငြား ခေါင်းညိတ်ပြလိုက်၏။
"ဟုတ်ပါတယ်... အနည်းဆုံးတော့ အဲ့ဒီလို သတင်းမျိုး မကြားမိပါဘူး"
"သူရဲကောင်း ကိုင်လင်းရဲ့ ရုပ်ရည်က ဘယ်လိုနေလဲ" အိုလီဗီယာက နားမလည်နိုင်စွာဖြင့် မေးသည်။
အစေခံ မိန်းကလေးက ခေါင်းခါယမ်း၍...
"ကျွန်မ သေချာတော့ မသိဘူး... ဒါပေမဲ့ ရထားတဲ့ သတင်းတွေအရဆိုရင် သူက တော်တော်လေး ရုပ်ဖြောင့်တဲ့ အမျိုးသား တစ်ယောက်လို့ သိရပါတယ်"
"အဲ့ဒီလောက် ရုပ်ဖြောင့်တဲ့ ယောက်ျား တစ်ယောက်က ဘယ်လိုလုပ် သန့်ရှင်းနေနိုင်မှာလဲ..." အိုလီဗီယာ မျက်မှောင်ကြုတ်သွားပြီး သူမစိတ်ထဲ မကောင်းသော အတွေးအချို့ ဝင်ရောက်လာတော့သည်။
ဒီကောင်လေး ခန္ဓာကိုယ်မှာ တစ်ခုခု ချို့ယွင်းနေတာလား... ဒါမှမဟုတ် သူ့ရဲ့ စိတ်ဝင်စားမှုက လွဲချော်နေတာလား...
သို့သော် ထိုအကြောင်း စဉ်းစားပြီးနောက် ပထမ ဖြစ်နိုင်ချေကို သူမ ဖယ်ရှားလိုက်၏။ မည်သို့ပင်ဆိုစေ သူက သူရဲကောင်း တစ်ယောက် ဖြစ်သောကြောင့် ခန္ဓာကိုယ် ချို့ယွင်းနေရန် အကြောင်း မရှိပေ။ အထူးသဖြင့် သူက အလွန် ငယ်ရွယ်နေသေးသည် မဟုတ်ပါလား။
သို့သော် သူ့ စိတ်ဝင်စားမှု လွဲချော်နေခြင်း ဆိုသည်မှာတော့ တကယ်ကို ဖြစ်နိုင်ချေ ရှိနေသည်။
အိုလီဗီယာက တိတ်ဆိတ်စွာ ခဏတာ တွေးတောနေမိ၏။ သူမ ထိုအကြောင်းကို သေချာ မသိသော်ငြား မိန်းမများကို သဘောမကျဘဲ ချစ်စရာကောင်းသော ယောက်ျားလေးများကိုသာ နှစ်သက်သည့် အမျိုးသားများ အကြောင်း ကြားဖူးထားသည်။
သူရဲကောင်း ကိုင်လင်းများ ထိုကဲ့သို့ လူမျိုး ဖြစ်နေမလော။
ထိုဖြစ်နိုင်ချေကို တွေးမိပြီးနောက် သူမက အစေခံမိန်းကလေးအား ထပ်မံ မေးမြန်းလိုက်သည်။ သို့သော် ရရှိလာသော အဖြေမှာ သူမကို နောက်တစ်ကြိမ် အံ့အားသင့်သွားစေပြန်သည်။
"ယောက်ျားလေးတွေတောင် မဟုတ်ဘူး ဟုတ်လား" အိုလီဗီယာ အတော်လေး အံ့အားသင့်သွားပြီး ဘာပြောရမှန်းပင် မသိတော့ပေ။
သေချာသည်က ဤကဲ့သို့ လျှို့ဝှက်သော အကြောင်းအရာများအတွက် သတင်းအချက်အလက် တူးဖော်ရန် ခက်ခဲကြောင်း သူမ ကောင်းကောင်း သိထား၏။
သူမက စားပွဲပေါ်သို့ လက်ဆစ်များဖြင့် ခေါက်လိုက်ပြီး ခဏအကြာတွင်…
"ဒီလိုဆိုမှတော့... အခွင့်အရေး တစ်ခုလောက် ရှာရမယ်..."
သူမက အစေခံမိန်းကလေးအား ကြည့်၍ တည်ငြိမ်စွာပင်...
