တောင်ပိုင်း အုပ်ချုပ်သူ မျိုးနွယ်မှ ဆင်းသက်လာသူ တစ်ယောက် ဖြစ်သော်ငြား ချင်ဟန် တစ်ယောက် မြောက်ပိုင်းရှိ အုပ်ချုပ်သူများနှင့် ဆက်ဆံရေး ကောင်းမွန်နေခြင်းမှာ အတော်လေး အံ့အားသင့်ဖွယ် ကောင်းလှ၏။
ဤဆက်ဆံရေး၏ အစအနမှာ ဖရူဒိုနှင့် သူ့ မိတ်ဆွေဖြစ်မှုမှ မြစ်ဖျားခံလာခြင်းပင်။
အပြင်ပန်း အမြင်တွင် သိပ်မသိသာသော်လည်း ဖရူဒိုတို့ မိသားစုတွင် သူရဲကောင်း တစ်ဦး ရှိနေသောကြောင့် မြောက်ပိုင်း အုပ်ချုပ်သူများကြားတွင် ခေါင်းဆောင်ပိုင်း၌ ပါဝင်နေသည်။
ထို့ကြောင့် ဖရူဒိုမှ တဆင့် ချင်ဟန်က မြောက်ပိုင်း အသိုင်းအဝိုင်းထဲသို့ ဝင်ရောက်နိုင်ခဲ့ပြီး အသက်အရွယ် ကြီးရင့်နေပြီ ဖြစ်သော သူရဲကောင်းကြီး စလိုင်းထံသို့ပင် သွားရောက် လည်ပတ်နိုင်ခဲ့လေပြီ။
ထိုသည်ကား ဤအရာအားလုံး အပေါ်တွင် တည်ဆောက်ထားသော သူ့ အခြေခံ အုတ်မြစ်တစ်ခု ဖြစ်တော့သည်။
လွန်ခဲ့သော နှစ်ဝက် ကာလအတွင်း သူ့ စီးပွားရေး အခြေအနေ တိုးတက်စေရန်နှင့် မြောက်ပိုင်း အုပ်ချုပ်သူများအား ကူညီပေးနိုင်ရန် ရည်ရွယ်၍ သူတို့နှင့် စီးပွားရေး လက်တွဲမှုများ စတင် ပြုလုပ်ခဲ့၏။
မည်သို့ပင်ဖြစ်စေ မြောက်ပိုင်း အုပ်ချုပ်သူများ အားလုံးမှာ အတော်လေး ဆင်းရဲနွမ်းပါး ကြသည် မဟုတ်ပါလား။
အဘယ်ကြောင့်ဆိုသော် မြောက်ပိုင်း ဒေသမှာ အတော်လေး ခေါင်းပါးပြီး မကြာခဏ စစ်မက် ဖြစ်ပွားလေ့ ရှိသောကြောင့်ပင်။ ထို့အပြင် ဆိုးရွားသော ရာသီဥတုကြောင့် သီးနှံ အထွက်နှုန်းမှာလည်း နည်းပါးရာ မြေအမျိုးအစား တူညီနေလျှင်ပင် တောင်ပိုင်းနှင့် နှိုင်းယှဉ်ပါက များစွာ ကွာခြား ညံ့ဖျင်းလှသည်။
သို့သော် ဤသည်မှာ မြောက်ပိုင်း ဒေသတွင် တိုးတက်နိုင်စွမ်း လုံးဝ မရှိတော့ဟု ဆိုလိုခြင်း မဟုတ်ပေ။
အတိတ်က ဖရူဒိုတို့ မိသားစု ပိုင်နက်သို့ ချင်ဟန် တစ်ယောက် သွားရောက် လေ့လာခဲ့စဉ်က ကောက်ချက် အချို့ ချနိုင်ခဲ့၏။
မြောက်ပိုင်း ဒေသမှာ ဆင်းရဲ နွမ်းပါးသည် မှန်သော်ငြား မည်သည့်အရာမှ ထုတ်လုပ်နိုင်ခြင်း မရှိဟု မဆိုလိုချေ။
