ကျန်းယွီဟယ်က နယ်မြေစောင့်တပ်မှူးရုံးတော်အတွင်းသို့ ပျံသန်းဝင်ရောက်လာပြီးနောက် လျှို့ဝှက်အခန်းတစ်ခုထဲသို့ ဝင်ကာ ကျင့်ကြံခြင်းစင်မြင့်ပေါ်တွင် တင်ပျဉ်ခွေ ထိုင်ချလိုက်သည်။
"ဟူး... နောက်ဆုံးတော့ ကိစ္စပြတ်သွားပြီပဲ"
ဒီနေ့က ကျန်းယွီဟယ်အတွက် တကယ်ကို စိတ်လှုပ်ရှားစရာ ကောင်းလွန်းလှသည်။ မူလက အခြေအနေကို စုံစမ်းရန် ကျင်းခုန်းမြို့တော်သို့ သွားရုံသက်သက်ဟုသာ သူ ထင်ထားခဲ့ခြင်းဖြစ်သည်။ ချက်ချင်းကြီး တိုက်ပွဲစဖြစ်လိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။ ရိုးရိုးသားသားပြောရလျှင် ဤသည်မှာ တိုက်ဆိုင်လွန်းလှသည်။
သူ နယ်မြေစောင့်တပ်မှူးရာထူး လာရောက်ရယူသည့် အချိန်ကျမှ နတ်ဆိုးဘုရင်ဂိုဏ်းက ဘာလို့ ပြဿနာလာရှာရသနည်း။ အကယ်၍များ မင်ယွဲ့ဖေးတို့အုပ်စုက လမ်းကြောင်းကြီးကို ရက်အနည်းငယ်လောက် စောပြီး ဖွင့်ခဲ့မည်ဆိုလျှင် သူ့အတွက် အခွင့်အရေးရှိခဲ့မည် မဟုတ်ပေ။ ထိုအချိန်က သူသည် တာအိုသန့်စင်ဂိုဏ်းတွင် ကျင့်ကြံနေဆဲ အချိန်ဖြစ်သည်။ ဒီကိစ္စအတွက် ဝမ်ကော်ဖုန်းကို ကျေးဇူးတင်ရပေမည်။ ဝမ်ကော်ဖုန်း ပေးလာသည့် သတင်းအချက်အလက်သာ မရှိလျှင် ကျန်းယွီဟယ်သည် ယခုထိ အမှောင်ထဲတွင် စမ်းတဝါးဝါး ဖြစ်နေဆဲပင်။
သူက ဟယ်မိသားစုနှင့် လီမိသားစုအပေါ် သံသယဝင်နေခဲ့လျှင်တောင် ကျင်းခုန်းမြို့တော်ဆီသို့ ထိုမျှ လျင်မြန်စွာ ရောက်လာနိုင်ရန် မဖြစ်နိုင်ပေ။ နတ်ဆိုးဘုရင်ဂိုဏ်းကသာ လမ်းကြောင်းကြီးကို အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ပြီး ယွီဖန်ကောင်းကင်ဘုံအတွင်းသို့ မရေမတွက်နိုင်သော နတ်ဆိုးများ ဝင်ရောက်လာခဲ့မည်ဆိုပါက ယခုအချိန်မှစ၍ သူ အလွန် အလုပ်များရတော့မည်ဖြစ်သည်။
