Live ထဲတွင် ဆက်တိုက် တက်လာနေသော comment များကို ကြည့်ရင်း စကားများတဲ့ မင်းသားလေး၏ နှုတ်ခမ်းထောင့်တွင် အပြုံးဖျော့ဖျော့လေး တစ်ခု ပေါ်လာလေသည်။
" ကြည့်ရတာ အားလုံး တော်တော် စိတ်ဝင်စားနေတဲ့ပုံပဲ... "
" အစ်ကိုယီတောင်းကို ဆင့်ခေါ်နေကြတာက တစ်ခုခုကို သက်သေပြချင်လို့များလား... ဟုတ်တယ် မလား... "
" လက်ရှိ အခြေအနေ အရတော့ အားလုံး အမြင်ပဲလေ... ဒါပေမဲ့ ကျွန်တော် အရင် ရှင်းပြချင်တာက အစ်ကိုယီတောင်းကို ကျွန်တော် အထင်သေးတာ မဟုတ်ပါဘူး... တကယ်တော့ သူ့ကို ကျွန်တော် လုံးဝ ဂရုမစိုက်တာပါ... "
" သူက အဝေးကြီးကနေ ဓားတစ်လက်နဲ့ လူတွေကို သတ်နိုင်တယ်လို့ ခင်ဗျားတို့ တကယ် ယုံနေကြတာလား... ဒါမှမဟုတ် သူ Follow လိုက်တဲ့ သူတွေ အကုန် သေမယ်လို့ကော ယုံနေတာလား... "
" သူ့ရဲ့ Follow စာရင်းကို သေချာ ကြည့်လိုက်မယ် ဆိုရင်... သူ Follow ထားတဲ့ သူတွေထဲက သေတဲ့ ရာခိုင်နှုန်းက အများဆုံး ၅၀ ရာခိုင်နှုန်းပဲ ရှိတယ်... "
" ' Big Data ' ဆိုတာကို ခင်ဗျားတို့ သိ၊ မသိတော့ ကျွန်တော် မသိဘူး... ဒီသတင်းအချက်အလက် ခေတ်ကြီးမှာ ပြည့်စုံတဲ့ အချက်အလက်တွေ အပေါ် အခြေခံပြီး Streamer တစ်ယောက်ရဲ့ ကျန်းမာရေး အခြေအနေကို ရှာဖွေနိုင်သလို တချို့ အခြေအနေတွေကိုလည်း ခန့်မှန်းလို့ ရတယ်လေ... "
" ရိုးရိုးလေး ပြောရရင် ဒါက ဖြစ်နိုင်ခြေ ပြဿနာ သက်သက်ပါပဲ... ဒါကြောင့် အစ်ကိုယီတောင်းကို နတ်ဘုရား တစ်ပါးလို စိတ်ကူးယဉ် မနေကြပါနဲ့... သူကလည်း လူတစ်ယောက် ပါပဲ... "
" လူတစ်ယောက် အနေနဲ့ သူကလည်း ဥပဒေရဲ့ အပြစ်ပေးမှုကို ခံရမှာပဲလေ... အဲဒီလူတွေက လူဆိုးတွေပဲ ဖြစ်ဖြစ်၊ ဘယ်လို ရာဇဝတ်မှုတွေပဲ ကျူးလွန်ခဲ့တာပဲ ဖြစ်ဖြစ် ကျွန်တော် မေးချင်တာ တစ်ခုပဲ ရှိတယ်... "
" တကယ်တမ်းတော့ သူတို့ အတွက်ကလည်း သူတို့ အသက်တွေက အသက်တွေပဲလေ... သူတို့မှာ အပြစ်ရှိရင်တောင် ဥပဒေ စနစ်ကနေတစ်ဆင့် တရားစီရင်ရမှာပေါ့... အစ်ကိုယီတောင်းက ဘာကို ကိုယ်စားပြုနေလို့လဲ... "
သို့သော် ပရိတ်သတ်များဆီမှ comment များ ဆက်တိုက် တက်လာပြန်သည်။
" ဖက်ခ်... ဘယ်လို ယုတ္တိဗေဒ ပါရမီရှင်ကြီးလဲ... ဘာတွေ လာပြောနေတာလဲ... "
" ဒီလို အတွေးမျိုး ရှိတဲ့လူ ဘယ်လိုလုပ် ရှိနေနိုင်ရတာလဲ... ဒီအမှိုက်ကောင်က ဘာကို ဖော်ပြချင်နေတာလဲ... "
