"တော်တော် ဒုက္ခပေးတာပဲ..."
ချင်ဟန်က သူ့ပတ်လည်မှ ရန်လိုမှုအချို့ ပါဝင်နေသော အကြည့်များကို ခံစားမိလိုက်သဖြင့် မျက်မှောင် မကြုတ်ဘဲ မနေနိုင်တော့ပေ။ အကြောင်းတစ်ခုခုကြောင့် အိုလီဗီယာ၏ လုပ်ရပ်များက ကိစ္စများကို ပို၍ ရှုပ်ထွေးသွားစေမည်ဟု သူ ခံစားလိုက်ရသည်။
အိုလီဗီယာ၏ လုပ်ရပ်များတွင် သူ့အပေါ် စေတနာထားမှု တစ်စွန်းတစ်စမှ မပါဝင်ဘဲ မကောင်းသော ကောလာဟလများသာ ထွက်ပေါ်လာစေကာ သူ့ဂုဏ်သတင်းကို ကျဆင်းသွားစေနိုင်သည်။
အိုလီဗီယာက သူ့ကို သဘောကျနေသည် ဟူသော စိတ်ကူးယဉ်မှုမျိုးကိုတော့ ချင်ဟန်က ထည့်ပင် မစဉ်းစားသလို ထိုသို့ တွေးတောခြင်းကိုလည်း ရှောင်ကြဉ်ခဲ့၏။
အခြားသူများ၏ အတွေးနှင့် မတူဘဲ ချင်ဟန် အတွက်တော့ အိမ်ရှေ့စံ မင်းသမီးနှင့် ပတ်သက်ရခြင်းမှာ အလွန်တရာ ဒုက္ခများသော ကိစ္စတစ်ခုသာ ဖြစ်နေလေသည်။
ဤလောကတွင် အရာအားလုံး၌ တန်ဖိုးကိုယ်စီ ရှိကြသည်။ မိမိလိုချင်သော အရာတစ်ခုအတွက် ထိုက်တန်သော တန်ဖိုး ပေးဆပ်နိုင်သရွေ့ ထိုအရာကို ပိုင်ဆိုင်နိုင်မည် မဟုတ်ပါလား။
အကယ်၍ အိုလီဗီယာသာ သူ့အား သစ္စာခံရန် တိုက်ရိုက် ကမ်းလှမ်းလာပါက စဉ်းစားပေးကောင်း စဉ်းစားပေးနိုင်ပေလိမ့်မည်။
သို့သော် သူတို့ကြားတွင် ပတ်သက်မှု သို့မဟုတ် ငြိတွယ်မှု တစ်ခုခု ရှိလာပါက သူမ၏ အဖွဲ့ဝင် တစ်ယောက်အဖြစ် အလိုအလျောက် သတ်မှတ်ခံရမည် သေချာလှသည်
အခြေအနေ အမှန်က မည်သို့ပင် ရှိစေကာမူ အိုလီဗီယာ၏ ရန်သူများက ချင်ဟန်အား သူမ လူအဖြစ် သတ်မှတ်ကြမည်သာ။
ထိုအချိန် ရောက်လာလျှင် သူက အလွန် အကျပ်ရိုက်သော အခြေအနေသို့ ရောက်သွားမည် ဖြစ်ပြီး သူမ အဖွဲ့ထဲသို့ အလကား ဝင်ရောက်လိုက်ရလို ဖြစ်သွားပေမည်။
မင်းသမီး အိုလီဗီယာနှင့် ပတ်သက်မှု တစ်ခုခု ရှိနေကြောင်း ကောလာဟလ ဇာတ်လမ်းများမှလွဲ၍ သူ အခြား ဘာအကျိုးအမြတ်မှ ရရှိမည် မဟုတ်ချေ။
လူအချို့ကတော့ အိမ်ရှေ့စံ မင်းသမီးနှင့် ပတ်သက်ရမည့် ဤကဲ့သို့ ကိစ္စမျိုးကို စိတ်ဝင်စားကောင်း စိတ်ဝင်စားကြလိမ့်မည်။ မည်သို့ပင်ဖြစ်စေ ဤသည်က အတော်လေး ရိုမန်တစ်ဆန်ပြီး စိတ်လှုပ်ရှားဖွယ် ကောင်းနေသည် မဟုတ်လော။
သို့သော် ချင်ဟန်ကမူ ထိုသို့ လုံးဝ မခံစားရပေ။
လူဆိုသည်မှာလည်း လူတွေသာ ဖြစ်၏။
ချင်ဟန်၏ အမြင်တွင် အိမ်ရှေ့စံ မင်းသမီး ဆိုသူမှာ သူမ အဆင့်အတန်းမှလွဲ၍ သာမန် အမျိုးသမီး တစ်ယောက်ထက် မပိုသလို အခြား အမျိုးသမီးများနှင့်လည်း များစွာ ကွာခြားမှု မရှိချေ။
