ထိုလူနည်းတူပင် အခြားသူများလည်း အလားတူ အဖြစ်အပျက်မျိုးကို ကြုံတွေ့ခဲ့ကြရသည်။
ပလက်ဖောင်း၏ အသိပေးချက်ကို မြင်လိုက်ရချိန်တွင် သူတို့၏ မျက်လုံးများထဲ၌ အံ့အားသင့်မှုများ ပြည့်နှက်သွားတော့၏။
ထိတ်လန့်မှု အရိပ်အယောင်လေးကိုပင် မြင်တွေ့နိုင်လေသည်။
အခုအချိန် တရုတ်နိုင်ငံမှာ အစ်ကိုယီတောင်းကို မသိတဲ့သူ ဘယ်နှယောက်များ ရှိလို့လဲ...။
ထိုမျှမကသေးပေ။
ဤတစ်ကြိမ်တွင်တော့ သူတို့က အစ်ကိုယီတောင်းကို ရည်ရွယ်ချက် ရှိရှိ ပစ်မှတ်ထားခဲ့ကြခြင်း ဖြစ်၏။ ဤသို့သော အခြေအနေမျိုးအောက်တွင် ကိစ္စများက သေချာပေါက် မရိုးရှင်းတော့ပေ။
ထို့ကြောင့် သူတို့ Follow လုပ်ခံရကြောင်း သိလိုက်ရသည်နှင့် တစ်ပြိုင်နက် ကွန်ပျူတာများကို အလျင်အမြန် ဖွင့်ကာ ဝက်ဘ်ဆိုက် တစ်ခုသို့ ဝင်ရောက်သွားကြလေသည်။
၎င်းမှာ သူတို့အတွက် သီးသန့် ပြုလုပ်ထားသော ပြည်တွင်း ဆက်သွယ်ရေး ဝက်ဘ်ဆိုက် တစ်ခု ဖြစ်၏။
သူတို့၏ သတ်မှတ်ထားသော လိပ်စာများနှင့် အကောင့်များမှသာ ဝင်ရောက်နိုင်ပြီး ရှုပ်ထွေးသော အတည်ပြုချက် အဆင့်များစွာကို ဖြတ်ကျော်ရလေ့ ရှိသည်။
ဘာပဲဖြစ်ဖြစ်...
သူတို့က အခု တရုတ်နိုင်ငံ အတွင်းမှာ လျှို့ဝှက် တာဝန် ထမ်းဆောင်နေကြတာလေ... ပြီးတော့ သူတို့က နိုင်ငံထဲမှာ ကိုယ်တိုင် မရှိဘူး ဆိုရင်တောင် တရုတ်နိုင်ငံနဲ့ အဆက်အသွယ်တွေ ရှိနေသေးတယ်...။ ဒါကြောင့် လုံးဝ လုံခြုံရေးကို သေချာအောင် လုပ်ဖို့က မရှိမဖြစ် လိုအပ်တာပေါ့...။
အဓိက စိုးရိမ်ရတာက သူတို့ရဲ့ ကိုယ်ရေး အချက်အလက်တွေပဲလေ...။
တကယ်လို့ ပေါက်ကြားသွားရင် သေချာပေါက် အဖြစ်ဆိုးနဲ့ သေရမှာပဲ...။
ပြီးတော့ အဲဒီ သေရမယ့် ပုံစံကလည်း တကယ့်ကို ကြောက်စရာ ကောင်းတဲ့ သေနည်းမျိုး ဖြစ်မှာ...။
သူတို့က မက်ဆေ့ချ်တွေကို တစ်ပြိုင်နက်တည်း ရခဲ့တာလား၊ ဒါမှမဟုတ် စိတ်ချင်း ဆက်သွယ်မှု တစ်ခုခုများ ရှိနေတာလား မသိပေ။ သီးသန့် chat group ထဲသို့ ပထမဆုံး လူ ဝင်ရောက်လာသည်နှင့် Follow လုပ်ခံရသော အခြား သူများကလည်း တစ်ပြိုင်နက်တည်း ဝင်ရောက်လာကြလေသည်။