" ဟား... ပထမဆုံး အနေနဲ့ သူငယ်ချင်း... မင်းရူးနေတာလား... အစ်ကိုယီတောင်းရဲ့ Follow တွေက တိုက်ဆိုင်လို့ သေတာလို့ မင်း ပြောခဲ့တယ် မဟုတ်လား... ပြီးတော့ အခုကျတော့ ဒီလူဆယ်ယောက်ကျော် သေတာက အစ်ကိုယီတောင်း ကြောင့်လို့ မင်းက စွပ်စွဲနေပြန်ပြီ... မင်းရဲ့ တွေးခေါ်ပုံက ဘယ်လိုကြီးလဲ... "
" ဟားဟား... ဒါက တကယ့်ကို အမှိုက် အစစ်ပဲ... သူ့ကို ငါ ဆက်ပြီးတောင် မဝေဖန်ချင်တော့ဘူး... အရမ်းကို အဓိပ္ပာယ် မရှိလွန်းလို့... "
" အစ်ကိုယီတောင်းက ဘာလို့ ပေါ်မလာသေးတာလဲ... ဒီကောင်ကို မြန်မြန် ထိန်းလိုက်ပါတော့... "
" စိတ်မပူပါနဲ့... အစ်ကိုယီတောင်း သေချာပေါက် လာနေပါပြီ... ဒီကောင် မကြာခင် ငိုရတော့မှာပါ... "
" ငါ သိချင်တာက... ဒီကောင်က တကယ် သတ္တိကောင်းတာလား၊ ဒါမှမဟုတ် အာရုံစိုက်ခံချင်လို့ နာမည်ကျော်ကြားမှုကို အခွင့်ကောင်း ယူဖို့ ကြိုးစားနေတာလား... "
" ငါ့ အထင်တော့... နာမည်ကြီးအောင် ကြိုးစားနေတာ ဖြစ်ဖို့ များတယ်... ပြီးတော့ မင်းတို့သာ သူ့ရဲ့ အရင်က ဖြစ်ခဲ့တဲ့ ကိစ္စတွေကို သိရင် သူ ဘယ်လို လူစားမျိုးလဲ ဆိုတာကို နားလည်သွားလိမ့်မယ်... "
" အရင်က ဖြစ်ခဲ့တဲ့ ကိစ္စတွေ ဟုတ်လား... ဘာဖြစ်ခဲ့လို့လဲ... "
" Google မှာ ကိုယ့်ဘာသာ သွားရှာကြည့်လိုက်... စကားများတဲ့ မင်းသားလေး မိန်းမ ရိုက်တဲ့ ကိစ္စလို့ ရှာကြည့်လိုက်တာနဲ့ မင်း အကုန် သိသွားလိမ့်မယ်... "
" မိန်းမ ရိုက်တယ် ဟုတ်လား... အဲဒီလို လူမျိုးက တစ်သက်လုံး နာမည်ပျက်စာရင်း အသွင်းခံရသင့်တာ... "
" လခွမ်း... ဒေါသထွက်လိုက်တာ... ဒါလေး ကြည့်ပြီးတာနဲ့ ငါ Unfollow လုပ်တော့မယ်... ခုနက သူ့ကို ငါ ဘာလို့များ Follow လုပ်ခဲ့မိပါလိမ့်... "
" ပြီးတော့... မင်းတို့ သေချာ မသိလောက်ဘူး... သူ့မိန်းမက ကားအက်ဆီးဒင့်နဲ့ သေသွားတာ... စုံစမ်းစစ်ဆေးမှုတွေ အားလုံးက မတော်တဆမှုလို့ ပြောပေမဲ့... တစ်ခုခုတော့ မှားနေတယ်လို့ ငါ ခံစားနေရတုန်းပဲ... "
" ဘာ... ဖက်ခ်... အဲဒါ တကယ်လား... "
" သေချာပေါက် မရိုးရှင်းဘူး... အစ်ကိုယီတောင်းက ဒီအမှိုက်ကောင်ကို ရှင်းလင်းပေးဖို့ လိုတယ်... သူ့ကို လွတ်သွားခွင့် ပေးလို့ မဖြစ်ဘူး... "
" ကဲပါ... ကဲပါ... ဒီကောင် ကြာကြာ ခံမှာ မဟုတ်ပါဘူး... စောင့်သာ ကြည့်နေ... "
