အစ်ကိုယီတောင်း၏ Follow လုပ်သည့် ကိစ္စက ဆက်လက် ဂယက်ရိုက်နေဆဲပင်။
တမင်သက်သက်ပဲ ဖြစ်ဖြစ်၊ မတော်တဆပဲ ဖြစ်ဖြစ် လီယီတောင်း ယခုလေးတင် Follow လိုက်သော လူများအကြောင်း အချက်အလက်များက အင်တာနက်ပေါ်တွင် အဆက်မပြတ် တက်လာနေလေသည်။
လူများစွာနှင့် အဖြစ်အပျက် အများအပြားက အွန်လိုင်းတွင် လုံလောက်သော ဖော်ပြမှုများကို အခါအားလျော်စွာ ရရှိခဲ့ပြီး အစ်ကိုယီတောင်း မကြာသေးမီက Follow ခဲ့သူများ အကြောင်းကို လူတိုင်းအား နက်ရှိုင်းစွာ နားလည်သွားစေခဲ့၏။
ဒီလူအုပ်စုက ဖက်ခ်... အမှိုက်ကောင်တွေချည်းပဲ...။
တစ်ယောက်မှ ကောင်းတဲ့သူ မပါဘူး...။
လူသတ်သမား မဟုတ်ရင် မူးယစ်ဆေးဝါး မှောင်ခိုသမားတွေ...။ လူကုန်ကူးတဲ့ အထဲမှာ ပါတဲ့သူတွေလည်း ရှိသလို... လိမ်လည်မှု၊ သူလျှိုလုပ်မှု စတာတွေမှာ ပါဝင်နေတဲ့ သူတွေလည်း ရှိသေးတယ်...။
ဘာပဲဖြစ်ဖြစ်...
ဒီလို အခြေအနေမျိုးမှာ အချက်တစ်ချက်ကို ဖော်ပြချင်တာက သဘာဝပါပဲ...။
အဲဒါက ဒီတစ်ခေါက် လီယီတောင်းရဲ့ ဝင်ရောက် စွက်ဖက်မှုက တရားမျှတပြီး အကြောင်းပြချက် ခိုင်လုံတယ် ဆိုတာကို သွယ်ဝိုက်ပြီး ပြသနေတာပဲလေ...။
တကယ်တမ်းတွင် ဤအချက်အလက်များက အပြည့်အဝ မှန်ကန်နေခြင်း မဟုတ်သလို လျှို့ဝှက် အသေးစိတ် အချက်အလက် အများအပြားကိုလည်း ဖော်ထုတ်ထားခြင်း မရှိပေ။ ဤအချက်အလက်များကို တူးဖော်နေသော " ကျွမ်းကျင်သူ " ဆိုသူများကို တပ်ဖွဲ့ ၃၆က နောက်ကွယ်မှ ကြိုးကိုင်နေပြီး တမင်သက်သက် လုပ်ဆောင်နေခြင်း ဖြစ်၏။
ဒီ " ကျွမ်းကျင်သူ " ဆိုတဲ့ လူတွေတောင် သူတို့ စီစဉ်ထားတာလေ...။
ရည်ရွယ်ချက်ကတော့ ရှင်းပါတယ်... မလိုလားအပ်တဲ့ အမြင်တွေကို ဖယ်ရှားပစ်ဖို့ပဲ...။
ဥပမာအားဖြင့် လီယီတောင်းက ကွပ်မျက်သူ တစ်ယောက် ဖြစ်တယ်၊ ဒါမှမဟုတ် သူ ထောင်ချခံရသင့်တယ် ဆိုတဲ့ အဆိုမျိုးတွေ... ဒီလို မှတ်ချက်တွေနဲ့ တခြား စကားတွေ အကုန်လုံးကို ဖယ်ရှားပစ်ဖို့ပေါ့...။
ဘာပဲဖြစ်ဖြစ်... ဒီ " အစစ်အမှန် " လို့ ခေါ်တဲ့ သတင်းအချက်အလက်တွေက လီယီတောင်းရဲ့ အခြေအနေကို တည်ငြိမ်သွားစေခဲ့တာပဲ...။
ဒီ " အတွင်းရေး သတင်းတွေ " ဆိုတာတွေကပဲ အခြေအနေကို ငြိမ်ကျသွားစေခဲ့တာ...။
အင်တာနက် သုံးစွဲသူတွေရဲ့ comment ဦးတည်ချက်ကလည်း စတင် ပြောင်းလဲလာခဲ့ပြီ...။
" ဒီတစ်ခါတော့ အစ်ကိုယီတောင်းက ပြည်သူတွေ အတွက် အန္တရာယ်ကို ဖယ်ရှားပေးလိုက်ပြန်ပြီ... ဒီလူတွေကို ကြည့်စမ်းပါဦး... တကယ်လို့ သူတို့ကိုသာ မရှင်းလင်းရင်... နောက်ထပ် လူဘယ်နှယောက်ကို ဒုက္ခပေးဦးမလဲ ဆိုတာ ဘယ်သူ သိနိုင်မှာလဲ... "
