" ဒေါက်... ဒေါက်... ဒေါက်... "
ရဲအရာရှိ လူငယ်လေးက လီဟွေ့၏ ရုံးခန်းတံခါးကို ခေါက်လိုက်လေသည်။
ယခုအခါ လီဟွေ့မှာ အဖွဲ့ခေါင်းဆောင် ဖြစ်နေပြီ ဖြစ်၏။
တကယ်တမ်းတွင် သူ၏ ရာထူးတိုးမှုက လီယီတောင်းနှင့် ရင်းနှီးကျွမ်းဝင်မှုကြောင့်ဟု ဆိုနိုင်ပေသည်။
ထို့ကြောင့် သူ ရာထူးတိုးသည့် နေ့တွင် သူ၏ အရေးအကြီးဆုံး မစ်ရှင်မှာ လီယီတောင်းနှင့် ပတ်သက်သည့် မည်သည့် ကိစ္စကိုမဆို အပြည့်အဝ တာဝန်ယူ ဖြေရှင်းရန်ပင် ဖြစ်လေသည်။
ဒါကြောင့်... ဒီလို အခြေအနေမျိုး အောက်မှာ ကိစ္စ အတော်များများက သူ့ဆီကို အရင်ဆုံး သတင်းပို့လာကြတာ သဘာဝပါပဲ...။
ထို့ကြောင့် တာဝန်ကျ ဆိုက်ဘာ ရဲအရာရှိက သူ၏ ရုံးခန်းကို ချက်ချင်း လာခေါက်ခြင်း ဖြစ်၏။
" အဖွဲ့ခေါင်းဆောင်လီ... မြန်မြန် Liveကို ဖွင့်ကြည့်ပါဦး... အစ်ကိုယီတောင်းက ဝိညာဉ် ခေါ်မယ်လို့ ပြောနေတယ်... "
" ဝုန်း... "
လီဟွေ့ ရုတ်တရက် မတ်တပ်ရပ်လိုက်ရာ စားပွဲကို ဝင်ဆောင့်မိသွားလေသည်။
သို့သော် ပွန်းပဲ့သွားသော ခြေထောက်များကို လုံးဝ ဂရုမစိုက်နိုင်တော့ဘဲ သူ့ရှေ့မှ ရဲအရာရှိကို အံ့အားသင့်သော မျက်နှာထားဖြင့် ကြည့်လိုက်၏။
" မင်း ခုနက ဘာပြောလိုက်တာလဲ... အစ်ကိုယီတောင်း... လီယီတောင်းလား... သူက ဝိညာဉ် ခေါ်မယ် ဟုတ်လား... "
" အင်း... ဟုတ်ပါတယ်... "
တစ်ဖက်မှ ရဲအရာရှိက Live ထဲတွင် ဖြစ်ပျက်ခဲ့သည်များကို သူ့ကို ပြန်ပြောပြလိုက်လေသည်။
သူ၏ လက်ရှိ နားလည်မှု အရဆိုလျှင် အစ်ကိုယီတောင်းက စကားများတဲ့ မင်းသားလေးရဲ့ ဇနီးကို စကားပြောခိုင်းချင်တယ် ဆိုမှတော့ အဲဒါက ဝိညာဉ်ခေါ်တာ မဟုတ်ဘူးလား...။
တကယ်တော့ အစ်ကိုယီတောင်း ကလည်း အဲဒီလိုပဲ တွေးခဲ့တာပါ...။
သူ့ရှေ့မှ ရဲအရာရှိက Live ထဲတွင် ဖြစ်ပျက်ခဲ့သည်များကို ရှင်းပြသည်ကို ကြားပြီးနောက် လီဟွေ့၏ မျက်လုံးများထဲတွင် လေးနက်မှုများ ပြည့်နှက်သွားတော့၏။
တကယ်လို့ ဒါသာ အမှန်ဖြစ်မယ် ဆိုရင် ဒီကိစ္စက တကယ့် ပြဿနာ အကြီးကြီး ဖြစ်တော့မှာပဲ...။
လီယီတောင်းနှင့် ပတ်သက်ပြီး ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးက အမှောင်ထဲတွင် ဖုံးကွယ်နေနိုင်ပေသည်။ တပ်ဖွဲ့ ၃၆၏ အရိပ်အမြွက် ပေးမှု အပြီးတွင် လီယီတောင်း၌ အထူး စွမ်းရည် အချို့ ရှိနေကြောင်း သူတို့ သိခဲ့ကြ၏။
ဒါပေမဲ့...
