ချက်ချင်းပင် လူတိုင်း အကြည့်များက ခန်းမဆောင် အလယ်ဗဟိုဆီသို့ စုပြုံ ရောက်ရှိသွားကြတော့၏။
သူမ မည်သည့်အချိန်က ရောက်လာမှန်း မည်သူမျှ သတိမပြုမိလိုက်ဘဲ အရပ်မြင့်မြင့်နှင့် လှပသော အမျိုးသမီး တစ်ဦးက အေးစက် တည်ကြည်သော အမူအရာဖြင့် လျှောက်ထွက်လာကာ...
"မေဒါ... ရပ်လိုက်စမ်း... သူရဲကောင်း ကိုင်လင်းက ငါဖိတ်ထားတဲ့ ဧည့်သည်ပဲ... မင်းက သူ့ကို ဘယ်လိုလုပ် ဒီလောက် ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံရဲတာလဲ"
သူမ အမူအရာမှာ အေးစက်နေသော်ငြား မျက်လုံးများအတွင်း၌မူ ဒေါသတရားတို့ ပြည့်နှက်နေလျက်။
"ဒီစားသောက်ပွဲကနေ အခုချက်ချင်း ထွက်သွားစမ်း"
ထိုအေးစက်စက် အသံဝဲဝဲလေး ထွက်ပေါ်လာချိန်တွင် မယုံကြည်နိုင်လောက်အောင် ဂုဏ်သိက္ခာ ကြီးမားလှသလို ဖုံးကွယ်ထားသော ဒေါသတရားများလည်း ပါဝင်နေသည်။
ထိုအသံကို ကြားပြီး သူမ ရုပ်သွင်အား မြင်တွေ့လိုက်ရချိန်တွင် လူတိုင်းရင်ထဲ စိမ့်ခနဲ အေးစက်သွားကြတော့၏။ သူမမှာ ဒေါသထွက်နေသော ခြင်္သေ့မ တစ်ကောင်အလား မယုံကြည်နိုင်လောက်အောင် ကြောက်မက်ဖွယ် ကောင်းလှသည်။
"မင်းသမီး အိုလီဗီယာ..."
ခန်းမဆောင် အလယ်ရှိ မေဒါမှာ အိုလီဗီယာ၏ စကားကို ကြားပြီးနောက် ရပ်တန့်ရန် ဝန်လေးနေသည့်အလား အတော်လေး ရှုပ်ထွေးသွားဟန် ပေါ်သည်။ သို့သော် အဆုံးတွင် သူက အမိန့်ကို နာခံကာ ကျိုးနွံစွာပင် လှည့်ထွက်သွားခဲ့လေပြီ။
မေဒါ၏ လှုပ်ရှားမှုများကို ကြည့်ပြီးနောက် မင်းသမီး အိုလီဗီယာ အမူအရာမှာ ပျော့ပြောင်းသွားပြီး ချင်ဟန်ဘက်သို့ လှည့်ကာ အနည်းငယ် ပြုံး၍...
"သူရဲကောင်း ကိုင်လင်း... ရှင် အဆင်ပြေရဲ့လား"
"တောင်းပန်ပါတယ်..." သူမ၏ အမူအရာမှာ ရိုးသားပြီး တောင်းပန်လိုစိတ် အပြည့်ဖြင့်...
