ဗာနာမှာ နန်းမွေခံ အဆင့် သုံး နေရာတွင် ရှိရုံသာမက လက်ရှိ ဘုရင်ကြီး၏ အငယ်ဆုံး သမီးတော်လည်း ဖြစ်သည်။
အကြောင်းအရင်း အချို့ကြောင့် မင်းသမီး ဗာနာမှာ အပြင်သိပ်မထွက်ဘဲ သူမ၏ ခမည်းတော်အား အဖော်ပြုပေးရန် နန်းတော်ထဲတွင်သာ အမြဲလိုလို နေလေ့ရှိကြောင်း ပြောစမှတ် ပြုကြသည်။
ထို့အပြင် သူမက မင်းသမီး အိုလီဗီယာနှင့် ဖအေတူ မအေကွဲ မဟုတ်ဘဲ မိဘနှစ်ပါးစလုံး တူညီသူများ ဖြစ်သောကြောင့် သူတို့ ညီအစ်မနှစ်ယောက်မှာ အတော်လေး ရင်းနှီးကြ၏။
ချင်ဟန် စိတ်ထဲမှ တွေးတောနေမိသည်။
ဤသည်ကို ထောက်ရှု၍ မင်းသမီး အိုလီဗီယာက သူ့အား ဤညစာစားပွဲသို့ ဖိတ်ကြားခဲ့ခြင်းမှာ စမ်းသပ်ရန် မဟုတ်ဘဲ သူနှင့် ဗာနာတို့ အဆင်ပြေ၊ မပြေ စောင့်ကြည့်ရန် ဖြစ်မည်ဟု သံသယ ဝင်လာတော့သည်။
"ဘာတွေ စဉ်းစားနေတာလဲ" ချင်ဟန်ကို ကြည့်ရင်း ဗာနာက သိချင်စိတ်ဖြင့် မေးလာသည်။
"ဘာမှ မဟုတ်ပါဘူး" ချင်ဟန် သတိပြန်ဝင်လာပြီး ဗာနာကို ခပ်ရေးရေး ပြုံးပြလိုက်၏။
သူတို့နှစ်ယောက် ထိုနေရာတွင် ထိုင်၍ ဆက်လက် စကားပြောနေကြသည်။
ထိုအချိန်အတွင်း အခြား အမျိုးသမီးများက ချင်ဟန်နှင့် စကားပြောရန် သို့မဟုတ် အတူကရန် ရည်ရွယ်၍ ချဉ်းကပ်လာခဲ့ကြသော်လည်း ချင်ဟန်က အားလုံးကို ငြင်းပယ်ခဲ့သည်။
ချင်ဟန်နှင့် ဗာနာတို့ ဆက်လက် စကားစမြည် ပြောဆိုနေကြပြီး အတူတကွ ရှိနေရသည်မှာ အတော်လေး ပျော်ရွှင်နေပုံ ပေါ်၏။
မင်းသမီး အိုလီဗီယာမှာမူ အခြား မှူးမတ်များနှင့် အတူကရင်း၊ စကားပြောရင်း သူတို့ကို ဆက်လက် စောင့်ကြည့်နေခဲ့သည်။
သူမက ဤကိစ္စနှင့် ပတ်သက်၍ ဘာမှ မလုပ်ဆောင်ခဲ့ပေ။ နှောင့်ယှက်ရန် မည်သူ့ကိုမျှ မလွှတ်ဘဲ သူတို့ သဘောအတိုင်းသာ လွတ်လပ်စွာ နေခွင့်ပြုထားလိုက်သည်။
သူမ တိတ်တဆိတ် ပုန်းကွယ်နေခဲ့သဖြင့် ချင်ဟန်၏ စွမ်းဆောင်ရည်ကို ယခင်ကတည်းက မြင်တွေ့ခဲ့ပြီး ဖြစ်သည်။
သူက အမှန်တကယ်ပင် ပါရမီရှင် တစ်ယောက် ဖြစ်ပြီး ဤမျှ ငယ်ရွယ်သော အသက်အရွယ်ဖြင့် သက်စောင့်မျိုးစေ့ နိုးထရန် ခြေတစ်လှမ်းသာ လိုတော့၏။ သာမန် သူရဲကောင်း တစ်ယောက်မှာ တော်ဝင် မိသားစုအတွက် လုံလောက်မှု မရှိသော်လည်း ချင်ဟန်က သာမန် အရပ်သား တစ်ယောက် မဟုတ်ပေ။