ဒီလို ကိစ္စမျိုးကို အခု အချိန်မှာ ပြည်သူတွေ သိအောင် ပေါ်ပေါ်ထင်ထင် လုပ်ပြလို့ မရဘူးလေ...။
ပြီးတော့ Live လွှင့်နေတုန်း လုံးဝ ပြောသင့်တဲ့ ကိစ္စ မဟုတ်ဘူး...။
လူဒီလောက် အများကြီး ရှေ့မှာ ဒီလို ဝိညာဉ်ပိုင်းဆိုင်ရာ ကိစ္စမျိုးကို ပြောလိုက်တာက...
ရလဒ်က သေချာပေါက် ဆိုးကျိုးတွေ ဖြစ်လာမှာပဲ...။
" စကားများတဲ့ မင်းသားလေး ဆိုတဲ့ Streamerကို အခုချက်ချင်း သွားခေါ်ခဲ့... "
" ပြီးတော့... "
" ထားလိုက်ပါတော့... မင်း ကိုယ်တိုင် မသွားနဲ့တော့... ငါ ကိုယ်တိုင် လူတချို့ ခေါ်သွားလိုက်မယ်... မင်း Live ထဲကို ပြန်သွားပြီး အဲဒီမှာ ဘာတွေ ဖြစ်နေလဲ ဆိုတာကို ဆက်စောင့်ကြည့်နေလိုက်... "
" Live ထဲမှာ ဘာမှ မပြောနဲ့နော်... စကားမှား မပြောမိအောင် သတိထား... "
' ဟူး... '
လီဟွေ့ စိတ်ထဲမှ သက်ပြင်းချလိုက်မိသည်။
စကားများတဲ့ မင်းသားလေးရဲ့ သေဆုံးသွားတဲ့ ဇနီးကို စကားပြောခိုင်းမယ် ဆိုတဲ့ လီယီတောင်းရဲ့ စကားကိုတင် လီဟွေ့ တွေးနေတာ မဟုတ်ဘူး...။
သူ စဉ်းစားနေတာက...
လီယီတောင်းက စကားများတဲ့ မင်းသားလေးကို သတ်ပစ်ဖို့ သူ့ရဲ့ အထူး စွမ်းရည်ကိုများ သုံးလိုက်မလား ဆိုတာကိုပဲ...။
တကယ်လို့ တခြား အချိန်မှာသာ ဆိုရင်... လီယီတောင်းက Streamer တစ်ယောက်ကို Follow လုပ်ပြီး အဲဒီ Streamer သေသွားရင် ဘာပြဿနာမှ မရှိဘူးလေ...။
ဒါပေမဲ့ အခု အချိန်က မသင့်တော်ဘူး...။
အထူးသဖြင့် Live ထဲမှာ ခုနက ဖြစ်သွားတဲ့ ကိစ္စတွေ အပြီးမှာ ပိုဆိုးတာပေါ့...။
သူ သေမယ် ဆိုရင်တောင်...
အခု အချိန် Live ထဲမှာ သေလို့ မဖြစ်ဘူးလေ...။
စကားများတဲ့ မင်းသားလေး သေသွားမှာကို သူတို့ ဂရုစိုက်နေလို့ မဟုတ်ပါဘူး...။
သက်သေ မရှိဘူး ဆိုပေမဲ့ ဒီအမှု အကြောင်းကို လီဟွေ့ သိပါတယ်...။
အဲဒီ ယာဉ်မောင်းက စကားများတဲ့ မင်းသားလေး သွားရှာခဲ့တဲ့ လူ ဆိုတာ သေချာတယ်...။
နောက်ဆုံးမှာ ဒီအမှုကို ပိတ်လိုက်နိုင်ရတဲ့ အကြောင်းရင်းက တကယ်ပဲ ခိုင်လုံတဲ့ သက်သေ မရှိခဲ့လို့လေ...။
နောက်ထပ် အကြောင်းရင်း တစ်ခုလည်း ရှိသေးတယ်...။
အဓိက အကြောင်းရင်းက လူတိုက်မိတဲ့ ယာဉ်မောင်းကြောင့်ပဲ...။
ပိုတိတိကျကျ ပြောရရင် ဆေးရုံက လူနာတွေကြောင့်ပေါ့...။
အဲဒီအချိန်တုန်းက အမှုကို ကိုင်တွယ်ခဲ့တဲ့ ရဲအရာရှိက သနားစိတ် နည်းနည်း ဝင်သွားခဲ့လို့လေ...။
ထို့ကြောင့် အမှုက ဤကဲ့သို့သော ရလဒ်ဖြင့် အဆုံးသတ်သွားခဲ့ခြင်း ဖြစ်၏။
သို့သော် စကားများတဲ့ မင်းသားလေးက ကိုယ့်သေတွင်း ကိုယ်တူးနေလိမ့်မည်ဟု မည်သူက မျှော်လင့်ထားမည်နည်း။
သူက အစ်ကိုယီတောင်း နဲ့ တကယ်ကြီး ရင်ဆိုင်ချင်နေသေးတာလား...။
အစ်ကိုယီတောင်းရဲ့ နာမည်ကျော်ကြားမှုက ဘယ်သူမဆို လွယ်လွယ်လေး ယူသုံးလို့ ရတဲ့ အရာများ မှတ်နေလား...။
ဒါက ဟာသ လုပ်နေတာလား...။
ထို့ကြောင့် ဤလူ သေဆုံးသွားခြင်းက နှမြောစရာ မလိုဘူးဟု ဆိုနိုင်ပေသည်။
သို့သော်...