ပထမအချက် အနေဖြင့် မြောက်ပိုင်းတွင် သားမွေးများ၊ သားရေများနှင့် လူရိုင်းကျွန် အမြောက်အမြား ရှိနေခြင်းပင်။
သားမွေးနှင့် သားရေများကို မှူးမတ်များထံ ရောင်းချနိုင်ပြီး လူရိုင်းကျွန်များကိုမူ အိမ်ကြီး အိမ်ကောင်း အသီးသီးတွင် အလုပ်စေခိုင်းရန် အသုံးပြုနိုင်သည်။
အကယ်၍သာ ဤပစ္စည်းများကို တောင်ပိုင်းသို့ ယူဆောင်လာနိုင်ပါက ကြီးမားသော အကျိုးအမြတ်များ ရရှိနိုင်ပေမည်။
အတိတ်ကာလများဆီကမူ မည်သူကမျှ ဤအရာများ၏ တန်ဖိုးကို သတိမပြုမိခဲ့ပေ။
အကြောင်းအရင်းမှာ မြောက်ပိုင်း၏ မြေမျက်နှာ သွင်ပြင်က ရှုပ်ထွေး ကြမ်းတမ်းပြီး ထိုနေရာသို့ သွားရောက်ရန် ခရီးလမ်းမှာလည်း အတော်လေး ခက်ခဲလွန်းသောကြောင့်ပင်။
ထို့အပြင် လမ်းခရီး တစ်လျှောက်တွင် တောင်ဓားပြများနှင့် လူရိုင်း အမြောက်အမြား ကျက်စားလေ့ ရှိသဖြင့် ခရီးစဉ် တစ်ခုလုံးမှာ အလွန်တရာ အန္တရာယ်များ၏။
သာမန် ကုန်သည် အဖွဲ့များမှာ ဤခရီးကြမ်းကို ဖြတ်သန်းနိုင်စွမ်း မရှိကြသလို လမ်းပျောက်ရန်လည်း အလွန် လွယ်ကူရာ ရိုးရိုးရှင်းရှင်း ပြောရလျှင် သေမင်းဆီ တကူးတက သွားနေသကဲ့သို့ပင်။
ထိုမျှမက မင်းသမီး အိုလီဗီယာ၏ ပိုင်နက်တွင်လည်း အလားတူ ပစ္စည်းမျိုးစုံ ရှိနေပြန်သည်။
ကုန်သည်များဆိုသည်မှာ ကုန်ကျစရိတ်နှင့် အကျိုးအမြတ်ကိုသာ အဓိကထား တွက်ချက်တတ်သူများ မဟုတ်ပါလား။ အပို ခရီးထပ်နှင်ပြီး မြောက်ပိုင်းအထိ သက်စွန့်ဆံဖျား သွားရောက်မည့် အစား ကုန်ကျစရိတ် ပိုများနေလျှင်ပင် မင်းသမီး အိုလီဗီယာ၏ ပိုင်နက်သို့ သွားရောက် ဝယ်ယူရန်သာ ရွေးချယ်တတ်ကြ၏။
ဤအခြေအနေများကြောင့် ချင်ဟန် တစ်ယောက် အချိန်ယူ၍ ခက်ခက်ခဲခဲ ကြိုးပမ်းခဲ့ရတော့သည်။
ဖရူဒိုနှင့် ရှိသော ဆက်ဆံရေးကို အသုံးချကာ အနီးအနားရှိ အခြား အုပ်ချုပ်သူ အနည်းငယ်နှင့် ဆက်သွယ်ပြီး သူတို့၏ လမ်းများကို အသုံးပြုရန်အတွက် မြင့်မားသော လမ်းကြေးများ ပေးဆောင်ရန် ညှိနှိုင်းခဲ့သည်။ ထို့နောက် သူကိုယ်တိုင် လူကိုယ်တိုင် သွားရောက် စူးစမ်းခဲ့ပြီး နောက်ဆုံးတွင်တော့ သေးငယ်သော ကုန်သွယ်ရေး လမ်းကြောင်းတစ်ခုအား ဖောက်လုပ်နိုင်ခဲ့လေပြီ။
