ဆယ်မိနစ် အကြာတွင် အနက်ရောင် လုပ်ငန်းသုံး ကားတစ်စီး နာရေးဝန်ဆောင်မှု ဆိုင်ရှေ့၌ လာရပ်လေသည်။
လီယီတောင်း ဘာစကားမျှ မဆိုဘဲ အိမ်ထဲမှ ထွက်လာကာ ကားပေါ်သို့ တန်းတက်သွား၏။ ၎င်းမှာ သူ့ကို လာကြိုရန် ချီယွီချန် စီစဉ်ပေးထားခြင်း ဖြစ်သည်။
ကားပေါ်တွင် ယာဉ်မောင်း အပြင် ခရီးသည် ထိုင်ခုံ၌ နောက်ထပ် လူတစ်ယောက် ပါလာသေး၏။
သူတို့ သုံးယောက်စလုံး ဘာစကားမျှ မဟကြပေ။
အနက်ရောင် လုပ်ငန်းသုံး ကားကြီးက လမ်းမပေါ်တွင် အရှိန်ပြင်းပြင်း မောင်းနှင်နေလေသည်။
လမ်းဆုံ လမ်းခွ အတော်များများတွင် မီးပွိုင့်များက အလိုအလျောက် စိမ်းသွား၏။
တစ်ယောက်ယောက်က ဒါကို တမင်တကာ ထိန်းချုပ်နေတာပဲ...။
တပ်ဖွဲ့ ၃၆ က သြဇာအာဏာ အချို့ကို သုံးနေကြောင်း ခန့်မှန်း၍ ရနိုင်လေသည်။
အခြား ရှုထောင့်မှ ကြည့်လျှင် ဒဏ်ရာရနေသူမှာ အရေးပါသော အဖွဲ့ဝင် တစ်ဦး ဖြစ်နိုင်ပေသည်။
ထိုမျှမကသေးပေ။ သူတို့ ပြောစကားများအရ ထိုသူမှာ လက်ရှိတွင် သေမင်းနှင့် အပြင်းအထန် စစ်ခင်းနေရလေသည်။
အဲဒီလိုမှ မဟုတ်ရင် ဒီလို အစီအစဉ်တွေ လုပ်နေစရာ အကြောင်း မရှိဘူးလေ...။
မိနစ် နှစ်ဆယ်ပင် မပြည့်မီ လုပ်ငန်းသုံး ကားကြီးက ကျန်းမြို့တွင်းမှ ထွက်ခွာသွားပြီး မြို့ပြင် ဆင်ခြေဖုံး ရပ်ကွက်ဆီသို့ အရှိန်ပြင်းပြင်း ဆက်လက် မောင်းနှင်သွား၏။
နောက်ထပ် ဆယ်မိနစ် ကုန်ဆုံးသွားပြန်သည်။
သံဇကာများဖြင့် ကာရံထားသော နေရာတစ်ခု လီယီတောင်း ရှေ့တွင် ပေါ်လာလေသည်။
ဤနေရာက သူတို့၏ ခရီးဆုံး ဖြစ်ကြောင်း ထင်ရှားလှပေသည်။
စိုးရိမ်ပူပန်နေသော ချီယွီချန်ကို လီယီတောင်း မြင်လိုက်ရ၏။
သူ တံခါးဝတွင် ဘယ်လောက်ကြာကြာ စောင့်နေခဲ့ရမှန်းပင် မသိနိုင်ပေ။
ကားရပ်သွားသည်နှင့် ရှေ့သို့ ခပ်သွက်သွက် တိုးလာပြီး ကားတံခါးကို ဖွင့်ပေးလိုက်၏။
" လူနာက အခု အသက်ရှူစက်ကိုပဲ လုံးလုံးလျားလျား အားကိုးပြီး အသက်ဆက်နေရတာ... "
" သူ့ ခန္ဓာကိုယ် ဖွဲ့စည်းပုံသာ နည်းနည်း မထူးခြားရင် ဒီအချိန်အထိတောင် တောင့်ခံနိုင်ခဲ့မှာ မဟုတ်ဘူး... "
" အခု အချိန်သိပ်မကျန်တော့လို့ ခင်ဗျား အကူအညီကို တောင်းလိုက်ရတာပါ... "