တကယ်လို့သာ သူ အခု Live ထဲမှာ သေသွားမယ် ဆိုရင်...
အဲဒီလို ဆိုရင်... အစ်ကိုယီတောင်း အပေါ် သက်ရောက်မှုက အတော် ကြီးမားသွားလိမ့်မယ်...။
ဒါက သူတို့ လုံးဝ ခွင့်ပြုမှာ မဟုတ်တဲ့ ကိစ္စပဲ...။
အခုဆိုရင် အင်တာနက်ပေါ်မှာ အစ်ကိုယီတောင်းရဲ့ သြဇာလွှမ်းမိုးမှုကို အတတ်နိုင်ဆုံး လျှော့ချဖို့ သူတို့ နည်းလမ်းတွေ ရှာနေကြတာ...။
ဒါက သူတို့က အစ်ကိုယီတောင်းကို တစ်ခုခု လုပ်ချင်လို့ မဟုတ်ပါဘူး... သူ့ကို ကာကွယ်ပေးချင်လို့ပါ...။
သစ်ပင်မြင့်ရင် လေတိုက်ခံရတယ် ဆိုတဲ့ စကား ရှိတယ် မဟုတ်လား...။
လီယီတောင်းကို အမှောင်ထဲမှာ ဖုံးကွယ်ထားတာက အလုံခြုံဆုံးပဲ...။
ပြီးတော့... လီယီတောင်းရဲ့ စွမ်းရည်နဲ့ ဆိုရင် သူသာ အမှောင်ထဲမှာ ဆက်ပုန်းနေနိုင်မယ် ဆိုရင်...
ဒါက တရုတ်နိုင်ငံ တစ်ခုလုံး အတွက် အကြီးမားဆုံး ဝှက်ဖဲကြီး တစ်ခု ဖြစ်လာမှာပဲ...။
လီယီတောင်းရဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ စွမ်းရည်ကို စဉ်းစားကြည့်လေ...။
တကယ်လို့ သူသာ လှုပ်ရှားမယ် ဆိုရင် ဖန်တီးနိုင်မယ့် အကျိုးသက်ရောက်မှုတွေကို စိတ်ကူးကြည့်စမ်းပါ...။
ရဲအရာရှိ လူငယ်လေးက Live ထဲသို့ ပြန်သွားလေသည်။
သူ စကားဆက်မပြောတော့ပေ။
Live ထဲရှိ လူတိုင်းက သူ့ကို ဆက်တိုက် Tag တွဲနေကြသော်လည်း သူ တိတ်ဆိတ်နေလိုက်၏။
ဒီအချိန်မှာ စကားများများ ပြောတာက အမှားလုပ်မိတာပဲလေ...။
လီယီတောင်း၏ အခြေအနေကြောင့်သာမကဘဲ ဥပမာအားဖြင့် လီယီတောင်း အခုလေးတင် ပြောလိုက်သည့် စကားမျိုးကို သူ ဘယ်လို ပြန်ဖြေရမည်နည်း။
သူ ပြန်ဖြေလိုက်တာနဲ့ မှားပြီလေ... ဟုတ်တယ် မလား...။
တကယ်လို့ တစ်ယောက်ယောက်ကများ သူ့ကို အပြစ်ရှာဖို့ စောင့်နေတယ် ဆိုရင် ပိုတောင် ပြဿနာ တက်ဦးမယ်...။
လီယီတောင်းလည်း ဤအချိန်တွင် စကားမပြောဘဲ နေလိုက်၏။
သူ အခုလေးတင် လီဟွေ့ ထံမှ ဖုန်းတစ်ကော လက်ခံရရှိခဲ့လေသည်။
လီဟွေ့က ယာဉ်မောင်း၏ လိပ်စာကို သူ့အား ပြောပြပြီး ဖြစ်၏။
ထိုမျှမကသေးပေ။ လီဟွေ့က သူ့ကို အကြိမ်ကြိမ် သတိပေးခဲ့သေးသည်။