"ကျွန်မက ရှင့်ကို ဒီစားသောက်ပွဲအတွက် ဖိတ်ကြားခဲ့ပေမဲ့ ဒီလို ကိစ္စမျိုး ဖြစ်လာလိမ့်မယ်လို့ တစ်ခါမှ မတွေးထားခဲ့မိဘူး... မေဒါက အမြဲတမ်း ဒီလိုပါပဲ... တခြား ထူးချွန်တဲ့ သူရဲကောင်းတွေကို တွေ့ရင် သူက မစိန်ခေါ်ဘဲ မနေနိုင်ဘူးလေ... ကျေးဇူးပြုပြီး ဒီကိစ္စအတွက် သူ့ကို အပြစ်မတင်ပါနဲ့"
မင်းသမီး အိုလီဗီယာက ဆက်တိုက်ဆိုသလို ပြောနေတော့သည်။
သူမမှာ မယုံကြည်နိုင်လောက်အောင် ရိုးသားဟန် ပေါ်နေပြီး ဤကိစ္စများမှာ သူမနှင့် လုံးဝ သက်ဆိုင်ခြင်း မရှိဘဲ မထင်မှတ်ဘဲ ရုတ်တရက် ဖြစ်ပွားသွားသည့်အလား ထင်မှတ်ရ၏။
သေချာသည်က ဤသည်မှာ အမှန်တကယ်ပင် မထင်မှတ်ထားဘဲ ဖြစ်ပွားသွားခြင်းလော သို့မဟုတ် မင်းသမီး အိုလီဗီယာက တိတ်တဆိတ် စီစဉ်ထားခဲ့ခြင်းလော ဆိုသည်ကိုမူ ချင်ဟန် အနေဖြင့် အတည်ပြုနိုင်ရန် မည်သည့် နည်းလမ်းမှ မရှိချေ။
သို့သော် မင်းသမီး အိုလီဗီယာ တစ်ယောက် မည်သည့်အရာများ စီစဉ်နေပါစေ သူ့ အနေဖြင့် ဆန့်ကျင်နိုင်စွမ်း မရှိမှန်း ကောင်းကောင်း သိထားသည်။
သူက အစစ်အမှန် သူရဲကောင်း တစ်ယောက် မဟုတ်သေးသလို အကယ်၍ ဟုတ်နေခဲ့လျှင်ပင် ကြီးမားသော အာဏာကို ချုပ်ကိုင်ထားသည့် ကူတူး တိုင်းပြည်၏ အိမ်ရှေ့မင်းသမီးအား ရင်ဆိုင်ရန် မည်သည့်အရာမျှ လုပ်ဆောင်နိုင်မည် မဟုတ်ပေ။
အဆုံးတွင် သူမ၏ အဆင့်အတန်းမှာ သူ့ထက် အဆပေါင်းများစွာ မြင့်မားနေသည် မဟုတ်ပါလား။ သူက အစစ်အမှန် သူရဲကောင်း တစ်ယောက် ဖြစ်လာခဲ့လျှင်ပင် သူမနှင့် နှိုင်းယှဉ်ပါက ဘာမှ မဟုတ်သေးချေ။
တကယ်တမ်း သူ ကြားသိထားရသလောက် မင်းသမီး အိုလီဗီယာ ကိုယ်တိုင်က အစွမ်းထက်သော သူရဲကောင်း တစ်ယောက်ပင်။ ဤသည်မှာလည်း အမျိုးသမီး တစ်ယောက် အနေဖြင့် ရက်စက် ကြမ်းကြုတ်သော ပဋိပက္ခများကြားမှ အသက်ရှင် ကျန်ရစ်ပြီး ယနေ့ နေရာအထိ ရောက်ရှိလာနိုင်ခဲ့ခြင်း၏ အကြောင်းရင်း တစ်စိတ်တစ်ပိုင်း ဖြစ်ပေလိမ့်မည်။
ချင်ဟန် အနည်းငယ် ပြုံးလိုက်၏။ မင်းသမီး အိုလီဗီယာ၏ ရိုးသားပြီး စိတ်အားထက်သန်ပုံရသော အမူအရာအား ရင်ဆိုင်ရချိန်တွင် သူက အလွန်အမင်း မျက်နှာသာပေး ခံလိုက်ရသဖြင့် ဝမ်းသာလုံးဆို့သွားသည့် အသွင်မျိုး မဖော်ပြဘဲ မနေနိုင်တော့ပေ။
"ကျွန်တော် အဆင်ပြေပါတယ်..."
သူက အလျင်အမြန် ခေါင်းငုံ့ကာ မင်းသမီး အိုလီဗီယာအား အရိုအသေ ပေးလိုက်ပြီး ဓားကို ပြန်သိမ်းရင်း ပြုံး၍...
