လီယီတောင်း စကားဆုံးသွားချိန်တွင် အခန်းတစ်ခုလုံး အပ်ကျသံ ကြားရလောက်အောင် တိတ်ဆိတ်သွားလေသည်။
ထို့နောက်...
လီယီတောင်းက သူ့ရှေ့ရှိ လူတစ်ယောက်၏ ကိုယ်ရေးအချက်အလက်ကို တည်ငြိမ်စွာ ချထားလိုက်၏။
သေမင်းဓားသွား...။
သေမင်းဓားသွားကို အသက်သွင်းလိုက်ချိန်တွင် လီယီတောင်း၏ မျက်နှာက ရေပြင်လို တည်ငြိမ်နေ၏။
ပထမဆုံး လူ၏ အချက်အလက်ကို သူက အေးအေးဆေးဆေး ဘေးဖယ်ထားလိုက်သည်။
ထို့နောက် ဒုတိယမြောက် လူ၏ အချက်အလက်ကို ကောက်ယူလိုက်၏။
အလားတူပင် သေမင်းဓားသွား စွမ်းရည်ကို တိုက်ရိုက် အသုံးပြုလိုက်လေသည်။
တတိယမြောက် လူ...။
စတုတ္ထမြောက်...။
ပဉ္စမမြောက်...။
လီယီတောင်း မရပ်တန့်ဘဲ အလားတူ လုပ်ရပ်ကိုသာ ဆက်တိုက် ထပ်ခါတလဲလဲ လုပ်ဆောင်နေလေသည်။
စားပွဲပေါ်က အချက်အလက်တွေကို ယူတယ်... သေမင်းဓားသွားကို သုံးတယ်... အချက်အလက်တွေကို ဖယ်လိုက်တယ်...။
ဒီလိုနဲ့ပဲ... နောက်ဆုံး တစ်ယောက် အထိ...။
တစ်ချိန်တည်းမှာပင်...
လျန်ချန် မြို့ အမှတ် ၁ ပြည်သူ့ ဆေးရုံ အရေးပေါ်ခန်း အပေါက်ဝသို့ အမျိုးသား တစ်ဦး အပြေးအလွှား ရောက်လာလေသည်။
သို့သော်...
သူ့ညာလက်က အရေးပေါ်ခန်း တံခါးဝကို ထိလုနီးပါး အချိန်လေးမှာပင် ရုတ်တရက် သူ့တစ်ကိုယ်လုံး နေရာမှာတင် တုံ့ဆိုင်းသွားတော့၏။
သူ့မျက်လုံးများထဲတွင် ထိတ်လန့်မှုများ ပြည့်နှက်သွားလေသည်။
ညာလက်ဖြင့် ရင်ဘတ်ကို ခပ်တင်းတင်း ဖိကိုင်လိုက်သည်။
ထို့နောက် ဖြည်းညင်းစွာ... သူ ဆောင့်ကြောင့် ထိုင်ချလိုက်သည်။
ဒီအတိုင်းပဲ... တဖြည်းဖြည်းချင်း... မြေပြင်ပေါ်ကို သူ လဲကျသွားတော့တယ်...။
ဖြတ်သွားသော ဆရာဝန် တစ်ဦးက ဤမြင်ကွင်းကို အချိန်ကိုက် မြင်တွေ့သွားလေသည်။
" အစ်ကို... အစ်ကို... "
" မြန်မြန်... တစ်ယောက်ယောက် လာကြပါဦး... လူနာတင် ကုတင် ယူခဲ့... နှလုံးနှိုးမယ်... ICUကို ဖုန်းဆက်... အရေးပေါ် ကယ်ဆယ်ရေး... "
စကားပြောရင်းနှင့်ပင် သူက နှလုံး နှိုးဆွခြင်းကို ချက်ချင်း စတင်လိုက်လေသည်။
ဤအချိန်တွင် အခြား ဆရာဝန် တစ်ဦး အပြေးအလွှား ရောက်လာ၏။
အပေါက်ဝတွင် လုံခြုံရေး နှစ်ဦး ရှိနေပြီး တစ်ဦးက လူနာတင် ကုတင် သွားယူရန် အလျင်အမြန် ထွက်သွားလေသည်။
