လီယီတောင်း နာရေးဝန်ဆောင်မှု ဆိုင်သို့ ပြန်ရောက်ချိန်တွင် ညနေစောင်းနေပြီ ဖြစ်၏။
ကုတင်ပေါ်သို့ လှဲချပြီးနောက် သူ နှစ်ခြိုက်စွာ အိပ်မောကျသွားလေသည်။
ရာစုနှစ်နှင့်ချီသော သက်တမ်းများ ကုန်ဆုံးသွားခြင်းနှင့် သေမင်းဓားသွား စွမ်းရည်ကို ထပ်ခါတလဲလဲ အသုံးပြုခဲ့ရခြင်းတို့ ပေါင်းစပ်သွားသောအခါ သူ၏ စိတ်စွမ်းအင်များ အမှန်တကယ်ပင် ကုန်ခမ်းသွားခဲ့ရ၏။
ယခုအခါ သူ၏ စိတ်ထဲတွင် သံသယ တစ်ခု ဖြစ်ပေါ်လာလေသည်။
' တကယ်လို့သာ ငါ့ရဲ့ သက်တမ်းက အလုံအလောက် ရှိနေတဲ့ အခြေအနေမျိုးမှာ... သက်တမ်း နှစ်တစ်ထောင်၊ ဒါမှမဟုတ် နှစ်ထောင်လောက်ကို တိုက်ရိုက် သုံးလိုက်မယ် ဆိုရင်... ငါ့ရဲ့ စိတ်စွမ်းအင်တွေ အကုန်လုံး ခန်းခြောက်သွားမလား... '
ဤအချိန်တွင် သူ တကယ်ကို တွေဝေသွားမိ၏။
သူ၏ စိတ်စွမ်းအင်ကလည်း ဂရုစိုက်ရမည့် အရာတစ်ခု ဖြစ်နေပုံ ရလေသည်။
နောင်တစ်ချိန်တွင် စိတ်စွမ်းအင်ကို မည်သို့ မြှင့်တင်ရမည်ကို ရှာဖွေရန် သူ အခွင့်အရေး တစ်ခု ရှာရပေမည်။
လီယီတောင်း အိပ်မောကျနေချိန်တွင် တစ်ကမ္ဘာလုံးကတော့ ရုန်းရင်းဆန်ခတ် ဖြစ်နေလေပြီ။
ထိုမျှမကသေးပေ။ သူနှင့် ပတ်သက်သော သတင်းများက အင်တာနက် တစ်ခွင်လုံးတွင် နောက်တစ်ကြိမ် လွှမ်းမိုးသွားပြန်၏။
တကယ်တမ်းတွင် လီယီတောင်း စတင် လှုပ်ရှားလိုက်ချိန်မှာပင် အင်တာနက် တစ်ခွင်လုံး ပေါက်ကွဲသွားခဲ့ပြီး ဖြစ်လေသည်။
လီယီတောင်းက ဤလူများကို Follow လုပ်လိုက်ကတည်းက ဤအခြေအနေကို မျက်ခြည်မပြတ် စောင့်ကြည့်နေသူများ ရှိလေသည်။ အင်တာနက်ပေါ်မှ စွမ်းရည်ရှိသူ အချို့က အတွင်းသတင်း အများအပြားကို အချိန်နှင့် တပြေးညီပင် ရှာဖွေ ဖော်ထုတ်နိုင်ခဲ့ကြ၏။
လီယီတောင်း Follow လုပ်ထားသော သူများ၏ အတိအကျ အခြေအနေများကိုပင် အဆက်မပြတ် စောင့်ကြည့်နေခဲ့ကြခြင်း ဖြစ်သည်။
