"မျှော်လင့်ထားတဲ့ အတိုင်း အကျိုးသက်ရောက်မှုက တော်တော် ကောင်းတာပဲ..."
ချင်ဟန်က အတန်ကြာ လေ့ကျင့်ပြီးနောက် သူ့တိုးတက်မှုကို အာရုံခံပြီး စိတ်ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
သူ မျှော်လင့်ထားသည့် အတိုင်းပင် သွေးချီကို လှည့်ပတ်နေစဉ် သက်စောင့်ခွန်အားကို လောင်ကျွမ်းစေခြင်းက အတော်လေး ကောင်းမွန်သော အကျိုးသက်ရောက်မှုများ ရှိခဲ့ပြီး ကျောက်ခဲမာ ခန္ဓာကိုယ် သန့်စင်ခြင်း ကျင့်စဉ် လေ့ကျင့်ရာတွင် သူ့တိုးတက်မှုကို များစွာ မြန်ဆန်သွားစေခဲ့သည်။
သို့သော် ပြဿနာများလည်း ရှိနေဆဲပင်။
သူ့ပင်ပန်းနွမ်းနယ်မှု ခံစားချက်က ကြီးမားစွာ တိုးလာခဲ့၏။
အကယ်၍ ဤအတိုင်း ရေရှည် ဆက်သွားပါက သူ့ခန္ဓာကိုယ်အတွက် အတော်လေး ဆိုးရွားပေလိမ့်မည်။
သို့သော် လတ်တလောတွင်တော့ ကြီးမားသော ပြဿနာ တစ်ခု မဟုတ်သေးချေ။
မည်သို့ပင်ဖြစ်စေ သူ့ခန္ဓာကိုယ်မှာ ငယ်ရွယ်နေသေးပြီး အသက် နှစ်ဆယ်ကျော် အရွယ်သာ ရှိသေးသည် မဟုတ်ပါလား။ ဤကဲ့သို့ ထိခိုက်မှုမျိုးက သိပ်မများလှ။
သို့သော် သူ့ခန္ဓာကိုယ်ရှိ ပင်ပန်းနွမ်းနယ်မှုကို ခံစားမိသည်နှင့် ချင်ဟန်လည်း ပို၍ သတိထားရန် ဆုံးဖြတ်ပြီး ကောင်းမွန်စွာ ပြန်သက်သာလာစေရန် သေချာ ဂရုစိုက်လိုက်သည်။
ဤလောကသို့ ရောက်လာပြီးကတည်းက သူ့ခန္ဓာကိုယ်ကို များစွာ အာရုံစိုက်ခဲ့ပြီး သူ့စားသောက်မှု ပုံစံကိုလည်း အလွန် အလေးအနက် ထားခဲ့၏။
အခြားလူများ အနေဖြင့် သူ့ အစားအစာများ အားလုံးမှာ အလွန် ရိုးရှင်းလွန်းပြီး ရွံစရာပင် ကောင်းနေပေလိမ့်မည်။ သို့သော် ထိုအရာများ အားလုံးက အလွန် အာဟာရ ပြည့်ဝလှသည်။ အရသာ သိပ်မရှိလျှင်ပင် သူ့ခန္ဓာကိုယ်အတွက် ကောင်းမွန်သော အရာများချည်းသာ ဖြစ်၏။
ထို့အပြင် သူ့ခန္ဓာကိုယ်ကို ပိုသန်မာလာစေရန် ဖြည့်စွက် အာဟာရ အချို့ကိုလည်း တိတ်တဆိတ် စားသုံးနေခဲ့သည်။
မဟုတ်ပါက သူ ဤအတိုင်းသာ ဆက်လေ့ကျင့်နေလျှင် မည်သည့် ရလဒ်မှ မရရှိခင်မှာပင် သေဆုံးသွားပေလိမ့်မည်။
ထိုအကြောင်း တွေးမိသည်နှင့် ချင်ဟန်၏ အကြည့်တို့က တည်ငြိမ်သွားပြီး ဓားကို တိတ်ဆိတ်စွာ ချထားကာ ဘေးဘက်သို့ လျှောက်သွားလိုက်သည်။