သူမက ထိုမျှလောက်အထိ အံ့ဩ အထင်ကြီးဖွယ် ကောင်းမနေခဲ့ပေ။
ထို့အပြင် သူ တစ်ယောက်တည်း ထိုသို့ ခံစားရခြင်း မဟုတ်နိုင်။
အိုလီဗီယာ၏ ယခုလို အပြုအမူမျိုးကို ကြည့်လျှင် အတိတ်က လူများစွာ အပေါ်တွင်လည်း ဤကဲ့သို့ ပြုမူခဲ့ဖူးဖို့ များလှသည်။
သူမက သူ့အပေါ် ယခုလို ဆက်ဆံနိုင်လျှင် အနာဂတ်တွင်လည်း အခြားသူများအပေါ် ဤကဲ့သို့ပင် ဆက်ဆံမည် မဟုတ်ပါလား။
ညစာစားပွဲ ဗဟိုချက်တွင် အလွန် လှပကာ တက်ကြွနေသော အိုလီဗီယာကို ကြည့်ရင်း ချင်ဟန်၏ အကြည့်တို့က တည်ငြိမ်နေပြီး စိတ်ထဲမှသာ ခေါင်းခါယမ်းနေမိသည်။
သူမအား ခဏတာ အကဲခတ်ပြီးနောက် အကြည့်လွှဲလိုက်ပြီး ထပ်မကြည့်တော့ချေ။
အချိန်များ ကုန်လွန်လာသည်နှင့်အမျှ ညစာစားပွဲ၏ လေထုမှာ ပို၍ သက်ဝင် လှုပ်ရှားလာတော့သည်။
ကချေသည် တစ်စုက သူတို့၏ သေသပ် လှပသော အကစွမ်းရည်များကို ထုတ်ဖော် ပြသလာသဖြင့် ပွဲအငွေ့အသက်အား ပိုမြင့်တက်လာစေသည်။
ဤကချေသည်များ အားလုံးမှာ အလွန် လှပပြီး အရပ်ရှည်ကာ သွယ်လျကြသည်။ သူတို့အား အထူးတလည် ရွေးချယ်ထားကြောင်း ထင်ရှားစွာ မြင်နိုင်သည်။
သူတို့ ဝတ်ဆင်ထားသော အဝတ်အစားများမှာ အလွန် ပါးလွှာပြီး ခန္ဓာကိုယ်၏ အချို့သော အစိတ်အပိုင်းများကို ရံဖန်ရံခါ မြင်တွေ့နေရသည်။ သူတို့၏ မျိုးစုံသော အကအခုန် လှုပ်ရှားမှုများနှင့် ပေါင်းစပ်လိုက်ချိန်တွင် အလွန် ထူးခြားသော ခံစားချက် တစ်ခုကို ပေးစွမ်းနေလေပြီ။
ဘေးပတ်လည်ရှိ လူအများအပြားမှာ ဤကချေသည်များကို စိုက်ကြည့်နေကြ၏။
ညစာစားပွဲ ဆက်လက် ကျင်းပနေစဉ် အရက်နံ့များက ခန်းမတစ်ခုလုံးသို့ ပျံ့နှံ့လာပြီး လူအချို့က ရယ်မောကာ ကချေသည်များကို သူတို့ ရင်ခွင်ထဲ ပေါ့ပေါ့ပါးပါးပင် ဆွဲသွင်းနေသည်။
ဤသို့ ပြုမူသူ များစွာ ရှိသော်လည်း မင်းသမီး အိုလီဗီယာက မျက်ကွယ်ပြုထားခဲ့သည်။ ရံဖန်ရံခါတွင် သူမကိုယ်တိုင်ပင် ပြုံး၍ အကထဲ ပါဝင် ဆင်နွှဲသေး၏။
သူမ၏ အဆင့်အတန်းကြောင့် မည်သူကမျှ သာမန် ကချေသည် တစ်ယောက်လို မဆက်ဆံရဲသော်လည်း အတူကရန် ဖိတ်ခေါ်သူ များစွာ ရှိနေခဲ့သည်။
သို့သော် သူမ ထိုသို့ ပြုမူနေစဉ် ချင်ဟန်အား မျက်ခြည်မပြတ် စောင့်ကြည့်နေတတ်သည်။
ချင်ဟန်ကမူ ထောင့်တစ်နေရာတွင် ခါးကို မတ်မတ်ထား၍ တစ်ယောက်တည်း ထိုင်နေဆဲပင်။
အရက်နှင့် ပတ်ဝန်းကျင် အခြေအနေကြောင့် လူအများစု၏ အဝတ်အစားများမှာ ဖရိုဖရဲ ဖြစ်နေကြသော်လည်း သူကတော့ ဖြောင့်တန်းနေသော ဓားတစ်လက်ကဲ့သို့ ပြီးပြည့်စုံသော ကိုယ်နေဟန်ထားဖြင့် ထိုင်နေသဖြင့် အလွန် မျက်စိကျစရာ ကောင်းနေတော့သည်။
