"ဖုန်းကျဲ... ဒီခရီးက နောက်ပြန်လှည့်လို့ မရဘူး..."
"ဧကရီ... ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ..."
မဟာကြီးကြပ်ရေးမှူး ဖုန်းကျဲသည် ဖြည်းညင်းစွာ ထလိုက်ပြီး သူမ၏ ကျောက်စိမ်းလက်ကို ဝှေ့ယမ်းကာ ရေသူဧကရီကို အချုပ်အနှောင်တစ်ခုအတွင်း၌ ပိတ်လှောင်လိုက်၏။
"ဖုန်းကျဲ… လွှတ်စမ်း..."
မဟာကြီးကြပ်ရေးမှူးသည် သူမ၏ အဝတ်အစားများကို ဆွဲဆန့်ကာ ရုပ်ရည်ကို ပြင်ဆင်လိုက်ပြီး ရေသူဧကရီအား လေးနက်စွာ ဦးညွှတ်လိုက်သည်။ ထို့နောက် ဧကရီခန်းမအတွင်းမှ ထွက်ခွာသွားပြီး တံခါးကို ပိတ်လိုက်လေသည်။
သူမ၏ ကျောက်စိမ်းလက်ကို ဝှေ့ယမ်းလိုက်သည်နှင့် တံခါးပေါ်တွင် လျှို့ဝှက်ဆန်းကြယ်သော သင်္ကေတများ လင်းလက်လာခဲ့၏။ မဟာကြီးကြပ်ရေးမှူးသည် တံခါးရှေ့တွင် ရပ်ကာ အေးစက်စွာ ပြောလိုက်သည်။
"တစ်ယောက်ယောက်... တာလော့ တောင်သခင်ကို ကြိုဆိုဖို့ ငါ့နောက်က လိုက်ခဲ့ကြ..."
"ဟုတ်ကဲ့ပါ..."
မဟာကြီးကြပ်ရေးမှူး၏ အမိန့်နှင့်အတူ ရေသူအမျိုးသမီးများသည် ရှေ့သို့ တိုးလာကြပြီး မဟာကြီးကြပ်ရေးမှူး၏ အနောက်မှနေ၍ နန်းတော်အပြင်ဘက်သို့ လိုက်ပါလာကြလေသည်။
မဟာကြီးကြပ်ရေးမှူး ခြေတစ်လှမ်း လှမ်းလိုက်တိုင်း လေးလံလှသော ပင်လယ်ရေများသည် ဘေးတစ်ဖက်တစ်ချက်စီသို့ ဖယ်ပေးသွားကြပြီး လင်းရီ၏ ခြေဖျားအထိ တိုက်ရိုက် ရောက်ရှိသွားသော ရေလှေကားတစ်ခု ဖြစ်ပေါ်လာခဲ့၏။
"တောင်သခင်..."
"ဒါက ရေသူမျိုးနွယ်စုရဲ့ မဟာကြီးကြပ်ရေးမှူးပဲ..."
"ရေသူကြီးကြပ်ရေးမှူးမျိုးနွယ်စုက အမြဲတမ်း သံယောဇဉ်မဲ့ပြီး အညှာတာကင်းမဲ့ကြတာ..."
"အခု ရေသူဧကရီက ထွက်မလာဘဲ မဟာကြီးကြပ်ရေးမှူးက ထွက်လာတယ်ဆိုတော့ ရေသူမျိုးနွယ်စုထဲမှာ ကြီးမားတဲ့ အပြောင်းအလဲတစ်ခု ဖြစ်နေပြီထင်တယ်..."