" ဒီနေ့ ဘာလို့ ဒီလောက် စည်ကားနေရတာလဲ... အားလုံးက ဘာလို့ ဒီရောက်နေကြတာလဲ... "
" မင်းတို့ ဘာလို့ တက်လာကြတာလဲ... မင်းတို့လည်း အဲဒီ အစ်ကိုယီတောင်းရဲ့ Follow လုပ်တာ ခံလိုက်ရလို့တော့ မပြောနဲ့နော်... "
" အို... မင်းတို့ အားလုံးလည်း ပါတာလား... "
" လခွမ်း... တကယ်ကြီးလား... ဒီ အစ်ကိုယီတောင်းက ဘယ်လို စွမ်းရည်မျိုး ရှိနေတာလဲ... ငါတို့ ထွက်ပြေးသင့်လား... "
" ထွက်ပြေးမယ် ဟုတ်လား... ဟီးဟီး... သူက သေမင်းတမန်လေ... သေဖို့သာ စောင့်နေလိုက်တော့... အဖွဲ့အစည်းက ငါတို့ မိသားစုတွေကို ကောင်းကောင်း စောင့်ရှောက်ပေးပါစေလို့ပဲ ဆုတောင်းရမှာ... "
" အစ်ကို... ခင်ဗျား နည်းနည်း အဆိုးမြင်လွန်း မနေဘူးလား... သူက ငါတို့ကို Follow လုပ်ရုံလေးပဲ ရှိသေးတာလေ... ငါတို့က နေရာအနှံ့မှာ ပြန့်ကျဲနေတာကို... သူက ငါတို့ အကုန်လုံးကို တကယ် သတ်နိုင်ပါ့မလား... "
" အစ်ကိုယီတောင်းက မိုင်ထောင်ချီ အဝေးကနေ မျက်စိနဲ့ မမြင်ရဘဲ လူသတ်နိုင်တယ် ဆိုတာ မင်း မသိဘူးလား... နေရာအနှံ့ ပြန့်ကျဲနေတာက အလကားပဲ... မင်း တခြား ဂြိုဟ်ကို ရောက်နေရင်တောင် သူက မင်းကို ရှင်းပစ်နိုင်တယ်ကွ... "
" ဖက်ခ်... မင်းတို့ အကုန်လုံး ဒီမှာ လာပြီး သူ့ကို မြှောက်ပင့်ပေးနေတာပဲ... ငါတို့ရဲ့ ဂုဏ်သိက္ခာကိုတော့ ဖျက်ဆီးနေကြတာ... လာရဲရင် လာခဲ့စမ်း... ငါတို့ သူ့ကို ဖြုတ်ပစ်မယ်... "
" ဟီးဟီး... သူ့ကို ဖြုတ်မယ် ဟုတ်လား... အဓိက အချက်က မင်း ဘယ်လို သေရမလဲ ဆိုတာကိုတောင် မင်း သိမှာ မဟုတ်ဘူး... "
" ကဲပါ... တော်ကြတော့... ဒီကိစ္စကို အကြီးအကဲဆီ ငါ သတင်းပို့ပြီးပြီ... အကြီးအကဲက စိတ်အေးအေးထားပါတဲ့... အစီအစဉ်တွေ အားလုံး လုပ်ပြီးသွားပြီတဲ့... ဒါက ကျိန်စာ တချို့ သက်သက်ပါပဲတဲ့... ငါတို့ တစ်ယောက်ချင်းစီမှာ အကြီးအကဲရဲ့ ကောင်းချီးတွေ ရှိနေလို့ သာမန် ကျိန်စာတွေက ငါတို့ကို အန္တရာယ် မပေးနိုင်ဘူးတဲ့... "
ဝင်ပြောလိုက်သူမှာ ဤအဖွဲ့ထဲတွင် ခေါင်းဆောင်ငယ် တစ်ဦး ဖြစ်ပုံရလေသည်။
