"ငါ့ရဲ့ သက်စောင့်မျိုးစေ့ နိုးထလာဖို့ အချိန်စောင့်လို့ ရပါသေးတယ်လေ..." လေ့ကျင့်ရေး ကွင်းပြင်တွင် မတ်တပ်ရပ်ရင်း ချင်ဟန် စိတ်ထဲ တွေးလိုက်မိသည်။
သက်စောင့်မျိုးစေ့ နိုးထလာအောင် လုပ်ဖို့မှာ အလွန် အန္တရာယ်များသည်။ ချင်ဟန် အနေဖြင့် သက်စောင့်မျိုးစေ့ နိုးထလာစေရန် အခြေခံ လိုအပ်ချက်များ ပြည့်မီနေပြီ ဖြစ်သော်ငြား ယုံကြည်မှု အပြည့်အဝ မရှိသေးသရွေ့ မကြိုးစားသေးသည်က ပိုကောင်းပေမည်။
ဤလောက၏ နည်းလမ်းများအရ သူရဲကောင်း တစ်ယောက်က သက်စောင့်မျိုးစေ့ နိုးထလာစေလိုလျှင် တိုက်ပွဲအတွင်း နိုးထလာစေရန် လုပ်ဆောင်ခြင်းက အကောင်းဆုံး နည်းလမ်းပင်။ သေမင်းနှင့် ရင်ဆိုင်ရသော ဖိအားအောက်တွင် သူတို့၏ သက်စောင့်စွမ်းအင်မှာ အစွမ်းကုန် လှုံ့ဆော်ခံရပြီး သက်စောင့်မျိုးစေ့ နိုးထလာစေရန် ကူညီပေးနိုင်၏။
သို့သော် ဤကဲ့သို့သော နည်းလမ်းမျိုး၏ အောင်မြင်နိုင်စွမ်းမှာ အတော်လေး နည်းပါးပြီး အန္တရာယ်လည်း အလွန်များပြားသည်။
သေခြင်းနှင့် ရှင်ခြင်းကြား အရေးပေါ် အခြေအနေမျိုးတွင် နိုးထလာစေခြင်းက အတော်လေး မိုက်သည်ဟု ထင်ရသော်ငြား တကယ်တမ်းတွင် မိမိအသက်နှင့် လောင်းကြေးထပ်ရခြင်းပင်။
အကယ်၍ သူတို့သာ သက်စောင့်မျိုးစေ့ကို အောင်မြင်စွာ နိုးထလာအောင် မစွမ်းဆောင်နိုင်ပါက သေချာပေါက် သေဆုံးရပေလိမ့်မည်။
ထို့အပြင် အချို့လူများအတွက် သက်စောင့်မျိုးစေ့ အောင်မြင်စွာ နိုးထလာခဲ့လျှင်တောင် နိုးထပြီးနောက် အားနည်းနေသော အခြေအနေမှ လျင်မြန်စွာ ပြန်လည် မနာလန်ထူနိုင်ပါက သေဆုံးသွားနိုင်သေးသည်။
အနည်းငယ် ခြေလှမ်း မှားယွင်းသွားသည်နှင့် တစ်ပြိုင်နက် သူတို့ အသက်ကို ဆုံးရှုံးသွားစေနိုင်၏။
ထို့ကြောင့် ချင်ဟန်မှာ သူ့ အခြေခံများကို ခိုင်မာအောင် မလုပ်နိုင်သေးသရွေ့ ဤလမ်းကြောင်းပေါ် လျှောက်လှမ်းမည် မဟုတ်ပေ။
သူက ဤလောကမှ လူတစ်ယောက် မဟုတ်သလို အခြား ရွေးချယ်စရာများ မရှိသည်လည်း မဟုတ်ပါလား။
"ခန္ဓာကိုယ် သန့်စင်ခြင်း ကျင့်စဉ်..."