ထန်ကျင်းကျုံးသည် လှေကားအောက်ခြေတွင် ရပ်နေသော မဟာကြီးကြပ်ရေးမှူးကို ကြည့်လိုက်ရာ သူ၏ အကြည့်များမှာ အနည်းငယ် ကျဉ်းမြောင်းသွားခဲ့၏။
ရေသူနိုင်ငံတော်သည် အဆင့်ကိုး အင်အားစုတစ်ခု ဖြစ်လေသည်။ မဟာကြီးကြပ်ရေးမှူးမှာ ရေသူမျိုးနွယ်စု၏ ထိပ်တန်း ကျွမ်းကျင်သူဖြစ်ပြီး သူမ၏ ကျင့်ကြံခြင်းမှာ ကပ်ဘေးချိုးဖျက်ခြင်းနယ်ပယ် ဆယ့်သုံးဆင့် ပြီးပြည့်စုံခြင်းသို့ ရောက်ရှိရန် ခြေတစ်လှမ်းသာ လိုတော့၏။
"ကျွန်မနာမည်က ဖုန်းကျဲပါ၊ ရေသူ နိုင်ငံတော်ရဲ့ မဟာကြီးကြပ်ရေးမှူး ဖြစ်ပါတယ်။ တာလော့ဝိုင်တောင် တောင်သခင်ကို နန်းတော်အတွင်းထဲကို ကြိုဆိုပါတယ်..."
မဟာကြီးကြပ်ရေးမှူးသည် လှေကားအောက်ခြေတွင် ရပ်နေပြီး လင်းရီအား အနည်းငယ် ဦးညွှတ်နှုတ်ဆက်လိုက်လေသည်။
"ကျေးဇူးတင်ပါတယ် ကြီးကြပ်ရေးမှူး..."
လင်းရီ၏ အမူအရာမှာ ပြောင်းလဲခြင်းမရှိဘဲ တည်ငြိမ်စွာပင် ပြန်လည် ဦးညွှတ်လိုက်ပြီး လှေကားမှ ဆင်းလာခဲ့၏။
သေဖို့ဆုံးဖြတ်ထားတဲ့သူပဲ။
လင်းရီနှင့် ထန်ကျင်းကျုံးတို့ မဟာကြီးကြပ်ရေးမှူးအနားသို့ ချဉ်းကပ်သွားကြသည်။ သူတို့နှစ်ဦး အချင်းချင်း ကြည့်လိုက်ကြရာ သူတို့၏ အမူအရာများမှာ ပို၍ပင် လေးနက်သွားခဲ့၏။ နှစ်ဦးလုံးမှာ ဤခေတ်၏ သေခြင်းရှင်ခြင်းလမ်းစဉ် ကျွမ်းကျင်သူများ ဖြစ်ကြလေသည်။ သဘာဝကျကျပင် သူတို့သည် သေခြင်းတရား၏ အငွေ့အသက်များကို အာရုံခံနိုင်ကြ၏။ တစ်ချက် ကြည့်လိုက်ရုံဖြင့်ပင် မဟာကြီးကြပ်ရေးမှူး၏ သေလိုစိတ်ကို သူတို့ မြင်လိုက်ကြလေသည်။
"ဒါက နည်းနည်းတော့ ပြဿနာရှိတယ်..."
"အကယ်၍ နောက်ပိုင်း အခြေအနေက မဟန်ဘူးဆိုရင် တိမ်တိုက်လှေကား ဝင်္ကပါပြားကို အသုံးပြုပြီး ထွက်ပြေးလိုက်ပါ။ ဒီအဘိုးကြီးက အနောက်ကနေ ကာကွယ်ပေးထားပါ့မယ်..."
ထန်ကျင်းကျုံးက တိုးညင်းစွာ အသံလွှင့်ကာ ပြောလိုက်၏။ သေလိုစိတ် ရှိနေသူတစ်ယောက်က မည်မျှ ကြောက်စရာကောင်းကြောင်းကို သေခြင်းရှင်ခြင်းတံခါးမှ ကျင့်ကြံသူတစ်ဦးထက် ပို၍ နားလည်သူ မရှိချေ။
လင်းရီက ပြန်မပြောဘဲ ဖုန်းကျဲကို ကြည့်ကာ ဦးညွှတ်လိုက်ပြီး ပြောလိုက်လေသည်။
"ကျွန်တော်က ဝိုင်တောင်ရဲ့ တောင်သခင်လင်းရီပါ။ မဟာကြီးကြပ်ရေးမှူးနဲ့ တွေ့ရတာ ဝမ်းသာပါတယ်..."