ဘယ်အချိန်ပဲ ဖြစ်ဖြစ်၊ ဘာပဲလုပ်လုပ်... လျှို့ဝှက် လုပ်ဆောင်ဖို့ပေါ့...။
အရမ်းကြီး ပေါ်ပေါ်ထင်ထင် မလုပ်ပါနဲ့တဲ့...။
အကူအညီ လိုရင် လီဟွေ့ကို အချိန်မီ ဖုန်းဆက်ဖို့...။
တကယ်လို့ သူ မဖြေရှင်းနိုင်ရင်တောင် တပ်ဖွဲ့ ၃၆ကို ဖုန်းဆက်ဖို့ ပြောခဲ့တယ်...။
အတိုချုပ် ပြောရရင်... ကိုယ့်သဘောနဲ့ကိုယ် မလုပ်ဖို့... အနည်းဆုံးတော့ သူတို့ကို အသိပေးဖို့ပေါ့...။
နောက်ဆက်တွဲ ပြဿနာတွေကို သူတို့ ဖြေရှင်းပေးဖို့ အသင့် ပြင်ထားနိုင်အောင်လို့လေ...။
ဘာပဲဖြစ်ဖြစ်... လက်ရှိ အခြေအနေက တော်တော်လေး သိမ်မွေ့နေတယ် မဟုတ်လား...။
ဤအခြေအနေမျိုးတွင် လီယီတောင်း တစ်ယောက် အနည်းငယ် စကားမပြောနိုင်အောင် ဖြစ်သွားရလေသည်။
သူက ဘယ်လိုလုပ်ပြီး တောရိုင်း တိရစ္ဆာန် တစ်ကောင်လို ဖြစ်သွားရတာလဲ...။
သူ စိတ်ထဲမှသာ ညည်းတွားနိုင်တော့၏။
ပြီးတော့ အခု... ယာဉ်မောင်းရဲ့ လိပ်စာကို သူ သိနေပြီ ဆိုတော့...
လီယီတောင်းလည်း သူ့ရဲ့ နောက်ထပ် အစီအစဉ်ကို စတင်ဖို့ ပြင်ဆင်လိုက်ပါတယ်။
မတော်တဆမှုနဲ့ သေဆုံးသွားခဲ့တဲ့ တစ်ဖက်လူရဲ့ အခင်းဖြစ်ပွားရာ နေရာကို သူ အရင်ဆုံး သွားဖို့ စီစဉ်ထားတယ်...။
အင်း... အဲဒီနေရာမှာ မစ္စဝမ်ကို ရှာတွေ့နိုင်ခြေ သိပ်မများပေမဲ့ ဒါက အလွယ်ဆုံး စုံစမ်းစစ်ဆေးရေး နည်းလမ်းပဲလေ...။
နောက်ဆက်တွဲ အစီအစဉ်တွေ အနေနဲ့တော့...
ယာဉ်မောင်းရဲ့ အိမ်ကို သွားကြည့်ဖို့ သူ စီစဉ်ထားတယ်... လက်ရှိ အခြေအနေ အရဆိုရင် ယာဉ်မောင်းရဲ့ အိမ်မှာ ရှိနေနိုင်ခြေက တော်တော်လေး များတယ်လေ...။
နောက်ဆုံး ကျန်တာကတော့ စကားများတဲ့ မင်းသားလေးရဲ့ အိမ်ကို သွားဖို့ပဲ...။
ဒါပေမဲ့... စကားများတဲ့ မင်းသားလေး ကိုတော့ နောက်ဆုံးမှ သွားရှာဖို့ သူ စီစဉ်ထားတယ်...။
ဘာလို့လဲ ဆိုတော့ တကယ်လို့ သူ့ဆီ တိုက်ရိုက် သွားရှာရင် ပြဿနာတွေ ဖြစ်လာနိုင်လို့ပဲ...။
တကယ်လို့ တစ်ခုခုများ တကယ် ဖြစ်သွားပြီး စကားများတဲ့ မင်းသားလေး သာ မတော်တဆမှုနဲ့ သေသွားခဲ့ရင်...
