ဆောင်းဦး သစ်ရွက်များ ကြွေကျကာ နောက်ထပ် ရာသီဥတု တစ်ခု ကုန်လွန်သွားလေပြီ။
နှစ်လတာ အချိန် ကုန်လွန်သွားပြီး မကြာမီမှာပင် မင်းသမီး အိုလီဗီယာ ပြန်လည် ရောက်လာခြင်း၏ ရိုက်ခတ်မှုများမှာ လုံးဝ ပျောက်ကွယ်သွားတော့သည်။
ကူတူး မြို့တော်ကြီးမှာ ယခင် အခြေအနေအတိုင်း ပြန်လည် ရောက်ရှိသွားသကဲ့သို့ ပို၍ပင် ငြိမ်းချမ်း တိတ်ဆိတ်လာခဲ့၏။
လူအနည်းငယ်မှလွဲ၍ မင်းသမီး အိုလီဗီယာ ပြန်လာခြင်းက သာမန်လူ အများစု၏ ဘဝအပေါ် ကြီးကြီးမားမား သက်ရောက်မှု မရှိခဲ့ပေ။
လူအများစု အတွက်တော့ အုပ်ချုပ်သူမှာ မင်းသမီး အိုလီဗီယာ ဖြစ်စေ၊ အခြားသူ တစ်ဦးဦး ဖြစ်နေစေကာမူ ထူးခြားမည် မဟုတ်ချေ။
သူတို့ အဓိက အာရုံစိုက်ရမည့် အရာမှာ နေ့စဉ်နှင့်အမျှ အသက်ရှင် ရပ်တည်နိုင်ရေး အတွက် ရုန်းကန်ကြဖို့သာ။
သေချာသည်ကတော့ ထိုအချက်မှာ သာမန် ပြည်သူများ အတွက်သာ ဖြစ်ပေလိမ့်မည်။
ချင်ဟန် ကဲ့သို့သော လူများ အတွက်မူ မင်းသမီး အိုလီဗီယာလို ပုဂ္ဂိုလ်မျိုးမှာ အထူး ဂရုစိုက် စောင့်ကြည့်ရမည့် သူပင်။
ထို့ကြောင့်ပင် ချင်ဟန်က မင်းသမီး အိုလီဗီယာ၏ လှုပ်ရှားမှု မှန်သမျှကို အထူးတလည် စောင့်ကြည့်နေခဲ့ပြီး ကူတူး မြို့တော်၏ အခြေအနေကိုပါ အကဲခတ် တွေးတောနေခဲ့၏။
သို့သော် မင်းသမီး အိုလီဗီယာ ပြန်လာခြင်းက ကြီးမားသော အပြောင်းအလဲများ ဖြစ်ပေါ်မလာစေသည့် အတွက် သူ အနည်းငယ် အံ့အားသင့်သွားရသည်။
ယခင် အခြေအနေများ အတိုင်းပင် ဘာတစ်ခုမှ ထူးထူးခြားခြား ပြောင်းလဲသွားခြင်း မရှိဘဲ မသိလျှင် မင်းသမီး အိုလီဗီယာ တစ်ယောက် ဆွေမျိုးများထံ အလည်အပတ် ပြန်လာသကဲ့သို့သာ ထင်မှတ်ရ၏။
သို့တိုင် ဤအခြေအနေများမှာ ထင်သလောက် မရိုးရှင်းကြောင်း ချင်ဟန် ခံစားနေမိသည်။ အပေါ်ယံတွင် ငြိမ်းချမ်းနေသယောင် ထင်ရသော်ငြား အမှန်တကယ် ထိုသို့ ဖြစ်နေမည်ဟု မဆိုနိုင်ပေ။
သူ့ထံတွင် သတင်းအချက်အလက် များများစားစား မရှိသော်လည်း ထိုတည်ငြိမ်မှု အောက်တွင် ပြင်းထန်သော ရေစီးကြောင်းများ လျှို့ဝှက် စီးဆင်းနေကြောင်း ကောင်းကောင်း သိထားသည်။
လက်ရှိတွင်တော့ ဆိုးရွားသော အခြေအနေ တစ်ခုကို အာရုံခံမိနေသဖြင့် ချင်ဟန်က ထိုကိစ္စများကို သိပ်ပြီး ဂရုမစိုက်နိုင်တော့။