ထိုစဉ် ကမန်းကတန်း လျှောက်လာသော ခြေသံအချို့ ထွက်ပေါ်လာ၏။
ချင်ဟန် လှည့်ကြည့်လိုက်ရာ ဖရူဒိုက သူ့ထံသို့ လျင်မြန်စွာ လျှောက်လာသည်ကို တွေ့လိုက်ရသည်။ ဖရူဒို၏ ပုံစံကို ကြည့်ရသလောက် အရေးတကြီး ပြောစရာ တစ်ခုခု ရှိနေပုံပင်။
"မင်း မေဒါနဲ့ တိုက်ခိုက်ခဲ့တာလား"
ဖရူဒိုက ချင်ဟန်ရှေ့သို့ ရောက်လာပြီး လေးနက်သော အမူအရာဖြင့် မေးလာသည်။
"ဟုတ်တယ်" ဖရူဒို၏ စကားကို ကြားလျှင် ချင်ဟန် အတော်လေး အံ့အားသင့်သွားပြီး ပြန်မေးလိုက်သည်။ "မင်း ဘယ်လို သိတာလဲ"
"အခုချိန်ဆို လူတိုင်း သိနေလောက်ပြီ" ဖရူဒိုက ခေါင်းခါယမ်းရင်း ဆက်ပြောသည်။
"ငါ အကယ်ဒမီမှာ လေ့ကျင့်နေတုန်း အဲ့ဒီအကြောင်း ပြောနေကြတဲ့ လူတချို့ရဲ့ စကားကို ကြားလိုက်ရလို့ မင်းအခြေအနေကို လာကြည့်တာ... ဒါပေမဲ့ ကြည့်ရတာ မင်း အဆင်ပြေနေပုံပဲ... အဲ့ဒါဆိုလည်း ကောင်းပါတယ်"
"ဒီလောက်တောင် မြန်မြန် ပျံ့သွားတာလား" ချင်ဟန် အတော်လေး အံ့အားသင့်သွားရသည်။
မနေ့ညက တိုက်ပွဲ ပြီးကတည်းက ဖြစ်ပျက်ခဲ့သမျှကို သတင်းဖြန့်ရန် လူအချို့ လွှတ်သင့်၊ မလွှတ်သင့် သူ တွေးတောနေခဲ့မိ၏။ မည်သို့ပင်ဖြစ်စေ ဤသည်မှာ သူ့ဂုဏ်သတင်းကို မြှင့်တင်ရန် နည်းလမ်းတစ်ခု ဖြစ်သဖြင့် လက်လွတ်မခံလိုပေ။
သို့သော် သတင်းများက သူ ထင်ထားသည်ထက် များစွာ ပိုလျင်မြန်စွာ ပျံ့နှံ့သွားပုံ ရသည်။
သတင်းဖြန့်ရန် သူ ဘာမှ မလုပ်ရသေးခင်မှာပင် ဖရူဒိုက ကြားသိနေခဲ့ပြီ ဖြစ်၏။
အကယ်၍ လူပေါင်း သိပ်မဆံ့သော ဖရူဒိုကဲ့သို့ လူမျိုးပင် သိနေလျှင် အခြားလူ အများစုလည်း သိနေလောက်ပြီ ဖြစ်သည်။
သူ သိစေချင်သော လူများလည်း ယခုချိန်ဆို သိနေကြလောက်ပြီ။
ထိုအကြောင်း တွေးမိသည်နှင့် ချင်ဟန် ပြုံးမနေဘဲ မနေနိုင်တော့ချေ။
ဤသည်မှာ ထိုသေးငယ်သော ပဋိပက္ခများနှင့် မတူပေ။ သူက နာမည်ကျော် သူရဲကောင်း တစ်ယောက်နှင့် တိုက်ရိုက် ရင်ဆိုင်ခဲ့ရပြီး လုံးဝ ယုတ်လျော့သွားသည့် အရိပ်အယောင် မပြခဲ့သည် မဟုတ်ပါလား။
ဤတိုက်ပွဲမှ ရလဒ်များမှာ ယခင်ကထက် များစွာ ပို၍ ကောင်းမွန်လှသည်။
အကင်းပါးသူများ အားလုံး ဤသည်က ဘာကို ဆိုလိုကြောင်း နားလည်ကြပေလိမ့်မည်။
