ဘန်း...
ဓားများ အဆက်မပြတ် ရိုက်ခတ် ထိခတ်မိသော အသံများ ထွက်ပေါ်လာပြီး ကြီးမားလှသော ဖိအားအောက်တွင် ခန်းမဆောင်ကြီး တစ်ခုလုံးပင် တုန်ခါသွားသကဲ့သို့ ထင်မှတ်ရ၏။
မျက်တောင် တစ်ခတ်အတွင်းမှာပင် ချင်ဟန်နှင့် မေဒါတို့မှာ အဆက်မပြတ် ဝင်ရောက် ဆောင့်တိုက်မိကြပြီး ဝင်သက်ထွက်သက် အနည်းငယ်စာ အချိန်အတွင်း၌ပင် ဓားချက်ပေါင်း ဒါဇင်နှင့်ချီ၍ အပြန်အလှန် ဖလှယ်ခဲ့ကြလေပြီ။
သူတို့၏ ဓားများ အဆက်မပြတ် ထိခတ်မိသည်နှင့်အမျှ ချင်ဟန်မှာ နောက်သို့ ဆက်တိုက် ဆုတ်ခွာနေရပြီး အရေးနိမ့်နေသည့် အသွင်ပေါ်နေတော့သည်။
ဤသည်မှာ လုံးဝ အံ့အားသင့်စရာတော့ မဟုတ်ပေ။
အဘယ်ကြောင့်ဆိုသော် ချင်ဟန်မှာ သက်စောင့်မျိုးစေ့ကို နိုးထလာစေခြင်း မရှိသေးသလို သူ့ သက်စောင့်စွမ်းအင်မှာလည်း အပြောင်းအလဲ များစွာကို မဖြတ်သန်းရသေးချေ။ ထို့ကြောင့် သူတို့နှစ်ဦးကြားတွင် သိသာထင်ရှားသော ကွာဟချက် တစ်ခု ရှိနေခြင်းပင်။
ထိုသို့ဆိုလျှင် ချင်ဟန်က မေဒါထက် ပိုအားနည်းနေသည်မှာ သေချာနေပြီး တိုက်ပွဲတစ်ခုတွင် သူ အရေးနိမ့်နေမည် ဆိုသည်မှာလည်း သဘာဝကျလှ၏။
အရေးနိမ့်နေသည့်တိုင် အခြေအနေမှာ အကျပ်အတည်း တစ်ခုအတွင်း ရောက်ရှိနေဆဲ ဖြစ်သည်။
အကယ်၍ တစ်စုံတစ်ယောက်သာ အနီးကပ် စောင့်ကြည့်မည်ဆိုပါက အခြေအနေများ တဖြည်းဖြည်း ပြောင်းလဲလာနေကြောင်း တွေ့ရပေလိမ့်မည်။
ချင်ဟန်မှာ နောက်ဆုတ်နေရသော်ငြား သူက တဖြည်းဖြည်း အရှိန်အဟုန် ရရှိလာကာ မေဒါထံမှ ထိန်းချုပ်မှုကို လုယူလာနေခြင်း ဖြစ်၏။
သူက မယုံကြည်နိုင်လောက်အောင် မြန်ဆန်နေပြီး မေဒါ ထင်မှတ်ထားသည်ထက်လည်း ပိုအစွမ်းထက်နေလေပြီ။
ချင်ဟန်အား ရင်ဆိုင်ရချိန်တွင် မေဒါ အတော်လေး အံ့အားသင့်နေမိတော့၏။
ချင်ဟန် ပညာသင် သူရဲကောင်း ဖြစ်လာသည်မှာ တစ်နှစ်ပင် မပြည့်သေးသောကြောင့် သူ့အနေဖြင့် အလွယ်တကူ ဖြေရှင်းနိုင်မည်ဟု ထင်မှတ်ထားခဲ့မိသည်။ သူ့ခွန်အား အနည်းငယ်ကို အသုံးပြုလိုက်ရုံဖြင့် ဤလူငယ်လေးအား အနိုင်ယူနိုင်လိမ့်မည် မဟုတ်ပါလား။