ထိုခဏ၌ ကျောက်ဆောင် ခန္ဓာကိုယ် သန့်စင်ခြင်း ကျင့်စဉ်၏ အကြောင်းအရာများက ချင်ဟန်၏ စိတ်ထဲ ပေါ်လာတော့သည်။
ချင်ဟန်၏ ကျောက်ဆောင် ခန္ဓာကိုယ် သန့်စင်ခြင်း ကျင့်စဉ်မှာ လျူရီက သူ့အား ပေးအပ်ခဲ့ခြင်း ဖြစ်ပြီး ကျောက်တုံးမာ ကျောင်းတော်၏ စစ်မှန်သော အမွေအနှစ် တစ်ခုပင်။
သာမန် ခန္ဓာကိုယ် သန့်စင်ခြင်း ကျင့်စဉ်များနှင့် နှိုင်းယှဉ်လျှင် ကျောက်ဆောင် ခန္ဓာကိုယ် သန့်စင်ခြင်း ကျင့်စဉ်မှာ ပိုအစွမ်းထက်ပြီး နက်နဲသည်။ ထို့အတူ ၎င်း လိုအပ်သော အခြေအနေများမှာလည်း ပိုတင်းကျပ်၏။
ချင်ဟန် သိထားသလောက် ခန္ဓာကိုယ် သန့်စင်ခြင်း ပြီးပြည့်စုံသည့် အဆင့်သို့ မရောက်ရှိသေးသရွေ့ ကျောက်ဆောင် ခန္ဓာကိုယ် သန့်စင်ခြင်း ကျင့်စဉ်ကို ကျင့်ကြံရန် အရည်အချင်းပင် ပြည့်မီမည် မဟုတ်ပေ။
ချင်ဟန် ဤသရုပ်ဖော်ကမ္ဘာသို့ စတင် ဝင်ရောက်လာချိန်မှ ယခုအချိန်အထိ တစ်နှစ်ခန့် ကြာမြင့်ခဲ့လေပြီ။ ယခုအချိန်တွင် သူက လုံးဝ အတွေ့အကြုံ မရှိသော လူသစ် တစ်ယောက် ဘဝမှ ခန္ဓာကိုယ် သန့်စင်ခြင်း ပြီးပြည့်စုံသည့် အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
သူ့ သူရဲကောင်း ကျင့်စဉ်မှာ အကျပ်အတည်း တစ်ခုနှင့် ရင်ဆိုင်နေရပြီ ဖြစ်သောကြောင့် သူ့ အာရုံကို ကျောက်ဆောင် ခန္ဓာကိုယ် သန့်စင်ခြင်း ကျင့်စဉ်ဘက်သို့ ပြောင်းလဲရန် အချိန်ကောင်းပင်။
ချင်ဟန်မှာ သူ့ ရည်မှန်းချက်ကို မေ့ပျောက်မသွားခဲ့ပေ။
အဆုံးတွင်တော့ သူက ဤလောကမှ မဟုတ်ဘဲ ခေတ်သစ် လူ့အဖွဲ့အစည်းမှ လာသူ တစ်ယောက်သာ မဟုတ်လော။
သူရဲကောင်း အသက်ရှူ ကျင့်စဉ်နှင့် နှိုင်းယှဉ်လျှင် ခန္ဓာကိုယ် သန့်စင်ခြင်း ကျင့်စဉ်က သူ့ အခြေခံ အုတ်မြစ် ဖြစ်ပြီး သူ ဤနေရာသို့ လာရခြင်း အကြောင်းရင်းများထဲမှ တစ်ခုလည်း ဖြစ်သည်။
အစပိုင်းတွင် အမှတ်များ ရယူခြင်းအပြင် ချင်ဟန်၏ အဓိက ရည်မှန်းချက်မှာ သူ့ ပင်မခန္ဓာကိုယ်အတွက် အခြေခံ အုတ်မြစ် တစ်ခု တည်ဆောက်ရန် ဤသရုပ်ဖော်ကမ္ဘာတွင် ကျောက်ဆောင် ခန္ဓာကိုယ် သန့်စင်ခြင်း ကျင့်စဉ်ကို ကျင့်ကြံရန်ပင်။
ယခုတော့ အချိန်တန်လေပြီ။
ထိုအကြောင်းကို တွေးမိရင်း ချင်ဟန်၏ အမူအရာမှာ တည်ငြိမ်နေပြီး တိတ်ဆိတ်စွာပင် လှုပ်ရှားမှု အချို့ကို စတင် ပြုလုပ်တော့သည်။
...