သုံးမိနစ်ပင် မပြည့်မီ ထိုလူလတ်ပိုင်း အမျိုးသားကို ICU ထဲသို့ တွန်းသွင်းသွားကြ၏။ ဤလူက တကယ် ကံကောင်းသည်ဟုသာ ဆိုရပေမည်။
မဟုတ်ဘူး...။
သူက သေနေပြီလေ...။
ကံတရားက... လီယီတောင်းရဲ့ ဓားသွားကို မတားဆီးနိုင်ပါဘူး...။
စောင့်ကြည့်ရေး စက်ကိရိယာ မျက်နှာပြင်ပေါ်ရှိ ဖြောင့်တန်းနေသော မျဉ်းကြောင်းကို ကြည့်ရင်း မျှော်လင့်ချက် မရှိတော့ကြောင်း လူတိုင်း သိလိုက်ကြလေသည်။
အကောင်းဆုံး ကုသပေးခဲ့ရင်တောင် မျှော်လင့်ချက် မရှိတော့ဘူး...။
ပထမဆုံး တွေ့ခဲ့သော ဆရာဝန် မျက်လုံးများထဲတွင် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မှုများ ပြည့်နှက်နေ၏။
ဘယ်လိုလုပ် ဒီလို ဖြစ်ရတာလဲ...။
ဘာလို့ ဒီလို ဖြစ်သွားရတာလဲ...။
တကယ်လို့သာ စက္ကန့်အနည်းငယ်လောက် စောပြီး သတိထားမိခဲ့ရင် သူ့ကို ကယ်နိုင်ခဲ့မလား...။
သို့သော်... ထိုလူ လဲကျသွားသည့် အခိုက်အတန့်မှာပင် သေဆုံးသွားပြီ ဖြစ်နေကြောင်းကို ဆရာဝန် မသိခဲ့ပေ။
စက္ကန့်အနည်းငယ် စောခဲ့ရင်တောင် သူ့ကို ကယ်ဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး...။
သေလမ်းပဲ ရှိတော့တာလေ...။
တစ်ချိန်တည်းမှာပင် သာမန် လူနေတိုက်ခန်း တစ်ခု အတွင်း အသက် သုံးဆယ် အရွယ် အမျိုးသမီး တစ်ဦးက ထမင်းစားပွဲ ရှေ့တွင် ထိုင်ကာ သူမ၏ နောက်ဆုံး ညစာကို အရသာခံ စားသောက်နေလေသည်။
သူမ၏ ရှေ့တွင် ဝိုင်နီ တစ်ခွက်နှင့် သူမ အနှစ်သက်ဆုံး အမဲသားကင် တစ်ပွဲ ရှိနေ၏။
ထို့ပြင်... သူမ၏ မွေးရပ်မြေမှ ယူလာသော အမည်မသိ ဟင်းလျာ တစ်ပွဲလည်း ရှိသေးသည်။
အရသာရှိသော အစားအစာကို သူမ စားသုံးနေ၏။
အမဲသားကင်ကို အရသာခံနေစဉ်မှာပင် သူမ၏ နှလုံးထဲ၌ စူးရှရှ နာကျင်မှုကြီးကို ရုတ်တရက် ခံစားလိုက်ရလေသည်။
သူမ၏ မျက်လုံးများကလည်း အထိတ်တလန့်။
သူမ သိလိုက်ပြီ...။
သူမ သေရမယ့် အချိန် ရောက်လာပြီ ဆိုတာကို...။
နာကျင်မှုကို အံတုရင်း ဝိုင်ခွက်ဆီသို့ သူမ လက်ကို ဖြည်းညင်းစွာ လှမ်းလိုက်၏။
ဒီနောက်ဆုံး အချိန်လေးမှာ နောက်ဆုံး တစ်ခွက်လောက်တော့ သူမ သောက်သွားချင်သေးတယ်လေ...။
ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ... သူမလက်က ဝိုင်ခွက်ကို ထိလိုက်တဲ့ အချိန်မှာတင် သူမ လဲကျသွားတော့တယ်...။