သူ့ဖခင်မှာ တောင်ပိုင်းမှ မှူးမတ် တစ်ပါး ဖြစ်ပြီး သူကိုယ်တိုင်က ကော်ရီပို၏ တပည့် ဖြစ်နေခြင်း၊ ကော်ရီပိုအပေါ် အတိုင်းအတာ တစ်ခုအထိ လွှမ်းမိုးနိုင်စွမ်း ရှိနေခြင်းတို့ ပေါင်းစပ်လိုက်ချိန်တွင် သူ့အဆင့်အတန်း လိုအပ်ချက်များကို အစားထိုး ဖြည့်ဆည်းပေးနိုင်ခဲ့ပြီ ဖြစ်သည်။
အကယ်၍ သူရဲကောင်း ကိုင်လင်း၌ အခြား ပြဿနာများ မရှိပါက သူက ဗာနာအတွက် သင့်တော်သော မိတ်ဖက် တစ်ယောက် ဖြစ်လာပေလိမ့်မည်။
အနည်းဆုံးတော့ ကိစ္စများက သိပ်ပြီး ရှုပ်ထွေးသွားမည် မဟုတ်ချေ။
သို့သော် ယခုက စောလွန်းနေသေးသဖြင့် ဤမျှ မြန်မြန်ဆန်ဆန် ဆုံးဖြတ်ချက်ချရန် မလိုအပ်သေးပေ။
အချိန်များ လျင်မြန်စွာ ကုန်လွန်သွားပြီး မျက်တောင် တစ်ခတ်အတွင်းမှာပင် သက်ဝင် လှုပ်ရှားနေသော ပွဲလေထုမှာ ငြိမ်သက်သွားကာ လူအုပ်ကြီးလည်း တဖြည်းဖြည်း လူစုကွဲသွားကြတော့သည်။
"ဒီညစာစားပွဲ ပြီးတော့မယ့်ပုံပဲ" ချင်ဟန်က ပတ်ပတ်လည်ကို အကဲခတ်ပြီး ဗာနာကို ကြည့်ကာ ပြုံးလိုက်သည်။ "အချိန်လည်း လင့်နေပြီဆိုတော့ ငါလည်း ပြန်သင့်ပြီ... အနာဂတ်မှာ ငါတို့ ထပ်တွေ့နိုင်မယ်လို့ မျှော်လင့်ပါတယ်"
"ရှင် ကျွန်မဆီ လာလည်မှာ မဟုတ်လား" ဗာနာက သူမ နှုတ်ခမ်းကို ကိုက်၍ ညင်သာစွာ မေးလာသည်။ ချင်ဟန်ကို ကြည့်နေသော သူမပုံစံမှာ သူ ထွက်သွားမည်ကို အသိသာကြီး နှမြောတွန့်တိုနေပုံ ပေါ်၏။
ချင်ဟန်က ခဏတာ စိုက်ကြည့်နေပြီးနောက် ပြုံး၍...
"သေချာတာပေါ့... မင်းနဲ့ အတူရှိနေရတာ အရမ်း ပျော်ဖို့ကောင်းတယ်... ဒါကြောင့် ဒီည မင်းနဲ့ တွေ့ရသလိုမျိုး အနာဂတ်မှာလည်း ထပ်တွေ့နိုင်ဖို့ မျှော်လင့်မိပါတယ်"
"ငါတို့ နောက်တစ်ကြိမ် ပြန်မတွေ့မချင်း ငါမင်းကို သတိရနေမှာပါ"
"မစ္စတာ ကိုင်လင်း..." ချင်ဟန်၏ စကားကို ကြားလျှင် ဗာနာ ခဏတာ တုံ့ဆိုင်းသွားပြီး ခေါင်းငုံ့သွားကာ သူမ မျက်နှာလေးမှာ ရဲတက်လာတော့သည်။
ထိုစကားများမှာ အတော်လေး သာမန်ဟု ထင်ရသော်ငြား သူမအတွက်တော့ ချစ်ခွင့်ပန်နေသကဲ့သို့ပင်။ လူတို့၏ နှလုံးသားကို လှုပ်ခတ်စေနိုင်သော လှပသည့် ကဗျာတစ်ပုဒ်နှင့် တူနေသည်။
