လူအုပ်ကြားထဲမှ တီးတိုး ရေရွတ်သံများ ထွက်ပေါ်လာ၏။
"မေဒါပါလား..."
"သူပဲ... ဘာလို့များ ဒီလိုအချိန်မျိုးမှာ ပြဿနာ လာရှာနေရတာလဲ..."
လူအချို့မှာ ထိုအသက်လတ်ပိုင်း အမျိုးသားအား ကြည့်ရင်း မျက်မှောင်ကြုတ်ကာ တိတ်ဆိတ်စွာ တွေးတောနေမိကြသည်။ အများစုက မေဒါ တစ်ယောက် ဘာကြောင့်များ ဤမျှ ရန်စသည့် စကားမျိုး ပြောဆိုရသနည်း ဟူသောအချက်ကို နားမလည်နိုင် ဖြစ်နေကြခြင်းပင်။
အခြားသူများကမူ သူရဲကောင်းများကြားရှိ ရှားပါးလှသော တိုက်ပွဲ တစ်ခုကို ရှုစားလိုသဖြင့် အတော်လေး စိတ်ဝင်စားနေပုံ ရသည်။
တစ်ဖက်တွင် နာမည်ကျော် သူရဲကောင်း တစ်ယောက် ဖြစ်ပြီး အခြား တစ်ဖက်တွင်တော့ ကော်ရီပို၏ တပည့် ဖြစ်ကာ ထွန်းတောက်လာမည့် ပါရမီရှင်များထဲမှ တစ်ဦး ဖြစ်နေသည် မဟုတ်ပါလား။ ဤတိုက်ပွဲ မည်သို့ပင် အဆုံးသတ်သွားပါစေ သေချာပေါက် စိတ်လှုပ်ရှားဖွယ် ကောင်းနေမည်မှာ အမှန်ပင်။
အချင်းချင်း စိုက်ကြည့်နေကြသော ထိုလူနှစ်ယောက်အား ကြည့်ရင်း လူအများအပြား၏ စိတ်ထဲ ထိုသို့ တွေးတောနေမိကြ၏။
ကယ်လီ၏ အမူအရာမှာ ရှုပ်ထွေးနေပြီး သူတို့နှစ်ဦးကြား ဖြန်ဖြေပေးရန် ပါးစပ်ဟလိုက်သော်ငြား အဆုံးတွင် မည်သည့်စကားမျှ ထွက်ပေါ်မလာခဲ့ချေ။
မေဒါ တစ်ယောက် မင်းသမီး အိုလီဗီယာ၏ ညွှန်ကြားချက်များကို အကောင်အထည်ဖော်နေခြင်း ဖြစ်နိုင်ကြောင်း သူ ကောင်းကောင်း သိထားသည်။ အကြောင်းရင်းက ရှင်းလင်းလှသည်။ ထိုသည်မှာ ကိုင်လင်း၏ စွမ်းရည်အား စမ်းသပ်ရန်သာ ဖြစ်ပေလိမ့်မည်။
ဂုဏ်သတင်း ကျော်ကြားမှု ဆိုသည်မှာ အရာအားလုံး မဟုတ်ပေ။ ကြီးမားသော အာဏာကို ချုပ်ကိုင်ထားသည့် မင်းသမီး တစ်ပါး အနေဖြင့် အိုလီဗီယာမှာ ဂုဏ်သတင်း တစ်ခုတည်းကိုသာ ယုံကြည်မည့်သူ မျိုးလည်း မဟုတ်ချေ။ ကိုင်လင်းမှာ အမှန်တကယ်ပင် နာမည်ကျော်ကြားသူ တစ်ဦး ဖြစ်သော်ငြား မင်းသမီး အိုလီဗီယာ အနေဖြင့် သူ့ ဂုဏ်သတင်းနှင့် လက်တွေ့ စွမ်းရည်တို့ ကိုက်ညီမှု ရှိ၊ မရှိ ဆိုသည်ကို သိရှိလိုနေခြင်းပင်။
ထိုခဏ၌ ကယ်လီမှာ ချင်ဟန်အတွက် စိုးရိမ်စိတ်တို့ ဝင်ရောက်လာသည်ကို မတားဆီးနိုင်ခဲ့ပေ။