သေစမ်း...။
ဝေးလံခေါင်သီသော ဆင်ခြေဖုံး ရပ်ကွက် တစ်ခုတွင် အသက် နှစ်ဆယ် အရွယ် တက်တူးများနှင့် လူတစ်ယောက်က လက်ထဲတွင် ဓားမြှောင် တစ်လက် ကိုင်ကာ အမျိုးသမီး တစ်ဦးကို ရင်ဆိုင်နေလေသည်။
ထိုလူ၏ မျက်လုံးများထဲတွင် နောက်ဆုံး မျှော်လင့်ချက်မဲ့ ရူးသွပ်မှုများ ပြည့်နှက်နေ၏။
သူ့ရှေ့ရှိ အမျိုးသမီးမှာ အသက်ရှူရန် မေ့လောက်အောင် ကြောက်လန့်နေပြီ ဖြစ်သည်။
ချည်နှောင်ခံထားရသော သူမ၏ လက်များက မရပ်မနား ရုန်းကန်နေပြီး သူမ ဆက်တိုက် အော်ဟစ်နေသော်လည်း အရာအားလုံးက အချည်းနှီးသာ။ ထိုလူ ချဉ်းကပ်လာသည်နှင့်အမျှ အမျိုးသမီး၏ မျက်လုံးများထဲရှိ မျှော်လင့်ချက် ကင်းမဲ့မှုများ ပိုမို နက်ရှိုင်းလာပြီး တဖြည်းဖြည်း ထုံထိုင်းလာတော့၏။
ထိုလူ အနီးသို့ ရောက်လုနီးပါး နောက်ဆုံး အချိန်လေးမှာပင် အမျိုးသမီးက အံ့မခန်း မြင်ကွင်း တစ်ခုကို မျက်မြင်ကိုယ်တွေ့ ကြုံလိုက်ရလေသည်။
တက်တူးများနှင့် လူမှာ နေရာမှာတင် တုံ့ဆိုင်းသွား၏။
နောက်ဆုံးတွင်... သူ တည့်တည့်ကြီး လဲကျသွားပြီး... သေသွားတော့သည်...။
အသက်ရှင်ရန် ရုန်းကန်နေရမှု၊ သေခြင်းတရားကို တည်ငြိမ်စွာ ရင်ဆိုင်ရမှု၊ နောက်ဆုံး သေဆုံးမည့် အချိန်၏ ရူးသွပ်မှု စသည့် အလားတူ မြင်ကွင်းများ ဆက်တိုက် ဖြစ်ပေါ်နေခဲ့လေသည်။
အတိုချုပ် ပြောရလျှင် ၎င်းမှာ သေမင်း၏ ပွဲတော်ကြီး တစ်ခုပင်။ သေထိုက်သူများအတွက် ပြစ်ဒဏ် တစ်ခုလည်း ဖြစ်၏။
ဤသေဒဏ် အကောင်အထည် ဖော်မှုတွင် ကမ္ဘာတစ်ဝန်းရှိ လျှို့ဝှက် အဖွဲ့အစည်းများ အားလုံး လုံးဝ တုန်လှုပ်သွားကြတော့သည်။
တကယ်တမ်းတွင် ဤအဖြစ်အပျက်၊ သို့မဟုတ် လက်ရှိ ဖြစ်ပေါ်နေသော အဖြစ်အပျက်က အဓိက အဖွဲ့အစည်းကြီးများ၏ အာရုံစိုက်မှုကို ရရှိခဲ့လေသည်။ လီယီတောင်း လက်ထဲရှိ အချက်အလက်များက ဤအဖွဲ့အစည်းများ လက်ထဲတွင်လည်း ရှိနေ၏။
လူတိုင်းက အသေးစိတ် အချက်အလက် တိုင်းကို စောင့်ကြည့်နေကြပြီး လီယီတောင်း၏ တုံ့ပြန်မှုကို စောင့်ဆိုင်းနေကြလေသည်။ ပိုမို ကျယ်ပြန့်သော သဘောတရား အရ ဆိုရလျှင် သူတို့က တပ်ဖွဲ့ ၃၆၏ တုံ့ပြန်မှုကို စောင့်ဆိုင်းနေကြခြင်း ဖြစ်၏။