နတ်ဆိုးအမြောက်အမြား ယွမ်ကျုံးစီရင်စုအတွင်းသို့ ဝင်ရောက်လာသည်နှင့်အမျှ ကျန်းယွီဟယ်တစ်ယောက် ငြိမ်းချမ်းစွာ ကျင့်ကြံနိုင်တော့မည် မဟုတ်ဘဲ နေ့စဉ်ရက်ဆက် နတ်ဆိုးများကို လိုက်လံရှင်းလင်းနေရပေလိမ့်မည်။ လမ်းကြောင်းထဲမှ ဝင်ရောက်လာသော နတ်ဆိုးများက အလွန်အမင်း အားကောင်းလွန်းသည်တော့ မဟုတ်ပေ။ သို့သော် ထိုအရာက မည်သူနှင့် နှိုင်းယှဉ်သနည်းဆိုသည့် အချက်အပေါ်တွင် မူတည်သည်။
ကျန်းယွီဟယ်အတွက် နတ်ဘုရားသန္ဓေအဆင့်အောက် နတ်ဆိုးများသည် အမှိုက်များသာဖြစ်ပြီး ဓားတစ်ချက်တည်းဖြင့် အုပ်စုလိုက် သုတ်သင်ပစ်နိုင်စွမ်းရှိသည်။ သို့သော် ယွမ်ကျုံးစီရင်စု၏ ဒေသခံ အင်အားစုများအတွက်တော့ ဤသည်မှာ ကြီးမားသော ဘေးအန္တရာယ်ဆိုးကြီး တစ်ခုဖြစ်သည်။ ရွှေအမြုတေအဆင့်ရှိသည့် မည်သည့်နတ်ဆိုးမဆို သူတို့အတွက် ရင်ဆိုင်ရန် ခက်ခဲသော ကြောက်မခန်းလိလိ ရန်သူများ ဖြစ်လာပေလိမ့်မည်။
ထိုအခါ နယ်မြေစောင့်တပ်မှူးဖြစ်သော သူကိုယ်တိုင် ကိုယ်ထိလက်ရောက် ဝင်ပါရတော့မည်ဖြစ်သည်။ ကံကောင်းထောက်မစွာဖြင့် ဝမ်ကော်ဖုန်း ပေးလာသော သတင်းများကြောင့် နတ်ဆိုးဘုရင်ဂိုဏ်း၏ လျှို့ဝှက်ကြံစည်မှုကို အချိန်မီ သိရှိနိုင်ခဲ့ခြင်းဖြစ်သည်။ ကိုးမိုးကောင်းကင် မူလဓားအစီအရင်၏ ပြင်းထန်သော စွမ်းအားဖြင့် ယွမ်ကျုံးစီရင်စုရှိ နတ်ဆိုးဘုရင်ဂိုဏ်း၏ အင်အားစုများကို တစ်ချက်တည်းဖြင့် မျိုးဖြုတ်ပစ်နိုင်ခဲ့ရုံသာမက ဝိညာဉ်သန့်စင်ခြင်းအဆင့်ရှိ ဦးချိုနှင့်နတ်ဆိုးမျိုးနွယ် တစ်ကောင်ကိုပါ အောင်မြင်စွာ သတ်ဖြတ်နိုင်ခဲ့သည်။
သေချာသည်ကတော့ အရေးအကြီးဆုံးအချက်မှာ ကျင်းခုန်းမြို့တော်ရှိ လမ်းကြောင်းမှ ဝင်ရောက်လာသော နတ်ဆိုးအားလုံးကို ကျန်းယွီဟယ် အောင်မြင်စွာ သုတ်သင်နိုင်ခဲ့ခြင်းဖြစ်သည်။ ထိုနတ်ဆိုးများ ထွက်ပြေးလွတ်မြောက်မသွားအောင် တားဆီးနိုင်ခဲ့သည်။ ဟယ်မိသားစုနှင့် လီမိသားစုဆိုသည်မှာ အပိုဆု ဇာတ်ပို့များသာဖြစ်သည်။
အမှန်တိုင်းပြောရလျှင် ဤဒေသခံ အနိုင်ကျင့်ဗိုလ်ကျသူ နှစ်စုကို ကျန်းယွီဟယ်က တစ်ခါမှ အလေးအနက် မထားခဲ့ပေ။ သူ၏ ပစ်မှတ်များမှာ အစကတည်းက နတ်ဆိုးဘုရင်ဂိုဏ်းနှင့် နတ်ဆိုးမျိုးနွယ်တို့သာ ဖြစ်သည်။ ယခု ပြဿနာများ ဖြေရှင်းပြီးသွားပြီဖြစ်ရာ ကျန်းယွီဟယ် အသက်ကို ပြင်းပြင်းတစ်ချက် ရှူထုတ်လိုက်မိသည်။