"တောင်သခင်လင်းရီ... ယဉ်ကျေးနေစရာ မလိုပါဘူး..."
မဟာကြီးကြပ်ရေးမှူးက ပြန်လည် ဦးညွှတ်လိုက်၏။
"မဟာကြီးကြပ်ရေးမှူး... ဒီမျိုးဆက်သစ်က ရေသူဧကရီကို တွေ့ချင်လို့ပါ။ ကျေးဇူးပြုပြီး မိတ်ဆက်ပေးလို့ရမလား..."
လင်းရီက မေးလိုက်၏။
"ရေသူဧကရီက မျိုးနွယ်စု စည်းမျဉ်းတွေကို ချိုးဖောက်ခဲ့လို့ ချုပ်နှောင်ခံထားရပါတယ်။ တောင်သခင်လင်းရီ... ရှင့်အနေနဲ့ စိတ်ပျက်ရပါလိမ့်မယ်..."
ဖုန်းကျဲက ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သည်။
"တောင်သခင်လင်းရီ... ကျွန်မတို့ ကြီးကြပ်ရေးမှူးမျိုးနွယ်စုဟာ ပင်ကိုယ်အားဖြင့် နိုင်ငံကိုကြီးကြပ်ဖို့ အခွင့်အာဏာရှိပါတယ်..."
"ရေသူဧကရီကလည်း သဘာဝကျကျပဲ ဖုန်းကျဲရဲ့ ကြီးကြပ်မှုအောက်မှာ ရှိတာပေါ့..."
"အခုရေသူဧကရီက ချုပ်နှောင်ခံထားရပြီး ထွက်မလာနိုင်တဲ့အတွက် နိုင်ငံတော်ရေးရာတွေကို ဖုန်းကျဲကပဲ သူမကိုယ်စား ဆောင်ရွက်သွားမှာပါ..."
"တောင်သခင်လင်းရီ ဘာပဲလုပ်ချင်လုပ်ချင် ဖုန်းကျဲက သူမကိုယ်စား ကိုင်တွယ်ပေးရင် ဘာမှ ခြားနားမှာ မဟုတ်ပါဘူး..."
မဟာကြီးကြပ်ရေးမှူးသည် လင်းရီ၏ အတွေးများကို သိမြင်သွားပုံရပြီး ထပ်မံ ပြောလိုက်၏။
"ဒီမျိုးဆက်သစ်က စီနီယာဖုန်းဟွာ ချန်ထားခဲ့တဲ့ အစစ်အမှန်ဝိညာဉ် အစအနလေးကို မြင်တွေ့ချင်ပါတယ်..."
လင်းရီက မျက်ခွံပင့်ကာ ပြောလိုက်၏။
"ရပါတယ်..."
ဖုန်းကျဲ၏ ပြတ်သားသော သဘောထားကြောင့် လင်းရီနှင့် ထန်ကျင်းကျုံးတို့မှာ သူမ၏ ရည်ရွယ်ချက်ကို ခဏတာ ခန့်မှန်းရခက်သွားကြလေသည်။
"အားလုံးပဲ... ကျွန်မနောက်က လိုက်ခဲ့ကြပါ..."