သူက မြို့စားကိုင်ဆန်၏ အမည်ကို အသုံးပြု၍ တောင်ပိုင်းမှ မြောက်ပိုင်းသားများ အသည်းအသန် လိုအပ်နေသော စားနပ်ရိက္ခာနှင့် လက်နက်များကို အမြောက်အမြား ဝယ်ယူခဲ့ပြီး၊ အခြား တစ်ဖက်တွင်လည်း ဖရူဒို၏ အမည်ကို သုံးကာ မြောက်ပိုင်း အုပ်ချုပ်သူများထံမှ သားမွေးများနှင့် ကျွန်များ ပြန်လည် ဝယ်ယူခဲ့၏။
ဤကုန်သွယ်ရေး လမ်းကြောင်း တစ်လျှောက် အသွားအပြန် ပြုလုပ်ခြင်းဖြင့် သူက ကြီးမားသော အကျိုးအမြတ်များကို ရိတ်သိမ်းနိုင်ခဲ့သည်။
ရရှိလာသော အမြတ်အစွန်းများထဲမှ တစ်စိတ်တစ်ပိုင်းမှာ လမ်းဖြတ်သန်းခ အဖြစ် မြောက်ပိုင်း အုပ်ချုပ်သူများ၏ အိတ်ကပ်ထဲသို့ တိုက်ရိုက် စီးဆင်းသွားတော့သည်။
လူတစ်ယောက်က သင့်အတွက် အကျိုးအမြတ်များနှင့် အခွင့်အရေးများကို ယူဆောင်လာပေးနိုင်ပြီ ဆိုလျှင် ထိုသူအပေါ် ထားရှိသော အမြင်နှင့် သဘောထားများမှာလည်း လုံးဝ ပြောင်းလဲသွားမည်သာ ဖြစ်သည်။
ချင်ဟန်က မူလကတည်းက သဘောထား ပြည့်ဝကာ ဖော်ရွေသူ တစ်ယောက် ဖြစ်သည့်အပြင် မြောက်ပိုင်း အုပ်ချုပ်သူများထံ အရင်းအမြစ်များနှင့် အကျိုးအမြတ်များ ယူဆောင်လာပေးပြီးနောက်တွင် သူတို့ကြား ဆက်ဆံရေးမှာ ယခင်ကထက်ပင် ပိုခိုင်မာလာခဲ့သည်။
အချိန်များ တဖြည်းဖြည်း ကုန်လွန်လာသည်နှင့်အမျှ မြောက်ပိုင်း အုပ်ချုပ်သူများကြားတွင် သူ့ ဩဇာလွှမ်းမိုးမှုမှာ ပို၍ပင် ကြီးမားလာတော့မည်။
ဤအရာများ အားလုံးမှာ ချင်ဟန် အသုံးပြုနိုင်သော ညှိနှိုင်းရေး အင်အားများ ဖြစ်သလို သူ လိုအပ်ချိန်တွင် အငှားရမ်း သုံးစွဲနိုင်သည့် နောက်ခံအင်အားများလည်း ဖြစ်၏။
ထိုခဏ၌ ချင်ဟန် တစ်ယောက် အတွေးကမ္ဘာထဲ နစ်မြောနေခဲ့သည်။
ကူတူး တိုင်းပြည်၏ လက်ရှိ အခြေအနေ အရပ်ရပ်က သူ့ခေါင်းထဲ ပုံရိပ်ယောင်များအဖြစ် ထွက်ပေါ်လာသည်။
လွန်ခဲ့သော နှစ်ပေါင်းများစွာ ကတည်းက မင်းသမီး အိုလီဗီယာနှင့် မင်းသားတို့ကြားရှိ ပဋိပက္ခမှာ မယုံကြည်နိုင်လောက်အောင် ပြင်းထန်နေခဲ့ပြီ ဖြစ်သည်။