ကျန်ရှိနေသော ရှင်းလင်းရေး အလုပ်များကို ဝမ်ကော်ဖုန်းထံ လွှဲအပ်ထားနိုင်သည်။ သူ ကိုယ်တိုင် ထပ်ပြီး ခေါင်းမကိုက်ချင်တော့ပေ။ ဝမ်ကော်ဖုန်းက ဤအခွင့်အရေးကို အသုံးချပြီး အကျိုးအမြတ် တစ်ခုခု ရှာသွားမည်လား ဆိုသည်ကိုတော့ ကျန်းယွီဟယ် လုံးဝ ဂရုမစိုက်ပေ။ စားချင်ရင် စားပါစေ။ ကိစ္စမရှိပေ။ ပြဿနာကြီးကြီးမားမား မဖြစ်လာသရွေ့ အဆင်ပြေသည်။ ကမ္ဘာဂြိုဟ် မသေမျိုးကျင့်ကြံခြင်း မဟာမိတ်အဖွဲ့၏ ဥက္ကဋ္ဌတစ်ယောက်ဖြစ်သော ဝမ်ကော်ဖုန်းက လူကောင်းတစ်ယောက်ဖြစ်ကြောင်း ကျန်းယွီဟယ် ယုံကြည်ထားသည်။
ထိုသို့သော ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းရာတွင် သူတို့က သူ့ထက် ပို၍ အတွေ့အကြုံများစွာ ရှိကြသည်။ ဝမ်ကော်ဖုန်း အနေဖြင့် အကျိုးအမြတ်အချို့ ယူချင်လျှင်တောင် ကန့်သတ်ချက်ဘောင်အတွင်းမှသာ လုပ်ဆောင်ပေလိမ့်မည်။ သူတို့က ပြဿနာတစ်ခုခုကို ဖန်တီးမည် မဟုတ်ပေ။
"ကဲ... ဒီနေ့ ဘာတွေရလာလဲ ကြည့်ရအောင်"
ကျန်းယွီဟယ်က လက်တစ်ချက် ဝှေ့ယမ်းလိုက်သည်နှင့် လျှို့ဝှက်အခန်းတစ်ခုလုံးတွင် သိုလှောင်လက်စွပ်များ၊ လက်ကောက်များနှင့် အိတ်များ နေရာအနှံ့ ပြည့်နှက်သွားလေသည်။ ဒီနေ့ သတ်ဖြတ်ခဲ့ရသည့် လူအရေအတွက်က အမှန်တကယ်ပင် မနည်းလှပေ။ ဟိုနတ်ဆိုးတွေကို ထားလိုက်ဦး။ ဟယ်နှင့် လီ မိသားစု၏ အမာခံစခန်းများကို မျိုးဖြုတ်ပြီးနောက် အတွင်းရှိ ပစ္စည်းအားလုံးကို သိမ်းကျုံးယူဆောင်လာရန် ကျန်းယွီဟယ် မမေ့လျော့ခဲ့ပေ။ ထို့အပြင် နတ်ဘုရားသန္ဓေအဆင့် ကျင့်ကြံသူ ခုနစ်ယောက်နှင့် ဝိညာဉ်သန့်စင်ခြင်းအဆင့် နတ်ဆိုးတစ်ကောင်ကိုပါ သတ်ဖြတ်ခဲ့သေးသည်။
"ဒီလောက် လူတွေအများကြီး သတ်ခဲ့ရတာ အကျိုးအမြတ် နည်းနည်းပါးပါးတော့ ရှိသင့်တယ်မလား"