မေဒါ ဆိုသည်မှာ အိုလီဗီယာ၏ အစွမ်းအထက်ဆုံး လက်အောက်ခံများထဲမှ တစ်ဦး ဖြစ်ရုံသာမက သူမအား အလုပ်အကျွေး ပြုနေသော သူရဲကောင်း သုံးဦးထဲမှ တစ်ဦးလည်း ဖြစ်ကြောင်း သတိပြုရပေမည်။ သူက သက်စောင့်မျိုးစေ့ကို အောင်မြင်စွာ နိုးထလာစေခဲ့ပြီးသည့် သူရဲကောင်း တစ်ယောက် ဖြစ်၏။
အခြား တစ်ဖက်တွင်မူ ချင်ဟန်မှာ သက်စောင့်မျိုးစေ့ကို နိုးထလာစေခြင်း မရှိသေးဘဲ ပညာသင် သူရဲကောင်း အဆင့်သာ ရှိသေးသည်။ သူတို့ နှစ်ဦးကြားရှိ ကွာဟချက်မှာ မယုံကြည်နိုင်လောက်အောင်ပင် ထင်ရှားလွန်း၏။
ချင်ဟန် အနေဖြင့် ဤအခြေအနေအား မည်သို့ ဖြေရှင်းကျော်လွှားမည်နည်း။
ကယ်လီ တိတ်တဆိတ် သက်ပြင်းချရင်း...
"မေဒါ တစ်ယောက် သူ့အပေါ် သက်ညှာပေးဖို့ပဲ မျှော်လင့်ရတော့မှာပဲ..."
ချင်ဟန် မတ်တပ် ထရပ်လိုက်သည်နှင့် တပြိုင်နက် အခြား ထောင့်တစ်နေရာတွင် ထိုင်နေသော မိန်းကလေး တစ်ယောက်၏ မျက်လုံးများ တောက်ပသွားတော့သည်။
မားမားမတ်မတ် ရပ်နေသော အရပ်မြင့်မြင့်ဖြင့် ချင်ဟန်အား ကြည့်ရင်း သူမ အတော်လေး စိတ်လှုပ်ရှားနေမိ၏။ မိမိကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်း ကင်းမဲ့ကာ နေရာမှ ထရပ်လုနီးပါးပင် ဖြစ်သွားခဲ့သည်။ ကံကောင်းစွာဖြင့် အိုလီဗီယာ၏ စကားများကို ပြန်လည် သတိရသွားသောကြောင့်သာ စိတ်ကို အလျင်အမြန် ပြန်လည် ထိန်းချုပ်လိုက်နိုင်ခြင်းပင်။ သူမက ထောင့်တစ်နေရာ၌သာ ဆက်လက် ပုန်းကွယ်နေပြီး မည်သည့် အသံမျှ ထွက်ပေါ်မလာစေရန် ဂရုစိုက်လိုက်သည်။
လေထုက အနည်းငယ် တင်းမာ ကျပ်တည်းလာခဲ့လေပြီ။
ချင်ဟန် တစ်ယောက်တည်းသာ မတ်တပ် ရပ်နေခြင်း ဖြစ်ပြီး သူ့ မားမားမတ်မတ် ရှိသော ခန္ဓာကိုယ်နှင့် ရဲရင့် ပြတ်သားသည့် ရုပ်သွင်တို့ကြောင့် အခြားသူများ၏ အာရုံစိုက်မှုကို အလွယ်တကူ ရရှိနေ၏။
ထိုခဏ၌ သူ့ စိတ်ထဲတွင် အတော်လေး လေးနက် တည်ကြည်နေမိသည်။
သူ့ လက်ရှိ စွမ်းရည်အရ အာရုံငါးပါးစလုံးမှာ မယုံကြည်နိုင်လောက်အောင် ထက်မြက်နေပြီ ဖြစ်သည်။ ပတ်ဝန်းကျင်ရှိ လူများ၏ အပြောင်းအလဲများကို ခံစားသိရှိနိုင်ရုံသာမက လူအချို့၏ တီးတိုး ပြောဆိုသံများကိုပင် ရှင်းလင်းစွာ ကြားနေရ၏။ သူ့ရှေ့ရှိ လူထံမှ ထွက်ပေါ်လာသော ကြောက်မက်ဖွယ် ဖိအားများကလည်း ထိုသူ့ စွမ်းရည်ကို သက်သေပြနေသကဲ့သို့ပင်။
ချင်ဟန်၏ အမူအရာမှာ တည်ငြိမ်နေပြီး တိတ်ဆိတ်စွာ တွေးတောနေမိသည်။
"အစစ်အမှန် သူရဲကောင်း တစ်ယောက်..."
