ချင်ဟန်ကို ကြည့်ရင်း ကယ်လီ အသက်ပြင်းပြင်း ရှူသွင်းလိုက်သည်။ အချိန်အတော်ကြာမှသာ သူ့စိတ်ခံစားချက်များကို တည်ငြိမ်အောင် ထိန်းချုပ်နိုင်ခဲ့တော့၏။
ကံကောင်းစွာဖြင့် ချင်ဟန်မှာ သူ့သူငယ်ချင်း ဖြစ်နေခဲ့သည်။
သူတို့ အတူတကွ အချိန်များစွာ ကုန်ဆုံးခဲ့ကြပြီး ဖြစ်ကာ သူတို့ကြားတွင် အတိုင်းအတာ တစ်ခုအထိ ယုံကြည်မှုလည်း ရှိနေလေပြီ။
ဤဆက်ဆံရေးဖြင့် အနာဂတ်တွင် ချင်ဟန် ရှေ့သို့ တက်လှမ်းနိုင်လေလေ သူ့အတွက် ပိုကောင်းလေလေပင်။
အကယ်၍ ချင်ဟန်သာ ဤအဆင့်သို့ အမှန်တကယ် ရောက်ရှိသွားပါက သူ့မိသားစုကပင် သူ့ကို ပို၍ တန်ဖိုးထားလာမည် ဖြစ်ပြီး အရင်းအမြစ်များ ပိုထောက်ပံ့ပေးလာပေလိမ့်မည်။
ထိုအကြောင်း တွေးမိသည်နှင့် ကယ်လီက ပြုံးမနေဘဲ မနေနိုင်တော့သလို ချင်ဟန်ကို ကြည့်နေသော သူ့အမူအရာမှာလည်း ပိုထက်သန်လာတော့သည်။
ကယ်လီ၏ တုံ့ပြန်မှုကို ကြည့်ရင်း ချင်ဟန် စိတ်ထဲမှ ပြုံးလိုက်မိသည်။
လွန်ခဲ့သော အချိန်များစွာ ကတည်းက ကယ်လီနှင့် အခြားသူများ၏ တုံ့ပြန်မှုများကို သူ တွေးဆထားနှင့်ပြီး ဖြစ်သည်။
ကယ်လီ ပြသလာသည့် တုံ့ပြန်မှုမှာ သူ လိုချင်သော အရာပင်။
ယခုအခါ ချင်ဟန်က သူ့တန်ဖိုးကို ထုတ်ဖော် ပြသခဲ့ပြီးလေပြီ။ အကယ်၍ အခြားသူများသာ ဤအရာကို မြင်တွေ့သွားပါက သူ့အပေါ် ပို၍ ရင်းနှီးမြှုပ်နှံကြမည် ဖြစ်ပြီး ပိုကူညီလာကြမည်သာ။ ထိုသည်က သူ့တိုးတက်မှုကို အရှိန်အဟုန် မြှင့်တင်ပေးပေလိမ့်မည်။
သူတို့က သူ့အပေါ် ပိုရင်းနှီးမြှုပ်နှံလာသည်နှင့်အမျှ အတိုင်းအတာ တစ်ခုသို့ ရောက်ရှိသွားချိန်တွင် သူ့ကို လက်လျှော့ချင်လျှင်ပင် အရှုံးခံလိုစိတ် ရှိကြမည် မဟုတ်ပေ။
မည်သို့ပင်ဖြစ်စေ သူတို့က အများကြီး ရင်းနှီးမြှုပ်နှံထားပြီး ဖြစ်သဖြင့် သူ့ကို လက်လျှော့လိုက်ပါက ထိုအရာအားလုံးမှာ အလဟဿ ဖြစ်သွားမည် မဟုတ်ပါလား။
ချင်ဟန်က ဤအချက်ကို နက်နက်ရှိုင်းရှိုင်း နားလည်ထားသည်။