အချိန်များ တဖြည်းဖြည်း ကုန်လွန်သွားသည်။
ရက်အနည်းငယ် အကြာတွင် မြင်းလှည်း တစ်တန်းက ဖြတ်သန်းသွားပြီး စံအိမ်တော် တစ်ခု၏ အပြင်ဘက်၌ ရပ်တန့်လိုက်၏။
"မင်းနဲ့ မင်းသမီး အိုလီဗီယာရဲ့ ဆက်ဆံရေးက သာမန်တော့ မဟုတ်တဲ့ပုံပဲ..."
ထိုစံအိမ်တော်အား ကြည့်ရင်း ချင်ဟန်က သူ့ ဘေးတွင် ရှိနေသော ကယ်လီအား လှည့်ကြည့်ကာ ထူးဆန်းသော အမူအရာဖြင့် ပြောလိုက်သည်။
ဤစံအိမ်တော်မှာ ကယ်လီ သူ့ စားသောက်ပွဲ ကျင်းပခဲ့သော နေရာပင်။
မင်းသမီး အိုလီဗီယာ ကျင်းပမည့် စားသောက်ပွဲမှာလည်း ဤနေရာ၌ပင် ဖြစ်ကြောင်း ထင်ရှားနေသည်။
"အဲ့ဒါက..." ချင်ဟန်၏ အကြည့်ကို ရင်ဆိုင်ရချိန်တွင် ကယ်လီ အနည်းငယ် အနေခက်သွား၏။
အဆုံးတွင် ကယ်လီလည်း…
"မင်းသမီး အိုလီဗီယာနဲ့ ငါ့အဖေကြားမှာ ဆက်သွယ်မှု တစ်ခု ရှိတယ်..."
သူ များများစားစား မပြောဘဲ အနည်းငယ်သာ ထုတ်ဖော် ပြောဆိုလိုက်ခြင်းပင်။
ချင်ဟန်က ကယ်လီ ပြောချင်သည့် အရာကို ချက်ချင်း နားလည်သွားသည်။
ရှောင်နှင့် သူ့ မိသားစုမှာ မင်းသမီး အိုလီဗီယာအား ထောက်ခံ အားပေးထားပုံ ရသည်။
ထိုသို့ဆိုလျှင် ဤစားသောက်ပွဲ၏ ရည်ရွယ်ချက်ကို သေချာ စဉ်းစားကြည့်ရန် ထိုက်တန်သည်။
မင်းသမီး အိုလီဗီယာက ဤအခွင့်အရေးကို အသုံးချပြီး သူ့အား သူမဘက်သို့ ဆွဲဆောင်ချင်နေခြင်းလော။
ချင်ဟန် ထိုအကြောင်းကို မတွေးဘဲ မနေနိုင်တော့ချေ။
သေချာသည်က အပြင်ပန်းတွင် သူက တည်ငြိမ်နေဆဲ ဖြစ်ပြီး အနည်းငယ် ပြုံး၍ ခေါင်းညိတ်ပြလိုက်၏။ ထို့နောက် မြင်းလှည်းပေါ်မှ ဆင်းကာ ဖြည်းညှင်းစွာ လျှောက်ထွက်လာခဲ့သည်။
အပြင်ဘက် လောကမှာ အတော်လေး လင်းထိန်နေသည်။ ပတ်ဝန်းကျင်ကို လင်းထိန်စေရန် ဖယောင်းတိုင် အများအပြား ထွန်းညှိထား၏။
ချင်ဟန်က ခေါင်းမော့ ရင်ကော့၍ ရှေ့သို့ လျှောက်လှမ်းသွားသည်။
ကယ်လီ ဦးဆောင်မှုဖြင့် သူက စံအိမ်တော်ထဲသို့ ဝင်ရောက်လာခဲ့၏။
နေရာက အတူတူပင် ဖြစ်ပြီး အလှဆင်ထားမှု အများစုမှာလည်း အတူတူပင်။ သို့သော် လူအများစုမှာတော့ ကွာခြားနေလေပြီ။
အစောင့်အရှောက်များ ပိုများပြားနေကြောင်းလည်း ထင်ရှားစွာ မြင်တွေ့ရသည်။