သူ၏ စကားများ ဆုံးသွားပြီးနောက် ဆွေးနွေးနေသူများ အားလုံး တိတ်ဆိတ်သွားကြ၏။
ငါးမိနစ် နီးပါးခန့် ကုန်ဆုံးသွားသည်။
ထို့နောက် တစ်ယောက်ယောက်က ထပ်မံ စကားစလာ၏။
" ဟီးဟီး... တကယ်လား... အကြီးအကဲကသာ သူ့ကို ကိုင်တွယ်နိုင်တယ် ဆိုရင် ငါတို့ ဒီလို လုပ်နေစရာ လိုသေးလို့လား... တကယ်တမ်းကျတော့ ငါတို့ စတင် လှုပ်ရှားကတည်းက သေဖို့ ပြင်ဆင်ထားပြီးသားပါ... ကျေးဇူးပြုပြီး... အဖွဲ့အစည်း အနေနဲ့ ငါ့မိသားစုကို ကောင်းကောင်း စောင့်ရှောက်ပေးပါစေ... "
ထိုသို့ ပြောပြီးနောက် ထိုသူက တိုက်ရိုက် ထွက်သွားလေသည်။
ထို့နောက် ကျန်တဲ့သူတွေ အားလုံးကလည်း နောက်ဆုံး စာကြောင်းကိုပဲ ကူးယူပြီး ဆက်တိုက် ရေးလာကြတော့သည်။
" ကျေးဇူးပြုပြီး ငါ့မိသားစုကို ကောင်းကောင်း စောင့်ရှောက်ပေးပါ... "
" ကျေးဇူးပြုပြီး... "
သူတို့ အသက်ရှင်မှာ မဟုတ်ဘူး ဆိုတာကို အားလုံး သိနေကြတယ်လေ...။
ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု မရှိလို့၊ ဒါမှမဟုတ် အဖွဲ့အစည်းကို သံသယ ဝင်လို့တော့ မဟုတ်ပါဘူး...။
ဒါပေမဲ့...
ဒီကိစ္စမှာတော့ သူတို့က တကယ်ကို ခုခံနိုင်စွမ်း မရှိဘူးလေ...။
ဒီမစ်ရှင်ကို လက်ခံရရှိကတည်းက အစ်ကိုယီတောင်းရဲ့ Follow လုပ်တာကို ခံရဖို့ သူတို့ ပြင်ဆင်ထားပြီးသား...။
တစ်နည်းအားဖြင့် ပြောရရင် သူတို့က သေဖို့ ပြင်ဆင်ထားပြီးသားပဲ...။
တကယ်လို့ အစ်ကိုယီတောင်းက တစ်ယောက်ယောက်ကို Follow လိုက်ပြီ ဆိုရင်... သူက အဲဒီလူကို အသက်ရှင်စေချင်တာကလွဲရင် အသက်ရှင်ဖို့ အခွင့်အရေး မရှိတော့ဘူးလေ...။
ဒီတစ်ခေါက်တော့ အစ်ကိုယီတောင်းက " သေစမ်း " ဆိုတဲ့ စကား တစ်ခွန်းတည်းကို တိုက်ရိုက် သုံးသွားတာလေ...။
ဒီလို အခြေအနေမျိုးမှာ သူတို့ရဲ့ ကံကြမ္မာကို လျစ်လျူရှုဖို့ ဆိုတာ မဖြစ်နိုင်တော့ဘူး...။
တစ်ချိန်တည်းမှာပင် ဤအဖွဲ့အစည်းနှင့် မသက်ဆိုင်သော သီးသန့် လူဆိုး နှစ်ယောက်လည်း ရှိနေသေး၏။
အစ်ကိုယီတောင်း၏ Follow လုပ်ခြင်းကို သူတို့ မြင်လိုက်ရချိန်တွင် သူတို့ တကယ်ကို လုံးဝ ကြောင်အမ်းသွားခဲ့သည်ဟု ဆိုရပေမည်။