မျှော်လင့်ထားသည့် အတိုင်းပင် အပြန်လမ်းတွင် ကယ်လီက ကူတူး တော်ဝင်မြို့တော် အကြောင်း အချို့ကို ပြောပြခဲ့ပြီး ချင်ဟန် ပိုင်ဆိုင်သော ဆိုင်များမှ ကုန်ပစ္စည်း အချို့ကို အလွန် ကောင်းမွန်သော ဈေးနှုန်းများဖြင့် ဝယ်ယူခဲ့ရာ ချင်ဟန် အတွက် အပိုငွေ အနည်းငယ် ရရှိသွားစေသည်။
ထို့နောက် ချင်ဟန်လည်း သူ့အိမ်တော်သို့ ပြန်လာခဲ့တော့၏။
ရက်အနည်းငယ် ကြာပြီးနောက် နံနက်စောစော အချိန်တွင် နေမင်းက တောက်ပစွာ ထွက်ပေါ်နေလေပြီ။
ချင်ဟန်က သူ့အိမ်တော်ရှိ လေ့ကျင့်ရေး ကွင်းပြင်တွင် တစ်ယောက်တည်း ရပ်နေသည်။ သူ့အမူအရာမှာ တည်ငြိမ်နေပြီး ထိုနေရာတွင် တိတ်ဆိတ်စွာ ရပ်နေ၏။
"အတွင်းရော အပြင်ပါ လေ့ကျင့်ခြင်း... သွေးချီကို လှည့်ပတ်ခြင်း..."
ချင်ဟန်က ခန္ဓာကိုယ် သန့်စင်ခြင်း ကျင့်စဉ်ကို တိတ်တဆိတ် လေ့ကျင့်နေရင်း စိတ်ထဲမှ တွေးတောနေမိသည်။
"ကျောက်ခဲမာ ခန္ဓာကိုယ် သန့်စင်ခြင်း ကျင့်စဉ်က သွေးချီကို လှည့်ပတ်စေတာပဲ... ဒီလိုလုပ်တာက သက်စောင့်စွမ်းအင် လှည့်ပတ်မှု အပေါ်မှာလည်း သက်ရောက်မှု ရှိပုံရတယ်..."
"ဒါကို အခြေခံပြီး ကြည့်ရင် သက်စောင့်စွမ်းအင် ဆိုတာက ခန္ဓာကိုယ်ရဲ့ သွေးချီ အစိတ်အပိုင်း တစ်ခု ဖြစ်ဖို့ များတယ်... နည်းနည်းလေး ထူးခြားနေယုံပဲ..."
မကြာသေးမီက ချင်ဟန်၏ သူရဲကောင်း လေ့ကျင့်မှုမှာ ပိတ်ဆို့မှု တစ်ခုနှင့် ကြုံတွေ့နေရသောကြောင့် ကျောက်ခဲမာ ခန္ဓာကိုယ် သန့်စင်ခြင်း ကျင့်စဉ် အပေါ်တွင်သာ အာရုံစိုက်ထားခဲ့သည်။
ကျောက်ခဲမာ ခန္ဓာကိုယ် သန့်စင်ခြင်း ကျင့်စဉ်၏ မှတ်တမ်းများအရ ဤကျင့်စဉ်မှာ ဆရာကြီး ဖန်းရှီထံမှ ဆင်းသက်လာခြင်း ဖြစ်သည်။ သူက ကျောက်ခဲ မကောင်းဆိုးဝါး တစ်ကောင်အား သတ်ဖြတ်ပြီးနောက် ၎င်း၏ ခန္ဓာကိုယ် ဖွဲ့စည်းပုံကို လေ့လာကာ ခန္ဓာကိုယ် သန့်စင်ခြင်း ကျင့်စဉ် တစ်ခုအဖြစ် ပြောင်းလဲ ဖန်တီးခဲ့ခြင်းပင်။