ယခင် စားသောက်ပွဲတုန်းက ဧည့်သည် အများအပြား ရှိခဲ့သော်ငြား အများစုမှာ မှူးမတ်မျိုးနွယ်များ၏ သားသမီးများသာ ဖြစ်ပြီး သူတို့ကိုယ်တိုင်တွင် မြင့်မားသော အဆင့်အတန်းများ မရှိကြပေ။
ယခုတစ်ကြိမ် ဤနေရာရှိ ဧည့်သည်များမှာ အသက် အတော်လေး ကြီးရင့်နေကြပြီး အများစုမှာ ချင်ဟန်၏ အဘိုးအရွယ်ပင် ရှိနေကြလေပြီ။
ဤဧည့်သည် အများစုမှာ ကြီးမြတ်သော မိသားစုများ၏ သားသမီးများသာ မဟုတ်ဘဲ လူ့အဖွဲ့အစည်းရှိ အထက်တန်းလွှာ စစ်စစ်များ ဖြစ်ကြောင်း ထင်ရှားနေသည်။
ထိုသည်ကို မြင်လျှင် ချင်ဟန် သဘောပေါက်သွားပြီး ရှေ့သို့ ဆက်လက် လျှောက်လှမ်းသွား၏။
ကယ်လီက သူ့အား ထိုင်ခုံ နေရာကို ညွှန်ပြလိုက်ရာ သူလည်း တိတ်ဆိတ်စွာ လျှောက်သွားလိုက်သည်။
လူများ ရှိနေသော်ငြား ချင်ဟန် ရောက်လာချိန်တွင် အများအပြား၏ အာရုံစိုက်မှုကို ရရှိခဲ့သည်။
လူအများအပြားက သူ့ထံသို့ လှမ်းကြည့်လာပြီး သူတို့အကြည့်များကို သူ့အပေါ် စူးစိုက်ထားကြသည်။
"ဒါက မစ္စတာ ကော်ရီပိုရဲ့ ကျောင်းသားလား..." ဘေးဘက်မှ သရော်လှောင်ပြောင်သော လေသံဖြင့် အသံတစ်ခု ထွက်ပေါ်လာသည်။ "သူက ထူးချွန်တဲ့ လူငယ်လေး တစ်ယောက် ဖြစ်မယ်လို့ ငါထင်ခဲ့တာ... ဒါပေမဲ့ ကြည့်ရတာ ဒီလောက်ပါပဲ"
ထိုအသံကို ကြားလျှင် ချင်ဟန် မျက်မှောင်ကြုတ်သွားပြီး ထိုစကားများက ဘယ်ကနေ ဘယ်လို ထွက်လာမှန်း နားမလည်နိုင် ဖြစ်သွား၏။
သူက ကူတူး တော်ဝင်မြို့တော်တွင် အမြဲတမ်း သတိထားနေထိုင်ခဲ့ပြီး အခြားသူများကို မည်သည့်အခါမျှ စော်ကားခဲ့ခြင်း မရှိပေ။ ဤလူက အဘယ်ကြောင့် ဤကဲ့သို့သော နေရာမျိုးတွင် သူ့အပေါ် ရန်လိုသော စကားများ ပြောဆိုရသနည်း။
သူ မသိလိုက်ဘဲ တစ်ယောက်ယောက်ကို စော်ကားမိသွားတာလား... ဒါမှမဟုတ် ထိုသူက သူ့ကို အနိုင်ကျင့်ချင်ရုံ သက်သက်များလား။
ဒါမှမဟုတ် တခြား အကြောင်းရင်း တစ်ခုခု ရှိနေသေးတာလား။
ထိုခဏ၌ ချင်ဟန် စိတ်ထဲ ဖြစ်နိုင်ချေ များစွာကို တွေးတောနေမိသည်။ အဆုံးတွင် သူက မတ်တပ်ရပ်၍ တည်ငြိမ်စွာပင်...