သို့သော် ကြည့်ရသလောက် ချင်ဟန် တစ်ယောက် သူရဲကောင်း ဖြစ်လာခဲ့သည်မှာ အချိန်သိပ်မကြာသေးသော်ငြား သူ့ ခွန်အား၊ အမြန်နှုန်း သို့မဟုတ် အတွေ့အကြုံ စသည်တို့မှာ မေဒါ ထင်မှတ်ထားခဲ့သည်ထက် များစွာ သာလွန်နေပုံ ရသည်။
အကယ်၍ သူသာ ချင်ဟန်၏ နောက်ခံကို ကြိုတင် မသိရှိထားခဲ့ပါက ဤသူမှာ ပညာသင် သူရဲကောင်း တစ်ယောက် မဟုတ်ဘဲ သက်စောင့်မျိုးစေ့ကို အောင်မြင်စွာ နိုးထလာစေခဲ့ပြီးသည့် မယုံကြည်နိုင်လောက်အောင် အတွေ့အကြုံ ရင့်ကျက်သော သူရဲကောင်း တစ်ယောက်ဟုပင် ထင်မှတ်မိပေလိမ့်မည်။
ဤစွမ်းရည် ပြသမှုမှာ သူ့ ပါရမီရှင် ဟူသော ဘွဲ့နာမည်နှင့် အပြည့်အဝ ထိုက်တန်လှ၏။
သူ တိတ်တဆိတ် သက်ပြင်းချလိုက်မိပြီး အတော်လေး တုန်လှုပ်သွားတော့သည်။
တစ်ချိန်တည်းမှာပင် သူ့ စိတ်ထဲ ယှဉ်ပြိုင်လိုစိတ်တို့ ထွက်ပေါ်လာသည်ကို မတားဆီးနိုင်ခဲ့ချေ။
သူရဲကောင်းများ၏ သဘာဝအရ သူတို့က ကြီးထွားလာသည့် တစ်လျှောက်လုံး တိုက်ပွဲပေါင်း များစွာကို ဖြတ်သန်းခဲ့ကြပြီး လူသတ်ဖြတ်မှုများ ပြုလုပ်ခဲ့ကြရသည်။
သူရဲကောင်းတိုင်းက တိုက်ခိုက်ခြင်းနှင့် သတ်ဖြတ်ခြင်းများမှ တဆင့် ကြီးပြင်းလာကြသည်ဟု ဆိုရပေမည်။
မေဒါ အတွက်လည်း ထိုနည်းတူပင်။
ချင်ဟန်၏ စွမ်းရည်ကို မြင်တွေ့ပြီးနောက် သူ့ ယှဉ်ပြိုင်လိုစိတ်တို့ နိုးကြားလာကာ များစွာ ပိုလေးနက်လာခဲ့လေပြီ။
မေဒါက ဓားကို ဝှေ့ယမ်းကာ ရှေ့သို့ လျင်မြန်စွာ ပြေးဝင်သွားပြီး ချင်ဟန်အား ခုတ်ပိုင်းရင်း အေးစက်စက် ရယ်မောလိုက်၏။
"ကောင်လေး... အသင့်ပြင်ထားပေတော့"
သို့သော် ထိုဓားချက်မှာ ချင်ဟန်အား မထိခိုက်စေခဲ့ချေ။
ဓားအလင်းတန်းများ ဖြတ်သန်း တောက်ပသွားပြီး အမြန်နှုန်းမှာ လွန်စွာ မြန်ဆန်လွန်းလှသဖြင့် စောင့်ကြည့်နေသော လူများပင် မေဒါ၏ လှုပ်ရှားမှုများကို မျက်ခြည်ပြတ်သွားကြတော့၏။
ချက်ချင်းပင် ချင်ဟန် ရင်ဆိုင်နေရသော ဖိအားမှာ များစွာ ပိုကြီးမားလာခဲ့လေပြီ။
ချင်ဟန် မျက်မှောင် အနည်းငယ် ကြုတ်သွားသော်ငြား သူ့ အကြည့်များမှာ တည်ငြိမ်နေဆဲ ဖြစ်ကာ မည်သည့်စကားမျှ မဆိုဘဲ မေဒါနှင့် ဆက်လက်၍ တိတ်ဆိတ်စွာ တိုက်ခိုက်နေလိုက်သည်။
မေဒါ တစ်ယောက် လေးနက်လာသည်က ပိုကောင်းပေမည်။