၎င်းက " အွန်လိုင်း သေဆုံးမှု " ဟု အမည်ရသော Post တစ်ခုကို ဖြစ်ပေါ်စေခဲ့ပြီး အင်တာနက် ကျွမ်းကျင်သူ အမျိုးမျိုးက သူတို့၏ တွေ့ရှိချက်များကို မျှဝေခဲ့ကြလေသည်။
သေဆုံးသူ စာရင်း တစ်ခုပြီး တစ်ခု ထွက်ပေါ်လာသည်နှင့်အမျှ ၎င်းက အင်တာနက် အပေါ် မည်မျှ ကြီးမားသော သက်ရောက်မှု ရှိခဲ့သည်ကို စိတ်ကူးကြည့်နိုင်ပေသည်။
ထိုမျှမကသေးဘဲ ဤသတင်း ရေပန်းစားမှုက လျော့ကျသွားမည့် အရိပ်အယောင် လုံးဝ မပြပေ။
Post တစ်ခုလုံးက နံပါတ်တစ် Trending ခေါင်းစဉ် ဖြစ်လာခဲ့ပြီ ဖြစ်၏။
" ငါ တကယ် အထင်ကြီးသွားပြီ... အစ်ကိုယီတောင်း ဒီတစ်ခါတော့ တကယ် ဒေါသထွက်သွားတာပဲ... "
" ဟုတ်တယ်... ဆက်တိုက် သတ်တာ... လူတွေ အများကြီးပဲ... စက္ကန့်ပိုင်း အတွင်းမှာတင် တစ်ယောက် သေတယ်... လခွမ်း... "
" အခြေအနေ မသိရသေးတဲ့ လူတချို့ ရှိသေးတယ်... ဒါပေမဲ့ သူတို့လည်း သေချာပေါက် သေရမယ်လို့ ငါ ခံစားရတယ်... "
" အသက်ရှင်ဖို့ ဆိုတာ မဖြစ်နိုင်ဘူး... အစ်ကိုယီတောင်း လှုပ်ရှားပြီ ဆိုမှတော့ ဘယ်သူက လွတ်မြောက်နိုင်မှာလဲ... "
" အဓိက အချက်က... ဒီလူတွေက အစ်ကိုယီတောင်းကို ဘယ်လိုများ စော်ကားမိလို့လဲ ဆိုတာကို ငါ သိချင်တာပဲ... အစ်ကိုယီတောင်း ဒီလောက် ဒေါသထွက်တာကို တစ်ခါမှ မမြင်ဖူးဘူး... ' သေစမ်း ' ဆိုတဲ့ စကားလုံး တစ်လုံးတည်းနဲ့ အစ်ကိုယီတောင်းရဲ့ commentကို ပြန်တွေးကြည့်ရင် ငါ့တစ်ကိုယ်လုံး ကြက်သီးတွေ ထလာတယ်... "
" ဒီကိစ္စ ဘယ်လို ပြီးသွားမလဲ ဆိုတာ စောင့်ကြည့်ကြတာပေါ့... ဒီတစ်ခေါက်တော့ အစ်ကိုယီတောင်း တကယ် ပြဿနာ တက်တော့မလား... ဘာပဲဖြစ်ဖြစ် သူက လူအများကြီးကို တစ်ပြိုင်နက်တည်း သတ်ခဲ့တာလေ... "
" အပေါ်ကလူက ဘာတွေ ပြောနေတာလဲ... ဒီလူတွေ သေတာက အစ်ကိုယီတောင်း နဲ့ ဘာဆိုင်လို့လဲ... မှုခင်း ဆရာဝန်တွေကို စစ်ဆေးခိုင်းကြည့်လေ... သူတို့ အားလုံးက မတော်တဆ သေသွားတာ ရှင်းနေတာပဲ..."