ဤသည်မှာ ကူတူး တိုင်းပြည်၏ အစဉ်အလာ တစ်ရပ်ကြောင့်လည်း ပါဝင်သည်။ မင်းသားများနှင့် မင်းသမီးများ အချင်းချင်း တိုက်ခိုက်ရမည် ဖြစ်ပြီး အဆုံးသတ်တွင် အနိုင်ရရှိသူသာလျှင် ထီးနန်းကို ဆက်ခံခွင့် ရရှိမည် ဖြစ်၏။
နောက်ထပ် အကြောင်းရင်း တစ်ခုမှာမူ လက်ရှိ ဘုရင်ကြီးမှာ အပြင်းအထန် နာမကျန်း ဖြစ်နေပြီး အိပ်ရာထဲ လဲနေသောကြောင့်ပင်။
ဤကဲ့သို့သော အခြေအနေမျိုးတွင် နှစ်ဖက်စလုံးရှိ ထောက်ခံသူများမှာ သူသေကိုယ်သေ တိုက်ခိုက်ရန် အသင့်ဖြစ်နေကြပြီး ပဋိပက္ခမှာ တစ်ရက်ထက် တစ်ရက် ပိုအရှိန်ပြင်းလာတော့သည်။
လက်ရှိ ဘုရင်ကြီးတွင် သားသမီး သုံးပါး ရှိသည်။ အိုလီဗီယာနှင့် ဗာနာတို့ အပြင် နောက်ထပ် မင်းသား တစ်ပါးလည်း ရှိနေသေး၏။
မင်းသမီး ဗာနာမှာ အလွန်အမင်း အားနည်းလွန်းပြီး သူမ၏ ပျော့ညံ့သော စရိုက်လက္ခဏာကြောင့် ထီးနန်းအတွက် မည်သည့် မျှော်လင့်ချက်မျှ မရှိသလောက်ပင်။
သို့ဖြစ်ရာ နောက်ဆုံး အနိုင်ရရှိသူမှာ အိုလီဗီယာ သို့မဟုတ် မင်းသားသာ ဖြစ်လာဖို့ များနေချေပြီ။
အိုလီဗီယာ၏ အားသာချက်ကား သူမ ပိုင်နက်နယ်မြေမှာ မြောက်ပိုင်းတွင် တည်ရှိသောကြောင့် ကိုယ်ပိုင် တပ်ဖွဲ့တစ်ခု ပိုင်ဆိုင်ထားခြင်းပင်။
ထို့အပြင် သူမ၏ မိခင်မှာ မိဖုရားခေါင်ကြီး ဖြစ်သည့်တိုင် သူမကိုယ်တိုင်ကလည်း အလွန် ပါရမီ ထက်မြက်သူ ဖြစ်သောကြောင့် ငယ်စဉ်ကတည်းက အစွမ်းကုန် ပြုစုပျိုးထောင်ခြင်း ခံခဲ့ရသည်။
သူမသာ ယောက်ျားလေး တစ်ယောက် ဖြစ်ခဲ့မည် ဆိုပါက ဤထီးနန်း လုပွဲကြီး ပြီးဆုံးနေသည်မှာ ကြာလှပြီ ဖြစ်မည်။
မင်းသားမှာမူ အိမ်နီးချင်း တိုင်းပြည်တစ်ခုမှ မင်းသမီး တစ်ပါးက မွေးဖွားခဲ့ခြင်း ဖြစ်ပြီး သူ့ မိခင်ဘက်မှ ဆွေမျိုးများ၏ အားပေး ထောက်ခံမှုကို အခိုင်အမာ ရရှိထား၏။
၎င်းအပြင် အသက်အရွယ် အရလည်း ပိုကြီးရင့်သလို ကူတူး တော်ဝင်မိသားစု၏ တစ်ဦးတည်းသော ယောက်ျားလေး ဆက်ခံသူ ဖြစ်နေသည့် အချက်များက မှူးမတ်အချို့၏ ထောက်ခံမှုကိုပါ ရစေခဲ့သည်။