သူမက သတ္တိမွေး၍ ချင်ဟန်၏ မျက်နှာကို မော့ကြည့်ကာ ရှက်ရွံ့စွာ ပြောလိုက်သည်။
"ကျွန်မလည်း နောက်တစ်ကြိမ် ပြန်မတွေ့မချင်း ရှင့်ကို သတိရနေမှာပါ"
…
"အဲ့ဒီနေ့က အရမ်း မဝေးတော့ဘူးလို့ မျှော်လင့်ပါတယ်" ချင်ဟန်က ပြုံးပြပြီးနောက် လူကြီးလူကောင်း ပီသစွာ ဦးညွှတ်လိုက်သည်။
"အချိန်လည်း လင့်နေပြီဆိုတော့ ငါပြန်တော့မယ်... ဒီည ကောင်းသော အိပ်မက်လေးတွေ မက်ပါစေ"
"မင်း အဆင်ပြေရဲ့လား" စံအိမ်တော် အပြင်ဘက်တွင် ကယ်လီက ချင်ဟန်နှင့်အတူ လမ်းလျှောက်ထွက်လာရင်း ချင်ဟန်ကို ကြည့်ကာ မမေးဘဲ မနေနိုင်တော့ချေ။
"ငါ အဆင်ပြေပါတယ်" ချင်ဟန်က ပြုံးရင်း... "မေဒါက ပွင့်လင်းတဲ့ စရိုက်ရှိပေမဲ့ ကံကောင်းလို့ ငါ့အပေါ် သိပ်မကြမ်းခဲ့ဘူး... မဟုတ်ရင် ငါ အခုလောက်ဆို လဲနေလောက်ပြီ... မင်းနဲ့တောင် စကားပြောနိုင်မှာ မဟုတ်ဘူး"
"အဲ့ဒါ သိပ်မကြမ်းတာ ဟုတ်လား..." ချင်ဟန်၏ စကားကို ကြားလျှင် ကယ်လီ စိတ်ထဲမှ တွေးလိုက်မိသည်။
ချင်ဟန်နှင့် မေဒါတို့ တိုက်ခိုက်ခဲ့သည့် မြင်ကွင်းက သူ့ခေါင်းထဲတွင် လျှပ်တစ်ပြက် ပေါ်လာဆဲပင်။
ထိုကြောက်မက်ဖွယ် တိုက်ပွဲတွင် သူတို့နှစ်ယောက်ထဲမှ တစ်ယောက် နေရာ၌သာ သူ ဖြစ်နေခဲ့ပါက ချက်ချင်း နှစ်ပိုင်းပိုင်း ခံရမည် ဖြစ်ပြီး အသက်ရှင်ရန် အခွင့်အရေးပင် ရမည် မဟုတ်ချေ။
သို့သော် ထိုတိုက်ပွဲ အကြောင်း တွေးမိရင်း တစ်စုံတစ်ခုကို သတိရသွားကာ ချင်ဟန်အား ကြည့်၍ မေးလိုက်သည်။
"ကိုင်လင်း... မင်းက... အဲ့ဒီအဆင့်ကို ရောက်နေပြီလား"
"အဲ့ဒီအဆင့်လား..." ချင်ဟန်က ပြန်မေးလိုက်သော်လည်း ကယ်လီ ဘာကို ဆိုလိုမှန်း ချက်ချင်း သဘောပေါက်သွား၏။ သူက ဘာမှ ဖုံးကွယ်မနေတော့ဘဲ ခပ်ရေးရေး ပြုံး၍ ပြန်ဖြေလိုက်သည်။
"ဟုတ်တယ်... မစ္စတာ ကော်ရီပိုက ငါ သက်စောင့်မျိုးစေ့ နိုးထဖို့ အဆင်သင့် ဖြစ်နေပြီမို့ ကြိုးစားကြည့်လို့ ရပြီလို့ ပြောတယ်..."
ဤသည်ကို ကြားလျှင် ကယ်လီက အသက်ရှူမှားသွားသလို တအံ့တဩ ညည်းညူမိတော့သည်။
"ဒါဆို တကယ်ပေါ့..."