မဟာကြီးကြပ်ရေးမှူး စကားပြောပြီးသည်နှင့် သူမက လှည့်ထွက်သွားပြီး ရေသူနန်းတော်ဆီသို့ ဦးတည်သွားခဲ့၏။ လင်းရီနှင့် အခြားသူများသည်လည်း အလျင်အမြန် လိုက်ပါသွားကြလေသည်။
ရေသူနန်းတော်၏ အနက်ရှိုင်းဆုံး နေရာသို့ ရောက်ရှိလာခဲ့ကြ၏။ မလှမ်းမကမ်းတွင် အင်မော်တယ် အလင်းတန်းများနှင့် သင်္ကေတပေါင်း မြောက်မြားစွာကို မြင်တွေ့နေရလေသည်။ အင်မော်တယ် အလင်းတန်းများအတွင်း၌ ကျောက်စိမ်းစင်မြင့်နှစ်ခု ဝဲပျံနေခဲ့၏။
ကျောက်စိမ်းစင်မြင့်များ၏ ပတ်လည်တွင် ရေသူရှစ်ဦး တင်ပျဉ်ခွေထိုင်နေကြပြီး တစ်ဦးချင်းစီမှာ အလွန်ပိန်ချုံးနေကာ သူတို့၏ ခေါင်းပေါ်တွင် မီးတောက်များ တုန်ခါနေသော်လည်း အားကောင်းသော အသက်ဓာတ်များမှာ ကျောက်စိမ်းစင်မြင့်များအတွင်းသို့ စီးဝင်နေခဲ့သည်။
ကျောက်စိမ်းစင်မြင့်တစ်ခုပေါ်တွင် ရှောင်ချီသည် မြေပြင်ပေါ်တွင် ထိုင်နေပြီး မြက်ပင်တစ်ပင်ကို ကိုင်ဆောင်ထားကာ သူမ၏ လှပသော ဆံပင်များမှာ ဖရိုဖရဲ ဖြစ်နေပြီး သူမ၏ ပုံမှန်အတိုင်း ကျက်သရေရှိမှုနှင့် မြင့်မြတ်မှုတို့ မရှိတော့ချေ။
"စီနီယာ..."
လင်းရီသည် ရှောင်ချီ၏ လက်ထဲရှိ စိမ်းလန်းသော မြက်ပင်ကို ကြည့်လိုက်ရာ သူ၏အကြည့်များက ထက်မြက်သွားခဲ့၏။ အလွန်ဆုံး နောက်ထပ် သုံးရက်ခန့်သာ ခံနိုင်တော့ပေလိမ့်မည်။
"ရေသူအဆီ..."
ထန်ကျင်းကျုံး၏ မျက်လုံးများမှာ မျဉ်းတစ်ကြောင်းကဲ့သို့ ကျဉ်းမြောင်းသွားခဲ့၏။ ခဏအကြာတွင် သူသည် တစ်စုံတစ်ခုကို တွေးမိသွားပုံရပြီး ထိတ်လန့်တကြား ပြောလိုက်လေသည်။
"ရေသူအဆီဟုတ်လား..."
လင်းရီက ဘေးသို့ လှည့်ကြည့်လိုက်၏။
"ရေသူမျိုးနွယ်စုဟာ တာအိုကို ပုလဲတွေအဖြစ်၊ တာအိုကို ဆီအဖြစ် ပြောင်းလဲနိုင်တယ်... ဒါတွေနှစ်ခုလုံးက ကျင့်ကြံခြင်းအတွက် ရတနာတွေပဲ..."
"သက်ရှိရေသူတွေကို အသုံးပြုပြီးဆီအဖြစ် သန့်စင်ရင် အစစ်အမှန်ဝိညာဉ်ကို ထိန်းသိမ်းပေးနိုင်တဲ့ အစွမ်းလည်းရှိတယ်လို့ဆိုကြတယ်..."
"ဒါပေမဲ့ ဒီလုပ်ရပ်က သဘာဝတရားရဲ့ နိယာမကို ဆန့်ကျင်နေတာပဲ..."