အစစ်အမှန် သူရဲကောင်းများ မည်မျှ ကြောက်စရာ ကောင်းလောက်အောင် အစွမ်းထက်သနည်း ဆိုသည်ကို ဤနေရာရှိ လူများထဲတွင် ချင်ဟန်လောက် ကောင်းကောင်း သိရှိသူ အလွန် နည်းပါးလှသည်။
သူ့ ပထမဆုံး သရုပ်ဖော် ကမ္ဘာထဲ ဝင်ရောက်ခဲ့စဉ်က ချင်ဟန်မှာ ကြေးစားစစ်သည် တစ်ယောက် အနေဖြင့် ခရီးနှင်ခဲ့ဖူးသည်။ ထိုအချိန်က သူကိုယ်တိုင် အစစ်အမှန် သူရဲကောင်း တစ်ယောက်နှင့် တိုက်ခိုက်ခဲ့ဖူး၏။
ထိုသည်က မယုံကြည်နိုင်လောက်အောင် အန္တရာယ်များလှသော ရင်ဆိုင်တွေ့ဆုံမှု တစ်ခုပင်။ ချင်ဟန်မှာ အလွန် အစွမ်းထက်သော်ငြား အစစ်အမှန် သူရဲကောင်း တစ်ယောက်အား လုံးဝ ယှဉ်ပြိုင်နိုင်စွမ်း မရှိခဲ့ဘဲ အချိန်တိုလေး တစ်ခုစာသာ ထိန်းချုပ်ထားနိုင်ခဲ့သည်။
အကယ်၍ သူနှင့်အတူ အခြားလူများ ရှိမနေခဲ့ပါက၊ ထိုလူများက သူရဲကောင်း၏ အာရုံကို လွှဲပြောင်း မပေးနိုင်ခဲ့ပါက သူ သေချာပေါက် ထိုသူရဲကောင်း၏ လက်ချက်ဖြင့် သေဆုံးသွားခဲ့လောက်ပြီ ဖြစ်သည်။ ထို့အပြင် ထိုသူရဲကောင်းမှာ အသက်အရွယ် အတော်လေး ကြီးရင့်နေပြီ ဖြစ်ရာ သူ့ အထွတ်အထိပ် စွမ်းရည်များနှင့် များစွာ ကွာဟနေခဲ့ပြီ ဖြစ်၏။
မေဒါကမူ ခွန်အား အပြည့်ဝဆုံး အရွယ်တွင် ရှိနေဆဲ ဖြစ်ပြီး ချင်ဟန် ယခင်က ရင်ဆိုင်ခဲ့ဖူးသော သူရဲကောင်းထက်ပင် ပိုအစွမ်းထက်လောက်ပေမည်။
ချင်ဟန်က သူ့ ပထမဆုံး သရုပ်ဖော် ကမ္ဘာထဲကထက် များစွာ ပိုအစွမ်းထက်နေပြီ ဖြစ်သော်ငြား ဤကဲ့သို့သော သူရဲကောင်းမျိုးနှင့်မူ မရင်ဆိုင်လိုသေးချေ။ သို့သော် လက်ရှိ အခြေအနေများက သူ့အား နောက်ဆုတ်ရန် ခွင့်ပြုမည် မဟုတ်ပေ။
အကယ်၍ သူသာ ဤလူ၏ စကားများကို တုန့်ပြန်ခြင်း မရှိပါက သူ့ ဂုဏ်သတင်းမှာ ကြီးစွာ ကျဆင်းသွားပေလိမ့်မည်။ သူ ခက်ခက်ခဲခဲ စုဆောင်း တည်ဆောက်ထားခဲ့သော ဂုဏ်သတင်း ကျော်ကြားမှု အားလုံးမှာ တစ်စစီ ကြေမွသွားမည့်အပြင် မင်းသမီး အိုလီဗီယာ၏ အမြင်တွင်လည်း သူ့ တန်ဖိုးမှာ ထိုးကျသွားမည် ဖြစ်သည်။
ထို့အပြင် ချင်ဟန် အနေဖြင့် အခြား ကိစ္စတစ်ခုကိုလည်း တွေးတောနေမိ၏။
ချင်ဟန် တည်ငြိမ်စွာပင် တွေးလိုက်သည်။