" ဟားဟား... အစ်ကိုယီတောင်း ရောက်လာတဲ့ အခါ အာရုံစိုက်ခံချင်တဲ့ အကျိုးဆက်ကို သူ သိသွားလိမ့်မယ်... "
" "
တစ်ယောက်ယောက်က သူ၏ အတိတ်က ကိစ္စများကို ပြန်လည် တူးဖော်နေသည်ကို မြင်သောအခါ စကားများတဲ့ မင်းသားလေး ဟု လူသိများသော သူမှာ ဒေါသထွက်သွားလေသည်။
သို့သော် သူ ဘာမှ အများကြီး မပြောခဲ့ပေ။
ဒါပေမဲ့ သူ ဘာမှ မတတ်နိုင်ဘူးလေ...။
မကျေနပ်လည်း ဖုန်းစခရင်ထဲကနေ လှမ်းထိုးလို့မှ မရတာ…။
သို့သော် အချိန်နှင့် တပြေးညီ တက်လာနေသော comment များကို မြင်သောအခါ သူ၏ နှုတ်ခမ်းထောင့်တွင် အပြုံးဖျော့ဖျော့လေး တစ်ခု ပေါ်လာလေသည်။
အဲဒါက သူ့အတွက် လုံလောက်ပါတယ်...။
ကားအက်ဆီးဒင့် ကိစ္စ အတွက်ကတော့... သက်သေ ဘယ်မှာလဲ...။
သက်သေ မရှိသရွေ့ အဲဒါ သူလုပ်တာလို့ ဘယ်သူမှ သက်သေပြနိုင်မှာ မဟုတ်ဘူးလေ...။
ပြီးတော့ တစ်နေ့နေ့ကျရင် သူက အပြစ်ကင်းကြောင်း ထွက်ဆိုပြီး သနားစိတ်တောင် နည်းနည်း ရလာနိုင်သေးတယ်...။
ဘာပဲဖြစ်ဖြစ်... သူ နောင်တရကြောင်း ပြသခဲ့ပြီးပြီလေ... သစ္စာစောင့်သိမှုကို ပြသတဲ့ အနေနဲ့ သူ့လက်ချောင်း တစ်ချောင်းကိုတောင် ခုတ်ဖြတ်လုနီးပါး ဖြစ်ခဲ့တာ... အဲဒါက စစ်မှန်တဲ့ နောင်တရမှုရဲ့ သက်သေ မဟုတ်ဘူးလား...။
နောက်ထပ် ဇာတ်ညွှန်းအတွက် သူ ဆက်လက် ပြင်ဆင်ရန် ပြင်လိုက်ချိန်မှာပင် အသိပေးချက် တစ်ခုက သူ့ကို လုံးဝ မှင်သက်သွားစေခဲ့လေသည်။
[ ယီတောင်း နာရေးဝန်ဆောင်မှုက Live ထဲသို့ ဝင်ရောက်လာပါပြီ။ ]
သိသာ ထင်ရှားသော ဤအသိပေးချက်ကို ကြည့်ရင်း သူ ခဏတာ ဇဝေဇဝါ ဖြစ်သွားရ၏။
သူတို့ တကယ်ကြီး ဆင့်ခေါ်လိုက်တာလား...။
သို့သော်...
တကယ့် သေမင်းတမန် ရောက်လာချိန်တွင်တော့ သူ၏ ရင်ထဲ၌ စိုးရိမ်ထိတ်လန့်မှု အချို့ စိမ့်ဝင်လာလေသည်။
Live ထဲရှိ ပရိသတ်များကတော့ အစ်ကိုယီတောင်း ဝင်လာသည်ကို မြင်သောအခါ အားလုံး လုံးဝ စိတ်လှုပ်ရှားသွားကြလေသည်။
" သေမင်းတမန် ရောက်လာပြီဟေ့... စကားများတဲ့ မင်းသားလေး... သေဖို့သာ ပြင်ထားတော့... "
" ဟားဟား... အစ်ကိုယီတောင်း ရောက်လာပြီ... မင်းသားလေး... ဒီတစ်ခါတော့ မင်း ပြဿနာ တက်ပြီ... "
" အစ်ကိုယီတောင်းရဲ့ အစွမ်းကို ပြသဖို့ စောင့်နေတယ်... သူက ဘုရားသခင်လို့ မင်း ထင်နေတာလား... "