" ဟုတ်တယ်... အရင်က လှောင်ခဲ့ကောင်တွေ... သူတို့ ဘာတွေ တွေးနေလဲ ဆိုတာ ငါ မသိဘူး... ဟားဟား... အခု ထွက်လာပြီး ထပ်ငြင်းကြည့်ကြပါဦးလား... "
" ဟမ့်... ဘာကို ငြင်းရမှာလဲ... အစကတည်းက ဒီလူတွေ ဘယ်လောက်ပဲ ဆိုးဆိုး အစ်ကိုယီတောင်းမှာ သူတို့ကို ပစ်မှတ်ထားခွင့် မရှိဘူးလေ... "
" ဟုတ်တယ်... ဖြစ်သလို လိုက်လုပ်နေတာ... အဲဒါက ဘာသဘောလဲ... "
" လခွမ်း... ငါတော့ သည်းမခံနိုင်တော့ဘူး... ဒါက အစ်ကိုယီတောင်း နဲ့ ဆိုင်လား၊ မဆိုင်ဘူးလား ဆိုတာကို ခဏလောက် ဘေးဖယ်ထားလိုက်... တကယ်လို့ ဆိုင်တယ် ဆိုရင်တောင် မင်းတို့ဆီမှာ သက်သေ ရှိလို့လား... "
" လာစမ်းပါ... အပေါ်ကကောင်တွေ... မင်းတို့ လိပ်စာ ပေးရဲလား... ငါ အပြင်မှာ လာပြီး မင်းတို့နဲ့ တကယ် စာရင်းရှင်းမယ်... "
" မင်းတို့ကောင်တွေ အစ်ကိုယီတောင်း နဲ့ စကားပြောရတာ လွယ်တယ်လို့ တကယ် ထင်နေတာလား... ဒီမှာ လာပြီး ဖြစ်သလို လျှောက်ပြောနေတာ သေချင်နေလို့လား... အစ်ကိုယီတောင်း မင်းတို့ကို Follow လာမှာကို မကြောက်ဘူးလား... "
" ဖက်ခ်... ညီအစ်ကိုတို့... တကယ်ကို အကြောက်အလန့် မရှိတဲ့ ကောင်တွေ ရှိတယ်ဟေ့... ခုနလေးတင် စကားများတဲ့ မင်းသားလေးက Live လွှင့်ပြီး အစ်ကိုယီတောင်းကို တိုက်ခိုက်နေတယ်... "
" စကားများတဲ့ မင်းသားလေး ဟုတ်လား... ပါးစပ်ကို ဆွဲဖြဲပစ်ချင်စရာ ကောင်းတဲ့ အဲဒီ Streamer လား... "
" အေး... အဲဒီကောင်ပဲ... သူက အစ်ကိုယီတောင်းကို တကယ်ကြီး စိန်ခေါ်နေတာ... တော်တော်လေး ကြည့်ကောင်းတယ်... "
" တကယ်ကြီးလား... သူက အာချောင်ပေမဲ့ ပုံမှန် အခြေအနေတွေမှာတော့ အဆင်ပြေပါတယ်... ဝေဖန်ရင်တောင် အတိုင်းအတာ တစ်ခုလောက်တော့ ရှိသေးတယ်... နှုတ်စောင့်တယ်… "
" အတိုင်းအတာ ဟုတ်လား... ဒီတစ်ခါတော့ သူ သေချင်နေပြီလို့ ငါထင်တယ်... ပြီးခဲ့တဲ့ ကိစ္စပြီးကတည်းက သူ့ရဲ့ Follower တော်တော်များများ ဆုံးရှုံးသွားတော့ အခု အစ်ကိုယီတောင်း နာမည်ကို သုံးပြီး အခွင့်ကောင်း ယူချင်နေတာ နေမှာ... "
" အခွင့်ကောင်း ယူချင်တယ် ဟုတ်လား... လခွမ်း... အစ်ကိုယီတောင်းရဲ့ နာမည်ကို အခွင့်ကောင်း ယူဖို့ ကြိုးစားတဲ့ Streamer တွေ အများကြီး အသတ်ခံခဲ့ရတာကို... ဒီကောင်က အဲဒီလောက်တောင် သတ္တိကောင်းနေတာလား... "
" သတ္တိကောင်း၊ မကောင်းတော့ ငါ မသိဘူး... ဒါပေမဲ့ ဒီကောင်က တော်တော်လေး မိုက်မဲတာတော့ အမှန်ပဲ... မင်းဘာသာ သွားကြည့်လိုက်... "
" သွားကြစို့... သွားကြည့်ကြမယ်... "
" အတူတူ သွားကြမယ်... ဒီကောင် ဘယ်လောက်တောင် သွေးကောင်းနေလဲ ဆိုတာ ငါ တကယ် ကြည့်ချင်တယ်... "
" ... ဟားဟား... "
သို့သော်...