ခြုံငုံ ကြည့်ရမည် ဆိုလျှင် နှစ်ဖက်စလုံးတွင် ကိုယ်ပိုင် အားသာချက်၊ အားနည်းချက်များ ရှိနေကြပြီး မည်သူမဆို ထီးနန်းကို သိမ်းပိုက်နိုင်စွမ်း ရှိနေသည်။
ဤကဲ့သို့ အခြေအနေမျိုး အောက်တွင် မြောက်ပိုင်း အုပ်ချုပ်သူများ၏ နောက်ခံ အင်အားမှာ မယုံကြည်နိုင်လောက်အောင် အရေးပါ အရာရောက်လာတော့သည်။
မြောက်ပိုင်း အုပ်ချုပ်သူများမှာ အများအားဖြင့် သီးခြား ကင်းကွာစွာ နေထိုင်လေ့ ရှိကြသော်လည်း အဆုံးသတ်တွင်တော့ သူတို့သည်လည်း မှူးမတ် အသိုင်းအဝိုင်းထဲမှပင် မဟုတ်လော။
ထို့အပြင် သူတို့က လူရိုင်းများနှင့် အမြဲလိုလို စစ်ခင်းနေရသဖြင့် တိုက်ခိုက်ရေးတွင် ကျွမ်းကျင် ရင့်ကျက်နေပြီး ကူတူး တိုင်းပြည် တစ်ခုလုံးတွင် အင်အား အတောင့်တင်းဆုံးသော တပ်ဖွဲ့ကို ပိုင်ဆိုင်ထားကြသည်။
အကယ်၍သာ ထိုသို့သော အင်အားစုကြီးက သူတို့ မည်သူ့ကို ထောက်ခံကြောင်း ပြတ်ပြတ်သားသား ကြေညာလိုက်မည် ဆိုပါက ထွက်ပေါ်လာမည့် ဂယက်ရိုက်ခတ်မှုမှာ သိသာ ထင်ရှားလွန်းပေလိမ့်မည်။
ချင်ဟန် တစ်ယောက် မြောက်ပိုင်း အုပ်ချုပ်သူများနှင့် ရင်းနှီး ကျွမ်းဝင်နေပြီး သူတို့ကို အတိုင်းအတာ တစ်ခုအထိ လွှမ်းမိုးနိုင်စွမ်း ရှိနေသောကြောင့် သူ့ အသုံးဝင်မှု တန်ဖိုးမှာလည်း ကြီးမားစွာ တဟုန်ထိုး မြင့်တက်လာခဲ့၏။
ဤနေရာအထိ တွေးတောမိချိန်တွင် ချင်ဟန်၏ မျက်လုံးများမှာ အရောင် တစ်လက်လက် တောက်ပလာတော့သည်။
သူ့ရှေ့ တည့်တည့်တွင် ရပ်နေဆဲ ဖြစ်သော ဖရူဒိုက ချင်ဟန်ကို စူးစမ်းလိုစိတ် အပြည့်ဖြင့် ကြည့်ကာ မေးလာ၏။
"ဘာများလဲ"
"ဘာမှ မဟုတ်ပါဘူး" ချင်ဟန်က လှည့်ကြည့်၍ အပြုံးတစ်ခုနှင့်အတူ စကားလမ်းကြောင်း လွှဲလိုက်သည်။
"ဆရာ ကော်ရီပို ပြန်ရောက်ပြီလား"
ဖရူဒိုက ခေါင်းခါယမ်း၍ သက်ပြင်းချရင်း တုံ့ပြန်လာသည်။
"မရောက်သေးဘူး… သူ နောက်ဆုံး ပို့လိုက်တဲ့ စာအရဆိုရင် သူပြန်လာဖို့ အချိန် တော်တော်လေး ကြာဦးမယ့်ပုံပဲ"
ချင်ဟန်လည်း စိတ်ပျက်သွားသည့် အရိပ်အယောင်ဖြင့် ညင်သာစွာ သက်ပြင်းချလိုက်၏။
"ကောင်းပြီလေ"