"တကယ်လို့များ ဒီလူက မင်းသမီး အိုလီဗီယာရဲ့ အမိန့်ပေးမှုအောက်မှာ လှုပ်ရှားနေတာ ဆိုရင် သူ့ရဲ့ ရည်ရွယ်ချက်က ငါ့စွမ်းရည်တွေကို စမ်းသပ်ပြီး တန်ဖိုး ဖြတ်ဖို့ပဲ ဖြစ်ရမယ်... ဒီလိုဆိုမှတော့ သူ ဘာပဲဖြစ်ဖြစ် ငါ့ကို သတ်မှာ မဟုတ်ဘူး... ဒီလောက် လူတွေ အများကြီး ရှေ့မှာ မထင်မှတ်ထားတဲ့ ကိစ္စ တစ်ခုခုသာ ဖြစ်သွားခဲ့ရင် မင်းသမီး အိုလီဗီယာရဲ့ ဂုဏ်သတင်းလည်း သေချာပေါက် ထိခိုက်သွားလိမ့်မယ် မဟုတ်လား..."
ချင်ဟန် အနေဖြင့် ဗာနာနှင့် ပတ်သက်သည့် ကိစ္စကို မသိရှိထားသောကြောင့် တစ်ဖက်လူက သူ့အား အကဲစမ်းနေခြင်းဟုသာ တွေးထင်ထားခဲ့သည်။ ထို့ကြောင့်သာ ဤကဲ့သို့ ပြုမူနေခြင်း ဖြစ်ပေမည်။
သို့သော် မည်သို့ပင်ဖြစ်စေ ဤမျှ များပြားလှသော လူအုပ်ကြီးရှေ့တွင် သူတို့က သူ့အား သတ်ဖြတ်ဝံ့မည် မဟုတ်ချေ။ အဆုံးတွင်တော့ ဤသည်မှာ ဂုဏ်သတင်းနှင့် ပတ်သက်သော ကိစ္စ တစ်ခုတည်း မဟုတ်ပေ။ ကော်ရီပိုအား အကြောင်းပြချက် ပေးနိုင်မည် မဟုတ်သောကြောင့်ပင်။
သူ့ ဆရာအပေါ် နားလည်ထားမှုများအရ အကယ်၍ သူသာ တစ်စုံတစ်ယောက်၏ လက်ချက်ဖြင့် သေဆုံးသွားခဲ့ပါက ကော်ရီပို အနေဖြင့် ချက်ချင်း ဓားဆွဲထုတ်ကာ လူသတ်သမား နောက်သို့ လိုက်လံ သတ်ဖြတ်ပေလိမ့်မည်။ တစ်ဖက်လူမှာ မင်းသမီး အိုလီဗီယာ ဖြစ်နေလျှင်ပင် ဂရုစိုက်နေမည် မဟုတ်ချေ။
ကော်ရီပိုအား စိုးရိမ်ကြောက်ရွံ့မှုကြောင့်ပင် ဤလူက သူ့ကို သတ်ဖြတ်ရန် အကြောင်း မရှိတော့ပေ။ သေဆုံးနိုင်ချေ မရှိတော့မှတော့ ပူပန်နေစရာ ဘာမှ မလိုအပ်တော့ချေ။
ရွှမ်း...
ရှင်းလင်း ပြတ်သားသော အသံတစ်ခု ရှေ့မှ ထွက်ပေါ်လာ၏။
ခန်းမဆောင် အလယ်ရှိ ကချေသည်များ အားလုံး အနောက်သို့ ဆုတ်ခွာသွားကြပြီး သူတို့နှစ်ဦးအတွက် နေရာဖယ်ပေးလိုက်ကြသည်။
ချင်ဟန်၏ အမူအရာမှာ အေးစက် တည်ကြည်နေပြီး ညာဘက်လက်ကို ဆန့်ထုတ်ကာ ငွေရောင် ဓားရှည် တစ်လက်အား ဆွဲထုတ်လိုက်တော့သည်။ ဖယောင်းတိုင် မီးရောင်များအောက်တွင် ငွေရောင် ဓားရှည်မှာ အလင်းရောင်များဖြင့် တလက်လက် တောက်ပနေပြီး အလွန် မျက်စိပသာဒ ဖြစ်စေ၏။
"ဟား... မဆိုးလှတဲ့ ဓားပဲ..."