လီယီတောင်း ဘာစကားမျှ မဆိုဘဲ ခေါင်းညိတ်ပြလိုက်၏။
သူ လာဖို့ ဆုံးဖြတ်ပြီးကတည်းက အပို စကားတွေ ပြောနေစရာ မလိုတော့ဘူးလေ...။
အသေးစိတ် အချက်အလက်တွေ နောက်မှမေးမယ်… လူ အရင်ကယ်မှ ဖြစ်မယ်… အသက်ရှင်မှ ဆက်မေးလည်း ရတာပဲ… တကယ်လို့ ဒီကိစ္စသာ ငါနဲ့ ပတ်သတ်နေဦးမယ်ဆို လွယ်လွယ်နဲ့တော့ မပြီးပြန်ဘူး…။
မကြာမီ ချီယွီချန် ဦးဆောင်မှုဖြင့် လီယီတောင်း တစ်ယောက် ဒဏ်ရာရ လူနာ ကုသပေးနေသည့် အခန်းသို့ ရောက်ရှိသွားလေသည်။
အခန်း တစ်ခုလုံးတွင် ဆေးဘက်ဆိုင်ရာ စက်ပစ္စည်း အများအပြားဖြင့် ပြည့်နှက်နေ၏။
လီယီတောင်း တစ်ခါမျှ မမြင်ဖူးသော ကိရိယာ အချို့ပင် ရှိနေသေးသည်။
ထိုမျှမကသေးဘဲ ထိုနေရာ တစ်ခုလုံးကို လွှမ်းခြုံထားသော ပြင်းထန်သည့် သက်စောင့်စွမ်းအင်များကို သူ ခံစားလိုက်ရ၏။
ဒါက သာမန် လူတွေတောင် ခံစားလို့ရတဲ့ သက်စောင့်စွမ်းအင် အငွေ့အသက်မျိုးပဲ...။
လူနာ ကုတင်ခေါင်းရင်းတွင် ပန်းအိုး တစ်အိုး ရှိနေသည်ကို တွေ့လိုက်ရလေသည်။
ပန်းအိုးက သိပ်မကြီးလှဘဲ အထဲတွင် အမည်မသိ အစိမ်းရောင် အပင် တစ်ပင်သာ ရှိ၏။
ပြင်းထန်သော သက်စောင့်စွမ်းအင်များက ဤအပင်ထံမှ ထွက်ပေါ်လာခြင်း ဖြစ်ကြောင်း လီယီတောင်း ခံစားသိရှိနိုင်လေသည်။
ထို့ကြောင့် ဝိညာဉ် ရှာဖွေခြင်း စွမ်းရည်ဖြင့် ကြည့်လိုက်ရာ ဘေးပတ်ဝန်းကျင်ကို လွှမ်းခြုံထားသော အစိမ်းရောင် အလင်းတန်း ဖျော့ဖျော့လေးကို လီယီတောင်း ခံစားမိလိုက်၏။
၎င်းက ကုတင်ပေါ်ရှိ ဒဏ်ရာရ လူနာကို ဖုံးအုပ်ထားရန် လုံလောက်ရုံလေးသာ။
' တကယ်ပါပဲ... '
' ဒီကမ္ဘာပေါ်မှာ ငါ နားမလည်သေးတဲ့ အရာတွေ အများကြီး ရှိနေသေးတာပဲ... '
" လူနာက အမျိုးသား၊ အသက် ၁၉ နှစ်၊ အသွားတုံးတဲ့ လက်နက်နဲ့ ဝမ်းဗိုက်ကို အထိုးခံရပြီး ကိုယ်တွင်း အင်္ဂါ အမျိုးမျိုး ဒဏ်ရာ ရထားပါတယ်... "
" လောလောဆယ် အလှူရှင် မရနိုင်သေးလို့ ဘာခွဲစိတ်မှုမှ လုပ်လို့ မရသေးပါဘူး... အလှူရှင်က နောက်တစ်နာရီလောက် နေမှ ရောက်လာမှာပါ... "