" အရာအားလုံးက အဆင်ပြေနေတာကို... ငါ မင်းကို ဘာမှ ပြဿနာ မရှာခဲ့ဘူးလေ... ဘာလို့ ငါ့ကို လာ Follow ရတာလဲ... "
" ဒါက ဘယ်လို ဟာသမျိုးလဲ... "
အစ်ကိုယီတောင်းရဲ့ Followကို ဘယ်သူက ခံနိုင်ရည် ရှိမှာလဲ...။
သူတို့ထဲမှ တစ်ယောက်မှာ အလှမယ်လေး တစ်ဦးနှင့် ကြည်နူးနေစဉ် အစ်ကိုယီတောင်း၏ Followကို မြင်လိုက်ရချိန်တွင် နေရာမှာတင် တုံ့ဆိုင်းသွားတော့၏။
သူ ချက်ချင်း ထရပ်လိုက်သည်။
" လခွီးပဲ... "
ကုတင်ပေါ်မှ အလှမယ်လေးကို ကြောင်အမ်းအမ်းဖြင့် ချန်ထားခဲ့ကာ သူက အဝတ်အစားများကို ရူးသွပ်နေသည့်အလား အမြန်ဝတ်ပြီး ပြေးထွက်သွားလေသည်။
ထိုမိန်းမ သတိပြန်ဝင်လာရန် ဆယ်စက္ကန့်ကျော်ခန့် ကြာသွား၏။
ထို့နောက် သူမက... " ရှင် ပိုက်ဆံ မရှင်းရသေးဘူးလေ... " ဟု ဒေါသတကြီး အော်ဟစ်လိုက်လေသည်။
သို့သော် ပြေးထွက်သွားပြီ ဖြစ်သော ထိုလူကတော့ မကြားနိုင်တော့ပေ။
သူ အရှိန်ပြင်းပြင်းဖြင့် မောင်းနှင်သွားသည်ကို မြင်လိုက်ရ၏။
သူက အမြန်ဆုံး နှုန်းဖြင့် တက္ကစီ တစ်စီး ငှားကာ ဆေးရုံသို့ တန်းသွားလိုက်လေသည်။
သူ့အကြံက ရိုးရှင်းပါတယ်။
ဒါမှမဟုတ် လီယီတောင်းရဲ့ Follow လုပ်မှုကြောင့် သေဆုံးသွားရတဲ့ သူတွေရဲ့ အခြေအနေကို သူ တော်တော်လေး သိထားလို့လည်း ဖြစ်နိုင်တယ်...။
မတော်တဆမှုနဲ့ သေတာ၊ ဒါမှမဟုတ် ရောဂါနဲ့ သေတာလေ...။
ဒါကြောင့် သူ့အတွက်တော့ လက်ရှိ ရွေးချယ်မှုက တော်တော်လေး မှန်ကန်တယ်လို့ ဆိုရမယ်...။
ဆေးရုံကို တန်းသွားပြီး ပုန်းနေလိုက်တာပဲ...။
လီယီတောင်းက ဆေးရုံအထိ လာပြီး သူ့ကို သတ်နိုင်မယ်လို့ သူ မယုံဘူးလေ...။
အဲဒါတင် မကသေးဘူး...။
တက္ကစီပေါ် ရောက်တာနဲ့ သူ ဖုန်းကို ချက်ချင်း ထုတ်ပြီး ပလက်ဖောင်း အကောင့်ထဲကို ဝင်လိုက်သေးတယ်...။
သူ့နာမည်ကို တိုက်ရိုက် ပြောင်းပစ်လိုက်တယ်...။
" ဟက်... ငါ နာမည် ပြောင်းလိုက်ပြီ... မင်း ငါ့ကို ရှာတွေ့နိုင်ဦးမယ်လို့ ငါ မယုံဘူး... "
ထိုလူက သူ့ကိုယ်သူ တိတ်တဆိတ် ရေရွတ်လိုက်လေသည်။
ဒါပေမဲ့ သူ မသိခဲ့တာကတော့...