"ကိုင်လင်း... မင်း တကယ်ပဲ ထွက်သွားတော့မလို့လား" အိမ်တော် အပြင်ဘက်တွင် ဖရူဒိုက ချင်ဟန်အား အံ့အားသင့်စွာ ကြည့်လာသည်။ "ရာသီဥတုက တဖြည်းဖြည်း အေးလာပြီ... အခုချိန် ခရီးထွက်ဖို့ သိပ်မသင့်တော်ဘူး ထင်တယ်"
"ငါ့မှာ တခြား ရွေးချယ်စရာမှ မရှိတာ..." ဖရူဒို ရှေ့တွင် ရပ်နေသော ချင်ဟန်က ခပ်ရေးရေး ပြုံးလိုက်၏။
"အိမ်မှာ ငါ့အဖေ စောင့်နေတယ်လေ... သူ့ဆီ အလည်ပြန်လာခဲ့မယ်လို့ ကတိပေးထားတော့ အဲ့ဒီကတိကို ငါ မဖျက်ချင်ဘူး"
"ဒီလိုလား..." ဖရူဒိုက နားလည်သွားဟန်ဖြင့်... "နှမြောစရာပဲ... မင်း ထွက်သွားပြီးရင် ငါ့မှာ အတူတူ လေ့ကျင့်ဖော် မရှိတော့ဘူးပေါ့"
"ကယ်လီတို့ဆီ သွားရှာလို့ ရတာပဲ..." ချင်ဟန်က အကြံပေးလိုက်သည်။ "ကယ်လီက သူရဲကောင်း တစ်ယောက် မဟုတ်ပေမဲ့ သူ့ရဲ့ ဓားသိုင်းစွမ်းရည်က မဆိုးပါဘူး... ငါထွက်သွားပြီးရင် သူ့ဆီ သွားလိုက်ပါ"
"သူက ငါ့လို တောသားတစ်ယောက်ကို ဂရုစိုက်မှာ မဟုတ်ပါဘူး..." ဖရူဒို မျက်နှာပေါ်တွင် မထီမဲ့မြင် ပြုသော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွား၏။ "ပြီးတော့ သူ့လို အားနည်းတဲ့ ကောင်တွေကိုလည်း ငါ စိတ်မဝင်စားဘူး"
"မင်းကတော့လေ..." ချင်ဟန်က ဖရူဒိုကို ကြည့်ရင်း ခေါင်းခါယမ်းလိုက်တော့သည်။
"ဘယ်တော့ ထွက်မှာလဲ... ငါ လမ်းတစ်ဝက်လောက် အထိ လိုက်ပို့ပေးမယ်" ဖရူဒိုက လေးနက်စွာ မေးလာသည်။
"ဒါဆိုရင်တော့ အကောင်းဆုံးပဲ... အခု ရာသီဥတုက အေးလာပြီ ဆိုတော့ ဆောင်းရာသီ အတွက် ရိက္ခာ စုဆောင်းချင်တဲ့ ဓားပြတွေ အများကြီး ရှိလာမှာ သေချာတယ်... မင်း လိုက်စောင့်ရှောက်ပေးရင် ပိုအဆင်ပြေတာပေါ့"
ထိုစကား ကြားလျှင် ဖရူဒို တစ်ယောက် ရယ်မောခြင်းကို မထိန်းချုပ်နိုင်တော့။
"ဘယ်သူက သူရဲကောင်း တစ်ယောက်ကို ဓားပြတိုက်ရဲမှာလဲ"
"ကြိုပြောလို့ မရဘူးလေ..." ချင်ဟန်က ပြန်တုံ့ပြန်လိုက်သည်။ သူတို့နှစ်ယောက် အချိန်အတော်ကြာ စကားစမြည် ပြောဆိုပြီးနောက် လူစုခွဲလိုက်ကြ၏။
ခဏအကြာတွင် ချင်ဟန်က ထွက်ခွာသွားသော ဖရူဒို၏ ကျောပြင်ကို ကြည့်ရင်း ကယ်လီ ပေးပို့ခဲ့သော စာအား ပြန်လည် တွေးတောနေမိသည်။
မင်းသမီး အိုလီဗီယာ ပြန်ရောက်လာပြီး ကတည်းက သူက ကူတူး မြို့တော်၏ အခြေအနေကို အမြဲတစေ စောင့်ကြည့်နေခဲ့ခြင်းပင်။