သူ ရှင်းပြလို့ ရတော့မှာ မဟုတ်ဘူး မလား...။
အဲဒီမှာ... ပြဿနာ တချို့လည်း ရှိလာနိုင်တယ်...။
သူ ကိုယ်တိုင် မလုပ်ရင်တောင်မှ တခြားသူတွေရဲ့ အထင်လွဲတာကို ခံရနိုင်ခြေ တော်တော်လေး များတယ်လေ...။
သို့သော် သူ ထပြီး ထွက်သွားရန် ပြင်လိုက်ချိန်မှာပင်...
သူ့နောက်မှ အားနည်းသော အသံတစ်ခု ထွက်ပေါ်လာလေသည်။
" တောင်း... အစ်ကိုယီတောင်း... "
" ဝမ်ရှင်းယွဲ့ က... တကယ်ပဲ အဲဒီ အမှိုက်ကောင် လက်ချက်နဲ့ သေခဲ့ရတာလား... "
စကားပြောလိုက်သူမှာ အခြားသူ မဟုတ်၊ ကျိုးရှုရီ ပင် ဖြစ်လေသည်။
ဤအချိန်တွင် သူမ၏ မျက်လုံးများထဲ၌ ဒေါသနှင့် ဝမ်းနည်းမှုများ ပြည့်နှက်နေ၏။
ဤမြင်ကွင်းကို မြင်သောအခါ လီယီတောင်း မှင်သက်သွားလေသည်။ ' ဝမ်ရှင်းယွဲ့ ဟုတ်လား... ' ဟု သူ တွေးလိုက်၏။
ခဏမျှ စဉ်းစားပြီးနောက် သူ သဘောပေါက်သွားလေသည်။
' အင်း... သူမ ပြောတာ စကားများတဲ့ မင်းသားလေးရဲ့ မိန်းမ မစ္စဝမ်ကို ပြောတာ ဖြစ်ရမယ် မဟုတ်လား... '
တစ်ဖက်လူရဲ့ နာမည်ကို သူ မြင်ခဲ့ရသလိုလို ဝိုးတဝါး မှတ်မိနေတယ်...။ ဝမ်ရှင်းယွဲ့ တဲ့...။
လီယီတောင်း ခေါင်းညိတ်ပြလိုက်၏။
သူက စကားများတဲ့ မင်းသားလေးကို Follow မလုပ်ခဲ့သလို၊ စနစ်၏ အသိပေးချက်လည်း မရှိခဲ့ပေ။
ထို့ကြောင့် သတင်းအချက်အလက် အနည်းငယ် မျှဝေခြင်းက ကြီးမားသော ပြဿနာ မဟုတ်ပေ။
အနည်းဆုံးတော့ စနစ်၏ သေဒဏ်က ချက်ချင်း ကျရောက်လာမည် မဟုတ်ပေ။
လီယီတောင်း ခေါင်းညိတ်လိုက်သည်ကို ကျိုးရှုရီ မြင်သည်နှင့် ချက်ချင်းပင် အသံထွက်ကာ ငိုချလိုက်တော့၏။
" ဒီအမှိုက်ကောင်... အီးဟီးဟီး... သူ ဘယ်လိုလုပ် ဒီလောက် ရက်စက်နိုင်ရတာလဲ... အဲဒီတုန်းက သူတို့ လက်ထပ်တာကို ကျွန်မ သဘောမတူခဲ့ဘူး... အဲဒီ အမှိုက်ကောင်က လူကောင်း မဟုတ်ဘူး ဆိုတာ ကျွန်မ သိနေခဲ့တာ... အားလုံး ကျွန်မ အပြစ်တွေပါ... ကျွန်မသာ သူ့ကို တားနိုင်ခဲ့ရင်... အီးဟီးဟီး... "
မြေပြင်ပေါ်တွင် ထိုင်ငိုနေသော ကျိုးရှုရီကို ကြည့်ရင်း လီယီတောင်း တစ်ယောက် ဆွံ့အသွားရလေသည်။
' ဘာတွေ ဖြစ်နေတာလဲ... ' ဟု သူ တွေးလိုက်၏။
ကြည့်ရတာ ကျိုးရှုရီက ဝမ်ရှင်းယွဲ့ကို သိနေပုံ ရတယ်...။
' မဟုတ်ဘူး... ရိုးရိုး သိတာလောက်တော့ မရိုးရှင်းဘူး... '
ကျိုးရှုရီ အခုလောက် ဝမ်းနည်းပူဆွေးနေတာကို ကြည့်ရင်...