ဤသည်မှာ စမ်းသပ်မှု တစ်ခု ဖြစ်နေမှတော့ သူ့ ရလဒ်များကို တတ်နိုင်သမျှ အကောင်းဆုံး ဖြစ်အောင် လုပ်ဆောင်သည်က ပိုကောင်း၏။
အကယ်၍ သူသာ မေဒါအား အချိန်ကြာကြာ ရင်ဆိုင်နိုင်မည် ဆိုပါက သူ့လက်ရှိ ခွန်အားမှာ အစစ်အမှန် သူရဲကောင်း တစ်ယောက်အား ယှဉ်ပြိုင် တိုက်ခိုက်ရန် လုံလောက်နေပြီဟု ဆိုလိုခြင်းပင်။ သူ့အနေဖြင့် အနိုင်မယူနိုင်လျှင်ပင် အနည်းဆုံးတော့ ချက်ချင်းကြီး အလဲထိုး ခံရမည် မဟုတ်ပေ။
ပတ်ဝန်းကျင်ရှိ စောင့်ကြည့်နေသူ အများအပြားမှာလည်း ထိုအတွေးမျိုး တွေးတောနေမိကြပြီး သူတို့၏ အကြည့်များမှာ လေးနက်လာသည်။
"မေဒါ တစ်ယောက် လေးနက်လာပြီပဲ..."
ထိုလူနှစ်ဦး ဆက်လက် တိုက်ခိုက်နေသည်နှင့်အမျှ ချင်ဟန်အပေါ် သူတို့၏ အကဲဖြတ်မှုမှာလည်း ဆက်တိုက် မြင့်တက်လာခဲ့လေပြီ။
အတိတ်တွင် ချင်ဟန်၏ ဂုဏ်သတင်းမှာ အတော်လေး ကြီးမားခဲ့ပြီး ဖြစ်သော်ငြား ထိပ်တန်း အဆင့်ရှိ ပုဂ္ဂိုလ်များနှင့် နှိုင်းယှဉ်လျှင်တော့ သိပ်ပြီး အထင်ကြီးလောက်စရာ မရှိချေ။
လူ့အဖွဲ့အစည်း၏ အထက်တန်းလွှာ အဖွဲ့ဝင်များ အနေဖြင့် သူတို့ အားလုံးက သူရဲကောင်းများကြားရှိ ကွာခြားချက်များကို ကောင်းကောင်း သိထားကြသည် မဟုတ်ပါလား။
သူရဲကောင်းများ အနေဖြင့် သက်စောင့်မျိုးစေ့ကို မနိုးထလာစေခင် အချိန်အထိ သူတို့မှာ ပညာသင် သူရဲကောင်းများသာ ဖြစ်ကြသည်။
ထို့အပြင် ပညာသင် သူရဲကောင်းများ ကြားတွင်ပင် အတော်လေး ကြီးမားသော ကွာခြားချက်များ ရှိနေသေး၏။
သက်စောင့်စွမ်းအင်ကို ယခုလေးတင်မှ နိုးထလာစေခဲ့ပြီး မည်သည့် ကျွမ်းကျင်မှုမှ မသင်ယူရသေးသူမှာ ပညာသင် သူရဲကောင်း တစ်ယောက်ပင်။
လေ့ကျင့်မှု များစွာ ပြုလုပ်ထားပြီး အတွေ့အကြုံများစွာ ရှိကာ သူတို့၏ သက်စောင့်မျိုးစေ့ကို နိုးထလာစေရန် နီးစပ်နေသူမှာလည်း ပညာသင် သူရဲကောင်း တစ်ယောက်သာ။
အရာအားလုံးကို ထည့်သွင်း စဉ်းစားကြည့်လျှင် ချင်ဟန်မှာ ကော်ရီပို၏ လက်အောက်တွင် စတင် သင်ယူခဲ့သည့် အချိန်မှစ၍ သူရဲကောင်း အသက်ရှူ ကျင့်စဉ်ကို စတင် လေ့လာခဲ့သည့် အချိန်အထိ နှစ်ဝက်ကျော်လေးသာ ကြာမြင့်ခဲ့သေးသည် မဟုတ်လော။