"ဘာပဲဖြစ်ဖြစ် သူရဲကောင်း မေဒါက ကျွန်တော့်ရဲ့ စီနီယာ တစ်ယောက်ပါ... သူက ကျွန်တော့်ရဲ့ စွမ်းရည်တွေကို အကဲစမ်းကြည့်ချင်ရုံ သက်သက် ဆိုတာ သေချာပါတယ်... သူ့မှာ တခြား မကောင်းတဲ့ ရည်ရွယ်ချက် မရှိဘူးလို့ ကျွန်တော် ယုံကြည်တဲ့အတွက် မင်းသမီး အနေနဲ့ သူ့အပေါ် အခက်မတွေ့စေဖို့ မျှော်လင့်ပါတယ်..."
"မရဘူး..." မင်းသမီး အိုလီဗီယာ၏ အမူအရာမှာ လေးနက် တည်ကြည်သွားပြီး...
"မေဒါက ငါ့ရဲ့ ဧည့်သည် တစ်ယောက်ကိုတောင် ရဲရဲတင်းတင်း တိုက်ခိုက်ရဲတာက အင်မတန် ကြီးလေးတဲ့ ပြစ်မှုပဲ... စိတ်မပူပါနဲ့... သူ့ကို ကူတူးကနေ ငါ နှင်ထုတ်ပစ်လိုက်မယ်"
မင်းသမီး တစ်ပါးက သူ့ အတွက် နာမည်ကျော် သူရဲကောင်း တစ်ယောက်အား နှင်ထုတ်ပေးမည် ဆိုခြင်းမှာ... အကယ်၍ အခြားသူ တစ်ယောက်သာ ဤကဲ့သို့ ကြုံတွေ့ရပါက မယုံကြည်နိုင်လောက်အောင် ဝမ်းသာ ပီတိဖြစ်ပြီး ကျေးဇူးတင်သွားပေလိမ့်မည်။
သို့သော် ချင်ဟန်၏ စိတ်နှလုံးမှာမူ ရေပြင်အလား ငြိမ်သက်နေဆဲပင်။ ဝမ်းသာ ပီတိဖြစ်ရန် နေနေသာသာ စိတ်ခံစားမှု အရိပ်အယောင် တစ်စွန်းတစ်စမျှပင် မခံစားရ။
သူ့ အမြင်တွင်တော့ ဤသည်မှာ မယုံကြည်နိုင်လောက်အောင် ဟာလာဟင်းလင်း ဖြစ်နေသော အာမခံချက် တစ်ခုသာ။
ထိုအရာက သူ့အတွက် မည်သည့် အကျိုးကျေးဇူးမျှ ပေးစွမ်းနိုင်မည် မဟုတ်သလို မင်းသမီး အိုလီဗီယာ အနေဖြင့်လည်း အမှန်တကယ် လုပ်ဆောင်ချင်မှ လုပ်ဆောင်ပေလိမ့်မည်။ သူ့အတွက်တော့ သိပ်ပြီး အဓိပ္ပာယ် မရှိပေ။
သို့သော် သူ တွေးတောနေသည်က တစ်မျိုး၊ လက်တွေ့ တုံ့ပြန်ပြရမည်က တစ်မျိုး ဖြစ်နေ၏။
အိုလီဗီယာအား ကြည့်ရင်း ချင်ဟန်၏ မျက်နှာထက်တွင် မယုံကြည်နိုင်လောက်အောင် ဝမ်းသာ ပီတိဖြစ်သွားသည့် အမူအရာတစ်ခု ထွက်ပေါ်လာလေပြီ။ သူက တစ်စုံတစ်ခု ပြောဆိုရန် ပါးစပ် ဟလိုက်သော်ငြား အဆုံးတွင်တော့ မည်သည့် စကားမျှ ထွက်မလာဘဲ စိတ်ခံစားမှုများ လွှမ်းမိုးသွားသည့်အလား တိတ်ဆိတ်နေလိုက်တော့သည်။
ချင်ဟန်၏ အမူအရာအား ကြည့်ပြီးနောက် အိုလီဗီယာက အနည်းငယ် ပြုံးလိုက်ကာ များများစားစား ထပ်မတွေးတော့ချေ။
သူက ငယ်ရွယ်နေသေးသည် မဟုတ်လော။ အနည်းငယ်မျှသော မျက်နှာသာပေးမှုလေးကပင် သူ့အား ဤမျှလောက် ကျေးဇူးတင်သွားစေနိုင်သည်သာ။