အကယ်၍ သာမန်လူများ အနေဖြင့် ဤကျင့်စဉ်ကို သင်ယူလိုပါက အရင်ဆုံး ခန္ဓာကိုယ် သန့်စင်ခြင်း အဆင့် ပြီးမြောက်အောင် လုပ်ဆောင်ရမည်။ ထို့နောက် သွေးချီကို လှည့်ပတ်ပြီး အတွင်းရော အပြင်ပါ လေ့ကျင့်ကာ မိမိခန္ဓာကိုယ်အား ကျောက်စိုင်ကျောက်ခဲ တစ်ခုကဲ့သို့ ပြောင်းလဲရမည် ဖြစ်သည်။
ကနဦး သွေးသား ခန္ဓာကိုယ်မှသည် နောက်ဆုံး ကျောက်ဆောင်ခန္ဓာ အထိ ခန္ဓာကိုယ် သန့်စင်ခြင်း ကျင့်စဉ် တစ်ခုလုံးကို အဆင့် သုံးဆင့် ခွဲခြားနိုင်သည်။
ပထမ အဆင့်မှာ ဓားရှည်၊ ဓားတိုများကို ခံနိုင်ရည် ရှိသည့်တိုင်အောင် မိမိခန္ဓာကိုယ်ကို သန့်စင်ရခြင်း ဖြစ်သည်။
ဤအဆင့်သို့ ရောက်သည်နှင့် အပြင်ပန်း၌ သာမန်လူ တစ်ယောက်နှင့် တူနေမည် ဖြစ်သော်လည်း သွေးချီ လှည့်ပတ်ပြီးနောက် လက်နက်များကို ခံနိုင်ရည် ရှိသည့်အထိ မိမိခန္ဓာကိုယ်ကို ပြောင်းလဲနိုင်စွမ်း ရှိလာပေလိမ့်မည်။
ယင်းနောက် ဒုတိယ အဆင့်မှာ သွေးချီကို စုစည်းပြီး ခန္ဓာကိုယ်အား ကျောက်ဆောင်ခန္ဓာ အဖြစ် ပြောင်းလဲခြင်းပင်။
သူတို့၏ ကျောက်ဆောင်ခန္ဓာကို ဖွဲ့စည်းပြီးသည်နှင့် ခန္ဓာကိုယ် သန့်စင်ခြင်း အဆင့်ကို ကျော်လွန်သွားကာ သိုင်းခန္ဓာ နယ်ပယ်သို့ ရောက်ရှိသွားမည် ဖြစ်သည်။
ဤအဆင့်တွင် ကျောက်ဆောင်ခန္ဓာ ပိုင်ရှင်များမှာ သွေးချီ လှည့်ပတ်လိုက်သည်နှင့် မည်သည့် လက်နက် ထိခိုက်ဒဏ်ရာမှ ရရှိတော့မည် မဟုတ်ချေ။
ဖော်ပြချက်များအရ အငယ်စား သေနတ်များပင်လျှင် ကျောက်ဆောင်ခန္ဓာကို ထိုးဖောက်နိုင်စွမ်း ရှိမည် မဟုတ်ကြောင်း သိသာနေ၏။
ထိုသည်မှာ ဒုတိယ အဆင့်သာ ရှိသေးသည်။
ကျောက်ဆောင်ခန္ဓာကို စုစည်းပြီးနောက် နောက်ဆုံး အဆင့်မှာ ကျောက်စိုင် နှလုံးသားကို စုစည်း၍ ကျောက်ဆောင်ခန္ဓာကို အလုံးစုံ ပြီးမြောက်စေခြင်း ဖြစ်သည်။
ဤအဆင့်သို့ ရောက်သည်နှင့် မိမိ၏ ကျောက်ဆောင်ခန္ဓာမှာ ပြီးပြည့်စုံသွားမည် ဖြစ်သလို သိုင်းခန္ဓာသည်လည်း ပြီးပြည့်စုံသွားပေလိမ့်မည်။