အပေါ်ယံတွင် သိသာထင်ရှားမှု မရှိသော်ငြား မင်းသမီး အိုလီဗီယာ ပြန်လာပြီးနောက် ကူတူး မြို့တော်၏ အခြေအနေမှာ ပို၍ တင်းမာလာခဲ့လေပြီ။
ဤတင်းမာမှုမှာ မင်းသမီး အိုလီဗီယာ၏ ပြန်လည် ရောက်ရှိလာမှုနှင့် ရှင်ဘုရင် နောက်တစ်ကြိမ် သတိလစ် မေ့မြောသွားမှုတို့ကြောင့် ဖြစ်ပေလိမ့်မည်။
မကြာသေးမီက မင်းသား ဂရစ် တစ်ယောက်လည်း ပြန်လာရန် ပြင်ဆင်နေကြောင်း ကောလာဟလများ ထွက်ပေါ်နေ၏။
ဤဆက်တိုက် ထွက်ပေါ်နေသော သတင်းများက ချင်ဟန်အား အတော်လေး သတိထားမိစေခဲ့သည်။
လက်ရှိ အခြေအနေများအရ အချိန်ကြာလာသည်နှင့်အမျှ ကူတူး မြို့တော်၏ အခြေအနေမှာ ပို၍ ပြင်းထန်လာမည့်ပုံပင်။
ထိုအချိန် ရောက်လာပါက လက်ရှိ ငြိမ်းချမ်းနေသော အခြေအနေမှာ သေချာပေါက် ပျက်စီးသွားလိမ့်မည် မဟုတ်ပါလား။
ထိုသည်ကို အာရုံခံမိပြီးနောက် ချင်ဟန်လည်း နောက်ဆုတ်ရန် ဆုံးဖြတ်ချက် ချလိုက်တော့သည်။
အကယ်၍ သူသာ အဆင့်မြင့် ပုဂ္ဂိုလ်များထဲမှ တစ်ယောက် ဖြစ်နေခဲ့လျှင် လက်ရှိ အခြေအနေမှ အကျိုးအမြတ် တစ်စုံတစ်ရာ ရနိုင်မလားဟု ကြိုးစားကြည့်နိုင်ပေမည်။
သို့သော် သူ့ထံတွင် တိုက်ခိုက်ရေး စွမ်းရည်မှလွဲ၍ တခြား ဘာမှမရှိချေ။ ဤအခြေအနေမှ အကျိုးအမြတ် ရယူနိုင်ရန် အရင်းအမြစ်များ သို့မဟုတ် လုပ်ပိုင်ခွင့်များလည်း မရှိပေ။
သူ့အတွက်တော့ လက်ရှိ အခြေအနေမှာ အလွန်တရာ အန္တရာယ် များလှ၏။
ထို့အပြင် သူ့မိတ်ဆွေ ကယ်လီကလည်း စာတစ်စောင် ပေးပို့လာခဲ့သေးသည်။
စာမှာ အတော်လေး ရိုးရှင်းသော်လည်း သူ့လုံခြုံရေးကို သတိထားရန် ချင်ဟန်အား လျှို့ဝှက် သတိပေးထားခြင်း ဖြစ်သည်။
ဤစာကြောင့်ပင် ချင်ဟန်က ကူတူး မြို့တော်မှ ခေတ္တ ထွက်ခွာ၍ မိသားစုထံ ပြန်ရန် ဆုံးဖြတ်လိုက်ခြင်းပင်။
တိုက်တိုက်ဆိုင်ဆိုင် သူ့အိမ်တွင် ဖြေရှင်းရန် ကျန်နေသေးသော ကိစ္စအချို့ ရှိနေသဖြင့် တစ်ပြိုင်နက်တည်း ဖြေရှင်းနိုင်ပေလိမ့်မည်။
သူက ပစ္စည်းအနည်းငယ်ကို ရိုးရှင်းစွာ ထုပ်ပိုးပြီး မထွက်ခွာမီ ကျန်ရှိနေသော အရာများကို သူ့ထံ ပေးပို့ရန် အစေခံများအား ညွှန်ကြားလိုက်၏။
ထို့နောက် သူ သွားရောက်ခဲ့သော နေရာမှာ ကယ်လီ၏ အိမ်တော်ပင်။
"သူတို့ တစ်ယောက်မှ မရှိကြဘူးလား"
ကယ်လီအိမ်တော်သို့ ရောက်ရှိပြီး အိမ်တော်ထိန်းအိုကြီး၏ စကားကို ကြားပြီးနောက် ချင်ဟန် တိတ်တဆိတ် မျက်မှောင်ကြုတ်လိုက်မိသည်။