ထန်ကျင်းကျုံးက လေးနက်စွာ ပြောလိုက်လေသည်။
"အဆီရဖို့အတွက် ရေသူတွေကို သတ်ဖြတ်တာက သဘာဝတရားရဲ့ နိယာမကို ဆန့်ကျင်တာ မှန်ပေမယ့် အကယ်၍ ကျွန်မတို့က ကိုယ့်ဆန္ဒအလျောက် လုပ်တာဆိုရင်တော့ ကိစ္စမရှိပါဘူး..."
ဖုန်းကျဲသည် နောက်ဆုံး အသက်ရှိုက်သာ ကျန်တော့သော ရေသူရှစ်ဦးကို ကြည့်လိုက်ရာ သူမ၏ မျက်လုံးများထဲတွင် မခံစားနိုင်လောက်အောင် ဝမ်းနည်းမှု အရိပ်အယောင်တစ်ခု လျှပ်တစ်ပြက် ဖြတ်သန်းသွားခဲ့၏။
"လင်းရီ ဒီကိုလာတာက လူတစ်ယောက်ကို ကယ်တင်ဖို့အတွက်ပဲ..."
"စီနီယာ... ကျေးဇူးပြုပြီး အဆင်ပြေအောင် လုပ်ပေးပါ..."
လင်းရီက မဟာကြီးကြပ်ရေးမှူးကို ကြည့်ကာ ပြောလိုက်၏။
"သေချာတာပေါ့... ဒါပေမဲ့ ရှင့်မှာ ဆယ်ရက်ပဲ အချိန်ရှိတယ်..."
"အကယ်၍ ရှင် ဆယ်ရက်အတွင်း ဖုန်းဟွာကို ကယ်တင်နိုင်ရင် ကျွန်မ သဘာဝကျကျပဲ ဖုန်းဟွာကို ခေါ်သွားခွင့်ပြုမယ်..."
"အကယ်၍ မရခဲ့ရင်တော့ ဖုန်းဟွာရဲ့အရိုးတည်ဆောက်ပုံ တစ်ခုလုံးကို ရှောင်ချီရဲ့ ခန္ဓာကိုယ်ထဲကို ကျွန်မ ပြောင်းရွှေ့ပေးလိုက်မယ်..."
"ဒါကို ကျွန်မ ပြင်ဆင်နေခဲ့တာ နှစ်ပေါင်းများစွာကြာပြီဆိုတာ ရှင် သိသင့်တယ်... ဖာတောင်သခင်နဲ့ တာလော့ဂိုဏ်းချုပ်ကိုယ်တိုင် လာရင်တောင် ဒါကို ပြောင်းလဲလို့ ရမှာ မဟုတ်ဘူး..."
မဟာကြီးကြပ်ရေးမှူးက သေချာပေါက် ပြောလိုက်လေသည်။
"မဟာကြီးကြပ်ရေးမှူးမှာ အဲဒီလောက် ယုံကြည်ချက်ရှိတဲ့ အရာတစ်ခု ရှိနေလို့လား..."
လင်းရီက မျက်ခုံးပင့်ကာ မေးလိုက်၏။
"ဝင်္ကပါတစ်ခုပဲ..."
မဟာကြီးကြပ်ရေးမှူးက ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သည်။
"ဘာဝင်္ကပါလဲ..."
"မင်္ဂလာဝတ်စုံအင်မော်တယ်ဝင်္ကပါ..."
မဟာကြီးကြပ်ရေးမှူးသည် ကျောက်စိမ်းစင်မြင့်ကို ကြည့်လိုက်ရာ သူမ၏ အနီရောင် နှုတ်ခမ်းလွှာများ အနည်းငယ် ဟဟသွားလေသည်။
"ရှေးခေတ်ကတည်းက အဆိုးညစ်ဆုံးဝင်္ကပါလို့ လူသိများတဲ့ မင်္ဂလာဝတ်စုံအင်မော်တယ်ဝင်္ကပါ လား..."
ထန်ကျင်းကျုံးသည် မနေနိုင်ဘဲ အံ့အားသင့်စွာ အော်ဟစ်လိုက်မိ၏။
***