" ဘုရားသခင်ကတောင် သူ့ကို အလိုလိုက်မှာ မဟုတ်ဘူး... နာမည်ကျော်ကြားမှုကို အခွင့်ကောင်း ယူတာက ပြဿနာ မရှိပါဘူး... အစ်ကိုယီတောင်းရဲ့ သတင်းတွေကို မင်း ပေါ့ပေါ့ပါးပါး ပြောလို့ ရတယ်... ဘယ်သူမှ ဘာမှ ပြောမှာ မဟုတ်ဘူး... ဒါပေမဲ့ မင်း အခု လုပ်နေတာက ရန်စနေတာကွ... "
" သူ့ကို ရှင်းပစ်လိုက်... သနားနေစရာ မလိုဘူး... အစ်ကိုယီတောင်း... သူ့ကို ရှင်းပစ်လိုက်ပါ... "
" သူ့ကို ရှင်းပစ်လိုက်... ရှင်းပစ်လိုက်... "
တကယ်တမ်းတွင် ဤအချိန်၌ Live ထဲသို့ ဝင်လာသော လီယီတောင်းက အနည်းငယ် ဇဝေဇဝါ ဖြစ်နေလေသည်။ သူ ဖုန်းကို အေးအေးဆေးဆေး ပွတ်နေစဉ် noti များ ဆက်တိုက်တက်လာ၏။
ထို့ကြောင့် ဝင်ကြည့်ရန် သူ ဆုံးဖြတ်လိုက်ခြင်း ဖြစ်၏။
ဘာတွေ ဖြစ်နေသလဲ ဆိုတာကို သူ သေချာ မသိသေးပေ။
" ဘာတွေ ဖြစ်နေကြတာလဲ… "
" ကြည့်ကြ... အစ်ကိုယီတောင်းက မင်းကို မေးနေတယ်... ဟားဟား... မင်း စိတ်လှုပ်ရှားနေပြီလား... "
" အစ်ကိုယီတောင်း... ခင်ဗျားရဲ့ ဓားသွားကို လွတ်လွတ်လပ်လပ်သာ လွှဲချလိုက်ပါ... ဒီအမှိုက်ကောင် အတွက် လက်တွန့်နေစရာ မလိုပါဘူး... "
" ဟုတ်တယ်... သူ့ကို ရှင်းပစ်လိုက်... မတွန့်ဆုတ်ဘဲ သူ့ကို ရှင်းပစ်လိုက်... "
" အော်မနေကြနဲ့တော့... အစ်ကိုယီတောင်းက ဘာတွေ ဖြစ်နေလဲ ဆိုတာ မသိလို့ နေမှာပါ... "
" ဟုတ်တယ်... အစ်ကိုယီတောင်းက ဘာဖြစ်လို့လဲ... သူ့ကို ဘာလို့ ဆင့်ခေါ်တာလဲ လို့ မေးနေတာ ဖြစ်ရမယ်... "
" လောလောဆယ် မက်ဆေ့ချ်တွေ မပို့ကြနဲ့ဦး... အစ်ကိုယီတောင်းကို ငါ ရှင်းပြလိုက်မယ်... အစ်ကိုယီတောင်း... "
အင်တာနက် သုံးစွဲသူ တစ်ဦးက အခြေအနေကို အစအဆုံး ရှင်းပြလိုက်ရာ လီယီတောင်း တစ်ယောက် ဘာတွေ ဖြစ်သွားသလဲ ဆိုသည်ကို နားလည်သွားလေသည်။ စကားများတဲ့ မင်းသားလေး ဟု အမည်ရသော Streamerကို သူက ခပ်တင်းတင်း မျက်နှာထားဖြင့် ကြည့်လိုက်၏။
သို့သော် သူ သေချာ အကဲခတ်နေစဉ်မှာပင် စနစ်၏ အသိပေးသံက တစ်ပြိုင်နက်တည်း ထွက်ပေါ်လာလေသည်။
ဒါပေမဲ့ ဒီတစ်ခါတော့ သေဆုံးမှု အသိပေးချက် မဟုတ်ဘူး...။
ဒါက ယာယီ မစ်ရှင် အသိပေးချက်ပဲ...။
မစ်ရှင် တစ်ခု ဝင်မလာတာ တော်တော် ကြာသွားပြီ...။
မစ်ရှင် အသေးစိတ်ကို စစ်ဆေးကြည့်ပြီးနောက် လီယီတောင်း ခဏတာ မှင်သက်သွားရလေသည်။ ထို့နောက် သူ ခေါင်းမော့ကာ Live ထဲရှိ စကားများတဲ့ မင်းသားလေးကို တစ်ချက် ကြည့်လိုက်၏။
ဟီးဟီး...
တကယ်ကို စိတ်ဝင်စားစရာ ကောင်းတာပဲ...။
***