သူက ကော်ရီပိုထံမှ အထောက်အပံ့ တစ်စုံတစ်ရာ ရနိုင်မလား ဆိုသည်ကို စမ်းသပ်ကြည့်ရန် မျှော်လင့်ထားခဲ့ခြင်းပင်။
မည်သို့ပင်ဖြစ်စေ ကော်ရီပို၏ တပည့် တစ်ယောက် ဖြစ်နေခြင်းက လတ်တလော အခြေအနေတွင် သူ့လက်ထဲရှိ အလွန် အရေးပါသော ဖဲချပ် တစ်ချပ် ဖြစ်နေသည် မဟုတ်ပါလား။
အကယ်၍ သူသာ ကော်ရီပိုအပေါ် အတိုင်းအတာ တစ်ခုအထိ ဩဇာလွှမ်းမိုးနိုင်မည် ဆိုပါက သူ့ အစီအစဉ်များကို အကောင်အထည် ဖော်ရန် များစွာ ပိုလွယ်ကူသွားပေလိမ့်မည်။
ကူတူး တိုင်းပြည်၏ အစောင့်အရှောက် သူရဲကောင်းကြီး တစ်ဦး အနေဖြင့် ကော်ရီပိုသာ လူတစ်ယောက်ကို လူသိရှင်ကြား ထောက်ခံလိုက်မည် ဆိုပါက လူအများအပြားကို အလွယ်တကူ လွှမ်းမိုးနိုင်စွမ်း ရှိသွားမည် ဖြစ်သည်။ တစ်ဖက်ဖက်ကို ကြီးမားသော အားသာချက်များ ပေးစွမ်းနိုင်ပေမည်။
ထို့ကြောင့် ကော်ရီပို၏ တပည့် ဆိုသော ချင်ဟန်၏ အဆင့်အတန်းမှာ သူ့အတွက် နောက်ဆုံး အာမခံချက် ဖဲချပ်များထဲမှ တစ်ခု ဖြစ်နေသည်။
ကံမကောင်းစွာဖြင့် လွန်ခဲ့သော တစ်လခန့်က ကော်ရီပို တစ်ယောက် ကိုယ်ရေးကိုယ်တာ ကိစ္စအချို့ကြောင့် ကူတူး တော်ဝင်မြို့တော်မှ ထွက်ခွာသွားခဲ့၏။ သူ မည်သည့် နေရာသို့ သွားရောက်ခဲ့ပြီး မည်သည့် အချိန်မှ ပြန်ရောက်လာမည်ကို မည်သူကမျှ မသိကြချေ။
ချင်ဟန်က နေရာတွင်ပင် မတ်တပ်ရပ်ရင်း သူ့ဘာသာ တိတ်တဆိတ် တွေးတောနေမိသည်။
"အခု ပြန်စဉ်းစားကြည့်တော့... မင်းသမီး အိုလီဗီယာက ပုံမှန်ဆိုရင် ကူတူး တော်ဝင်မြို့တော်ကို လာလေ့လာထ မရှိဘူး... ဒါပေမဲ့ မကြာသေးခင်ကမှ ရုတ်တရက်ကြီး ပြန်ရောက်လာတယ်... အခြေအနေတွေ တစ်ခုခုများ အပြောင်းအလဲ ဖြစ်သွားလို့လား"
ထိုအတွေး ရုတ်တရက် ဝင်ရောက်လာသော်လည်း ချင်ဟန်၏ မျက်နှာ အမူအရာမှာ တည်ငြိမ်နေဆဲပင်။
ကူတူး တော်ဝင်မြို့တော်သို့ အိုလီဗီယာ ပြန်လည် ရောက်လာခြင်းနှင့် အတူ မြို့တော်အတွင်းရှိ အခြေအနေ အရပ်ရပ်မှာလည်း မကြာမီ ကြီးမားသော အပြောင်းအလဲ အချို့ကို ဖြတ်သန်းရတော့မည်ဟု သူ ပြင်းပြင်းထန်ထန် ခံစားနေရတော့သည်။
End
***