နှစ်ဝက် ကာလအတွင်း သာမန်လူများ အနေဖြင့် သက်စောင့်စွမ်းအင်ကို နိုးထလာစေနိုင်လျှင်ပင် ထိုမျှလောက် အစွမ်းထက်လာမည် မဟုတ်ဘဲ အများဆုံး သာမန်လူများထက် အနည်းငယ်သာ ပိုအစွမ်းထက်လာပေလိမ့်မည်။
ထို့ကြောင့်သာ ချင်ဟန် အတော်လေး နာမည်ကျော်ကြားနေသည့်တိုင် လူအများစုက သူ့အား သိပ်ပြီး အလေးအနက် မထားခဲ့ကြခြင်း ဖြစ်၏။ လူအချို့က သူ့အား ဖားယားရန် ကြိုးစားခဲ့လျှင်ပင် ထိုသည်မှာ ကော်ရီပိုကြောင့်သာ ဖြစ်ပေလိမ့်မည်။
သို့သော် ကြည့်ရသည်မှာ ချင်ဟန်ထံတွင် ဤမျှသာ မကသေးကြောင်း ထင်ရှားနေလေပြီ။
သူ ပြသခဲ့သော ခွန်အားများအရ သူက သက်စောင့်စွမ်းအင်ကို ယခုလေးတင်မှ ရရှိထားသည့် ပညာသင် သူရဲကောင်း တစ်ယောက်နှင့် မတူဘဲ သက်စောင့်မျိုးစေ့ နိုးထလာစေရန် တံခါးဝသို့ ရောက်ရှိနေသည့် အလွန် ကျွမ်းကျင်သော သူရဲကောင်း ပါရမီရှင် တစ်ယောက်နှင့် ပိုတူနေတော့သည်။
သက်စောင့်မျိုးစေ့ကို အောင်မြင်စွာ နိုးထလာစေခဲ့ပြီးသည့် အစစ်အမှန် သူရဲကောင်း တစ်ယောက်မှာ တပ်ဖွဲ့ တစ်ခုလုံးအား ယှဉ်ပြိုင် တိုက်ခိုက်နိုင်စွမ်း ရှိသည်။
မင်းသမီး အိုလီဗီယာ၏ သူရဲကောင်း သုံးဦးထဲမှ တစ်ဦး အနေဖြင့် မေဒါမှာ တစ်ချိန်က အထက်တန်းစား စစ်သည် ငါးရာ ပါဝင်သော တပ်ဖွဲ့ တစ်ခုကို ဖျက်ဆီးပစ်ခဲ့ဖူး၏။
အံ့အားသင့် ထိတ်လန့်စရာ ကောင်းသည်မှာ ချင်ဟန်က သူ့အား ဤမျှ အချိန်ကြာမြင့်စွာ ရင်ဆိုင် တောင့်ခံနိုင်နေခြင်းပင်။
ဤသည်မှာ မယုံကြည်နိုင်လောက်အောင် အံ့အားသင့်စရာ ကောင်းသော စွမ်းရည် ပြသမှု တစ်ခုဟု ဆိုရပေမည်။
ရိုက်ခတ် ထိခတ်သံများ အဆက်မပြတ် ထွက်ပေါ်လာပြီး သွေးစက်များလည်း တောက်လျှောက် ကျဆင်းလာတော့သည်။
မကြာမီမှာပင် ချင်ဟန်၏ လက်ဖဝါး တစ်ခုလုံး သွေးများဖြင့် ရဲရဲနီသွားလေပြီ။
သူ့ လက်မနှင့် လက်ညှိုးကြားရှိ အရေပြားများမှာ အဆက်မပြတ် ရိုက်ခတ်မှုများကြောင့် ပေါက်ပြဲနေခဲ့ပြီ ဖြစ်သော်ငြား သူက လုံးဝ ဂရုမစိုက်ချေ။
ယခုအချိန်တွင် သူ့ အာရုံ အားလုံးမှာ မေဒါအပေါ်၌သာ စူးစိုက်နေ၏။
သူ့ သက်စောင့်စွမ်းအင်များ ပွက်ပွက်ဆူလာချိန်တွင် ချင်ဟန်က မေဒါအား တင်းမာစွာ စိုက်ကြည့်နေလိုက်၏။