သူက ကယ်လီအား နှုတ်ဆက်ရန်နှင့် ဗာနာကို တွေ့ဆုံရန် လာခဲ့ခြင်း ဖြစ်သည်။
လွန်ခဲ့သော နှစ်လအတွင်း သူက ဗာနာကို လာရောက် တွေ့ဆုံရန် ဤနေရာသို့ အကြိမ်ကြိမ် လာခဲ့ဖူး၏။
ထိုအချိန်များက ဗာနာမှာ အမြဲတမ်း အိမ်တော်တွင် ရှိနေတတ်သော်လည်း ယနေ့တွင်မူ မရှိပေ။
"ဒီပစ္စည်းတွေကို သခင်မလေး ဗာနာဆီ ပေးပေးပါ" သူက လှည့်၍ အိမ်တော်ထိန်းအိုကြီးအား ယဉ်ကျေးစွာ ပြုံးပြလိုက်သည်။
"ကျွန်တော် ခဏလောက် ခရီးထွက်မလို့ပါ... ပြန်လာတဲ့အခါ ပြန်ဆုံတွေ့နိုင်ဖို့ မျှော်လင့်ပါတယ်... ဒါက သူမအတွက် ပေးတဲ့စာပါ... သေချာပေါက် ပေးပေးဖို့ အကူအညီ တောင်းပါရစေ"
သူက အလွန် ယဉ်ကျေးစွာဖြင့် အိမ်တော်ထိန်းအိုကြီးထံ စာကို ကမ်းပေးလိုက်၏။
အိမ်တော်ထိန်းအိုကြီးက ရိုသေစွာ လက်ခံယူပြီးနောက် သခင်မလေး ဗာနာထံ သေချာပေါက် ပေးအပ်မည် ဖြစ်ကြောင်း ချင်ဟန်အား အလေးအနက် ကတိပေးလာသည်။
ထို့နောက် ချင်ဟန် ထွက်ခွာလာခဲ့တော့သည်။
သူက ကျဉ်းမြောင်းပြီး ရှည်လျားသော လမ်းကလေး အတိုင်း လျှောက်လှမ်းလာခဲ့ရာ အပြင်ဘက် လမ်းမကြီးသို့ ရောက်ရှိလာ၏။ ထိုနေရာတွင်တော့ သူ့မြင်းလှည်းက အသင့်စောင့်ကြိုနေလေပြီ။
ထိုနေရာတွင် ရပ်နေသော ချင်ဟန်၏ ကိုယ်နေဟန်ထားမှာ မားမားမတ်မတ် ရှိပြီး အလွန်တရာ ရဲရင့် ခန့်ညားသော ပုံစံမျိုး ပေါက်နေသည်။
သူက ဘေးဘက်ရှိ ဦးတည်ရာ တစ်ခုသို့ အချိန်အတော်ကြာ စူးစိုက် ကြည့်နေမိ၏။
"ဘာဖြစ်လို့လဲ သခင်လေး" လှည်းမောင်းသမားက အတော်လေး ရှုပ်ထွေးသွားဟန်ဖြင့် မေးလာသည်။
"ဘာမှမဟုတ်ပါဘူး"
ချင်ဟန်၏ အမူအရာမှာ တည်ငြိမ်နေပြီး အကြည့်လွှဲကာ မြင်းလှည်းပေါ်သို့ တက်လိုက်သည်။
ထို့နောက် သူတို့ လျင်မြန်စွာ ထွက်ခွာလာကြတော့သည်။
သူတို့ ထွက်ခွာသွားပြီးနောက် ချင်ဟန် စိုက်ကြည့်နေခဲ့သော ဦးတည်ရာ ဘက်မှ ဆူညံသံ အချို့ ထွက်ပေါ်လာခဲ့သည်။ သားရေချပ်ဝတ်စုံ ဝတ်ဆင်ထားသော လူအနည်းငယ် ထွက်ပေါ်လာပြီး သူတို့ တစ်ကိုယ်လုံး ချွေးများဖြင့် ရွှဲနစ်နေကာ အသက်လု ရှူနေကြရသည်။
"ကျစ်... သေစမ်း..." ထွက်ခွာသွားသော မြင်းလှည်းကို ကြည့်ရင်း သူတို့ထဲမှ အချို့မှာ အတော်လေး ထိတ်လန့်နေကြသည်။
"သူ ငါတို့ကို သတိထားမိသွားတာ သေချာတယ်"
"ဒီလို ထက်မြက်တဲ့ အာရုံခံနိုင်စွမ်းက သာမန် မဟုတ်ဘူး"
...
