ချန်းဝေကွမ်နှင့် ဆန်းဖုန်ချန်းတို့မှာ ကျန်းယွီဟယ်၏ စကားများကြောင့် လုံးဝကို ထိတ်လန့်သွားကြသည်။ ဘာတွေဖြစ်သွားမှန်းပင် သူတို့ မသိလိုက်ကြပေ။ ကျန်းယွီဟယ်က ရုတ်တရက် မြို့တစ်မြို့လုံးကို ချိတ်ပိတ်လိုက်ပြီးနောက် လျင်မြန်ပြတ်သားသော လုပ်ရပ်များဖြင့် ဟယ်နှင့် လီ မိသားစုကို လုံးဝ မျိုးဖြုတ်ပစ်ခဲ့သည်။
အရာအားလုံးက မြန်ဆန်လွန်းလှသည်။ ယခုအချိန်အထိ ချန်းဝေကွမ်နှင့် ဆန်းဖုန်ချန်းတို့မှာ လုံးဝ ကြောင်အမ်းအမ်း ဖြစ်နေဆဲပင်။ လေသတင်းမျှော်စင်က နတ်ဆိုးဘုရင်ဂိုဏ်း၏ လျှို့ဝှက်စခန်းဖြစ်ပြီး ဟယ်နှင့် လီ မိသားစုက နတ်ဆိုးဘုရင်ဂိုဏ်းနှင့် ပူးပေါင်းနေသည်ဆိုသည့် ကျန်းယွီဟယ်၏ စကားကတော့ အခြားတစ်ကဏ္ဍဖြစ်သည်။ ရိုးရိုးသားသားပြောရလျှင် ထိုသည်မှာ အမှန်ဖြစ်သည်ဟု ချန်းဝေကွမ်နှင့် ဆန်းဖုန်ချန်းတို့ သိပ်မယုံကြည်ကြပေ။
လေသတင်းမျှော်စင်က ယွမ်ကျုံးစီရင်စုမှာ အခြေစိုက်လာသည်မှာ နှစ်ရာဂဏန်းခန့်သာ ရှိသေးသဖြင့် သူတို့ သိပ်မသိနိုင်ပေမယ့် ဟယ်မိသားစုနှင့် လီမိသားစုကိုတော့ ချန်းဝေကွမ်နှင့် ဆန်းဖုန်ချန်းတို့က အလွန် ကောင်းကောင်းသိထားသည်။ ထိုအင်အားစုများက ယွမ်ကျုံးစီရင်စုတွင် နှစ်သောင်းချီကြာ အတူတကွ ရှင်သန်လာခဲ့ကြသည် မဟုတ်ပါလား။ တစ်ယောက်အကြောင်း တစ်ယောက် အူမချေးခါးမကျန် သိထားကြသည်။
ဟယ်မိသားစုနှင့် လီမိသားစုတွင် တခြား တရားမဝင် စီးပွားရေးများ ရှိနိုင်သော်လည်း သူတို့က နတ်ဆိုးဘုရင်ဂိုဏ်းနှင့် ပူးပေါင်းနေသည်ဆိုသည်ကိုတော့ တကယ်ကို မယုံကြည်ချင်ကြပေ။ မည်သို့ပင်ဆိုစေ နတ်ဆိုးမျိုးနွယ်နှင့် နတ်ဆိုးဘုရင်ဂိုဏ်းဆိုသည်မှာ သူတို့အတွက် အလွန် ဝေးကွာလွန်းလှသည်။ ယွမ်ကျုံးစီရင်စုတွင် နတ်ဆိုးဘုရင်ဂိုဏ်း လှုပ်ရှားမှု မှတ်တမ်းဟူ၍ တစ်ခါမှ မရှိခဲ့ဖူးပေ။
ဟယ်မိသားစုနှင့် လီမိသားစုက နတ်ဆိုးဘုရင်နှင့် သွားပူးပေါင်းဖို့ဆိုတာ ဘယ်နေရာသွားပြီး ပူးပေါင်းရမည်နည်း။ လေသတင်းမျှော်စင်က တကယ်ပဲ နတ်ဆိုးဘုရင်ဂိုဏ်း၏ စခန်းတစ်ခုဆိုလျှင်တောင် ဟယ်နှင့် လီ မိသားစုက သူတို့နှင့် သွားပူးပေါင်းရန် ဘယ်ကနေ သတ္တိတွေ ရလာမည်နည်း။