ဤတိုက်ပွဲအပြီး ကူတူး တော်ဝင်မြို့တော်တွင် ချင်ဟန်၏ ဂုဏ်သတင်းမှာ ပိုကြီးမားလာမည် ဖြစ်ပြီး အထက်တန်းစား ပုဂ္ဂိုလ်များပင် သူ့နာမည်ကို သိလာကြမည်သာ။
ဤသည်မှာ ချင်ဟန် လိုချင်သော အရာပင်။
ထိုအကြောင်း တွေးရင်း သူ အတော်လေး ပျော်ရွှင်သွားသည်။
"မင်းက ဒီလို ကိစ္စကြီးကိုတောင် ဘာမှမဟုတ်သလိုမျိုး လုပ်နိုင်ခဲ့တာပဲ" ဖရူဒိုက ချင်ဟန်ကို ကြည့်ရင်း အနည်းငယ် စိုးရိမ်ဟန်ဖြင့် မေးလာ၏။ "မေဒါနဲ့ တိုက်ပြီးတာတောင် မင်း ဘာမှ မဖြစ်ဘူးမလား"
"စိတ်မပူပါနဲ့" ချင်ဟန်က ခပ်ရေးရေး ပြုံးရင်း... "မေဒါက ငါ့စီနီယာဆိုတော့ ငါ့အပေါ် သိပ်မကြမ်းပါဘူး... ငါ ဘာဒဏ်ရာမှ မရခဲ့ဘူး"
"စီနီယာ... သူကလား" ချင်ဟန်၏ စကားကို ကြားလျှင် ဖရူဒို၏ အမူအရာ ပြောင်းလဲသွားပြီး အထင်သေးဟန်ဖြင့် ဆက်ပြောသည်။
"ငါ့အဘိုး ပြောပုံအရဆို သူက ခွေးရူး တစ်ကောင်ပဲ... တစ်ခါ တိုက်ခိုက်ပြီဆိုရင် တစ်ဖက်လူကို သေတဲ့အထိ မကိုက်ရမချင်း လက်မလျှော့တတ်ဘူးတဲ့"
"မစ္စတာ စလိုင်းက အဲ့ဒီလို ပြောတာလား" ဖရူဒို၏ စကားကို ကြားလျှင် ချင်ဟန် အတော်လေး အံ့အားသင့်သွားရသည်။
ဖရူဒို၏ အဘိုးအမည်မှာ စလိုင်း ဖြစ်ပြီး အလွန် ကြင်နာတတ်သော သက်ကြီးရွယ်အို သူရဲကောင်း တစ်ယောက် ဖြစ်သည်။
လွန်ခဲ့သော နှစ်ဝက်ကျော် အတွင်း ဖရူဒိုကို စည်းရုံးနိုင်ရန် သူက စလိုင်းထံ အထူးတလည် သွားရောက် ဂါရဝပြုခဲ့ဖူး၏။
အရင်က အရပ်သား တစ်ယောက် ဖြစ်ခဲ့ဖူး၍လားတော့ မသိ၊ သူရဲကောင်း စလိုင်းမှာ မောက်မာသည့် ပုံစံ လုံးဝ မရှိဘဲ ချင်ဟန်နှင့် အတော်လေး အဆင်ပြေခဲ့သည်။ သူတို့ နှစ်ယောက်စလုံး တစ်ယောက်အပေါ် တစ်ယောက် အမြင်ကောင်းများ ရှိခဲ့ကြသည်။
ဤမျှ ကြင်နာတတ်သော သက်ကြီးရွယ်အို သူရဲကောင်း တစ်ယောက်က မေဒါနှင့် ပတ်သက်၍ ထိုကဲ့သို့ ပြောလိမ့်မည်ဟု ချင်ဟန် တစ်ခါမှ မတွေးမိခဲ့ချေ။
သို့သော် မကြာမီမှာပင် တစ်စုံတစ်ခုကို သူ တွေးမိသွားသည်။
မင်းသမီး အိုလီဗီယာ၏ ပိုင်နက်မှာ မြောက်ပိုင်းတွင် ရှိပြီး ထိုနေရာရှိ အသီးနှံ အထွက်တိုးဆုံး မြေများကို သူမ သိမ်းပိုက်ထားခဲ့၏။