" အစ်ကိုယီတောင်းက လူတွေကို ဘယ်တော့မှ မသတ်ပါဘူး... ငါတို့က ဥပဒေ လေးစားတဲ့ နိုင်ငံသားတွေပါ... ဒီလူတွေက မတော်တဆ သေသွားရုံ သက်သက်ပါ... "
" တော်ကြတော့... တကယ်လို့ အစ်ကိုယီတောင်း တစ်ခုခု ဖြစ်မယ် ဆိုရင် ငါတို့ရဲ့ Postက အခုထိ ရှိနေဦးမယ်လို့ မင်းတို့ ထင်နေတာလား... ပြီးတော့ တစ်ခုခု ဖြစ်မယ် ဆိုရင်တောင် အခုထိ စောင့်နေပါ့မလား... "
" အပေါ်ကလူ ပြောတာ တော်တော်လေး အဓိပ္ပာယ် ရှိတယ်... နားလည်တဲ့ သူတွေကတော့ နားလည်ပါတယ်လေ... "
" အစ်ကိုယီတောင်း ထွက်လာပြီး ရှင်းပြတာကို စောင့်နေတယ်... ဒီအတွက် အကြောင်းပြချက် တစ်ခုတော့ သေချာပေါက် ရှိရမယ် မဟုတ်လား... "
ဤအင်တာနက် သုံးစွဲသူများ အားလုံးက သူတို့၏ အံ့အားသင့်မှုများ ကြားထဲမှ အဖြေများကို ရှာဖွေနေကြခြင်း ဖြစ်၏။
ထို့နောက် ဝေဖန်ချင်ရုံ သက်သက်ဖြင့် ဝေဖန်နေကြသူများလည်း ရှိလေသည်။
သူတို့က လူတွေကို အံ့အားသင့်သွားစေမည့် comment များ ရေးတတ်သော ဒဏ္ဍာရီလာ " ကီးဘုတ် ဖိုက်တာ " များ ဖြစ်နိုင်ပေသည်။
" အစ်ကိုယီတောင်း ဘယ်လောက်ပဲ အကြမ်းကြီးဖြစ်နေပါစေ... လူ့အသက်တွေကို ဒီလို ဖြစ်သလို ယူလို့ ရလို့လား... Unfollow လုပ်ပြီ... သူ့လို အကြင်နာ ကင်းမဲ့တဲ့ လူတွေက ဒီလောကမှာ အသက်ရှင်ဖို့ မတန်ဘူး... "
" ဟုတ်တယ်... လူဆယ်ယောက်ကျော်ရဲ့ အသက်တွေနော်... သူတို့မှာ အရင်က အမှားတွေ ရှိခဲ့ရင်တောင် အဲဒါတွေက အတိတ်က အမှားတွေလေ... ကိုယ် ဖြစ်ချင်သလို လိုက်သတ်လို့ ဘယ်ရမလဲ... "
" ဒီလောကမှာ ဘယ်သူမှ မပြည့်စုံပါဘူး... အမှားကင်းတဲ့သူ ဘယ်သူ ရှိလို့လဲ... တစ်ယောက်ယောက်က အမှားလုပ်မိရင် အစ်ကိုယီတောင်းက ဒီတိုင်း သတ်ပစ်လို့ ရတယ်လို့ ထင်နေတာလား... သူက တရားမျှတမှုရဲ့ တမန်တော် မဟုတ်ဘူး... သူက ကွပ်မျက်သူပဲ... သူက နတ်ဆိုး တစ်ကောင်ပဲ... "
" အမှိုက်ကောင်... သူ့လို လူမျိုးတွေကို တစ်ကမ္ဘာလုံးက ဝိုင်းပြီး ရှုတ်ချသင့်တယ်... တခြားသူတွေရဲ့ အသက်တွေကို ဒီလို ရမ်းကားစွာ နင်းချေနေတာ... သူကမှ သေဖို့ အထိုက်တန်ဆုံးပဲ... "
ဤ comment များကို ဖတ်ပြီး အချို့လူများကတော့ ငြင်းခုံနေရန်ပင် မလိုအပ်ဟု ခံစားလိုက်ရလေသည်။
ဒါက ဘယ်လို အဆိပ်ပြင်းတဲ့ စကားလုံးတွေလဲ...။
အတိတ်က အမှားတွေက အပြစ်တွေ ကျေသွားပြီ ဆိုတဲ့ သဘောမျိုး ပြောနေတာလား...။
ဘယ်လို ပျက်သုဉ်းနေတဲ့ စိတ်ဓာတ်မျိုးကများ ဒီလို ထူးဆန်းတဲ့ အတွေးတွေကို ဖြစ်ပေါ်စေတာလဲ...။
နောက်တစ်နေ့….