သူက ကျန်လူအုပ်ကြီးနှင့် လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေ၏။
အိုလီဗီယာ အတော်လေး အံ့အားသင့်သွားရသည်။ သူမ လျှောက်သွားရန် ပြင်နေစဉ် သေးငယ်သော ပုံရိပ်လေး တစ်ခု ချင်ဟန်ထံ တိတ်တဆိတ် ချဉ်းကပ်သွားသည်ကို မြင်လိုက်ရ၏။
ထိုမိန်းကလေးမှာ အသက် (၁၅)နှစ် ဝန်းကျင်ခန့်သာ ရှိသေးပြီး အိုလီဗီယာနှင့် အနည်းငယ် ဆင်တူသော်လည်း သူတို့နှစ်ယောက်ကြား ကြီးမားသော ကွာခြားချက်များလည်း ရှိနေသည်။
ထိုမိန်းကလေးကို ကြည့်ရင်း အိုလီဗီယာ အံ့အားသင့်သွားကာ စိတ်ထဲမှနေ၍ ခေါင်းခါယမ်းလိုက်မိသည်။
"မ… မင်္ဂလာပါ..."
ဗာနာက ချင်ဟန်ရှေ့သို့ ရောက်လာပြီး သတ္တိမွေးကာ ချင်ဟန်ကို အလေးအနက် စိုက်ကြည့်ရင်း နှုတ်ဆက်လာသည်။
"ကျွန်မကို မှတ်မိသေးလား"
"မင်းကိုး..."
ဗာနာကို ကြည့်ရင်း ချင်ဟန် အနည်းငယ် အံ့အားသင့်သွားသော်လည်း အလျင်အမြန် သတိပြန်ဝင်လာခဲ့၏။
"မင်း ဒီကို ဘာလာလုပ်တာလဲ... မင်းရဲ့ အစ်ကို၊ အစ်မ တစ်ယောက်ယောက်က ဒီမှာ ဧည့်သည်အဖြစ် ပါလာလို့လား" သူက ခပ်ရေးရေး ပြုံးပြီး ညင်သာစွာ မေးလိုက်သည်။
ဗာနာလည်း ခဏတာ ငေးကြည့်နေပြီးနောက် အလျင်အမြန် ခေါင်းညိတ်ပြလိုက်သည်။
ထိုနေရာတွင် ရပ်၍ ချင်ဟန်အား ကြည့်နေရင်း သူမ ဘာပြောရမှန်း မသိတော့ပေ။
အခြေအနေမှာ အနည်းငယ် အနေခက်စရာ ဖြစ်လာတော့သည်။
ချင်ဟန်က ပြုံး၍...
"ထိုင်မလား... အကြာကြီး မတ်တပ်ရပ်နေရရင် ပင်ပန်းလိမ့်မယ်... စိတ်မရှိဘူးဆိုရင် ငါ့ဘေးမှာ ထိုင်လို့ရပါတယ်"
သူက ဗာနာကို နူးညံ့သော အမူအရာဖြင့် ကြည့်လိုက်ရာ ယဉ်ကျေးသိမ်မွေ့သော လူကြီးလူကောင်း တစ်ယောက်နှင့် တူနေ၏။ သူ့လုပ်ရပ်များ အားလုံးက ပတ်ဝန်းကျင်ရှိ လူများကို သူ့အပေါ် အမြင်ကောင်းစေရန် ဖန်တီးပေးနိုင်စွမ်း ရှိသည်။
ဗာနာနှင့် ယှဉ်လျှင် ချင်ဟန်က စကားပြောဆိုရာတွင် များစွာ ပိုကျွမ်းကျင်သည်။
တကယ်တမ်း သူက အမြဲတမ်း ဤကဲ့သို့ပင် စကားပြောဆိုရာတွင် အတော်လေး ကျွမ်းကျင်သူ ဖြစ်၏။
မကြာမီမှာပင် သူတို့နှစ်ယောက် လွတ်လပ်စွာ စကားပြောဆိုလာကြပြီး တစ်ယောက်အကြောင်း တစ်ယောက် ပြောပြရင်း အတော်လေး ပျော်ရွှင်နေပုံ ပေါ်သည်။
"ငါ့မိသားစုက တောင်ပိုင်းကနေ လာတာ... ဆောင်းဦးပေါက်တိုင်း အဲ့ဒီမှာ လှပတဲ့ ခရမ်းရောင် ပန်းလေးတွေ ပွင့်တတ်သလို အရသာရှိတဲ့ သစ်သီးတွေလည်း ရှိတယ်… နောင်တစ်ချိန် အခွင့်အရေး ရရင် မင်းကို နည်းနည်းလောက် ပေးရမလား"