သူမမှာ ဤကဲ့သို့သော လှည့်ကွက်ငယ်လေးများကို အသုံးပြုရာတွင် အလွန်ပင် ကျွမ်းကျင်နေခဲ့ပြီ ဖြစ်သည်။
ဝန်ခံရမည် ဆိုလျှင် မင်းသမီး အိုလီဗီယာမှာ အလွန်လှပ ကျက်သရေရှိပြီး လက်ရှိတွင် အနီရောင် ဂါဝန် တစ်ထည်ကို ဝတ်ဆင်ထား၏။ သူမမှာ လှပ လတ်ဆတ်သော ပန်းပွင့်လေး တစ်ပွင့်အလား မယုံကြည်နိုင်လောက်အောင် ဆွဲဆောင်မှု ရှိနေသည်။
အိုလီဗီယာရှေ့တွင် ရပ်နေရင်း ချင်ဟန်မှာ သူမ ခန္ဓာကိုယ်ထံမှ ထွက်ပေါ်လာသော သင်းပျံ့ပျံ့ ရနံ့လေးကိုပင် ရှူရှိုက်မိနေ၏။
ထိုရနံ့လေးအား ရှူရှိုက်မိချိန်တွင် ချင်ဟန်က ခဏတာ တွေးတောပြီး သူ့ ခန္ဓာကိုယ် အတွင်းရှိ သက်စောင့်စွမ်းအင်များကို တိတ်တဆိတ် လှည့်ပတ်လိုက်တော့သည်။
သူ့ သက်စောင့်စွမ်းအင်များ ခန္ဓာကိုယ် အနှံ့ လှည့်ပတ်သွားသည်နှင့်အမျှ ချင်ဟန်၏ မျက်နှာမှာ အနည်းငယ် နီရဲလာပြီး အနောက်သို့ ခြေတစ်လှမ်း ဆုတ်ကာ မင်းသမီး အိုလီဗီယာနှင့် သူ့ ကြားတွင် အကွာအဝေး တစ်ခု ဖန်တီးလိုက်၏။
သူက အမျိုးသမီးများနှင့် များများစားစား ဆက်ဆံဖူးခြင်း မရှိသော ဖြူစင်သည့် ကောင်လေး တစ်ယောက်အလား ပြုမူပြီး မယုံကြည်နိုင်လောက်အောင် ရှက်ရွံ့သွားသည့် အသွင်ပေါ်နေလေသည်။
ချင်ဟန်၏ စွမ်းရည်ပြသမှုကို မြင်တွေ့လိုက်ရချိန်တွင် အိုလီဗီယာ အတော်လေး အံ့အားသင့်သွားတော့သည်။
သို့သော် ချင်ဟန် တစ်ယောက် အမျိုးသမီးများနှင့် များများစားစား ဆက်ဆံဖူးခြင်း မရှိကြောင်း ကြားသိထားခဲ့ရသော သတင်း အချက်အလက်များကို ပြန်လည် တွေးမိသွားချိန်တွင် သူမက မပြုံးဘဲ မနေနိုင်တော့သလို သူ့အပေါ် ပိုစိတ်အေးသွားခဲ့လေပြီ။
ထို့ကြောင့် သူမက စက္ကန့်အနည်းငယ်ခန့် တွေးတောပြီးနောက် လူတိုင်း ရှေ့မှောက်တွင်ပင် ချင်ဟန်၏ လက်ကို ဆုပ်ကိုင်လိုက်တော့သည်။
သူမက ချင်ဟန်အား တစ်ဖက်သို့ ဆွဲခေါ်သွားပြီး ထောင့်တစ်နေရာတွင် ဝင်ထိုင်စေလိုက်၏။
"ရှင် ဒီမှာ ထိုင်လို့ ရပါတယ်..." အိုလီဗီယာက ချင်ဟန်အား အနည်းငယ် ပြုံး၍ ကြည့်လာသည်။ "ကျွန်မမှာ ဧည့်ခံရမယ့် တခြား ဧည့်သည်တွေ ရှိသေးတာမို့ အခု သွားလိုက်ပါဦးမယ်... ခဏကြာရင် ရှင့်ဆီ ငါပြန်လာခဲ့ပါ့မယ်"