ချင်ဟန်၏ နားလည်မှုအရ လက်တွေ့လောကတွင် ဤအဆင့်ရှိ သိုင်းပညာရှင်များမှာ သာမန်လူများ မဟုတ်ကြပေ။ လင်မြို့ တစ်ခုလုံးတွင်ပင် သူတို့မှာ အတော်လေး အထင်ကြီးဖွယ် ကောင်းသော ပုဂ္ဂိုလ်များ ဖြစ်နေပေလိမ့်မည်။
သေချာသည်က ချင်ဟန် အနေဖြင့် ဤအဆင့်နှင့် အလှမ်းဝေးနေဆဲပင်။
လတ်တလောတွင် သူက ပထမ အဆင့်၌သာ ရှိသေးပြီး ခန္ဓာကိုယ်နှင့် သွေးချီကို သန့်စင်နေဆဲ ဖြစ်သည်။
သူက ဤအဆင့်ကို အလွန်တရာ နှေးကွေးစွာဖြင့် ဂရုတစိုက် ဖြတ်သန်းနေခဲ့၏။
ဤသည်မှလွဲ၍ အခြား ရွေးချယ်စရာ လမ်းကြောင်း မရှိပေ။
လူအများစု အနေဖြင့် ခန္ဓာကိုယ် သန့်စင်ချိန်တွင် သူတို့ကို စောင့်ကြည့် အကဲခတ်ပေးမည့် စီနီယာများ သို့မဟုတ် ဆရာသမားများ ရှိတတ်ကြသည်။
သို့သော် ချင်ဟန်တွင် ထိုကဲ့သို့ အခွင့်အရေးမျိုး မရှိခဲ့ချေ။
ခန္ဓာကိုယ် သန့်စင်ခြင်းမှာ အလွန် ရှုပ်ထွေး သိမ်မွေ့ပြီး အသေးအမွှား အချက်လေး တစ်ခု မှားယွင်းသွားလျှင်ပင် ကြီးမားသော ပြဿနာများကို ဖြစ်ပေါ်စေနိုင်သည်။ အနာဂတ်တွင်လည်း ပြဿနာများ ဖြစ်လာစေပြီး ဆိုးရွားသော ရလဒ်များကို ဖြစ်ပေါ်စေနိုင်သည်။
ထို့ကြောင့် ချင်ဟန်လည်း ခန္ဓာကိုယ် သန့်စင်ခြင်း လုပ်ငန်းစဉ်ကို ဖြတ်သန်းရာတွင် အလွန်အမင်း သတိထားနေရခြင်းပင်။
သို့သော် လေ့ကျင့်နေစဉ် တစ်စုံတစ်ခုကို သူ ရှာဖွေ တွေ့ရှိသွားခဲ့သည်။
ကျောက်ခဲမာ ခန္ဓာကိုယ် သန့်စင်ခြင်း ကျင့်စဉ်ကို လေ့ကျင့်၍ သွေးချီကို လှည့်ပတ်လိုက်ချိန်တွင် ၎င်းက သက်စောင့်စွမ်းအင်ကိုပါ လှည့်ပတ်လာစေ၏။
သက်စောင့်စွမ်းအင်က ဤလုပ်ငန်းစဉ်ထဲ ပါဝင်လာသောအခါ ရလဒ်များမှာ သွေးချီကို သက်သက် သန့်စင်ခြင်းထက် ပို၍ ကောင်းမွန်နေပုံ ပေါ်သည်။
ဤသည်က ချင်ဟန်အား အတော်လေး အံ့အားသင့်သွားစေသည်။
သူရဲကောင်းများ၏ သက်စောင့်စွမ်းအင်မှာ သိုင်းပညာရှင်များ၏ သွေးချီနှင့် အတော်လေး ဆင်တူကြောင်း ထင်ရှားနေပြီး သူတို့ကို သီးခြား သတ်မှတ်ထားခြင်းသာ ဖြစ်ပေလိမ့်မည်။
ထို့ကြောင့် သွေးချီကို လှည့်ပတ်နိုင်စွမ်း ရှိသည့် ခန္ဓာကိုယ် သန့်စင်ခြင်း ကျင့်စဉ်က သက်စောင့်စွမ်းအင် အပေါ်တွင်လည်း သက်ရောက်မှု ရှိနေခြင်း ဖြစ်သည်။