" ဒါပေမဲ့... ဆရာဝန် အဆိုအရ လက်ရှိ ဒဏ်ရာ ပြင်းထန်မှုကြောင့် အလှူရှင် ရရင်တောင် အသက်ရှင်နိုင်ခြေက သုံးရာခိုင်နှုန်း အောက်မှာပဲ ရှိတယ်တဲ့... "
" ဒါကြောင့်... ခင်ဗျားကို ဒုက္ခပေးရတာပါ... ခင်ဗျား ဝင်ပါမှပဲ သူ့ရဲ့ ခွဲစိတ်မှုကို ချောချောမွေ့မွေ့ ပြီးမြောက်အောင် သေချာ လုပ်နိုင်မှာမို့လို့ပါ... "
ချီယွီချန်မှာ ယခုအခါ လီယီတောင်း အကြောင်းကို အသိဆုံး လူအနည်းငယ်ထဲမှ တစ်ဦး ဖြစ်သည်ဟု ဆိုနိုင်ပေသည်။
ထို့ကြောင့် အချက်တစ်ချက်ကို သူ အလွန် ကောင်းကောင်း နားလည်ထား၏။
လီယီတောင်း ဝင်ပါလိုက်လျှင် အနည်းဆုံးတော့ ခွဲစိတ်မှု ပြဿနာ မရှိဘဲ ပြီးဆုံးသွားမည်ကို သေချာစေလေသည်။
ယခင်က ကျန်းချောင်ယန်နှင့် ဘာသာတရား ကိုင်းရှိုင်းသူလေးတို့ နှစ်ယောက်လုံးက အလားတူ အခြေအနေမျိုးနှင့် ကြုံတွေ့ခဲ့ရသည် မဟုတ်ပါလား။
ခွဲစိတ်မှုမှာ သေမင်းနှင့် လွန်ဆွဲရသော ပွဲ ဖြစ်သော်လည်း လီယီတောင်း၏ အကူအညီဖြင့် သေဘေး အကျပ်အတည်းကို အလွယ်တကူ ကျော်လွှားနိုင်ခဲ့ကြပေသည်။
" အင်း... "
လီယီတောင်း ဘာစကားမျှ မဆိုပေ။
အခုလေးတင် စမ်းသပ်ကြည့်လိုက်ရာ တစ်ဖက်လူ၏ ဝိညာဉ် ရှိနေသေးကြောင်း တွေ့ရှိရလေသည်။
အသက်ရှူနှုန်းတွေက ရှိနေတုန်းပဲ...။
နတ်ဘုရားလက်ကို သုံးဖို့ ဘာပြဿနာမှ မရှိဘူး...။
သူ ကုတင်အနီးသို့ ဖြည်းညင်းစွာ ချဉ်းကပ်သွားလိုက်ပြီး ကုတင်ပေါ်ရှိ လူငယ်လေးကို ကြည့်လိုက်သည်။
သူ့မျက်နှာက အလွန် ဖြူရော်နေပြီး မျက်လုံးများက တင်းကျပ်စွာ မှိတ်ထားလျက်။
ကုတင်ဘေးရှိ စောင့်ကြည့်ရေး စက်က တစ်ခါတစ်ရံ အချက်ပြသံ မြည်နေပြီး နောက်ဆုံး အချိန်ကို ရောက်နေပြီ ဖြစ်ကြောင်း သက်သေပြနေလေသည်။
အသွားတုံးသော အရာတစ်ခု ဖောက်ထွင်းသွားသည့် ဝမ်းဗိုက်ပေါ်မှ ဒဏ်ရာကို ကြည့်ရင်း လီယီတောင်း အံ့အားမသင့်ဘဲ မနေနိုင်တော့ပေ။
' ဒါက သူ့ရဲ့ ထူးခြားတဲ့ ခန္ဓာကိုယ် ဖွဲ့စည်းပုံကြောင့်လား... '
' ဒါမှမဟုတ် ဒီလူငယ်လေးမှာလည်း အထူး စွမ်းရည် တချို့ ရှိနေလို့များလား... '
' တပ်ဖွဲ့ ၃၆ ရဲ့ အထူး နည်းလမ်းတွေနဲ့ ပေါင်းစပ်လိုက်တော့ အခုအချိန်အထိ သူ့အသက်ကို ထိန်းထားနိုင်တာပေါ့... '