မည်သူမျှ မသိခဲ့သည့် အရာမှာ... ယခုလေးတင် စကားပြောသွားသူက သူတို့ ဆွေးနွေးနေသည့် စကားများတဲ့ မင်းသားလေး ဆိုသူ၏ အကောင့်တုပင် ဖြစ်နေခြင်းကိုပင်။
ဤအချိန်တွင် ကျန်းမြို့ရှိ လူနေတိုက်ခန်း တစ်ခု၏ အပေါ်ဆုံးထပ်၊ အထပ်နှစ်ထပ်ပါ အခန်းတစ်ခု အတွင်း၌ အသက် နှစ်ဆယ်ကျော်ခန့် ရှိမည့် လူငယ် တစ်ဦးက ကွန်ပျူတာ စခရင်ရှေ့တွင် ပြုံးလျက် ထိုင်နေလေသည်။
သူ၏ လက်ချောင်းများက ကီးဘုတ်ပေါ်တွင် အဆက်မပြတ် လှုပ်ရှားနေ၏။
အနီးကပ် သေချာ ကြည့်မည် ဆိုပါက ဖွင့်ထားသော chat window ဆယ်ခုခန့် တစ်ပြိုင်နက်တည်း ရှိနေသည်ကို တွေ့နိုင်လေသည်။
ထိုမျှမကသေးပေ။ သူ့ဘေးတွင် Live လွှင့်ရန် ကင်မရာ တစ်လုံးလည်း ရှိနေသေး၏။ လက်ရှိတွင် Live စခရင်က ပိတ်ထားကြောင်း ပြသနေလေသည်။
ဖိုရမ်နှင့် ဂရုချက် မက်ဆေ့ချ် အမျိုးမျိုးကို သူ ပွဲရှာပေးလိုက်နိုင်ပြီ ဖြစ်ကြောင်း မြင်သောအခါ အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်ပြီး Liveကို နောက်တစ်ကြိမ် ပြန်ဖွင့်ရန် ပြင်ဆင်လိုက်၏။
တကယ်တော့ လီယီတောင်းကို ဤကဲ့သို့ လှည့်စားရဲသည့် အကြောင်းရင်းများ သူ့ထံတွင် ရှိလေသည်။
သူက အစ်ကိုယီတောင်း၏ သမိုင်းကြောင်း သို့မဟုတ် စွမ်းရည်များကို မသိနားမလည်သူ မဟုတ်ပေ။
အစ်ကိုယီတောင်း အကြောင်းကို သူ အများကြီး သိထားလို့ပဲ...။
ပထမဆုံး အချောလေး ကနေစပြီး အခုအချိန် အထိ... အစ်ကိုယီတောင်း Follow ခဲ့တဲ့ လူတိုင်း... သေသွားတဲ့သူရော၊ အသက်ရှင်နေသေးတဲ့သူရော အကုန်လုံးကို သူ သေချာ လေ့လာခဲ့တာ...။
ဒါကြောင့်... သူ တစ်ခုတော့ သိတယ်...။
အစ်ကိုယီတောင်းရဲ့ Follow လုပ်တာက အဲဒီလောက် မကြောက်စရာ မကောင်းဘူး ဆိုတာကိုပဲ...။
အစ်ကိုယီတောင်းက မင်းကို Follow ချင်တယ် ဆိုရင်... ရှောင်ပြေးလို့ မရဘူးလေ...။
ဒါကြောင့်မို့...