ကြမ်းပြင်ပေါ်တွင် ပြန့်ကျဲနေသော သိုလှောင်ရေးပစ္စည်းများကို ကြည့်ကာ ကျန်းယွီဟယ်က ပျော်ရွှင်စွာဖြင့် စာရင်းစစ်ရန် ပြင်လိုက်တော့သည်။ တစ်မတ်သားခန့် အကြာတွင် ယွမ်ကျုံးမြို့တော်၏ ကာကွယ်ရေးအစီအရင် ပွင့်သွားပြီး ပို့ဆောင်ရေးအစီအရင်ကိုလည်း ပြန်လည်ဖွင့်လှစ်လိုက်သည်။ အံ့အားသင့်ဖွယ် သတင်းတစ်ခုသည် ယွီဖန်ကောင်းကင်ဘုံ တစ်ခုလုံးသို့ တောမီးပမာ လျင်မြန်စွာ ပြန့်နှံ့သွားလေတော့သည်။
ယွမ်ကျုံးစီရင်စုတွင် နတ်ဆိုးဘုရင်ဂိုဏ်း၏ လျှို့ဝှက်စခန်းတစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည်။ နတ်ဆိုးဘုရင်ဂိုဏ်းက ယွမ်ကျုံးစီရင်စုရှိ ဟယ်မိသားစု လီမိသားစုတို့နှင့် ပူးပေါင်းကာ ကျင်းခုန်းမြို့တော်တွင် ကောင်းကင်ယံ နယ်နိမိတ်ချိုးဖျက်ခြင်း အစီအရင်ကို တည်ဆောက်ခဲ့ပြီး ကမ္ဘာနှစ်ခုကြားရှိ လမ်းကြောင်းကို ဖွင့်လှစ်ကာ နတ်ဆိုးစစ်တပ်ကို ခေါ်ဆောင်လာရန် ကြိုးပမ်းခဲ့ကြသည်။
ကံကောင်းစွာဖြင့် ယွမ်ကျုံးစီရင်စု၏ နယ်မြေစောင့်တပ်မှူး ကျန်းယွီဟယ်က နတ်ဆိုးဘုရင်ဂိုဏ်း၏ လျှို့ဝှက်ကြံစည်မှုကို အချိန်မီ ရှာဖွေတွေ့ရှိခဲ့သည်။ နယ်မြေစောင့်တပ်မှူးသခင် ကျန်းယွီဟယ်သည် သူ၏ နတ်ဘုရားစွမ်းအားများကို ထုတ်ဖော်ကာ နတ်ဆိုးဘုရင်ဂိုဏ်း တစ်ခုလုံးကို အချိန်ခနအတွင်း မျိုးဖြုတ် ရှင်းလင်းပစ်ခဲ့သည်။ ထို့အပြင် လမ်းကြောင်းမှတစ်ဆင့် ယွီဖန်ကောင်းကင်ဘုံသို့ ဝင်ရောက်လာသော နတ်ဆိုးများကိုလည်း နယ်မြေစောင့်တပ်မှူး ကျန်းယွီဟယ်က အပြီးတိုင် သုတ်သင်ပစ်ခဲ့သည်။ နတ်ဆိုးဘုရင်ဂိုဏ်း ဖွင့်လှစ်ခဲ့သော ကမ္ဘာနှစ်ခုကြား လမ်းကြောင်းကိုပင် နယ်မြေစောင့်တပ်မှူးက ပြန်လည် ချိတ်ပိတ်နိုင်ခဲ့သည်။
ကမ္ဘာကြီးကို လွှမ်းခြုံတော့မည့် ဘေးအန္တရာယ်ဆိုးကြီးတစ်ခုမှာ မစတင်မီမှာပင် ကျန်းယွီဟယ်၏ ရှိနေမှုကြောင့် ရှောင်လွှဲနိုင်ခဲ့ခြင်းဖြစ်သည်။ ဟယ်မိသားစုနှင့် လီမိသားစု၏ ကံကြမ္မာကိုမူ လူသိပ်များများက ဂရုမစိုက်ကြတော့ပေ။ အဘယ်ကြောင့်ဆိုသော် နတ်ဆိုးဘုရင်ဂိုဏ်းနှင့် ပူးပေါင်းခြင်း၏ အကျိုးဆက်သည် မည်သို့ရှိမည်ကို လူတိုင်း သိထားကြသောကြောင့်ဖြစ်သည်။