သူတို့ နှစ်ယောက်ရဲ့ ဆက်ဆံရေးက တော်တော်လေး ကောင်းခဲ့ဖို့ များတယ်...။
ဤအချိန်တွင် လီရှင်းထင်က သက်ပြင်းချကာ လီယီတောင်းကို ကြည့်လိုက်၏။ သူမက ရှင်းပြလေသည်။
" ဝမ်ရှင်းယွဲ့က ငယ်ငယ်တုန်းက ကျိုးရှုရီ တို့ အိမ်မှာ နေခဲ့တာ... သူက မိဘမဲ့လေးလေ... "
" သူ တအား ငယ်ငယ်လေး ကတည်းက ကျိုးရှုရီရဲ့ မိဘတွေကပဲ သူ့ကို ပြုစုပျိုးထောင်ခဲ့တာ... သူတို့ရဲ့ မွေးစားသမီးလို့ ပြောလို့ရပါတယ်... ပြီးတော့ ကျိုးရှုရီ ကလည်း သူ့ရဲ့ မွေးစား အစ်မပေါ့... "
" ဝမ်ရှင်းယွဲ့ ကြီးလာလို့ အဲဒီ အမှိုက်ကောင်နဲ့ စတွဲတဲ့ အချိန်မှာ... ကျိုးရှုရီ ရော၊ သူ့မိဘတွေရော သဘောမတူခဲ့ကြဘူး... "
" ဒါပေမဲ့ သူက သူတို့ရဲ့ သမီးအရင်းမှ မဟုတ်တာ... အဲဒီ အချက်ကို စကားများတဲ့ မင်းသားလေးက အခွင့်ကောင်း ယူသွားတာ နေမှာပေါ့... သူက လူတွေကို ချော့မော့တတ်ပြီး လှည့်စားတဲ့ နေရာမှာ တော်တယ်လေ... "
" နောက်ဆုံးတော့... ကျိုးရှုရီ ထက် လပိုင်းလောက် ငယ်တဲ့ ဝမ်ရှင်းယွဲ့က သူ့ကိုပဲ လက်ထပ်လိုက်တယ်... "
လီယီတောင်း တအံ့တသြ စုပ်သပ်လိုက်မိ၏။
ဒီကမ္ဘာပေါ်မှာ ဒီလို တိုက်ဆိုင်မှုမျိုး ရှိနိုင်သေးတာလား...။
ဝမ်ရှင်းယွဲ့က ကျိုးရှုရီ နဲ့ ဒီလို ဆက်ဆံရေးမျိုး ရှိနေတာလား...။
လီရှင်းထင်၏ ဇာတ်လမ်းက မပြီးသေးပေ။
သူမက ဆက်ပြောလေသည်။
" ဝမ်ရှင်းယွဲ့က လက်ထပ်ပြီးတဲ့ နောက်ပိုင်းမှာ အဲဒီ အမှိုက်ကောင် ရိုက်နှက်တာကို ခဏခဏ ခံရလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ... "
" အဲဒီအချိန်က ကျိုးရှုရီရဲ့ မိဘတွေက တအား ဒေါသထွက်ပြီး အဲဒီ အမှိုက်ကောင်ကို အကြိမ်ကြိမ် သွားတွေ့ခဲ့သေးတယ်... "
" ဒါပေမဲ့... အဲဒီ အမှိုက်ကောင်က လူတွေကို လှည့်စားတဲ့ နေရာမှာလည်း ကျွမ်းကျင်သေးတယ်... "
" နောက်ဆုံးတော့ ဒီအခြေအနေ အထိပဲ... "
" အဲဒီလိုနဲ့ပဲ မကြာသေးခင်ကမှ ဝမ်ရှင်းယွဲ့ တစ်ယောက် သူ လှည့်စားခံနေရတယ် ဆိုတာကို သိသွားခဲ့တယ်... အဲဒီ အမှိုက်ကောင်မှာ တခြား မိန်းမ ရှိနေတာကိုး... အဲဒါကြောင့် နောက်ပိုင်း ကိစ္စတွေ အကုန်လုံး ဖြစ်လာတာပေါ့... ကျန်တာတွေကိုတော့ အစ်ကို သိပြီးသားပါ... "
လီရှင်းထင်၏ ဇာတ်ကြောင်းပြောပြမှုက တိုတောင်းလှ၏။ သို့သော် လီယီတောင်းလည်း ဤကိစ္စ၏ အစအဆုံးကို သိထားပြီး ဖြစ်လေသည်။
ရှင်းနေတာပဲလေ...။
ဒါက အားနည်းတဲ့ မိန်းကလေး တစ်ယောက် အမှိုက်ကောင် တစ်ကောင်ရဲ့ ထောင်ချောက်ထဲ ကျသွားတာပဲ...။
တော်တော်လေး ရုပ်ရှင်ဆန်တယ်...။
ဒါပေမဲ့ တကယ့်ကို အစစ်အမှန်ပါပဲ...။
စကားမပြောနိုင်အောင် ဖြစ်နေသော လီယီတောင်းက လက်ကမ်းပေးကာ ကျိုးရှုရီကို ထူပေးလိုက်လေသည်။
ထို့နောက် တည်ငြိမ်သော လေသံဖြင့် သူက...