မည်သို့ပင်ဖြစ်စေ လီယီတောင်းက လူပုဂ္ဂိုလ် တစ်ဦးသာ ဖြစ်ပြီး သူ၏ နောက်ကွယ်မှ အင်အားစုများကို လူတိုင်း အလွယ်တကူ ခြေရာခံ၍ မရနိုင်ပေ။ အဘိုးအိုဖူ၏ တည်ရှိမှုက လျှို့ဝှက်ဆန်းကြယ်မှုများဖြင့် ဖုံးလွှမ်းနေသည် မဟုတ်ပါလား။ အဘိုးအိုနှင့် အဆက်အသွယ် ရှိသူများက လီယီတောင်း အပေါ် အရေးယူရန် လက်ရှောင်ကြလိမ့်မည်။
ထို့ကြောင့် ဤအဖွဲ့အစည်းများ အတွက် တပ်ဖွဲ့ ၃၆၏ သဘောထားကို စောင့်ကြည့်ရန်မှာ အလွန် အရေးကြီးလေသည်။
ယခုတော့ သူတို့ သိသွားကြပြီ...။
တပ်ဖွဲ့ ၃၆ရဲ့ သဘောထားကို သူတို့ သိသွားပြီ...။ အဲဒါက တပ်ဖွဲ့ ၃၆ရဲ့ နောက်ကွယ်က သဘောထားကိုပါ သိသွားတယ် ဆိုတဲ့ သဘောပဲ...။ ဒါက အရေးအကြီးဆုံး အချက်ပဲ...။
တစ်ချိန်တည်းမှာပင် လီယီတောင်း၏ စွမ်းရည်များကိုလည်း သူတို့ နားလည်သွားကြလေပြီ။ ၎င်းကလည်း အရေးကြီး၏။
မျက်မြင်မရတဲ့ သတ်ဖြတ်မှုတွေ... ကာကွယ်ဖို့ ဆိုတာ လုံးဝ နီးပါး မဖြစ်နိုင်ဘူး...။ သူတို့က ကျိန်စာတွေကို ကာကွယ်ဖို့ အထူး စွမ်းရည် တချို့ကို အသုံးပြုခဲ့ရင်တောင် အလကားပဲ...။
ဒါပေမဲ့...
အခုထိ ဖြေရှင်းနည်း မရှိသေးဘူးလေ...။
သူတို့ လုပ်နိုင်တာ တစ်ခုတည်းက သေခြင်းတရားကို ရင်ဆိုင်ဖို့ပဲ...။
မကြာမီ...
လီယီတောင်း ရှေ့ရှိ စာရွက်စာတမ်း အားလုံးမှာ ညာဘက်လက်မှ ဘယ်ဘက်လက်သို့ ပြောင်းရွှေ့သွားခဲ့လေပြီ။ ဤအချိန်တွင် သက်တမ်း အများအပြား ကုန်ဆုံးသွားပြီးနောက် သူ၏ မျက်နှာမှာ အနည်းငယ် ဖြူရော်နေ၏။ သူ၏ အသက်ရှူသံတွင်ပင် အားနည်းသည့် အရိပ်အယောင်လေး ပါဝင်နေလေသည်။
ဒါက အကြီးအကဲလျန် နဲ့ တခြားသူတွေကတော့ တအံ့တဩနဲ့ပေါ့…။
ဒါ ဘယ်လို စွမ်းရည်မျိုးလဲ...။
တစ်ချက် ကြည့်လိုက်တာနဲ့ လူတွေ သေသွားတာလား...။
ဟုတ်တယ်...။
သူတို့ထံတွင် ဤလူများအတွက် ကိုယ်ပိုင် စောင့်ကြည့်ရေး နည်းလမ်းများ ရှိလေသည်။ လီယီတောင်းက စာရွက်စာတမ်း တစ်ခုပြီး တစ်ခု စစ်ဆေးကာ လူတစ်ယောက်ချင်းစီ အပေါ် သေမင်းဓားသွားကို အသုံးပြုနေစဉ် အခြား တစ်ဖက်မှ တုံ့ပြန်ချက်များ ဝင်လာနေခဲ့၏။
သေပြီ...။
အကုန်လုံး သေပြီ...။
သုံးစက္ကန့် အတွင်းမှာတင် သေသွားတာ...။
ပြီးတော့ ဒီအချိန်က လီယီတောင်း စာရွက်စာတမ်းတွေကို စစ်ဆေးနေတဲ့ အချိန်နဲ့ ကွက်တိပဲ...။
ရှီး...