ပြောနေစရာ မလိုတော့ပေ။ ဟယ်မိသားစုနှင့် လီမိသားစု၏ ကံကြမ္မာသည် သမိုင်း၏ ဖုန်မှုန့်များအကြားတွင် လွင့်စင်ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ တာအိုသန့်စင်ဂိုဏ်း၏ အတွင်းစည်းရှိ တောင်ထိပ်တစ်ခုပေါ်တွင် မင်ဖူချန်းက သူ၏ အမှတ်အသား ကျောက်စိမ်းပြားကို သိမ်းဆည်းလိုက်ပြီး လုံးဝ ကြက်သေသေသွားသည်။ သူ ယွမ်ကျုံးမြို့တော်မှ ထွက်ခွာလာပြီး ရက်အနည်းငယ်အကြာတွင် ထိုမျှ ကြီးမားလှသော အဖြစ်အပျက်ကြီး ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိလိုက်ခြင်းဖြစ်သည်။
ယွမ်ကျုံးစီရင်စုတွင် နတ်ဆိုးဘုရင်ဂိုဏ်းက လျှို့ဝှက်ကြံစည်နေခဲ့သည်မှာ နှစ်ပေါင်း ရာနှင့်ချီ ရှိနေခဲ့ပြီဖြစ်ကြောင်း ယခုမှ သူ သိလိုက်ရသည်။ လေသတင်းမျှော်စင်၏ အလှပိုင်ရှင် မင်ယွဲ့ဖေးမှာ အမှန်တကယ်တော့ နတ်ဆိုးဘုရင်ဂိုဏ်းခေါင်းဆောင်၏ ကိုယ်ပွားတစ်ခု ဖြစ်နေခဲ့သည်။ သူကိုယ်တိုင် မင်ယွဲ့ဖေးနှင့် ဆယ်စုနှစ်များစွာ ဆက်ဆံရေး ရှိခဲ့သည်ကို ပြန်လည် သတိရသွားသည်။ မင်ဖူချန်းက ချွေးများကို သုတ်လိုက်မိသည်။
"ငါ မြန်မြန် ထွက်ပြေးလာလို့ တော်သေးတာပေါ့... မဟုတ်ရင် ဒီလောက် ကြီးမားတဲ့ ကိစ္စကြီးကို ငါ သေချာပေါက် ကိုင်တွယ်နိုင်မှာ မဟုတ်ဘူး"
ရာထူးမှ စောစီးစွာ နုတ်ထွက်ခဲ့သည့် သူ၏ ဆုံးဖြတ်ချက်အတွက် မင်ဖူချန်းမှာ တိတ်တဆိတ် ကံကောင်းသည်ဟု ခံစားနေရသည်။
"ဂိုဏ်းတူညီလေးကျန်းက နတ်ဆိုးဘုရင်ဂိုဏ်းအကြောင်းကို ဘယ်လိုများ ရှာတွေ့သွားတာပါလိမ့်"