" စိတ်မပူပါနဲ့... မကောင်းတာ လုပ်တဲ့သူတွေ ဝဋ်ပြန်လည်မှာပါ... "
သေမင်းက... သူ့ကို လွှတ်ထားမှာ မဟုတ်ဘူး...။
တစ်နာရီ အကြာတွင်...
ဝမ်ရှင်းယွဲ့ ကားအက်ဆီးဒင့်ဖြင့် သေဆုံးခဲ့သော နေရာသို့ လီယီတောင်း ရောက်ရှိသွား၏။
ဤနေရာတွင် ဝမ်ရှင်းယွဲ့၏ ဝိညာဉ် အရိပ်အယောင် လုံးဝ မရှိတော့ပေ။
တကယ်လို့ ရှိခဲ့ရင်တောင်... ဒီနေရာက အငွေ့အသက်တွေကြောင့် လွင့်စင်ပျောက်ကွယ်သွားလောက်ပြီ...။
လူတိုင်း သိကြတဲ့အတိုင်းပဲ... ကြက်သီးထဖွယ် လမ်းကြားလေးတွေ၊ ဒါမှမဟုတ် ယင်စွမ်းအင် (အနုတ်လက္ခဏာ စွမ်းအင်) တွေ များတဲ့ နေရာတွေမှာမှ လူတွေ မမြင်နိုင်တဲ့ အရာတွေ ရှိနိုင်တာလေ...။
ဒါပေမဲ့ လီယီတောင်း အခု ရောက်နေတဲ့ နေရာကတော့ ဒီအမျိုးအစားထဲမှာ လုံးဝ မပါပါဘူး...။
လီယီတောင်း အချိန်ဖြုန်းမနေတော့ပေ။
သူ လှည့်ထွက်လာပြီး တက္ကစီ တစ်စီးပေါ် တက်လိုက်၏။ ထို့နောက် ယာဉ်မောင်း၏ အိမ်သို့ တန်း သွားလိုက်လေသည်။
တစ်ဖက်လူက ဟောင်းနွမ်း ပျက်စီးနေသော လူနေရပ်ကွက်ဟောင်း တစ်ခုတွင် နေထိုင်ခြင်း ဖြစ်၏။
ဟောင်းနွမ်း ဆွေးမြည့်နေသော နံရံများကို ကြည့်ရင်း နောက်တစ်စက္ကန့်တွင် အဆောက်အအုံ တစ်ခုလုံး ပြိုကျသွားတော့မည်လားဟုပင် ထင်မှတ်ရပေသည်။
မှိုတက်နေသော အနံ့အသက်များနှင့် ချဉ်စူးစူး အနံ့များက စင်္ကြံလမ်း တစ်လျှောက်လုံး ပြည့်နှက်နေ၏။
လီယီတောင်း မျက်မှောင်ကြုတ်ကာ တတိယထပ်သို့ တက်သွားလိုက်သည်။
ဒါက ဝမ် လို့ အမည်ရတဲ့ ယာဉ်မောင်းရဲ့ အိမ်ပဲ...။
ပြီးတော့ တိုက်ဆိုင်စွာနဲ့ပဲ...