လီယီတောင်း နိုးလာပြီး ဖုန်းကို လှမ်းကြည့်လိုက်၏။
မွန်းလွဲ သုံးနာရီပင် ရှိနေပြီ ဖြစ်သည်။
" ဟင်... နေ့လယ်အထိ အိပ်လိုက်တာလား... "
လီယီတောင်း စိတ်ထဲမှ ခေါင်းခါလိုက်မိ၏။
" ကြည့်ရတာ ဒီတစ်ခေါက် သက်တမ်းကုန်ဆုံးသွားတာက နည်းနည်းတော့ ပြင်းထန်သွားပုံ ရတယ်... "
တကယ်တမ်းတွင် လီယီတောင်းက သူ၏ စိတ်စွမ်းအင်များ ပြင်းထန်စွာ ကုန်ခမ်းသွားမှုနှင့် ပတ်သက်၍ ပုံစံတစ်ခုကို သတိထားမိခဲ့လေသည်။
အကယ်၍ သူ တစ်ကြိမ်တည်းဖြင့် သက်တမ်း အနည်းငယ်သာ အသုံးပြုမည် ဆိုပါက အရေအတွက် များပြားလျှင်ပင် လိုအပ်သော စိတ်စွမ်းအင်မှာ အတိုင်းအတာ တစ်ခုအထိ ကိုင်တွယ်နိုင်သေး၏။
ဘာပဲဖြစ်ဖြစ်... သူက အရင်ကလည်း ရာစုနှစ်နဲ့ချီတဲ့ သက်တမ်းတွေကို အသုံးပြုခဲ့ဖူးတာပဲလေ...။
ရိုးရှင်းသော မနက်ခင်း လုပ်ရိုးလုပ်စဉ်များနှင့် ပြင်ဆင်မှုများ ပြီးနောက် တံခါးကို ဖွင့်ကာ အပြင်သို့ ထွက်လာခဲ့လေသည်။
စူးရှရှ နေရောင်ခြည်ကြောင့် သူ မျက်မှောင်ကြုတ်လိုက်မိ၏။ တိုက်ဆိုင်စွာပင် ကျိုးရှုရီနှင့် လီရှင်းထင်တို့က အပြင်မှ ဝင်လာကြလေသည်။
" အစ်ကိုယီတောင်း... နိုးပြီလား... "
တကယ်တမ်းတွင် သူတို့ နှစ်ယောက်က မနေ့က ပြန်လာရန် ရည်ရွယ်မထားခဲ့ပေ။ သို့သော် လီယီတောင်း ပြန်လာသဖြင့် သူတို့လည်း လိုက်လာခဲ့ကြခြင်း ဖြစ်၏။ အခြား ကိစ္စများကို ဘေးဖယ်ထားလျှင် သူတို့ နှစ်ယောက်စလုံးက လက်ရှိတွင် လီယီတောင်း၏ စောင့်ကြည့်မှုအောက်တွင် ရှိနေပြီး သေဆုံးမည့် အန္တရာယ် ရှိနေကြောင်း ဆိုလိုလေသည်။ ဤအခြေအနေမျိုးတွင် သူတို့က ဖြစ်သလို လျှောက်သွားရဲမည် မဟုတ်ပေ။
လီယီတောင်း အကျင့်ပါနေသဖြင့် သူတို့ကို သေဆုံးမှု စုံစမ်းစစ်ဆေးခြင်း စွမ်းရည်ဖြင့် တစ်ချက် ကြည့်လိုက်၏။ လီရှင်းထင်ကတော့ အဆင်ပြေပုံ ရပြီး သက်တမ်း ကုန်ဆုံး၍ သာမန်အတိုင်းသာ သေဆုံးမည် ဖြစ်သည်။
သို့သော် ကျိုးရှုရီကတော့...
သူမ သေဆုံးရမည့် အကြောင်းရင်းက အမည်မသိ ဖြစ်နေဆဲပင်။
ထိုမျှမကသေးပေ။ သေဆုံးရမည့် အချိန်ကလည်း ပြောင်းလဲမသွားခဲ့ပေ။
ဒါက... အချိန် နီးကပ်လာပြီပဲ...။
ကျိုးရှုရီ သေဆုံးဖို့က တစ်ပတ်လောက်ပဲ လိုတော့မှာ...။
ကျိုးရှုရီ၏ သေဆုံးမှုနှင့် ပတ်သက်၍ စနစ်က အတိအကျ အချိန်ကို မပေးဘဲ အချိန်ကာလ တစ်ခုကိုသာ ပြသထားခြင်းက အခြေအနေများ၏ ပြောင်းလဲနိုင်မှုကို ညွှန်ပြနေလေသည်။ ၎င်းက လီယီတောင်းနှင့် ဘာမှ မဆိုင်ဘူး ဆိုတာကို ဘယ်သူက ယုံမှာလဲ...။
သို့သော်...