ထိုသည်မှာ ကျန်းယွီဟယ် တမင်သက်သက် ဖန်တီးထားသော ဆင်ခြေများသာဖြစ်ပြီး သူ၏ အမှန်တကယ် ရည်ရွယ်ချက်မှာ ဟယ်နှင့် လီ မိသားစုကို မျိုးဖြုတ်ရန်သာဖြစ်ကြောင်း ချန်းဝေကွမ်နှင့် ဆန်းဖုန်ချန်းတို့က ပို၍ ယုံကြည်မိကြသည်။ အဘယ်ကြောင့်ဆိုသော် မကြာသေးမီ နှစ်များအတွင်း ဟယ်နှင့် လီ မိသားစုသည် တာအိုသန့်စင်ဂိုဏ်းအပေါ် အမှန်တကယ်ပင် အလေးမထားသည့် လုပ်ရပ်အချို့ကို ပြသခဲ့ကြသောကြောင့်ဖြစ်သည်။
အထူးသဖြင့် ကျန်းယွီဟယ် စတင် တာဝန်ထမ်းဆောင်ချိန်တွင် ဟယ်နှင့် လီ မိသားစုက လုံးဝ အလေးမထားခဲ့ပေ။ ထို့ကြောင့် အသစ်ခန့်အပ်ခံရသော နယ်မြေစောင့်တပ်မှူးက သူတို့ကို မျိုးဖြုတ်ပစ်ရန် ဆင်ခြေတစ်ခု ရှာလိုက်ခြင်းသာ ဖြစ်ပေမည်။ ချန်းဝေကွမ်နှင့် ဆန်းဖုန်ချန်းတို့ အမှန်တကယ် ထိတ်လန့်သွားကြသည်။ သူတို့လည်း နတ်ဆိုးဘုရင်ဂိုဏ်းနှင့် ပူးပေါင်းသည်ဟု စွပ်စွဲခံရမည်ကို ကျန်းယွီဟယ်အား ကြောက်ရွံ့နေကြသည်။
ယွီဖန်ကောင်းကင်ဘုံတွင် နတ်ဆိုးဘုရင်ဂိုဏ်းဆိုသည်မှာ လုံးဝ အပယ်ခံ တားမြစ်ချက်တစ်ခုဖြစ်သည်။ နတ်ဆိုးဘုရင်ဂိုဏ်းနှင့် ပတ်သက်မိသူတိုင်း သေချာပေါက် ပျက်စီးရမည်သာဖြစ်သည်။ ထို့အပြင် တစ်ယောက်တည်း သေရုံဖြင့် မပြီးပေ။ ဆွေမျိုးတစ်သိုက်လုံး အတူတကွ သေဆုံးကြရမည်ဖြစ်သည်။ နတ်ဆိုးဘုရင်ဂိုဏ်းနှင့် ပတ်သက်လာလျှင် တာအိုသန့်စင်ဂိုဏ်းသည် တစ်ခါမှ သက်ညှာခဲ့ဖူးခြင်း မရှိပေ။ ကျန်းယွီဟယ်ကသာ သူတို့ကိုပါ နတ်ဆိုးဘုရင်ဂိုဏ်းနှင့် ပူးပေါင်းသည်ဟု စွပ်စွဲလိုက်ပါက သူတို့ တရားမျှတမှုကို ဘယ်သွားရှာရမည်နည်း။
ကျန်းယွီဟယ်၏ မျက်လုံးများက အေးစက်နေသည်။ ထိုအချိန်တွင် ချန်းဝေကွမ်နှင့် ဆန်းဖုန်ချန်းတို့ ဘာတွေတွေးနေသလဲဆိုသည်ကို သူ လုံးဝ မသိသလို သိရန်လည်း စိတ်မဝင်စားပေ။ ဟယ်မိသားစုနှင့် လီမိသားစုတို့ နတ်ဆိုးဘုရင်ဂိုဏ်းနှင့် ပူးပေါင်းခဲ့သည်မှာ အမှန်တရားဖြစ်သည်။ သို့သော် သူက ထိုလူများကို ရှင်းပြနေရန် မလိုပေ။ တာအိုသန့်စင်ဂိုဏ်း၏ ကိုယ်စားလှယ်နှင့် ဒေသတစ်ခုတွင် တပ်စွဲထားသော နယ်မြေစောင့်တပ်မှူးတစ်ယောက်အနေဖြင့် ဂိုဏ်း၏ စည်းမျဉ်းများနှင့်အညီ လုပ်ဆောင်ရန်သာ လိုအပ်သည်။ ဂိုဏ်းပြင်ပမှ လူများကိုတော့ အလွန်အမင်း ဂရုစိုက်နေရန် မလိုပေ။