သူက အလွန်အမင်း တုန်လှုပ်သွားပြီး ဘာဆက်ပြောရမှန်းပင် မသိတော့ပေ။
သူရဲကောင်း ဆိုသည်မှာ ဘွဲ့နာမည် တစ်ခု ရှိရုံမျှဖြင့် ရိုးရှင်းသော အရာ မဟုတ်ချေ။
နေရာတိုင်းတွင် ပရမ်းပတာ ဖြစ်နေပြီး စစ်မက်များ ဖြစ်ပွားနေသော ဤအချိန်ကာလမျိုး၌ မိသားစု တစ်ခု၏ စွမ်းအားကို ဆုံးဖြတ်ပေးသည်မှာ ဓနဥစ္စာ ကြွယ်ဝမှု အပြင် သူတို့ပိုင်ဆိုင်သော သူရဲကောင်း အရေအတွက်ပင် ဖြစ်သည်။
အစစ်အမှန် သူရဲကောင်းများ ရှိသည့် မိသားစုများကိုသာ စစ်မှန်သော မှူးမတ် မိသားစု အဖြစ် သတ်မှတ်နိုင်၏။
ထိုသည်မှာ မှူးမတ် အသိုင်းအဝိုင်း ကြားရှိ စံနှုန်း တစ်ခုပင်။
သူရဲကောင်း မရှိသော မှူးမတ် မိသားစုများ အနေဖြင့် မည်သည့် ကာကွယ်မှုမှ မရှိသောကြောင့် အချိန်မရွေး ပျောက်ကွယ်သွားနိုင်ချေ ရှိသည်။ မကြာခဏ ဆိုသလို ဘယ်ဆီကမှန်း မသိ ပေါ်လာတတ်သော ဓားပြများ၏ ဖျက်ဆီးခြင်းကို ခံရတတ်သည်။
အကယ်၍ ချင်ဟန်သာ သက်စောင့်မျိုးစေ့ကို နိုးထစေနိုင်ပြီး အစစ်အမှန် သူရဲကောင်း တစ်ယောက် ဖြစ်လာပါက သူ့မိသားစု၏ အဆင့်အတန်းမှာလည်း တဟုန်ထိုး တက်သွားပေလိမ့်မည်။
ထို့အပြင် သူ့အသက်အရွယ်ကို ထည့်သွင်း စဉ်းစားရလျှင် အနာဂတ်၌ သူက ဒီထက်ပို၍ ရှေ့ဆက်သွားနိုင်ဖို့ ဆိုသည်မှာ မဖြစ်နိုင်သော ကိစ္စ မဟုတ်ချေ။
တကယ်လို့ သူသာ ကြီးမြတ်သော သူရဲကောင်း တစ်ယောက် ဖြစ်လာခဲ့ရင်...
တွေးကြည့်ယုံနှင့်ပင် ကယ်လီ တစ်ကိုယ်လုံး တုန်တက်သွားတော့သည်။
ကြီးမြတ်သော သူရဲကောင်းများမှာ သာမန် အကန့်အသက်များကို ကျော်လွန်နေခဲ့ပြီ ဖြစ်၏။
သာမန် သူရဲကောင်းများက အစွမ်းထက်ကြသော်ငြား ထိပ်တန်း မှူးမတ် မိသားစုများနှင့် ရင်ဆိုင်ရချိန်တွင် သူတို့ အဆင့်အတန်းမှာ နှိုင်းယှဉ်၍ပင် မရလောက်အောင် မှေးမှိန်သွားသည်။
သို့သော် ကြီးမြတ်သော သူရဲကောင်းများကတော့ ထိုအရာအားလုံးကို လုံးဝ ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။
ချင်ဟန်၏ ဆရာဖြစ်သူ ကော်ရီပိုမှာ ကြီးမြတ်သော သူရဲကောင်း တစ်ယောက်ပင်။
ကယ်လီ သိထားသလောက်ဆိုလျှင် ကူတူး တိုင်းပြည် တစ်ခုလုံး၌ ကော်ရီပို၏ အဆင့်အတန်းမှာ ဘုရင်ကြီး ပြီးလျှင် ဒုတိယ နေရာတွင် ရှိသည်။
အခြားသူများ ဆိုလျှင်တော့ သူက လုံးဝ အရေးလုပ်မည် မဟုတ်ချေ။
အတိတ်က ကော်ရီပိုက တစ်ညတည်းဖြင့် တပ်သား တစ်ထောင်ကို သတ်ဖြတ်ခဲ့ပြီး မြို့စား တစ်ယောက်၏ မိသားစု တစ်ခုလုံးအား အမြစ်ပြတ် သုတ်သင်ခဲ့ကြောင်း ကောလာဟလများ ရှိခဲ့သည်။
ဤကိစ္စက မှူးမတ်များ ကြားတွင် ယခုတိုင် ပျံ့နှံ့နေဆဲ ဖြစ်ပြီး မည်သူမှ မေ့ပစ်ရန် မရဲကြပေ။
တကယ်လို့ ချင်ဟန်လည်း ကြီးမြတ်သော သူရဲကောင်း တစ်ယောက် ဖြစ်လာခဲ့ရင်...
အကယ်၍ ချင်ဟန်သာ ထိုသို့ အမှန်တကယ် လုပ်နိုင်ခဲ့ပါက ကယ်လီ၏ ရင်းနှီးမြှုပ်နှံမှုများမှာ ကြီးမားစွာ အကျိုးအမြတ် ထွက်လာပေလိမ့်မည်။
သူ့ဖခင်နှင့် ကျန်မိသားစုဝင်များပင် သူ့ကို ပို၍ အလေးထား လာကြမည်သာ။
End
***