ဒီတစ်ခေါက် အတွက် သူ အသေအချာ ပြင်ဆင်ခဲ့တာပေါ့...။
ယခုအခါ တစ်သိန်းပင် မပြည့်တော့သော ကျန်ရှိနေသည့် Follower များကို သူ ကြည့်လိုက်၏။အချို့မှာ အကောင့်တုများ ဖြစ်လေသည်။
သူ အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်သည်။
ဒီတစ်ခေါက်တော့ သူ ရှိသမျှ အကုန် ပုံအောတော့မယ်...။
သူက တစ်ချိန်တုန်းက Follower တစ်သန်း ပြည့်ခါနီး ဖြစ်ခဲ့တဲ့ နာမည်ကြီး Streamer တစ်ယောက် ဆိုတာ မမေ့ပါနဲ့...။
ပြဿနာ သေးသေးလေး တစ်ခုကြောင့် ညတွင်းချင်း သူ့ရဲ့ Follower တွေ နီးပါး အကုန်လုံးက သူ့ကို Unfollow လုပ်သွားခဲ့ကြတာ...။
အဲဒီအကြောင်း တွေးမိတိုင်း သူ ဒေါသထွက်တယ်...။
အဲဒီ မိန်းမကြောင့် အကုန် ဖြစ်ရတာ...။
တကယ်လို့ အဲဒီ မိန်းမကသာ သူ့ကို မဖော်ထုတ်ခဲ့ဘူး ဆိုရင်... ဒီလို ရလဒ်မျိုး ဘယ်လိုလုပ် ဖြစ်လာမှာလဲ...။
ကံကောင်းလို့ပေါ့...။
အဲဒီ မိန်းမ မမျှော်လင့်ဘဲ ကားအက်ဆီးဒင့် ဖြစ်သွားလို့...။
သေချာတာပေါ့...။
အဲဒီ အက်ဆီးဒင့် ဖြစ်အောင် သူ လူငှားပြီး စီစဉ်ခဲ့တာလေ...။
သူ ကိုယ်တိုင် လုပ်လို့မှ မရတာ...။
အဲဒီလိုသာ ဆိုရင် တအား သိသာလွန်းနေမှာပေါ့...။
မဟုတ်ရင်... သူ ဘာလို့ ကွာရှင်းပြီး သူ့ပိုင်ဆိုင်မှု တစ်ဝက်ကို အဆုံးရှုံးခံမှာလဲ...။
မကြာမီ...
Live၏ အွန်လိုင်း ကြည့်ရှုသူ အရေအတွက် တစ်သိန်းကျော်သွားသည်ကို မြင်သောအခါ သူ ပြုံးလိုက်လေသည်။
နာမည်ကျော်လာပြီလား...။
ဒီ Live အပြီးမှာ Follower အသစ် သောင်းချီပြီး ဆွဲဆောင်နိုင်လိမ့်မယ်လို့ သူ ယုံကြည်တယ်...။ သူ နာမည်အကြီးဆုံး အချိန်ကလောက် မများပေမဲ့ တဖြည်းဖြည်းနဲ့ တက်လာလိမ့်မယ် ဆိုတာကိုတော့ သူ သိတယ်လေ...။
အစ်ကိုယီတောင်းက တကယ့် ရွှေတွင်းကြီးပဲ ဆိုတာ သူ သဘောပေါက်သွားပြီ...။ အစ်ကိုယီတောင်းရဲ့ နာမည်ကို ဘယ်လို ယူသုံးရမလဲ ဆိုတဲ့ နည်းလမ်းကိုသာ သိထားရင်... အချိန်တို အတွင်းမှာ Follower တွေကို အမြန်ဆုံး ပြန်ရနိုင်တယ်...။
အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်ပြီး Live ထဲရှိ ပရိသတ်များ ရှေ့တွင် ပြုံးလျက် ပေါ်လာလေသည်။
သူက အံ့အားသင့်သွားသည့်ဟန် ဆောင်ကာ...