ချန်းဝေကွမ်နှင့် ဆန်းဖုန်ချန်းတို့က ထိုကိစ္စနှင့်ပတ်သက်၍ ဘာမှမသိပါဟု ဆိုကာ ဟယ်နှင့် လီ မိသားစုတို့နှင့် အလျင်အမြန် ခပ်ကင်းကင်းနေလိုက်ကြသည်ကို မြင်သောအခါ ကျန်းယွီဟယ်ကလည်း ဤကိစ္စကို ထပ်မံ အာရုံစိုက်မနေတော့ပေ။ ရိုးရိုးသားသားပြောရလျှင် လေသတင်းမျှော်စင်က ယွမ်ကျုံးစီရင်စုတွင် နှစ်ပေါင်းရာချီ လည်ပတ်နေခဲ့ခြင်းဖြစ်သည်။ ချန်းနှင့် ဆန်း မိသားစုတို့က လေသတင်းမျှော်စင်နှင့် လုံးဝ ပတ်သက်မှုမရှိဘဲ သန့်ရှင်းကင်းစင်နေသည်ဆိုသည်ကို သူ မယုံကြည်ပေ။
မည်သို့ပင်ဆိုစေ ဤအင်အားစုနှစ်ခုတည်းတွင်ပင် ကျင့်ကြံသူ သိန်းနှင့်ချီ ရှိနေပြီး သာမန်လူများကိုမူ ဆိုဖွယ်ရာပင် မရှိတော့ပေ။ ဤလူများထဲမှ တစ်ယောက်ကိုမျှ နတ်ဆိုးဘုရင်ဂိုဏ်းက ထိုးဖောက်ဝင်ရောက်ထားခြင်း မရှိဘူးဆိုသည်မှာ မဖြစ်နိုင်ပေ။ သို့သော် ရေကြည်လွန်းလျှင် ငါးမနေနိုင် ဆိုသည့် သဘောတရားကိုလည်း ကျန်းယွီဟယ် နားလည်ထားသည်။ ထို့ကြောင့် သူ ဤကိစ္စကို သိပ်အရေးတယူ လုပ်မနေတော့ခြင်း ဖြစ်သည်။
အကယ်၍ ဤကိစ္စကိုသာ အလေးအနက်ထား စုံစမ်းစစ်ဆေးမည်ဆိုပါက ယွမ်ကျုံးစီရင်စု တစ်ခုလုံးတွင် အသက်ရှင်ကျန်ရစ်သူ သိပ်များများစားစား ကျန်တော့မည် မဟုတ်ပေ။ ကျန်းယွီဟယ်မှာ သူ၏အလုပ်များကို ကူညီပေးမည့်သူများ လိုအပ်နေသေးသည်။ သူတစ်ယောက်တည်း ထိုမျှကျယ်ဝန်းသော ယွမ်ကျုံးစီရင်စုကြီးကို တကယ်ပဲ စီမံအုပ်ချုပ်နိုင်မည်လား။ ကျန်းယွီဟယ်က ချန်းဝေကွမ်နှင့် ဆန်းဖုန်ချန်းတို့အား အေးစက်စွာ တစ်ချက်ကြည့်လိုက်ပြီး ခံစားချက်မဲ့စွာ ပြောလိုက်သည်။
“ဟယ်မိသားစုနဲ့ လီမိသားစုဟာ နတ်ဆိုးဘုရင်ဂိုဏ်းနဲ့ ပူးပေါင်းခဲ့ကြတယ်။ တာအိုသန့်စင်ဂိုဏ်းရဲ့ အမိန့်အရ သူတို့ရဲ့ ဆွေမျိုးတစ်သိုက်လုံးကို မျိုးဖြုတ်သတ်ပစ်ရမယ်”