ဒီတစ်ခေါက် လီယီတောင်းက မတော်တဆမှုတွေ ဖြစ်လာအောင် ဒီတိုင်း လွှတ်ထားမှာ မဟုတ်ဘူး ဆိုတာကိုပဲ...။
သူ စတင် လှုပ်ရှားလိုက်တာနဲ့...
အဲဒါက သူတို့ အကုန်လုံး သေရမယ့် အချိန်ပဲ...။
အကြီးအကဲလျန်နှင့် လီယီတောင်းတို့ လက်ဖက်ရည်ကို တိတ်တဆိတ် ဆက်သောက်နေကြလေသည်။
မိနစ် နှစ်ဆယ်ခန့် အကြာတွင် ချီယွီချန် အပြင်ဘက်မှ ပြန်ဝင်လာ၏။
ဤတစ်ကြိမ်တွင် သူ၏ လက်ထဲ၌ စာရွက်စာတမ်း အထပ်လိုက်ကြီး ပါလာလေသည်။
သို့သော်...
ဤစာရွက်စာတမ်းများပေါ်ရှိ အချက်အလက်များက အများကြီး ပိုမို ရိုးရှင်းနေကြောင်း အတော်လေး ထင်ရှားနေ၏။
လီယီတောင်းက ၎င်းတို့ကို တစ်ရွက်ပြီး တစ်ရွက် ယူကာ စတင် စစ်ဆေးကြည့်လိုက်သည်။
တချို့မှာ ဓာတ်ပုံတောင် မပါဘူး...။
လီယီတောင်း စမ်းကြည့်လိုက်တယ်...။
အင်း... ဓာတ်ပုံ မပါတဲ့ သူတွေ အတွက်ကတော့ ဘာမှ လုပ်လို့ မရဘူးလေ... စနစ်က ဘာ Follow အသိပေးချက်မှ မပေးဘူး...။
ထို့ပြင် သေမင်းဓားသွား ကလည်း အလုပ်မလုပ်ပေ။
သူ အရင်က Follow ခဲ့သူများနှင့် ချီယွီချန် ယခုလေးတင် ယူလာပေးသူများကို သူ ရေတွက်ကြည့်လိုက်ရာ စုစုပေါင်း ၃၉ ယောက် ရှိလေသည်။
၎င်းတို့အနက် ၁၁ ယောက်မှာ ဓာတ်ပုံ မပါပေ။
ကျန်တဲ့ ၂၈ ယောက်...။ သူ့ရဲ့ သက်တမ်း ၄၅၆ နှစ် ကုန်ဆုံးရလိမ့်မယ်...။
ဒီအရေအတွက်က... နည်းတာတော့ မဟုတ်ဘူး...။
လက်ရှိတွင် လီယီတောင်း ပိုင်ဆိုင်ထားသော သက်တမ်း သုံးထောင်ကျော် ရှိနေသော်လည်း သူ မတုံ့ဆိုင်းဘဲ မနေနိုင်တော့ပေ။
သို့သော် နောက်ဆုံးတွင်တော့ သူ၏ အကြည့်များတွင် ဆုံးဖြတ်ချက် ပြတ်သားမှုများ လွှမ်းမိုးသွားလေပြီ။
ဘာပဲဖြစ်ဖြစ်... တစ်ခုခုတော့ လုပ်ရမှာပဲလေ...။
သက်တမ်း ရာနဲ့ချီ ရှိနေတာပဲ... အခု နည်းနည်းလောက် သုံးလိုက်လို့ ရပါတယ်...။
" ဒါ အကုန်ပဲလား... "
လီယီတောင်း ခေါင်းမော့ကာ ချီယွီချန်ကို ကြည့်လိုက်သည်။
ဤတစ်ကြိမ်တွင် ချီယွီချန်က အကြီးအကဲလျန်ကို မကြည့်တော့ဘဲ ချက်ချင်း ခေါင်းညိတ်လိုက်၏။
" ဟုတ်ပါတယ်... "
ထိုသို့ ပြောပြီးနောက် လီယီတောင်းက ဓာတ်ပုံပါသော ဖိုင်များကို ဘေးဖယ်ထားလိုက်ပြီး ဓာတ်ပုံ မပါသော ဖိုင်များကိုတော့ အခြား တစ်ဖက်တွင် ထားလိုက်လေသည်။
ထို့နောက် အကြီးအကဲလျန်ကို ကြည့်ကာ တည်ငြိမ်စွာဖြင့်...