ဖရူဒို၏ မိသားစုမှာ အိမ်ရှေ့စံ မင်းသမီးကို ဘယ်တုန်းကမှ သဘောမကျခဲ့သလို အတိတ်က သူတို့ကြားတွင် ပဋိပက္ခ အချို့ ရှိခဲ့ပုံပေါ်သည်။
မင်းသမီး အိုလီဗီယာ၏ သူရဲကောင်း သုံးယောက်ထဲမှ တစ်ယောက် အနေဖြင့် မေဒါက ဖရူဒိုတို့ မိသားစုနှင့် ပဋိပက္ခတွင် ပါဝင်ပတ်သက်ခဲ့ပြီး သူတို့နှင့် တိုက်ခိုက်ခဲ့ဖူးခြင်းလည်း ဖြစ်နိုင်သည်။
အကယ်၍ ဤသို့သာ ဆိုလျှင် သူရဲကောင်း စလိုင်း အနေဖြင့် ထိုကဲ့သို့ ပြောဆိုခြင်းမှာ နားလည်ပေးနိုင်စရာပင်။
ချင်ဟန် ရုတ်တရက် တစ်ခုခုကို သဘောပေါက်သွားတော့သည်။
အခြားလူများနှင့် ယှဉ်လျှင် သူ့၌ အားသာချက် တစ်ခု ရှိနေ၏။
ဤလောကရှိ မှူးမတ်များမှာ အုပ်စု အသီးသီး ကွဲပြားနေကြပြီး ပြင်ပလူများကို အတော်လေး ပိတ်ပင်ထားတတ်ကြသည်။
ထိုအထဲတွင် မြောက်ပိုင်း အုပ်ချုပ်သူများမှာ ပြင်ပလူများကို ပိတ်ပင်ရာ၌ အဆိုးရွားဆုံး ဖြစ်ပြီး ဤကဲ့သို့ နေထိုင်ခြင်းကြောင့်ပင် နာမည်ကြီးသည်။
အခြား မှူးမတ်များက သူတို့ကို အရိုင်းအစိုင်းများဟု ခေါ်ဆိုရခြင်း၏ တစ်စိတ်တစ်ပိုင်းမှာ ဤအချက်ကြောင့်ပင် ဖြစ်၏။
သို့သော် အသိအမှတ်ပြုရမည့် အချက်မှာ ဤမြောက်ပိုင်း အုပ်ချုပ်သူများ၏ စွမ်းအားက လုံးဝ အားနည်းမနေခြင်းသာ။
မြောက်ပိုင်းမှာ အတော်လေး ဆင်းရဲသော်လည်း သူတို့ တပ်ရေးအင်အားမှာ ထူးချွန်ပြောင်မြောက်ပြီး ဖရူဒိုတို့ကဲ့သို့ သူရဲကောင်း မိသားစု များစွာ ရှိကြသည်။
သူတို့တွင် ကြီးမားသော တပ်ရေးအင်အား ရှိပြီး ထည့်သွင်း စဉ်းစားရမည့် အင်အားစု တစ်ခုဟု ဆိုလျှင်လည်း မမှားပေ။
သို့သော် သူတို့၏ သီးသန့်နေတတ်သော သဘာဝကြောင့်သာ မင်းသမီး အိုလီဗီယာနှင့် အခြား မင်းသားများက သူတို့ကို မိမိတို့ဘက် ပါလာအောင် မစည်းရုံးနိုင်ခဲ့ကြခြင်း ဖြစ်သည်။
အထူးသဖြင့် မင်းသမီး အိုလီဗီယာ အတွက်ဆိုလျှင် အတိတ်က ကိစ္စအချို့ကြောင့် မြောက်ပိုင်း အုပ်ချုပ်သူ အများစုမှာ သူမအပေါ် အတော်လေး ရန်လိုနေကြဆဲပင်။
ထို့ကြောင့် ချင်ဟန် အနေဖြင့် မြောက်ပိုင်း အုပ်ချုပ်သူများနှင့် ဆက်ဆံရေး ကောင်းမွန်နေခြင်းက သူ့ကို ပိုတန်ဖိုး ကြီးမားလာစေတော့သည်။
End
***