တကယ်ကို ကြောက်စရာ ကောင်းတာပဲ...။
" တော်လောက်ပြီ... "
" ကျန်တာကတော့ ခင်ဗျားတို့ အပိုင်းပဲ... ကျွန်တော် နားတာကို ဘယ်သူမှ လာမနှောင့်ယှက်ဘူးလို့ မျှော်လင့်ပါတယ်... "
အကြီးအကဲလျန်က လီယီတောင်းကို အဓိပ္ပာယ်ပါပါ စိုက်ကြည့်ပြီးနောက် ညင်သာစွာ ခေါင်းညိတ်လိုက်၏။
နောက်တစ်ဆင့်ကတော့ သူတို့ရဲ့ ရိုးသားမှုကို ပြသရမယ့် အချိန်ပဲ...။
လီယီတောင်းက သေဆုံးသူ စာရင်းကို ခွဲခြား မထားခဲ့ဘူးလေ...။ ဒါကြောင့် ဒီလူတွေ သေဆုံးရတဲ့ အကျိုးဆက်တွေကို သူတို့က တာဝန်ယူရမှာပေါ့...။
တပ်ဖွဲ့ ၃၆ အနေနဲ့ မခံနိုင်လောက်အောင် ဆုံးရှုံးမှုတွေ၊ ဒါမှမဟုတ် ကျော်လွှားလို့ မရနိုင်တဲ့ အကျပ်အတည်းတွေနဲ့ မကြုံရဘူး ဆိုရင်ပေါ့...။
မဟုတ်ရင်...။
လီယီတောင်းကို ဘာနှောင့်ယှက်မှုမှ မရှိအောင် သူတို့ ကာကွယ်ပေးရမယ်...။
ဒါက အခြေခံ စည်းမျဉ်းပဲလေ...။
မဟုတ်ရင်...
လီယီတောင်းက အစကတည်းက ဘာလို့ ဝင်ပါခဲ့ရမှာလဲ...။
အကြီးအကဲလျန်နှင့် အခြားသူများ၏ အမြင်တွင်... အထူးသဖြင့် လီယီတောင်း၏ လက်ရှိ အားနည်းနေမှုကို မြင်တွေ့ရချိန်တွင် သူ၏ စွမ်းရည်ကို ဤမျှ အလွယ်တကူ အသုံးပြုနိုင်မည်ဟု သူတို့ ယုံကြည်မည် မဟုတ်ပေ။ လုံလောက်သော ပေးဆပ်မှု တစ်ခုကို သူ ပေးဆပ်ခဲ့ရသည်ဟုသာ သူတို့ ယုံကြည်ကြပေလိမ့်မည်။
လီယီတောင်း ဖြည်းညင်းစွာ မတ်တပ်ရပ်လိုက်၏။
ကိစ္စတွေက ယာယီတော့ အဆုံးသတ်သွားခဲ့ပြီ...။
ကျန်တဲ့ ကိစ္စတွေ အတွက်ကတော့... တကယ်လို့ တစ်ယောက်ယောက်ကများ သူ့ကို လာပြဿနာ ရှာမယ် ဆိုရင်လည်း သူ မကြောက်ပါဘူး...။ အနည်းဆုံးတော့ တပ်ဖွဲ့ ၃၆ရဲ့ စွမ်းရည်တွေက စိတ်အေးရပါတယ်...။ တစ်ဖက်လူက သူ့အပေါ် ကြီးမားတဲ့ ဖျက်ဆီးရေး လက်နက်တွေ သုံးဖို့ သူတို့ ခွင့်ပြုမှာ မဟုတ်ဘူးလေ...။ ဒီလို အခြေအနေမျိုးမှာ သူ့ရဲ့ ကာကွယ်ရေး စွမ်းရည် ဖြစ်တဲ့ သေမင်းရဲ့ အကာအကွယ်က ပြိုင်ဘက်ကင်းပဲ...။
မင်းတို့ ဘာပဲလုပ်လုပ်... သေဖို့ကတော့ သေချာနေပြီ...။
***