"ငါ့နာမည်နဲ့ စားသောက်ပွဲ တစ်ခု ကျင်းပပြီး ကယ်လီကို ဖိတ်လိုက်... ငါသိထားသလောက် ကိုင်လင်းက ကယ်လီနဲ့ သူငယ်ချင်းကောင်းတွေ မဟုတ်လား"
"ဟုတ်ပါတယ်" အစေခံမိန်းကလေးက ရိုသေစွာဖြင့် ပြန်ဖြေ၏။
"ကောင်းပြီ..." အိုလီဗီယာက ခေါင်းညိတ်လိုက်ပြီး တိုးညှင်းစွာ ပြောလာသည်။ "ကယ်လီကို ဘာပဲဖြစ်ဖြစ် ကိုင်လင်းကို ခေါ်လာခဲ့ဖို့ ပြောလိုက်... ပြီးတော့ ဗာနာရဲ့ လူတွေကိုပါ ဒီအကြောင်း အသိပေးလိုက်ဦး"
မကြာသေးမီက ဗာနာ ဖန်တီးခဲ့သော ပြဿနာများကို တွေးမိသည်နှင့် သူမ ခေါင်းထိုးကိုက်လာသလို ခံစားလိုက်ရသည်။
"သူမကို ထပ်ပြီး ပြဿနာ မရှာခိုင်းစေနဲ့တော့"
ကြည့်ရသည်မှာ မကြာသေးမီက ဗာနာ လုပ်ခဲ့သော အရာများက သူမ၏ အစ်မကြီးကို အတော်လေး ဒုက္ခရောက်စေခဲ့ပုံပင်။ ဤသတင်းနှင့်ဆိုလျှင် သူမ ခဏတာ ငြိမ်သက်သွားဖို့သာ မျှော်လင့်ရတော့သည်။
...
ချင်ဟန်က တိတ်ဆိတ် ငြိမ်းချမ်းသော စံအိမ်တော်ထဲ လမ်းလျှောက်နေရင်း ကယ်လီအား ကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။
"စားသောက်ပွဲ ဟုတ်လား... ဒီတစ်ခါ ဘယ်သူလဲ"
အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ထားသော ကယ်လီက ချင်ဟန်ရှေ့တွင် ရပ်၍ ပြုံးဖြဲဖြဲဖြင့်...
"မင်းသမီး အိုလီဗီယာ ကျင်းပတဲ့ စားသောက်ပွဲလေ... လူသိပ်မများဘူးလို့ ကြားတယ်... ဘယ်လိုလဲ... အတူတူ သွားကြမလား"
"မင်းသမီး အိုလီဗီယာ..."
ချင်ဟန် အတော်လေး အံ့အားသင့်သွား၏။ သေချာပေါက် သူ မင်းသမီး အိုလီဗီယာ အကြောင်း ကောင်းကောင်း သိထားသည်။ တကယ်တမ်း ကူတူး တော်ဝင်မြို့တော် အတွင်းရှိ လူများထဲတွင် သူမကို မသိသူ တစ်ယောက်မှ မရှိဟုပင် ဆိုရပေမည်။
သူမမှာ ကူတူး တိုင်းပြည် ဘုရင်ကြီး၏ အကြီးဆုံး သမီးတော် ဖြစ်ပြီး အထူးချွန်ဆုံး သမီးတော်လည်း ဖြစ်သည်။ သူမက ဉာဏ်ရည် ထက်မြက်ရုံသာမက သူရဲကောင်း တစ်ယောက် အနေဖြင့်လည်း ထူးခြားသော ပါရမီရှင် တစ်ယောက်ဟု ဆိုကြသည်။ အလွန် မကြီးရင့်သေးသော်ငြား အစွမ်းထက်သော သူရဲကောင်း တစ်ယောက် ဖြစ်နေပြီ ဖြစ်ကာ မြောက်ပိုင်းရှိ သူမ၏ မြေနက်တပ်ဖွဲ့ကို ဦးဆောင်၍ အိမ်နီးချင်း တိုင်းပြည်များကိုပင် တိုက်ခိုက်ခဲ့ဖူးသည်။ သူမထံတွင် ကြီးမားသော တပ်ရေး အာဏာလည်း ရှိနေ၏။