“မြို့ထဲမှာ သူတို့ရဲ့ အင်အားစု အကြွင်းအကျန်တွေ ရှိနေသေးသလို ပတ်ဝန်းကျင်က မြို့တွေမှာဆိုရင်လည်း ရေတွက်လို့ မရနိုင်အောင် ရှိနေဦးမှာပဲ”
“အခု ဟယ်နဲ့ လီ မိသားစုရဲ့ အကြွင်းအကျန်တွေကို ရှင်းလင်းဖို့ မင်းတို့ မိသားစုနှစ်ခုဆီက လူအင်အားကို ငါ ချင့်ယူသုံးစွဲမယ်။ မင်းတို့ ကန့်ကွက်စရာ မရှိဘူးမလား”
“ကန့်ကွက်စရာ လုံးဝ မရှိပါဘူး။ ဟယ်နဲ့ လီ မိသားစုက နတ်ဆိုးဘုရင်ဂိုဏ်းနဲ့ ပူးပေါင်းခဲ့တာမို့ သူတို့ရဲ့ အပြစ်တွေက အသတ်ခံရတာနဲ့ တန်ပါတယ်။ ဒေသခံ မိသားစုကြီးတစ်ခုအနေနဲ့ ချန်းမိသားစုဟာ နယ်မြေစောင့်တပ်မှူးရဲ့ အမိန့်ကို နာခံပြီး ပုန်ကန်သူတွေကို နှိမ်နှင်းကာ ယွမ်ကျုံးစီရင်စုရဲ့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ထိန်းသိမ်းရမှာပါ”
ကျန်းယွီဟယ် စကားဆုံးသည်နှင့် ချန်းဝေကွမ်က ကြက်ကလေး ဆန်စေ့ကောက်သကဲ့သို့ အလျင်အမြန် ခေါင်းတဆတ်ဆတ် ညိတ်ပြလေသည်။ သူ၏ဘေးတွင် ရပ်နေသော ဆန်းဖုန်ချန်းကလည်း လျင်မြန်စွာ ဝင်ရောက်ထောက်ခံလေသည်။
သူက အနည်းငယ်ပင် စိတ်တိုသွားသည်။ စောစောက သူ အလွန်အမင်း ထိတ်လန့်နေခဲ့သောကြောင့် အချိန်မီ မတုံ့ပြန်နိုင်ခဲ့ရာ ချန်းဝေကွမ်ကို ဦးရာလူ ဖြစ်သွားစေခဲ့သည်။ တကယ်ဆို သူက အရင်ဆုံး သဘောတူလိုက်ရမည်ဖြစ်သည်။ အကယ်၍သာ သူတို့ တုံ့ပြန်တာ နောက်ကျသွားပြီး ဒီ ကြောက်မခန်းလိလိ နယ်မြေစောင့်တပ်မှူးကြီးကို ဒေါသထွက်စေမိလျှင် သူတို့ သေချာပေါက် သေရပေတော့မည်။
ထိုလူနှစ်ဦး၏ အခြေအနေကို နားလည်သဘောပေါက်သော မျက်နှာထားများကို မြင်သောအခါ ကျန်းယွီဟယ်က ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ သူက နယ်မြေစောင့်တပ်မှူးရုံးတော်ရှိရာသို့ မော့ကြည့်လိုက်ပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
“ဝမ်ကော်ဖုန်း ဘယ်မှာလဲ”