"ငါတို့ ဘာဆက်လုပ်ကြမလဲ"
တစ်စုံတစ်ယောက်က စိုးရိမ်တကြီး မေးလာသည်။ "နောက်ကနေ လိုက်သွားရမလား"
"မင်း အသက်မရှင်ချင်တော့ဘူးလား" ခေါင်းဆောင် ဖြစ်သူ၏ မျက်နှာထားမှာ မှုန်ကုပ်သွား၏။
"သူ ဒီကိုလာတဲ့ အကြောင်းပဲ သတင်းပို့လိုက်... တခြားကိစ္စတွေက ငါတို့နဲ့ ဘာမှမဆိုင်ဘူး... ငါတို့ရဲ့ တာဝန်ထဲမှာ သူရဲကောင်း တစ်ယောက်နဲ့ ရန်သူဖွဲ့ဖို့ မပါဘူး..."
"ဒီလူတွေက..." မြင်းလှည်းပေါ်တွင် ထိုင်နေသော ချင်ဟန် တိတ်တဆိတ် တွေးတောနေမိသည်။
"သူတို့က မင်းသမီး အိုလီဗီယာရဲ့ လူတွေများလား"
ထိုဖြစ်နိုင်ချေကို စဉ်းစားမိသည်နှင့် သူ ချက်ချင်းပင် ပယ်ချလိုက်၏။
ထိုလူများထံတွင် သူ့အပေါ် ရန်လိုသော အရိပ်အယောင် အချို့ ပါဝင်နေသည်။ အကယ်၍ မင်းသမီး အိုလီဗီယာ၏ လူများသာ ဆိုပါက ထိုကဲ့သို့ ခံစားချက်မျိုး ပေးစွမ်းမည် မဟုတ်ပေ။
မည်သို့ပင်ဖြစ်စေ သူနှင့် မင်းသမီး အိုလီဗီယာကြား မည်သည့် ပဋိပက္ခမှ မရှိခဲ့ချေ။
ထို့အပြင် သူရဲကောင်း မေဒါ တစ်ယောက် သူ့အား နာကြည်းနေလျှင်ပင် သူ့နောက်သို့ လိုက်ရန် ဤကဲ့သို့ လူအုပ်မျိုးကို ရှာဖွေမည် မဟုတ်ပေ။
ဒါဆို သူတို့က တခြား အုပ်စုတစ်ခုကလား… သူတို့ ဘယ်သူ့ကို ပစ်မှတ်ထားနေတာလဲ။ ကယ်လီလား၊ ဗာနာလား၊ ဒါမှမဟုတ် ငါ့ကိုလား။
ချင်ဟန် တစ်ယောက် အတွေးနက်နေမိဆဲပင်။
ထွက်ခွာရန် သူ့ ဆုံးဖြတ်ချက် မှန်ကန်ကြောင်း ယခုတော့ ကောင်းကောင်းကြီး အတည်ပြုနိုင်ခဲ့လေပြီ။
အချိန်များ ကုန်လွန်လာသည်နှင့်အမျှ ကူတူး မြို့တော်ကြီးတွင် ဖြစ်ပျက်လာမည့် အရာများကို မည်သူမှ မသိနိုင်ပေ။
အချိန်များ တဖြည်းဖြည်း ကုန်လွန်သွားသည်။
နောက်ရက် အနည်းငယ် အတွင်း ချင်ဟန်က ကူတူး မြို့တော်ရှိ သူ့မိတ်ဆွေများထံ သွားရောက် လည်ပတ်ခဲ့ပြီး သူခရီးထွက်မည့် အကြောင်း ပြောပြခဲ့၏။
အမှန်တော့ သူ့တွင် မိတ်ဆွေများများစားစား မရှိသော်လည်း တစ်ယောက်ချင်းစီကို လိုက်လံ နှုတ်ဆက်ရသည်မှာ အချိန်အတော်လေး ပေးလိုက်ရသည်။
ရက်အနည်းငယ် ကြာပြီးနောက်မှသာ သူ စတင် ခရီးထွက်ခွာလာခဲ့တော့သည်။
End
***