"ကျွန်တော် မစ္စတာ ကော်ရီပိုရဲ့ ကျွမ်းကျင်မှုတွေကို သိပ်မသင်ယူရသေးတာ မှန်ပါတယ်... သိပ်ပြီးတော့လည်း မထူးချွန်ပါဘူး... ဒါပေမဲ့ လူကြီးမင်း ဆန္ဒရှိမယ်ဆိုရင်တော့ လူကြီးမင်းဆီကနေ လမ်းညွှန်မှု တချို့ ခံယူဖို့ ဆန္ဒရှိပါတယ်"
သူ့အမူအရာမှာ တည်ငြိမ်နေပြီး ရှေ့သို့ လှမ်းကြည့်လိုက်ရာ ထောင့်တစ်နေရာရှိ အသက်လတ်ပိုင်း အမျိုးသား တစ်ယောက်ထံ သူ့အကြည့်တို့ ကျရောက်သွားတော့သည်။
ထိုအမျိုးသားမှာ အနက်ရောင် သံချပ်ကာအပေါ့စားကို ဝတ်ဆင်ထားပြီး နေလောင်ထားသော အသားအရေ ရှိ၏။ သူက မယုံကြည်နိုင်လောက်အောင် အရပ်ရှည်ပြီး တောင့်တင်း ခိုင်မာသော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည်။
သူက ထိုနေရာတွင် ထိုင်နေပြီး ချင်ဟန်အား ကြည့်ကာ အနည်းငယ် အံ့အားသင့်သွားဟန်ဖြင့်...
"မင်းက ငါ့ကို စိန်ခေါ်ချင်တာလား..."
"မဆိုးဘူး... မဆိုးဘူး..."
သူက ကျယ်လောင်စွာ ရယ်မောရင်း မတ်တပ်ရပ်ကာ ချင်ဟန်အား ကြည့်လိုက်သည်။ သူ့ မျက်လုံးများက အနည်းငယ် တောက်ပသွားပြီး...
"ကြည့်ရတာ မင်းရဲ့ ဆရာက လူကြီးသူမတွေကို လေးစားဖို့ မသင်ပေးလိုက်ဘူး ထင်တယ်..."
သူ မတ်တပ်ရပ်လိုက်သည်နှင့် တစ်ပြိုင်နက် ရူးသွပ်ကြမ်းတမ်းသော အငွေ့အသက်တစ်ခု ထွက်ပေါ်လာပြီး ပျံ့နှံ့သွားတော့သည်။ ယင်းမှာ မယုံကြည်နိုင်လောက်အောင် အန္တရာယ်များလှပြီး အနီးအနားရှိ လူများမှာ ကြမ်းတမ်းသော သားရဲကြီး တစ်ကောင်ကို မြင်လိုက်ရသကဲ့သို့ သူတို့ ဦးရေပြားများ ထုံကျဉ်သွားသည်ကို ခံစားလိုက်ရ၏။
လေထုမှာ လေးလံသွားပြီး ထိုခဏ၌ လူအများအပြား၏ အမူအရာများ ပျက်ယွင်းသွားကြသည်။ အသက်လတ်ပိုင်း အမျိုးသားအား ကြည့်ရင်း သူတို့၏ သူငယ်အိမ်များ ကျုံ့ဝင်သွားတော့သည်။
သေချာသည်က လူအများအပြားက ဤအမျိုးသားအား မှတ်မိကြပြီး သူတို့၏ မျက်နှာပေါ်တွင် အံ့အားသင့် ထိတ်လန့်သွားသော အရိပ်အယောင်များ ထွက်ပေါ်လာလေပြီ။
End
***