ပြင်းထန်သော တိုက်ပွဲအတွင်း သူ့ ခန္ဓာကိုယ်ထဲရှိ သက်စောင့်စွမ်းအင်များမှာ အပြောင်းအလဲ တစ်ခုကို ဖြတ်သန်းနေရသကဲ့သို့ စတင်၍ ပွက်ပွက်ဆူလာတော့သည်။
အကယ်၍ တစ်စုံတစ်ယောက်ကသာ သူ့အား အနီးကပ် လေ့လာကြည့်မည် ဆိုပါက ချင်ဟန်၏ ခန္ဓာကိုယ်မှာ ပူနွေးလာပြီး သူ့ ရင်ခုန်သံများလည်း မြန်ဆန်လာနေကြောင်း တွေ့ရပေလိမ့်မည်။
တကယ်တမ်း ချင်ဟန်၏ ပတ်လည် မီတာ အနည်းငယ် အတွင်းရှိ လေထုမှာ ကြီးမားသော မီးဖိုကြီး တစ်ခုအလား မယုံကြည်နိုင်လောက်အောင် ပူပြင်းလာခဲ့လေပြီ။
သူ့ပတ်လည်ရှိ လူအချို့မှာ ဤအပြောင်းအလဲကို ခံစားသိရှိသွားကြပြီး တိတ်တဆိတ် ရေရွတ်လိုက်ကြသည်။
"ဘာလို့ ရုတ်တရက်ကြီး ဒီလောက် ပူလာရတာလဲ..."
ဘေးဘက်တွင် ရပ်နေသော ကယ်လီမှာ လန့်ဖြန့်သွားပြီး တစ်စုံတစ်ခုကို တွေးမိသွားဟန်ဖြင့် သူ့ အမူအရာ ကြီးစွာ ပြောင်းလဲသွားတော့သည်။
"ပူတယ် ဟုတ်လား..."
မယုံကြည်နိုင်စရာ တစ်စုံတစ်ခုကို တွေးမိလိုက်သည့်အလား ချင်ဟန်အား စိုက်ကြည့်နေရင်း သူ့ မျက်လုံးများ ပြူးကျယ်သွား၏။
"ဖြစ်နိုင်တာက..."
"ဒီကောင်လေး..."
မေဒါက ချင်ဟန်အား အတင်းအကျပ် နောက်ဆုတ်သွားစေလိုက်ပြီး ချင်ဟန်၏ ခန္ဓာကိုယ်ထံမှ ထွက်ပေါ်လာသော စွမ်းအင်ကို ခံစားမိသွားချိန်တွင် အတော်လေး အံ့အားသင့်သွားတော့သည်။
"သူက တိုက်ပွဲကနေ တဆင့် သူ့ရဲ့ သက်စောင့်မျိုးစေ့ကို နိုးထလာအောင် ကြိုးစားနေတာပဲ..."
အခြားလူများ အတွက်ဆိုလျှင် ဤသည်မှာ အမှန်တကယ် ဟုတ်၊ မဟုတ် သေချာချင်မှ သေချာပေလိမ့်မည်။ သို့သော် မေဒါကဲ့သို့ အစစ်အမှန် သူရဲကောင်း တစ်ယောက် အတွက်မူ ချင်ဟန်၏ ခန္ဓာကိုယ် အပြောင်းအလဲများမှာ သူ့ အာရုံကို လွတ်မြောက်သွားနိုင်မည် မဟုတ်ချေ။
သူက ချင်ဟန်၏ ခန္ဓာကိုယ် အတွင်းရှိ အပြောင်းအလဲများကို ရှင်းလင်းစွာ မြင်တွေ့နိုင်စွမ်း ရှိသောကြောင့်သာ တုန်လှုပ်မသွားလျှင်တောင် ဤမျှ အံ့အားသင့်နေရခြင်းပင်။
ချင်ဟန်နှင့် တိုက်ခိုက်နေရင်း မေဒါ တစ်ယောက် တိတ်တဆိတ် မျက်မှောင်ကြုတ်ကာ တွေးတောနေမိ၏။
"သူ့ရဲ့ ခွန်အားတွေက ဆက်တိုက် ပိုပို အစွမ်းထက်လာနေတယ်... တကယ်လို့ ငါသာ မီးမလောင်ကျွမ်းစေဘူး ဆိုရင်..."