ယွမ်ကျုံးမြို့တွင် ကိစ္စများ ဖြစ်ပွားချိန်က ဝမ်ကော်ဖုန်းသည် စံအိမ်တော်အပြင်ဘက်သို့ အလျင်အမြန် ထွက်လာခဲ့သည်။ ယခုအချိန်တွင် ဝမ်ကော်ဖုန်းသည် နယ်မြေစောင့်တပ်မှူးရုံးတော် အပြင်ဘက် မြေကွက်လပ်တွင် ရပ်လျက် လေထဲတွင် ရှိနေသော ကျန်းယွီဟယ်ကို လှမ်းကြည့်နေသည်။ ကျန်းယွီဟယ်က မြို့တစ်မြို့လုံးကို တစ်ယောက်တည်း လွှမ်းမိုးထားပြီး လက်တစ်ချက် ဝှေ့ယမ်းရုံဖြင့် မိသားစုကြီး နှစ်ခုကို မျိုးဖြုတ်ပစ်ခဲ့သည်ကို သူ မျက်မြင်ကိုယ်တွေ့ မြင်ခဲ့ရသည်။ ဤသည်က ဝမ်ကော်ဖုန်း၏ နှလုံးသားကို လှုပ်ခတ်သွားစေပြီး စစ်မှန်သော ယောက်ျားကောင်းတစ်ယောက်ဆိုသည်မှာ မည်သို့ဖြစ်သင့်ကြောင်း ခံစားမိစေခဲ့သည်။
ကျန်းယွီဟယ်က သူ၏နာမည်ကို ခေါ်လိုက်သည်ကို ကြားသောအခါ ဝမ်ကော်ဖုန်းသည် တပ်စွဲထားရာ တောင်ပေါ်မှနေ၍ အလျင်အမြန် ပြေးဆင်းလာခဲ့သည်။
“လက်အောက်ငယ်သား ဝမ်ကော်ဖုန်းက နယ်မြေစောင့်တပ်မှူးသခင်ကို ဂါရဝပြုပါတယ်”
ဝမ်ကော်ဖုန်း ရောက်လာသည်ကို မြင်သောအခါ ကျန်းယွီဟယ်က ဦးစွာ ခေါင်းညိတ်ပြလိုက်ပြီးနောက် ကျယ်လောင်သော အသံဖြင့် ပြောလိုက်သည်။
“ဝမ်ကော်ဖုန်း... နတ်ဆိုးဘုရင်ဂိုဏ်းနဲ့ ပူးပေါင်းနေတဲ့ သစ္စာဖောက်တွေ အားလုံးကို ရှင်းလင်းဖို့ ချန်းနဲ့ ဆန်း မိသားစုက ကျင့်ကြံသူတွေကို ယာယီ တာဝန်ယူဦးဆောင်ဖို့ မင်းကို ယွမ်ကျုံးစီရင်စုရဲ့ စစ်ဆေးရေးမှူးအဖြစ် ငါ ခန့်အပ်လိုက်တယ်။ တစ်ယောက်မှ ဒီပိုက်ကွန်ထဲကနေ လွတ်မသွားစေရဘူး... နားလည်လား”
“ဟုတ်ကဲ့ပါ... လက်အောက်ငယ်သားက သခင် မျှော်လင့်ထားတဲ့အတိုင်း သေချာပေါက် လုပ်ဆောင်ပါ့မယ်”
ဝမ်ကော်ဖုန်းက ကျယ်လောင်စွာ ပြန်ဖြေလိုက်သည်။ သူ၏ နှလုံးသားမှာ စိတ်လှုပ်ရှားမှုကြောင့် တဒုတ်ဒုတ် ခုန်ပေါက်နေပြီး စိတ်ထဲမှ တွေးလိုက်မိသည်။ ယွမ်ကျုံးစီရင်စုသို့ လာခဲ့သည့် ဤခရီးစဉ်က သေချာပေါက် မှန်ကန်သော ဆုံးဖြတ်ချက်ပင်။ ရောက်ရောက်ချင်းမှာပင် သူက ကျန်းယွီဟယ်၏ ခိုင်မာလှသော ကျောထောက်နောက်ခံ ပေါင်လုံးကြီးကို ဖက်တွယ်နိုင်ခဲ့ပြီဖြစ်သည်။
စစ်ဆေးရေးမှူးဆိုသည်မှာ တရားဝင် ရာထူးတစ်ခုတော့ မဟုတ်ပေ။ သို့သော် ကျန်းယွီဟယ်က ဤဒေသ၏ နယ်မြေစောင့်တပ်မှူးအဖြစ် ဆက်ရှိနေပြီး စစ်ဆေးရေးမှူးတစ်ယောက်အနေဖြင့် သူသည် ယွမ်ကျုံးစီရင်စုတွင် ဧကရာဇ်ပြီးလျှင် ဒုတိယ သြဇာအာဏာအရှိဆုံး လူတကာ၏ အထက်တွင် ရှိနေမည်ဖြစ်သည်။