အခြား မင်းသား တစ်ပါးကဲ့သို့ပင် သူမမှာလည်း ထီးနန်း ဆက်ခံရန် ထိပ်တန်း ယှဉ်ပြိုင်သူများထဲမှ တစ်ဦးပင်။
ချင်ဟန်၏ စရိုက်အရ မင်းသမီး အိုလီဗီယာ အကြောင်း အစောကတည်းက သုတေသန အချို့ ပြုလုပ်ထားခဲ့ပြီး ဖြစ်သည်။ သူမနှင့် ပိုနီးကပ်လာစေရန် အရန် အစီအစဉ်များပင် ရေးဆွဲ စဉ်းစားထားခဲ့သေး၏။ သို့သော် မင်းသမီး အိုလီဗီယာက ကူတူး တော်ဝင်မြို့တော်တွင် မကြာခဏ မရှိတတ်သောကြောင့် ချင်ဟန်ထံ အစီအစဉ် မျိုးစုံ ရှိနေသည့်တိုင် အကောင်အထည် ဖော်နိုင်ခြင်း မရှိခဲ့ချေ။
ယခုတစ်ကြိမ် မင်းသမီး အိုလီဗီယာ ရုတ်တရက် ပြန်ရောက်လာခြင်းပင်။ ချင်ဟန်လည်း ထိုသည်က ဘာကြောင့်လဲ ဟူသော အတွေးကို မတားဆီးနိုင်ခဲ့ပေ။
ထိုခဏ၌ ချင်ဟန် စိတ်ထဲ ဖြစ်နိုင်ချေ များစွာကို တွေးတောနေသော်လည်း သူ့ အမူအရာမှာ တည်ငြိမ်နေဆဲ ဖြစ်ကာ ပြုံး၍...
"မင်းသမီးက ဖိတ်ကြားတယ် ဆိုတော့ ငါ့အတွက် ဂုဏ်ယူစရာပါပဲ... အချိန်ရောက်ရင်တော့ ငါ့ကို ခေါ်သွားပေးဖို့ မင်းကိုပဲ ဒုက္ခပေးရတော့မယ်"
မည်သို့ပင်ဆိုစေ ထီးနန်း ဆက်ခံရန် ထိပ်တန်း ယှဉ်ပြိုင်သူ တစ်ယောက် အနေဖြင့် မင်းသမီး အိုလီဗီယာတွင် ကြီးမားသော အာဏာ ရှိနေသည်။ သူမက ချင်ဟန်ကို မဆင့်ခေါ်လျှင်ပင် ချင်ဟန်ကိုယ်တိုင် သူမနှင့် နီးကပ်ခွင့်ရရန် အခွင့်အရေး တစ်ခု ရှာဖွေချင်နေခဲ့သည် မဟုတ်ပါလား။ ယခု သူမကို သိကျွမ်းခွင့် ရမည့် အခွင့်အရေး ရလာပြီ ဖြစ်ရာ သူ သေချာပေါက် လက်လွတ်ခံမည် မဟုတ်ပေ။
"အရမ်းကောင်းတယ်..."
ချင်ဟန်၏ အဖြေကို ကြားလျှင် ကယ်လီ၏ အမူအရာ ပြောင်းလဲမသွားသော်လည်း စိတ်ထဲတွင်တော့ သက်ပြင်းတစ်ချက် ချလိုက်မိသည်။
ချင်ဟန် တစ်ယောက် ငြင်းဆန်လိုက်မည်ကို သူ အတော်လေး စိုးရိမ်နေခဲ့ခြင်းပင်။ အကယ်၍ ထိုသို့သာ ဖြစ်ခဲ့လျှင် သူ အတော်လေး အခြေအနေ ဆိုးသွားပေလိမ့်မည်။ မင်းသမီး အိုလီဗီယာ၏ စရိုက်အရ သူမက ချင်ဟန်အား ခေါ်လာရန် အမိန့်ပေးထားမှတော့ သူ့အနေဖြင့် မည်သို့ဖြစ်စေ လုပ်ဆောင်ရမည်သာ။ မဟုတ်လျှင် အကျိုးဆက်များမှာ အတော်လေး ဆိုးရွားလာနိုင်သည်။ မင်းသမီး အိုလီဗီယာက အသုံးမကျသော လူများကို မနှစ်သက်ချေ။
မင်းသမီး အိုလီဗီယာ၏ မျက်နှာကို တွေးမိသည်နှင့် ကယ်လီ တစ်ကိုယ်လုံး တုန်တက်သွားတော့သည်။