အဘိုးအို၏ သတိပေးချက်က အကြောင်းမဲ့ မဟုတ်ပေ။
သူ တစ်ခုခုတော့ သိထားရမည်။
အဘိုးအိုက သူ့ကို သတိပေးခဲ့ပြီ ဆိုကတည်းက လီယီတောင်းကို ဤကိစ္စအား ဖြေရှင်းစေချင်ကြောင်း ညွှန်ပြနေခြင်း ဖြစ်၏။
အကြောင်းရင်းတွေ အတွက်တော့... အဲဒါတွေက လီယီတောင်း နဲ့ သေချာပေါက် ပတ်သက်နေတာပဲ...။
မဟုတ်လျှင် အဘိုးအိုက သူ့ကို အပြင်လိုက်သွားရန် မခေါ်မီ ဤကိစ္စများကို အရင် ဖြေရှင်းထားရန် ညွှန်ကြားခဲ့မည် မဟုတ်ပေ။
ဆက်စပ်မှု တစ်ခုခုတော့ သေချာပေါက် ရှိရမယ်...။
လီယီတောင်းက သူမကို ကြည့်နေသည်ကို မြင်သောအခါ ကျိုးရှုရီ တစ်ယောက် ခဏတာ ကြောင်အမ်းသွားလေသည်။
" ဘာဖြစ်လို့လဲ အစ်ကိုယီတောင်း... "
သူမ လေသံက အတော်လေး စိုးရိမ်နေပုံ ရလေသည်။
ကျိုးရှုရီ စကားပြောသည်ကို ကြားမှ လီယီတောင်း သတိဝင်လာ၏။ တည်ငြိမ်သော မျက်နှာထားကို ထိန်းသိမ်းထားရင်း ခဏမျှ စဉ်းစားကာ လေးနက်သော လေသံဖြင့် သူက...
" နောက်ရက်အနည်းငယ် အတွင်း... အပြင် မထွက်ကြနဲ့... "
" အင်း... ဒီည မင်းတို့ ငါ့ဆီ လာနေလို့ ရတယ်... "
အစ်ကိုယီတောင်းက နောက်ထပ် စကားတစ်ခွန်း ထပ်ဖြည့်လိုက်၏။ ထိုအခြေအနေမျိုးတွင် သူတို့ကို အနီးကပ်၊ သူ၏ မျက်စိအောက်တွင် ထားရှိခြင်းက ပိုကောင်းပေသည်။ ဤနည်းဖြင့်သာ သူတို့၏ လုံခြုံရေးကို အမြင့်ဆုံး အာမခံနိုင်မည် ဖြစ်၏။
မဟုတ်ရင်...
တကယ်လို့ တကယ့် ခြိမ်းခြောက်မှု တစ်ခုခုသာ ရှိလာခဲ့ရင်... လီယီတောင်း အနေနဲ့ အချိန်မီ ဝင်ရောက် စွက်ဖက်နိုင်ပါ့မလား ဆိုတာ မသေချာဘူးလေ...။ သေဆုံးရမယ့် အတိအကျ အကြောင်းရင်း၊ ဒါမှမဟုတ် သေဆုံးမယ့် အချိန်ကို သူ မသိနိုင်တဲ့ အတွက် လီယီတောင်း အနေနဲ့ ကျိုးရှုရီကို ကယ်တင်ဖို့နဲ့ ဒီကိစ္စကို ဖြေရှင်းဖို့ ဆိုတာ အကျပ်အတည်းက သူ့ဆီ ရောက်လာမယ့် အချိန်ကို စောင့်ဖို့ကလွဲပြီး တခြား ရွေးချယ်စရာ မရှိဘူးလေ...။
ကြိုတင် ခန့်မှန်းနိုင်တဲ့ စွမ်းရည် မရှိတဲ့ အခြေအနေမျိုးမှာ... ဒါက တစ်ခုတည်းသော ဖြစ်နိုင်ခြေ ရှိတဲ့ ရွေးချယ်မှုပဲ ဖြစ်ပုံရတယ်...။
ကျိုးရှုရီ ကတော့ လီယီတောင်း၏ စကားများကို ကြားပြီးနောက် နေရာမှာတင် ကြောင်အမ်းအမ်း ရပ်နေခဲ့လေသည်။ အစ်ကိုယီတောင်း ဆိုလိုသည်ကို သူမ အလွန် ရှင်းလင်းစွာ နားလည်လိုက်၏။
သူမ...