သက်စောင့်စွမ်းအင်၏ အကူအညီဖြင့် ချင်ဟန်မှာ ကျောက်ခဲမာ ခန္ဓာကိုယ် သန့်စင်ခြင်း ကျင့်စဉ်ကို အတော်လေး နှေးကွေးစွာနှင့် ဂရုတစိုက် လေ့ကျင့်နေခဲ့ရသော်လည်း သူ့တိုးတက်မှုက လုံးဝ နှေးကွေးမနေခဲ့ပေ။
နေ့စဉ်နှင့်အမျှ သူ့တိုးတက်မှုကို အာရုံခံနိုင်ပြီး ခန္ဓာကိုယ် တဖြည်းဖြည်း ပိုသန်မာလာသည်ကို ခံစားနေရ၏။
ရိုးရိုးသားသား ပြောရလျှင် ထိုခံစားချက်က အံ့ဩဖွယ် ကောင်းသည်။
သို့သော် သူ့ခန္ဓာကိုယ်၌ ရှိသော သက်စောင့်စွမ်းအင် ပမာဏ ကန့်သတ်ချက်ကြောင့် ကျင့်စဉ်ကို နေ့စဉ် အချိန်အကြာကြီး လေ့ကျင့်နိုင်ခြင်း မရှိခဲ့ချေ။ ဤကန့်သတ်ချက်က ချင်ဟန်၏ တိုးတက်မှု အရှိန်ကို ကြီးမားစွာ တားဆီးထားပြီး သူ့အတွက် ကိစ္စများကို များစွာ နှေးကွေးသွားစေသည်။
သေချာသည်က ဤပြဿနာကို မည်သို့ ဖြေရှင်းရမည် ဆိုသည်နှင့် ပတ်သက်၍ ချင်ဟန်၌ အကြံအစည် အချို့ ရှိထားနှင့်ပြီး ဖြစ်သည်။
ဤပြဿနာကို ဖြေရှင်းရန် အမှန်တကယ်တွင် သိပ်မခက်ခဲပေ။
သူ့တွင် လုံလောက်သော သက်စောင့်စွမ်းအင် မရှိသည့်အတွက် ထိုစွမ်းအင်ကို မြှင့်တင်ရန် နည်းလမ်းများကို ရှာဖွေရုံသာ ရှိတော့၏။
သက်စောင့်စွမ်းအင်ကို မြှင့်တင်ရန် ဆိုသည်မှာလည်း သိပ်မခက်ခဲလှ။
ဤလောကတွင် သူရဲကောင်း လေ့ကျင့်မှု ခံယူသူများမှာ ဆေးဝါး အချို့ကို မကြာခဏ မှီဝဲတတ်ကြသည်။
ထိုဆေးဝါးများ၏ လုပ်ဆောင်ချက်မှာ အတော်လေး ရိုးရှင်းပြီး ပိုမိုများပြားသော သက်စောင့်စွမ်းအင်များ ထုတ်လုပ်ရန် မိမိ၏ သက်စောင့်ခွန်အားကို မီးညှိပေးခြင်းပင်။
ချင်ဟန်၏ ပထမဆုံးအကြိမ် ပုံရိပ်ယောင် ဝင်ရောက်မှု အတောအတွင်း ဆော်ရန်ဒိုထံမှ ဤကဲ့သို့ အရာမျိုးကို ရရှိခဲ့ဖူးသည်။
ယခုလည်း ကော်ရီပို၏ တပည့် တစ်ယောက် အနေဖြင့် သူ့အတွက် ဤကဲ့သို့ အရာများ ရရှိရန် မခက်ခဲတော့ပေ။
သေချာသည်က သာမန်လူများ အနေဖြင့် ဤအရာများကို အလွန်အကျွံ အသုံးပြု၍ မရချေ။