" ဒီလူတွေ အကုန်လုံး ဒီည သေကြလိမ့်မယ်... ဘာပြဿနာ ရှိနိုင်မလဲ... "
သူက အကြီးအကဲလျန်၏ သဘောထားကို မေးနေခြင်း ဖြစ်သည်။ တစ်နည်းအားဖြင့် ပြောရလျှင် တပ်ဖွဲ့ ၃၆၏ သဘောထားကို သူ မေးနေခြင်းပင်။
ဒီလူတွေရဲ့ နောက်ကွယ်မှာ ဘယ်လို အင်အားစုမျိုး ရှိနေလဲ ဆိုတာကို လီယီတောင်း မသိဘူးလေ...။
ဒါပေမဲ့ လီယီတောင်းက ငတုံးမှ မဟုတ်တာ...။
တပ်ဖွဲ့ ၃၆က သူ့ကို ဒီစာရင်း ပေးခဲ့တာလေ...။ တကယ်လို့ ဒီလူတချို့ သေသွားလို့ ကြီးမားတဲ့ ပြဿနာ တစ်ခုခု ရှိလာမယ် ဆိုရင်... ဒီပြဿနာကို သူ တာဝန်ယူ ဖြေရှင်းပေးစရာ အကြောင်း မရှိဘူးလေ...။
အကြီးအကဲလျန်က ခေါင်းမော့ကာ လီယီတောင်း၏ အကြည့်ကို ရင်ဆိုင်လိုက်၏။
ဆယ်စက္ကန့်တိတိ တိတ်ဆိတ်သွားလေသည်။
ထို့နောက် သူက ခပ်တိုးတိုး ပြောလိုက်သည်။
" ကောင်းပါပြီ... "
ဒီ " ကောင်းပါပြီ " ဆိုတဲ့ စကားက ဒီလူတွေ သေဆုံးသွားရတဲ့ အကျိုးဆက်တွေကို သူ တာဝန်ယူမယ် ဆိုတာကို ကိုယ်စားပြုနေတာပဲ...။
တစ်ဖက်လူရဲ့ နောက်ကွယ်က အင်အားစုတွေကို လီယီတောင်းဆီ လာပြီး ပြဿနာ ရှာခွင့် ပေးမှာ မဟုတ်ဘူး...။
ရိုးရိုးလေး ပြောရရင်... တစ်ဖက်လူက လီယီတောင်း ဆီ လာပြီး ပြဿနာ ရှာချင်တယ် ဆိုရင်... သူတို့ကို အရင် ဖြတ်ကျော်ရလိမ့်မယ်...။
လီယီတောင်း အသာအယာ ခေါင်းညိတ်လိုက်၏။
ထို့နောက် တည်ငြိမ်သော လေသံဖြင့် သူက...
" အင်း... ဒါဆို စလိုက်ကြရအောင်... "
***