သူမရဲ့ ဘဝ နောက်ဆုံး အချိန်တွေကို ရောက်နေတာဖြစ်နိုင်တယ်...။
အရင်တုန်းက အစ်ကိုယီတောင်း ပြောခဲ့တာ သူမမှာ သက်တမ်း တစ်လပဲ ကျန်တော့တယ်တဲ့လေ... ပြီးတော့ အခု ကြည့်ရတာ အချိန်က ပြည့်တော့မယ် ထင်တယ်...။
တစ်နည်းအားဖြင့် ပြောရရင်...
သူမ သေလုဆဲဆဲ ဖြစ်နေပြီပေါ့...။
ထိုဖြစ်နိုင်ခြေကို တွေးမိလိုက်ချိန်မှာ သူမ ခန္ဓာကိုယ်က အလိုလို တုန်ယင်လာတော့သည်။
ကံကောင်းလို့ လီရှင်းထင်က သူမကို အမြန် ဖေးမပေးထားလို့ပေါ့...။
" ဟုတ်... ဟုတ်ကဲ့ပါ အစ်ကိုယီတောင်း... "
သူမ၏ အသံများပင် တုန်ယင်နေခဲ့လေသည်။
တခြား လမ်းမှ မရှိတာ...။
ဘယ်သူပဲ ဒီလို ကြုံရကြုံရ... စစ်မှန်တဲ့ အကြောက်တရားကို ခံစားရမှာပါပဲ...။
ဒီအဆင့်ကို ရောက်တော့ သူမ သေခြင်းတရားကိုတောင် မေ့သွားခဲ့ပြီ...။
အရာအားလုံးက တအားကို အေးချမ်းနေခဲ့တာ...။
ဒါပေမဲ့...
သူမ သိလိုက်ပြီ...
အေးချမ်းတဲ့ နေ့ရက်တွေက ကုန်ဆုံးသွားပြီ...။
သူမ အသက်ရှင်နိုင်မလား ဆိုတာက အစ်ကိုယီတောင်း အပေါ်မှာပဲ မူတည်တော့တယ်...။
သူ သူမကို ကာကွယ်ပေးနိုင်ပါ့မလား...။
သူမ ရင်ဆိုင်နေရတဲ့ အကျပ်အတည်းက သေချာပေါက် မရိုးရှင်းဘူး ဆိုတာကို သူမ ကောင်းကောင်း သိတယ်လေ...။
ဒီရက်ပိုင်း အတွင်း အစ်ကိုယီတောင်း နဲ့ သူတို့ ထိတွေ့ ဆက်ဆံခဲ့ရမှုတွေ အရ ဆိုရင် သူတို့ သိထားတာ တစ်ခု ရှိတယ်...။
လီယီတောင်းက လူတွေကို ဖြစ်သလို ကယ်တင်လေ့ ရှိတဲ့သူ မဟုတ်ဘူး...။
ဒါပေမဲ့ သူ သိတဲ့သူ၊ ဒါမှမဟုတ် ရင်းနှီးတဲ့ သူတွေကိုတော့ အမြဲတမ်း ကူညီပေးလေ့ ရှိတယ်...။
ဒါကြောင့်မို့... အဓိပ္ပာယ် တစ်ခုတည်းပဲ ရှိနိုင်တယ်...။
သူမရဲ့ အကျပ်အတည်းက သိပ်မရိုးရှင်းဘူး...။
***