' မဟုတ်ရင်... '
' ဒီလို ဒဏ်ရာမျိုးနဲ့ဆို လူက ချက်ချင်း သေသွားလောက်ပြီ... '
လီယီတောင်း အပို လှုပ်ရှားမှုများ မလုပ်တော့ပေ။
သူ လက်လှမ်းကာ တစ်ဖက်လူ၏ လက်ကို တိုက်ရိုက် ဆုပ်ကိုင်လိုက်လေသည်။
နတ်ဘုရားလက်...။
သက်တမ်း ၉၈ နှစ်...။
အသိပေးချက်ကို မြင်သောအခါ လီယီတောင်း မသိစိတ်မှပင် မျက်မှောင်ကြုတ်လိုက်မိ၏။
' ဒီကောင်က ဒီလောက် အကြာကြီး အသက်ရှင်နိုင်သေးတယ်ပေါ့... '
' သူ့ရဲ့ လက်ရှိ အသက်ကိုပါ ပေါင်းလိုက်ရင် နှစ်တစ်ရာတောင် အများကြီး ကျော်နေပြီလေ... '
' တကယ် ရူးချင်စရာပဲ... '
လီယီတောင်း မျက်မှောင်ကြုတ်သွားသည်ကို မြင်သောအခါ ဘေးရှိ ချီယွီချန် အပြင် အခန်းထဲရှိ အခြား နှစ်ယောက်လုံး အလွန် စိုးရိမ်သွားကြလေသည်။
ပြုံးနေတဲ့ တရုတ် တိုင်းရင်းဆေး ဆရာဝန်ကို မကြောက်ဘူး၊ မျက်မှောင်ကြုတ်နေတဲ့ တရုတ် တိုင်းရင်းဆေး ဆရာဝန်ကိုပဲ ကြောက်တာတဲ့...။
အခု လီယီတောင်းက တရုတ် တိုင်းရင်းဆေး ဆရာဝန် မဟုတ်ပေမဲ့ ဒီဥပမာနဲ့ နှိုင်းယှဉ်ရတာ တော်တော်လေး သင့်တော်နေတယ်လေ...။
ခဏမျှ စဉ်းစားပြီးနောက် ချီယွီချန်နှင့် အခြားသူများက အသံထွက် မမေးရဲကြသေးပေ။
လီယီတောင်းကလည်း အတန်ကြာ စဉ်းစားပြီးနောက် ကုသရာတွင် အစွမ်းကုန် ကြိုးစားရန် ရွေးချယ်လိုက်လေသည်။
ချီယွီချန်၏ စကားများအရ…
ဒီရုပ်ရှင် ပွဲတော် အဖြစ်အပျက်က ပိုမိုကြီးမားတဲ့ အကျပ်အတည်း မဖြစ်စေဘဲ ဒီလောက် လွယ်လွယ်ကူကူ ပြီးဆုံးသွားတာ... အဲဒါ အကုန်လုံးက ဒီလူ့ ကျေးဇူးကြောင့်ပဲလေ...။
ငါ့မှာ သက်တမ်း သုံးထောင်ကျော် စုဆောင်းထားပြီးသား ဆိုပေမဲ့ တကယ်လို့ အဲဒါတွေ ကုန်သွားရင် ဆက်ပြီး ရပ်တည်နိုင်မှာ မဟုတ်ဘူး...။
ထို့ပြင် ဤနှစ်သုံးထောင်ထဲမှ နှစ်ထောင်မှာ ယာယီ မစ်ရှင် နှစ်ခုမှ ရရှိထားသော လက်ဆောင်များ ဖြစ်၏။
နောက်ဆုံး ယာယီ မစ်ရှင်မှ ရရှိသော ဆုလာဘ်မှာ ဝိညာဉ် စုစည်းခြင်း ဖြစ်ပြီး ဖွင့်လိုက်သော နတ်ဘုရား လက်ဆောင်မှာ သက်တမ်း နှစ်တစ်ထောင် ဖြစ်လေသည်။
အခြား ရရှိသော လက်ဆောင်များမှာလည်း အဆောင်လက်ဖွဲ့ အချို့သာ ဖြစ်၏။