သူမက တစ်စုံတစ်ခုအား အရိပ်အမြွက် ပြနေသည့်အလား အနည်းငယ် မရေမရာ လေသံမျိုးဖြင့် ပြောဆိုလိုက်ခြင်းပင်။
အကယ်၍ သာမန် လူငယ်လေး တစ်ယောက်သာ ဆိုပါက မယုံကြည်နိုင်လောက်အောင် ဆွဲဆောင်ခံလိုက်ရပြီး ကယောင်ကတမ်း စိတ်ကူးယဉ်မှု မျိုးစုံအတွင်းသို့ ကျဆင်းသွားပေလိမ့်မည်။
မှူးမတ် အသိုင်းအဝိုင်းမှ လူများမှာ အတော်လေး ပွင့်လင်းကြသည် ဆိုသော်ငြား အိုလီဗီယာ၏ လုပ်ရပ်များမှာ အနည်းငယ် လွန်ကဲနေပြီး သူမ လှုပ်ရှားမှုများအပေါ် အလွယ်တကူ အတွေးလွန်သွားစေနိုင်သည်။
ချင်ဟန်အား ထိုထောင့်နေရာသို့ ခေါ်ဆောင်လာပြီးနောက် အိုလီဗီယာက လှည့်ကြည့်လိုက်ရာ ဗာနာ၏ အကြည့်ကို ခံစားသိရှိသွားတော့သည်။
ဗာနာမှာ ထောင့်တစ်နေရာတွင် ရပ်နေပြီး ကတိဖျက်သည်ဟု စွပ်စွဲနေသည့်အလား သူမအား ဒေါသတကြီး စိုက်ကြည့်နေခြင်းပင်။
ကိုင်လင်းအား အရင်ဆုံး သဘောကျခဲ့သူမှာ သူမ ဖြစ်ပါလျက် အိုလီဗီယာက ဘာကြောင့်များ သူ့အပေါ် လှုပ်ရှားမှုများ ပြုလုပ်နေရသနည်း။
ညီမဖြစ်သူ၏ အကြည့်ကို ခံစားသိရှိသွားသည့်တိုင် အိုလီဗီယာက အနည်းငယ် ပြုံးရုံသာ ပြုံးလိုက်ပြီး များများစားစား ဂရုစိုက်မနေခဲ့ချေ။
သူမ၏ ညီမလေးက သူ့ကို သဘောကျနေတော့ရော ဘာဖြစ်သနည်း။ ထိုသူနှစ်ယောက် အတူတကွ ရှိနေကြပြီ ဖြစ်သည်မှ မဟုတ်ဘဲ။
ထို့အပြင် သူတို့နှစ်ဦး အတူတကွ ရှိနေခဲ့လျှင်ပင် သူမ အနေဖြင့် သူ့အား ပရောပရည် လုပ်နိုင်စရာ အကြောင်းမှ မရှိတာ။
မှူးမတ်များ အတွက်တော့ မဖြစ်နိုင်သည့် အရာဟူ၍ မရှိပေ။
သေချာသည်က အိုလီဗီယာမှာ အခြေအနေအား ပေါ့ပေါ့ပါးပါး အကဲစမ်းကြည့်ရုံ သက်သက်သာ ဖြစ်ပြီး အမှန်တကယ် တစ်စုံတစ်ခု လုပ်ဆောင်လိုခြင်း မရှိချေ။
သို့သော် သူတို့ ပတ်ဝန်းကျင်ရှိ လူများ အမြင်တွင်တော့ ဤသည်မှာ အတော်လေး ကြီးမားသော ကိစ္စရပ် တစ်ခု ဖြစ်နေခဲ့ပြီ ဖြစ်သည်။
ဝင်ထိုင်လိုက်ပြီးနောက် ချင်ဟန်မှာ လူအများအပြား၏ အကြည့်များ သူ့ ခန္ဓာကိုယ်ထက် ကျရောက်နေကြောင်း ခံစားသိရှိနေ၏။
ထိုအကြည့်များကို ခံစားသိရှိသွားချိန်တွင် ချင်ဟန် တစ်ယောက် မျက်မှောင်မကြုတ်ဘဲ မနေနိုင်တော့ချေ။
End
***