" အို... ကျွန်တော် ရေခဏ သွားချိုးနေတုန်း သူငယ်ချင်းတွေ အများကြီး ရောက်လာကြတာလား... လာကြည့်ပေးကြတဲ့ အားလုံးကို ကျေးဇူးတင်ပါတယ်ဗျာ... အားလုံးပဲ... ချစ်စရာကောင်းတဲ့ လက်ချောင်းလေးတွေကို လှုပ်ရှားပြီး Follow ခလုတ်လေး နှိပ်ပေးကြပါဦး... လက်ဆောင်လေးတွေလည်း ပေးကြပါဦး... "
သို့သော် သူ စကားဆက်မပြောနိုင်မီမှာပင် Live ထဲရှိ comment များက ဆက်တိုက် တက်နေပြီ ဖြစ်သည်။
" လခွမ်း... မင်းလို ငတုံးက ရယ်တောင် ရယ်နိုင်သေးတယ်ပေါ့... အစ်ကိုယီတောင်းက ခဏနေရင် မင်းကို ဖြုတ်ဖို့ လာလိမ့်မယ်... "
" ဟားဟား... မင်းက အစ်ကိုယီတောင်းကို ထောင်ချောက်ဆင်ရဲတယ်ပေါ့လေ... မင်း ဦးနှောက်ထဲမှာ အဝါရောင် အရည်တွေ ပြည့်နေတာလား... "
" မင်း တော်တော် သတ္တိကောင်းတာပဲ... အစ်ကိုယီတောင်း နဲ့ အမြန်ဆုံး တွေ့ရပါစေလို့ ဆုတောင်းပေးပါတယ်... "
" @ယီတောင်း နာရေးဝန်ဆောင်မှု... အစ်ကိုယီတောင်း... ဒီမှာ တစ်ယောက်ယောက်က အစ်ကို့ အကြောင်း မကောင်း ပြောနေတယ်... အစ်ကို ဒါကို သည်းခံနိုင်လို့လား... ဘာပဲဖြစ်ဖြစ် ကျွန်တော်ကတော့ သည်းမခံနိုင်ဘူး... "
" ဝါး... အပေါ်ကကောင်က ပါရမီရှင်ပဲ... အကွက်တွေ ရှယ်ကစားနေတာပဲ... ငါလည်း ဝင်ပါမယ်... သေမင်းကို ဆင့်ခေါ်ခြင်း... @ယီတောင်း နာရေးဝန်ဆောင်မှု... "
" ဟားဟား... မင်းတို့ကောင်တွေ တကယ် ကစားတတ်တာပဲ... သေမင်းကို ဆင့်ခေါ်ခြင်း... @ယီတောင်း နာရေးဝန်ဆောင်မှု... "
" အားလုံးက အဲဒီလောက် ဖြစ်နေလား... တကယ်ကြီး ဆင့်ခေါ်လို့ ရလို့လား... ငါ စမ်းကြည့်မယ်... သေမင်းကို ဆင့်ခေါ်ခြင်း... @ယီတောင်း နာရေးဝန်ဆောင်မှု... "
" လာ... အားလုံးပဲ ဆင့်ခေါ်ကြမယ်... သေမင်းကို ဆင့်ခေါ်ခြင်း... @ယီတောင်း နာရေးဝန်ဆောင်မှု... "
" သေမင်းကို ဆင့်ခေါ်ခြင်း... @ယီတောင်း နာရေးဝန်ဆောင်မှု... "
" ဂုဏ်ပြုတဲ့ အနေနဲ့ ငါ အရင် ဆင့်ခေါ်မယ်... သေမင်းကို ဆင့်ခေါ်ခြင်း... @ယီတောင်း နာရေးဝန်ဆောင်မှု... "
Live ထဲက comment များကို သူ ကြည့်လိုက်သည်။
သူ့မျက်လုံးများထဲတွင် ဝမ်းသာမှု အရိပ်အယောင်လေး ဖြတ်ပြေးသွား၏။
အဲဒါပဲ...။
ဒါက သူ လိုချင်တဲ့ အကျိုးသက်ရောက်မှုပဲ...။
လူတိုင်းက တစ်ပုံစံတည်း တူညီတဲ့ စာသားတွေနဲ့ ဆက်တိုက် ရေးလာမှသာ အများဆုံး လူအာရုံစိုက်မှုကို ဖန်တီးနိုင်မှာလေ...။
ဒီ ပရိုမိုးရှင်း နည်းလမ်းကို သူ ကောင်းကောင်း သိတယ်...။
ပြီးတော့ အခု...
Liveက comment တွေနဲ့ ပြည့်လျှံနေပြီ... အကုန်လုံးက အဲဒီလို ပရိုမိုးရှင်း စာသားတွေနဲ့ သေမင်းကို ဆင့်ခေါ်နေကြတာ...။
ဘယ်လောက်တောင် အစွမ်းထက်လိုက်လဲ...။
ကျန်တာကတော့ သူ့ရဲ့ ဖျော်ဖြေမှု အပေါ်မှာပဲ မူတည်တော့တယ်...။
ပြသရမယ့် အချိန် ရောက်ပြီဟေ့...။
***