ထို့အပြင် ရာထူးစရယူချင်းမှာပင် သူ့ကို အလွန် အကျိုးအမြတ်များသော တာဝန်တစ်ခု ပေးအပ်ခြင်းခံခဲ့ရသည်။ ပိုင်ဆိုင်မှုတွေကို သိမ်းဆည်းပြီး မိသားစုတစ်ခုလုံးကို မျိုးဖြုတ်ပစ်ရတာထက် ပိုပြီး အကျိုးအမြတ်များတဲ့ အလုပ်ရှိဦးမည်လား။ ဝမ်ကော်ဖုန်းအတွက်တော့ ဟယ်နှင့် လီ မိသားစု၏ အကြွင်းအကျန်များကို ရှင်းလင်းရခြင်းမှာ မစ်ရှင်တစ်ခုဟုပင် မဆိုသာပေ။ ဤသည်က ကြီးပွားချမ်းသာဖို့ အခွင့်အရေးတစ်ခုသာ ဖြစ်ပေသည်။
ဝမ်ကော်ဖုန်း ဘာတွေတွေးနေသလဲဆိုသည်ကို ကျန်းယွီဟယ် ဂရုမစိုက်ပေ။ သူ၏အလုပ်များကို ကြိုးကြိုးစားစား လုပ်ပေးနိုင်သရွေ့ ရပြီဖြစ်သည်။ သူတို့ဘေးတွင် ရပ်နေသော ချန်းဝေကွမ်နှင့် ဆန်းဖုန်ချန်းတို့ကတော့ ဘာကိုမှ ဝင်မစွက်ဖက်ရဲကြပေ။ ဝမ်ကော်ဖုန်းက ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ယောက်သာ ဖြစ်သော်လည်း သူတို့က ရိုသေယဉ်ကျေးစွာ နှုတ်ဆက်လိုက်ကြသည်။
“ချန်းဝေကွမ်က စစ်ဆေးရေးမှူးသခင်ကို ဂါရဝပြုပါတယ်။ နောင်ကိုလည်း သခင်က ကျွန်တော်တို့ကို စောင့်ရှောက်ပေးပါဦး”
“ခင်ဗျားတို့ နှစ်ယောက်က သိပ်အားနာတတ်လွန်းပါတယ်။ ကျွန်တော်တို့ အားလုံးက နယ်မြေစောင့်တပ်မှူးရဲ့ လမ်းညွှန်မှုအောက်မှာ ရှိနေကြတာပဲလေ။ သူ့အတွက် ကျွန်တော်တို့ အကောင်းဆုံး အမှုထမ်းသင့်ပါတယ်”
နတ်ဘုရားသန္ဓေအဆင့် ကျင့်ကြံသူများဖြစ်သော ချန်းဝေကွမ်နှင့် ဆန်းဖုန်ချန်းတို့ နှစ်ဦးကို ရင်ဆိုင်ရရာတွင် ဝမ်ကော်ဖုန်းက သူတို့ကို အထင်မသေးရဲပေ။ အစားထိုး၍ သူက မျိုးဆက်သစ်တစ်ဦးအနေဖြင့် ရိုသေယဉ်ကျေးစွာ ပြန်လည်နှုတ်ဆက်လိုက်သည်။
“ကောင်းပြီ... ကျန်တာကို မင်းတို့ဆီပဲ လွှဲထားလိုက်မယ်။ မြို့တော်ရဲ့ ချိတ်ပိတ်အစီအရင်က နောက်ထပ် တစ်မတ်သားနေရင် ပွင့်သွားလိမ့်မယ်”
ကျန်းယွီဟယ်က စကားပြောပြီးသည်နှင့် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ နယ်မြေစောင့်တပ်မှူးရုံးတော်ဆီသို့ ပျံသန်းသွားလေသည်။ ***