မေဒါက ချင်ဟန်အား ကြည့်ရင်း သူ့ ကိုယ်ပိုင် ဓားကို ဆွဲထုတ်ပြီး အေးစက်စက် ရယ်မောလိုက်သည်။
"မင်းရဲ့ ဓားသိုင်း စွမ်းရည်တွေက ဘယ်လောက်တောင် ကောင်းမလဲ ဆိုတာ ကြည့်ကြသေးတာပေါ့..."
ချင်ဟန်က တည်ငြိမ်စွာ ပြောရင်း ရှေ့သို့ တက်လှမ်းလာ၏။
"မကြာခင် ခင်ဗျား မြင်ရမှာပါ..."
ဝှီး...
ဧည့်သည်များ အားလုံး စောင့်ကြည့်နေစဉ်မှာပင် ချင်ဟန်၏ ခန္ဓာကိုယ်က ရုတ်တရက် ပျောက်ကွယ်သွားတော့သည်။
ထက်ရှသော ဓားလေလှိုင်းများက အရပ်မျက်နှာ အနှံ့သို့ ခုတ်ပိုင်း ထွက်ပေါ်လာပြီး ထိုအသံက အခြား ဆူညံသံများ အားလုံးကို ဖုံးလွှမ်းသွားလေပြီ။ မှိန်ဖျော့သော ငွေရောင် ဓားသွား တစ်ခုက လေထုကို ထိုးခွဲ ခုတ်ပိုင်းလာ၏။
ပုံရိပ် နှစ်ခုမှာ တစ်ချိန်တည်း တစ်ပြိုင်နက် တိုက်ခိုက်လာကြပြီး တစ်ယောက်နှင့် တစ်ယောက် ကြမ်းတမ်း ပြင်းထန်စွာ ဝင်ရောက် ဆောင့်တိုက်မိကြသည်။
အခြားသူများ အားလုံး သတိပြန်ဝင်လာချိန်တွင်မူ ထိုနှစ်ဦးမှာ ရင်ဆိုင် တိုက်ခိုက်နေကြပြီ ဖြစ်သည်။ ဓားများ အချင်းချင်း ထိခတ်မိသော အသံကို ရှင်းလင်း ပြတ်သားစွာ ကြားလိုက်ရပြီး နှစ်ယောက်စလုံးက တစ်ယောက်ကို တစ်ယောက် အားကုန် တွန်းကန်ထားကြ၏။
ချင်ဟန်၏ ဓားချက်နောက်ကွယ်မှ စွမ်းအားကို ခံစားလိုက်ရသဖြင့် မေဒါ အနည်းငယ် အံ့အားသင့်သွားဟန်ဖြင့်...
"မင်း..."
နောက်တစ်ခဏမှာပင် လေကို ထိုးခွဲသွားသည့် အသံတစ်ခု ထွက်ပေါ်လာလေပြီ။
ချင်ဟန်က အေးစက်သော အမူအရာဖြင့် ရှေ့သို့ ခြေတစ်လှမ်း တိုးပြီး လက်တစ်ဖက်တည်းဖြင့် ဓားကို ဆုပ်ကိုင်ကာ အောက်ဘက်ဆီ ပြင်းထန် ကြမ်းတမ်းစွာ ခုတ်ပိုင်းချလိုက်သည်။
သူ တိုက်ခိုက်လိုက်သည်နှင့် တပြိုင်နက် ချင်ဟန်၏ ခန္ဓာကိုယ် အတွင်းရှိ သက်စောင့်စွမ်းအင်များ ပေါက်ကွဲ ထွက်ပေါ်လာတော့၏။
ဘန်း...
ဓား၏ အမြန်နှုန်းမှာ ယခင်ကထက်ပင် ပိုကြောက်မက်ဖွယ် ကောင်းလာပြီး ပါဝင်သော စွမ်းအားမှာလည်း မယုံကြည်နိုင်လောက်အောင် အားကောင်း ပြင်းထန်နေလေပြီ။
End
***