သို့သော် ဤအဆောင်လက်ဖွဲ့များမှာ ယခင်က ကာကွယ်ရေး အဆောင်လက်ဖွဲ့များလို မဟုတ်ဘဲ သတ်ဖြတ်ရန်အတွက် ဖြစ်လေသည်။
နတ်ဘုရားလက်ကို အသက်သွင်းလိုက်သည်နှင့် ဆေးရုံ ကုတင်ပေါ်ရှိ အမျိုးသား မျက်လုံးများ လှုပ်ရှားသွားသည်ကို ဘေးနှစ်ဖက်ရှိ လူများ မြင်လိုက်ရလေသည်။
ဤမြင်ကွင်းကို မြင်တွေ့လိုက်ရချိန်တွင် လူတိုင်း၏ မျက်လုံးများထဲ၌ အံ့အားသင့်မှု အရိပ်အယောင်များ လင်းလက်သွားတော့၏။
မှန်းဆနေစရာ မလိုပါဘူး... သူတို့ အားလုံး သိကြပါတယ်...။
ဒါက သေချာပေါက် အစ်ကိုယီတောင်းရဲ့ စွမ်းရည် အလုပ်လုပ်နေတာပဲ...။
သေချာ အကဲခတ်ကြည့်မည် ဆိုလျှင် ဒဏ်ရာများ ဖြည်းညင်းစွာ ကျက်လာနေသည်ကိုပင် မြင်တွေ့နိုင်လေသည်။
သေချာတာပေါ့...။
ဒဏ်ရာတွေက အရမ်း ပြင်းထန်လွန်းလို့ ကိုယ်ဟာ့ကိုယ် အနာကျက်ဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး...။
ခွဲစိတ်မှုကတော့ သေချာပေါက် လိုအပ်ပါတယ်...။
ပြင်လို့ ရတဲ့ အရာတွေကို ပြင်နေတုန်းမှာ... တကယ်လို့ တစ်ခုခုက လုံးဝ ပြင်လို့ မရတော့ဘူး ဆိုရင်တော့ အစားထိုးရမှာပဲလေ...။
" ကောင်းပြီ... ခွဲစိတ်ဖို့ စောင့်ကြတာပေါ့... "
လီယီတောင်း၏ ပေါ့ပေါ့ပါးပါး မှတ်ချက်ကြောင့် လူတိုင်း စိုးရိမ်ပူပန်မှုများ လျော့ပါးသွားလေသည်။
ထို့ပြင် လက်ရှိ လူအုပ်ကြီးမှာ လီယီတောင်း၏ စွမ်းရည်များကို ပိုမို ယုံကြည်လာပြီး အံ့အားသင့်နေကြပြီ ဖြစ်၏။
ရိုးရိုးလေး လက်ဆွဲ နှုတ်ဆက်လိုက်ရုံပဲလေ...။
အဲဒါနဲ့တင် ပြီးသွားပြီလား...။
တကယ်ကို ထူးဆန်းတဲ့ စွမ်းရည်ပဲ...။
အခန်းထဲရှိ လူတိုင်းတွင် ကိုယ်ပိုင် စွမ်းရည် အသီးသီး ရှိကြလေသည်။
ဒါပေမဲ့... ဘယ်သူ့ရဲ့ စွမ်းရည်မှ ဒီလောက် ပေါ့ပေါ့ပါးပါး အလွယ်လေး ဖော်ပြလို့ မရဘူးလေ...။
ဘယ်လောက်တောင် ကြောက်စရာ ကောင်းလိုက်လဲ...။
ကုသမှု ပြီးဆုံးသွားသည်နှင့် လီယီတောင်းက ချီယွီချန်ကို တည်ငြိမ်စွာ ကြည့်လိုက်၏။
ထို့နောက် ဩဇာညောင်းသော လေသံဖြင့်...
" ကဲ... အခု ကျွန်တော့်ကို အခြေအနေ အသေးစိတ်ကို ပြောပြပါလား... " ဟု ပြောလိုက်လေသည်။
***