နှစ်ယောက်စလုံးက မျိုးရိုးနာမည် ဝမ် တွေပဲ...။
လီယီတောင်း တွေးလိုက်သည်။
' လီဗာကို နင်းလိုက်တဲ့ အချိန်မှာ သူ နောင်တများ ရခဲ့မလား မသိဘူး... '
လီယီတောင်း တံခါးကို ခပ်ဖွဖွ ခေါက်လိုက်လေသည်။
စက္ကန့်အနည်းငယ် ကုန်ဆုံးသွား၏။
မည်သူမျှ လာမဖွင့်ပေ။
လီယီတောင်း တံခါးကို ပိုပြင်းပြင်း ခေါက်လိုက်သည်။
နောက်ထပ် စက္ကန့်အနည်းငယ် ကြာသွားပြန်၏။
မည်သူမျှ လာမဖွင့်သေးပေ။
" ဒေါက်… ဒေါက်… ဒေါက်… "
ဤတစ်ကြိမ်တွင်တော့ လီယီတောင်း ရှိသမျှ အားကုန်သုံး၍ ခေါက်လိုက်လေသည်။
သို့သော် မည်သူမျှ လာမဖွင့်သေးပေ။
ဤအချိန်တွင် မျက်နှာချင်းဆိုင် အခန်း၏ တံခါး ပွင့်လာလေသည်။ အသက် ခုနစ်ဆယ်ခန့် ရှိမည့် အဘွားအို တစ်ဦး ထွက်လာ၏။ သူမက တုတ်ကောက်ကို အားပြုထားလေသည်။
သူမ၏ ခြေထောက်များက တုန်ယင်နေလျက်။
" လူငယ်လေး... ဆက်မခေါက်ပါနဲ့တော့... ဒီအိမ်က လူတွေ သူတို့ မွေးရပ်မြေကို ပြန်သွားကြပြီ... "
' ဟင်... ထွက်သွားပြီ... '
စနစ်၏ သေဒဏ် အသိပေးချက်ကို လျစ်လျူရှုကာ လီယီတောင်း လှည့်ပြီး အဘွားအိုကို ကြည့်လိုက်၏။
" မစ္စတာဝမ်က အိမ်ပြန်သွားပြီလို့ ပြောချင်တာလား... လွန်ခဲ့တဲ့ ရက်အနည်းငယ်က သူ ဒီမှာ ရှိနေသေးတယ်လို့ ကျွန်တော် မှတ်မိနေလို့ပါ... "
လီယီတောင်း လိမ်ပြောနေခြင်း မဟုတ်ပေ။
လီဟွေ့ ပြောပြခဲ့သည်များက မှားယွင်းမည် မဟုတ်ပေ။
အဘွားအိုက ဖြည်းညင်းစွာ ပြောလေသည်။
" ဟုတ်တယ်... သူ အိမ်ပြန်သွားပြီ... ဟူး... သနားစရာ ကလေးလေး... သူ ကားအက်ဆီးဒင့် ဖြစ်ပြီး မိန်းမ တစ်ယောက်ကို သတ်မိတယ်လို့ ကြားတယ်... အဲဒါကြောင့် သူ ထောင်ကျသွားတာ... "
" ဆေးရုံမှာ တက်နေရတဲ့ သူ့အဖေကလည်း ဒီကိစ္စကြောင့် ပိုပြီး နေမကောင်း ဖြစ်သွားတာ... "
" နောက်ဆုံးတော့ သူ ဆုံးသွားခဲ့တယ်... "
" သူ ထောင်က မထွက်လာခင် သူ့ရဲ့ အထီးကျန်နေတဲ့ အမေအိုကြီးလည်း နှလုံးရောဂါနဲ့ ဆုံးသွားရှာတယ်... သူ့ကို နောက်ဆုံး ခရီး လိုက်ပို့ပေးမယ့် သူတောင် တစ်ယောက်မှ မရှိဘူး... နာရေးကိုတောင် ရပ်ကွက်က စီစဉ်ပေးခဲ့ရတာ... "
" ဒီကလေး ထောင်က လွတ်လာတော့ သူ တစ်ယောက်တည်း ကျန်ခဲ့ပြီလေ... သူ ပြန်လာပြီး ရက်နည်းနည်းလောက် နေခဲ့တယ်... အိမ်အပြင်ကို လုံးဝ မထွက်ဘူး... ပြီးတော့ လွန်ခဲ့တဲ့ ရက်အနည်းငယ်ကပဲ ထွက်သွားတာ... ဟူး... သနားစရာ ကလေးလေး... "
အဘွားအို သက်ပြင်းချကာ လှည့်၍ သူမ၏ အိမ်ထဲသို့ ပြန်ဝင်သွားလေသည်။
လီယီတောင်း သူမကို မတားတော့ပေ။
' သူ ထွက်သွားပြီ ဟုတ်လား... သူ့မွေးရပ်မြေကို ပြန်သွားတာလား... '
သူ...
အိမ်ထဲမှာ လူတစ်ယောက် ရှိနေတယ် ဆိုတာကို သူ သေချာပေါက် ခံစားနေရတယ်လေ...။
***