သက်စောင့်ခွန်အားကို လောင်ကျွမ်းစေခြင်း ဆိုသည်မှာ အနှစ်သာရအားဖြင့် မိမိ၏ သွေးချီကို လောင်ကျွမ်းပြီး ပိုမိုများပြားသော သက်စောင့်စွမ်းအင်များ ထုတ်လုပ်ခွင့်ပေးခြင်း ဖြစ်သည်။
ဤသို့ သက်စောင့်ခွန်အားကို တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ် လောင်ကျွမ်းစေခြင်းက အဆင်ပြေသလို ခန္ဓာကိုယ်အတွက် မကောင်းသော်ငြား ပြန်လည် ကုစားနိုင်သော အတိုင်းအတာ အတွင်း၌သာ ရှိနေသေး၏။
သို့သော် အချိန်ကြာမြင့်စွာ ဤသို့ လုပ်ဆောင်ပါက မိမိခန္ဓာကိုယ်ကို ကြီးမားသော ဆိုးကျိုးများ သက်ရောက်စေလိမ့်မည်။ အမှန်တကယ် ဆိုရလျှင် သူတို့၏ သက်တမ်းကိုပင် ထိခိုက်စေနိုင်သည်။
ပေးဆပ်ရမည့် တန်ဖိုးမှာ အတော်လေး ကြီးမားလှသည်။
ထို့ကြောင့် သူရဲကောင်း လေ့ကျင့်မှု စတင်နေသော လူအချို့မှလွဲ၍ လူအများစုက ဤကဲ့သို့ အရာမျိုးကို အသုံးပြုလေ့ မရှိပေ။
သို့သော် အခြားသူများ အသုံးပြုရန် ဆန္ဒမရှိသော နည်းလမ်းများက ချင်ဟန် အတွက်တော့ အလွန် သင့်တော်နေခဲ့သည်။
ဤကဲ့သို့ အရာမျိုးကို အသုံးပြု၍ သက်စောင့်စွမ်းအင်များ ထုတ်လုပ်ရန် သူ့ သွေးချီနှင့် သက်စောင့်ခွန်အား လောင်ကျွမ်းစေပြီး သက်စောင့်စွမ်းအင် ချို့တဲ့မှု ပြဿနာ ဖြေရှင်းနိုင်ပေလိမ့်မည်။
သက်တမ်း လျော့ကျခြင်းနှင့် အခြား ပြဿနာများ ဆိုလျှင်တော့...
ချင်ဟန် စဉ်းစားကြည့်ပြီးနောက် သိပ်ကြီးမားသော ပြဿနာတစ်ခုဟု မခံစားရပေ။
မည်သို့ပင်ဖြစ်စေ ဤသည်မှာ သူ့အစစ်အမှန် ခန္ဓာကိုယ် မဟုတ်သည့်အတွက် သူ အသက်ရှည်ရှည် နေရသည်ဖြစ်စေ၊ မနေရသည်ဖြစ်စေ အရေးမကြီးချေ။
ထို့အပြင် ဤလောကကြီး ပရမ်းပတာ ဖြစ်နေပုံအရ သူ ဤသို့ မလုပ်လျှင်ပင် အိုမင်းရင့်ရော်၍ သေဆုံးသွားဖို့ ဆိုသည်မှာ မဖြစ်နိုင်သလောက်ပင်။
ထို့ကြောင့် အမြန်ဆုံး အင်အား မြှင့်တင်နိုင်ရန် သူ့သက်တမ်း အနည်းငယ်ကို စတေးလိုက်ခြင်းက ပို၍ ကောင်းမွန်လေသည်။
End
***