ဗာနာက ပြုံးပြီး ခေါင်းညိတ်ပြလိုက်သည်။
"ဒါဆို မင်းရဲ့ လိပ်စာလေး ပေးလို့ရမလား"
ချင်ဟန်၏ အမူအရာမှာ ယခင်အတိုင်း နွေးထွေးနေဆဲ ဖြစ်ပြီး ညင်သာစွာ ဆက်ပြော၏။
"နောက်တစ်ခါ ငါ့အဖေရဲ့ ရထားလှည်းတွေ ရောက်လာရင် မင်းဆီကို တစ်ယောက်ယောက် လွှတ်ပြီး ပို့ပေးခိုင်းလိုက်မယ်"
ဗာနာ တွေဝေသွားသည်။
အိုလီဗီယာက ချင်ဟန်ကို သူမ မည်သူမည်ဝါ ဖြစ်ကြောင်း မပြောပြရဟု တားမြစ်ထားခြင်း မရှိပေ။
သို့သော် သူမ၏ နောက်ခံကို သိသွားသူတိုင်း သူမအပေါ် ဆက်ဆံရေး ပြောင်းလဲသွားတတ်ခြင်းကြောင့်သာ။ မည်သူပင် ဖြစ်ပါစေ သူတို့က အိုလီဗီယာအပေါ် ဆက်ဆံသကဲ့သို့ အလွန်အမင်း ယဉ်ကျေးလာပြီး သတိထား ဆက်ဆံလာကြမည် ဖြစ်၏။
ချင်ဟန်ကိုတော့ ထိုကဲ့သို့ မဖြစ်စေချင်ပေ။
ထို့ကြောင့် သူမက တွေဝေစွာဖြင့်...
"ကျွန်မက ပုံမှန်ဆို အစ်ကိုကြီး ကယ်လီရဲ့ အိမ်တော်မှာ နေတာပါ... တကယ်လို့ တစ်ခုခု ပို့ပေးချင်ရင် အဲ့ဒီကိုပဲ ပို့ပေးလိုက်ပါ"
"ဒီလိုကိုး..." ချင်ဟန် အနည်းငယ် အံ့အားသင့်သွားသလို ဟန်ဆောင်ပြီးနောက် ပြုံးလိုက်သည်။ "ကောင်းပါပြီလေ"
ဗာနာ ကိုယ်တိုင် ဖုံးကွယ်ထားနိုင်ပြီဟု ထင်မှတ်ထားသည့်တိုင် ချင်ဟန်ကတော့ သူမ မည်သူမည်ဝါ ဖြစ်ကြောင်းကို အတော်လေး သေချာနေပြီ ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ ခန့်မှန်းရ သိပ်ခက်ခဲသည်တော့ မဟုတ်ပေ။
ကူတူး တော်ဝင်မြို့တော်တွင် မှူးမတ်များစွာ ရှိသော်ငြား ထိပ်တန်း မှူးမတ်များမှာမူ များများစားစား မရှိချေ။ ချင်ဟန်၏ စရိုက်အရ သူက ကူတူး တော်ဝင်မြို့တော်ရှိ ထိုသူများကို စုံစမ်းစစ်ဆေးထားခဲ့သည်မှာ ကြာပြီ ဖြစ်ပြီး သူတို့အကြောင်း များစွာ သိထားနှင့်ပြီး ဖြစ်သည်။
ထိုလူများထဲတွင် ဗာနာနှင့် ဆင်တူသူမှာ အလွန် ရှားပါးလှ၏။ ခန့်မှန်းရန် အတော်လေး လွယ်ကူနေပြီ ဖြစ်သော်လည်း ခိုင်မာသော ကောက်ချက်ချရန် သတင်းအချက်အလက် လုံလုံလောက်လောက် မရှိခဲ့ခြင်းသာ။
သို့သော် ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးနှင့် ဗာနာ ကိုယ်တိုင်ထံမှ ရရှိသော အချက်အလက် အချို့ကို ပေါင်းစပ်လိုက်ပြီးနောက် ချင်ဟန်လည်း သူမ၏ နောက်ခံအား အကြမ်းဖျင်း ခန့်မှန်းနိုင်ခဲ့လေပြီ။
ထိုမိန်းကလေးမှာ မင်းသမီး အိုလီဗီယာ၏ ညီမငယ်၊ နန်းမွေခံ အဆင့်သုံး နေရာတွင် ရှိသော ဗာနာပင် ဖြစ်ပေတော့မည်။
End
***