သူတို့ အနည်းငယ် ထပ်မံ စကားစမြည် ပြောပြီးနောက် ကယ်လီ ထွက်ခွာသွားသည်။ ထွက်သွားသော ကယ်လီ၏ ကျောပြင်အား ကြည့်ရင်း ချင်ဟန် အတော်လေး ထူးဆန်းနေသလို ခံစားလိုက်ရပြီး ခေါင်းခါယမ်းကာ သူ့နေရာသို့ ပြန်လာခဲ့၏။
နေအိမ်သို့ ပြန်ရောက်ပြီးနောက် သူက လူသူကင်းမဲ့သော လေ့ကျင့်ရေး ကွင်းပြင် တစ်ခုဆီ ရောက်လာခဲ့သည်။ ပတ်ဝန်းကျင်တွင် လူသိပ်မရှိသဖြင့် အတော်လေး တိတ်ဆိတ် ငြိမ်းချမ်းနေ၏။ ဤသည်မှာ သူကိုယ်တိုင် ပြင်ဆင်ထားသော လေ့ကျင့်ရေး ကွင်းပြင် ဖြစ်ပြီး ပုံမှန်အားဖြင့် သူတစ်ယောက်တည်းသာ အသုံးပြုလေ့ ရှိသောကြောင့် အမြဲလိုလို ဟာလာဟင်းလင်း ဖြစ်နေတတ်သည်။
ထိုနေရာတွင် မတ်တပ်ရပ်၍ ဓားကို ဆုပ်ကိုင်ကာ ဓားလေလှိုင်းများ ဆက်တိုက် ခုတ်ပိုင်း ထုတ်လွှတ်လိုက်၏။
ချင်ဟန်၏ လှုပ်ရှားမှုများနှင့်အတူ သူ့ ခန္ဓာကိုယ် အတွင်းမှ သက်စောင့်စွမ်းအင် လှိုင်းများက တဖြည်းဖြည်း စုဝေးလာတော့သည်။ လွန်ခဲ့သော နှစ်ဝက်ကျော် ကာလအတွင်း သူ့ ဇွဲလုံ့လကြီးမားသော လေ့ကျင့်မှုများအောက်တွင် ချင်ဟန်မှာ သူရဲကောင်း အသက်ရှူ ကျင့်စဉ်၌ ကြီးမားသော တိုးတက်မှုများ ရရှိခဲ့လေပြီ။
ခန္ဓာကိုယ် သန့်စင်ခြင်း ကျင့်စဉ်နှင့် သူရဲကောင်း အသက်ရှူ ကျင့်စဉ်တို့ ပေါင်းစပ် လုပ်ဆောင်မှု၏ အကျိုးသက်ရောက်မှုမှာ မယုံကြည်နိုင်လောက်အောင် ကောင်းမွန်လှသည်။
ကော်ရီပို၏ အဆိုအရ သူ့လက်ရှိ သက်စောင့်စွမ်းအင်နှင့် ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုတို့မှာ သက်စောင့်မျိုးစေ့ တစ်ခု နိုးထလာရန် အတိုင်းအတာ တစ်ခုအထိ ရောက်ရှိနေပြီ ဖြစ်သည်။ မကြာမီတွင် နည်းလမ်း မျိုးစုံကို အသုံးပြု၍ သက်စောင့်မျိုးစေ့ တစ်ခု နိုးထလာစေရန် သူ ကြိုးစားနိုင်တော့မည်။
ဤလုပ်ငန်းစဉ်မှာ အတော်လေး အန္တရာယ်များပြီး အကယ်၍ သူသာ ကျရှုံးသွားပါက သူ့ သက်စောင့်စွမ်းအင် အမြောက်အမြားကို ဆုံးရှုံးရပေလိမ့်မည်။ ထိုအရာက ပြန်လည် အစားထိုး၍ မရနိုင်သောကြောင့် တကယ်ကို အန္တရာယ်ကြီးမားသော လုပ်ငန်းစဉ် တစ်ခု ဖြစ်နေခြင်းပင်။
တစ်ကြိမ် ကျရှုံးသွားသည်နှင့် တစ်ပြိုင်နက် တစ်ဘဝလုံး ထိုအတိုင်းပင် အဆုံးသတ်သွားနိုင်ပြီး နောက်ထပ် အခွင့်အရေးများ ထပ်ရလာရန် မလွယ်ကူတော့ချေ။
ပုံမှန်အားဖြင့် သူရဲကောင်း တစ်ယောက်၏ ဘဝတွင် အခွင့်အရေး တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်သာ ရှိတတ်လေသည်။
End
***