သူရဲကောင်း တစ်ယောက်၏ စွမ်းအားမှာ သူတို့ သက်စောင့်စွမ်းအင်မှ လာခြင်း ဖြစ်သည်။ သက်စောင့်မျိုးစေ့ကို အောင်မြင်စွာ နိုးထလာစေခဲ့ပြီးသည့် သူရဲကောင်း တစ်ယောက် အကြောင်း အစွမ်းအထက်ဆုံး အချက်မှာ သူတို့က သက်စောင့်စွမ်းအင်ကို စုစည်းပြီး သက်စောင့်မျိုးစေ့ကို လှုံ့ဆော်နိုင်စွမ်း ရှိခြင်းပင်။
ဤကဲ့သို့သော အခြေအနေမျိုးက သူရဲကောင်းများကို ကြီးမားသော ခွန်အား ပေးစွမ်းနိုင်သော်ငြား သူတို့၏ သက်စောင့်စွမ်းအင်ကိုလည်း စုပ်ယူ စားသုံးပေလိမ့်မည်။ ဆိုးရွားသော အခြေအနေများတွင် သူတို့ သက်တမ်းကိုပင် လျော့ကျသွားစေနိုင်၏။
ထို့ကြောင့် ဤအခြေအနေအား သက်စောင့်စွမ်းအင် လောင်ကျွမ်းခြင်းဟု မကြာခဏ ခေါ်ဆိုလေ့ရှိကြပြီး သူရဲကောင်းများ အနေဖြင့် သေရေးရှင်ရေး တိုက်ပွဲတစ်ခုနှင့် ရင်ဆိုင်ရချိန်မှသာ အသုံးပြုလေ့ ရှိသော အရာတစ်ခု ဖြစ်သည်။
ချင်ဟန်၏ သက်စောင့်စွမ်းအင်များ ပိုတက်ကြွလာသည်နှင့်အမျှ သူ့ သက်စောင့်မျိုးစေ့မှာလည်း တဖြည်းဖြည်း လှုံ့ဆော်ခံလာရပြီး နိုးထလာစေရန် ကြိုးစားနေလေပြီ။
ဤအခြေအနေများအောက်တွင် သူက သက်စောင့်စွမ်းအင် လောင်ကျွမ်းခြင်းနှင့် ဆင်တူသော အခြေအနေ တစ်ခုသို့ ရောက်ရှိသွားပြီး သူ့ ခွန်အားများ ကြီးမားစွာ တိုးတက်လာခဲ့တော့သည်။
ချင်ဟန်အား ရင်ဆိုင်ရချိန်တွင် မေဒါ ခံစားနေရသော ဖိအားမှာ ဆက်တိုက်ဆိုသလို မြင့်တက်လာခဲ့၏။
အကယ်၍ အရာအားလုံးသာ ဤအတိုင်း ဆက်သွားနေပြီး သူကိုယ်တိုင် သက်စောင့်စွမ်းအင် လောင်ကျွမ်းခြင်း အခြေအနေသို့ မဝင်ရောက်ပါက ချင်ဟန်အား အလဲထိုးရန် သူ့ အတွက် အလွန် ခက်ခဲသွားပေလိမ့်မည်။
မေဒါမှာ ရှေ့တိုးမရ နောက်ဆုတ်မရ အခြေအနေသို့ ရောက်ရှိနေလေပြီ။
ကံကောင်းစွာဖြင့် ထိုခဏ၌ ခန်းမဆောင် တစ်ခုလုံး အနှံ့ အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
"ရပ်လိုက်ကြတော့"
End
***