တာဝန်ထမ်းဆောင်သည်မှာ ရက်အနည်းငယ်သာ ရှိသေးသော ကျန်းယွီဟယ်က နတ်ဆိုးဘုရင်ဂိုဏ်း၏ လျှို့ဝှက်ကြံစည်မှုကို တိကျစွာ ရှာဖွေတွေ့ရှိသွားသည်ဆိုသည်မှာ အလွန် အံ့အားသင့်စရာကောင်းလှသည်။ မင်ဖူချန်း လုံးဝကို စဉ်းစား၍မရနိုင်အောင် ဖြစ်သွားသည်။ ကျန်းယွီဟယ် တစ်ယောက်တည်း ယွမ်ကျုံးစီရင်စုရှိ နတ်ဆိုးဘုရင်ဂိုဏ်းတစ်ခုလုံးကို ဖျက်ဆီးပစ်ခဲ့သည်ဆိုသည့် ကိစ္စရပ်နှင့် ပတ်သက်သည့်အပြင် မရေမတွက်နိုင်သော နတ်ဆိုးများကို သုတ်သင်ပြီး ကမ္ဘာနှစ်ခုကြား လမ်းကြောင်းကိုပါ ချိတ်ပိတ်ခဲ့သည်ဆိုသည့် ပြောဆိုချက်များကို မင်ဖူချန်းက စကားတစ်ခွန်းမျှပင် မယုံကြည်ပေ။
“ကျန်းယွီဟယ် ကျင့်ကြံလာခဲ့တာ ဘယ်လောက်ကြာသေးလို့လဲ။ ဒီလောက် ကြီးမားတဲ့ စွမ်းရည်တွေကို သူ ဘယ်က ရလာမှာလဲ။”
"ဂိုဏ်းတူညီလေးကျန်းက နတ်ဆိုးဘုရင်ဂိုဏ်းရဲ့ လျှို့ဝှက်ကြံစည်မှုကို ရှာတွေ့သွားပြီး ဂိုဏ်းကို သတင်းပို့လိုက်လို့ နောက်ဆုံး ဂိုဏ်းက အကြီးအကဲတွေ ဝင်ပါပြီး နတ်ဆိုးတွေနဲ့ နတ်ဆိုးဘုရင်ဂိုဏ်းကို ရှင်းလင်းသွားတာပဲ ဖြစ်ရမယ်"
မင်ဖူချန်းက ဖြစ်စဉ်တစ်ခုလုံးကို သူ၏စိတ်ကြိုက် တိတ်တဆိတ် တွေးတောကောက်ချက်ချလိုက်သည်။ ဤသည်မှာလည်း အရေးပေါ် အခြေအနေများကို တာအိုသန့်စင်ဂိုဏ်းက တုံ့ပြန်နေကျ ပုံမှန်လုပ်ထုံးလုပ်နည်းပင် ဖြစ်သည်။
"ဂိုဏ်းတူညီလေးကျန်းက တကယ် ကံကောင်းတာပဲ"
မင်ဖူချန်း အနည်းငယ်ပင် မနာလိုဖြစ်သွားမိသည်။ သူ့အမြင်တွင် ထိုဖြစ်ရပ်ကြောင့် ကျန်းယွီဟယ်က ကုသိုလ်မှတ် အမြောက်အမြားကို ရရှိသွားနိုင်ပေသည်။ ထို့အပြင် တာအိုသန့်စင်ဂိုဏ်းက ကျန်းယွီဟယ်အား ကမ္ဘာကြီးကို ကယ်တင်ခဲ့သော သူရဲကောင်းတစ်ယောက်အဖြစ် တမင်သက်သက် ပုံဖော်ပေးခဲ့သေးသည်။ အပြင်ဘက်တွင် ပြန့်နှံ့နေသော ကောလာဟလများက တာအိုသန့်စင်ဂိုဏ်း၏ ဝါဒဖြန့်မှုများသာဖြစ်သည်ဟု မင်ဖူချန်းက ယုံကြည်ထားသည်။
တာအိုသန့်စင်ဂိုဏ်းက ယွီဖန်ကောင်းကင်ဘုံကို ရေတွက်၍မရနိုင်သော နှစ်ကာလများစွာ အုပ်စိုးခဲ့ပြီး အချိန်အတိုင်းအတာ တစ်ခုရောက်တိုင်း တစ်သီးပုဂ္ဂလ သူရဲကောင်းများကို ဖန်တီးရန် အခွင့်အရေးကို အမြဲ ရှာဖွေလေ့ရှိသည်။ ဤသို့ဖြင့် တာအိုသန့်စင်ဂိုဏ်းအပေါ် ပြည်သူများ၏ ကိုးကွယ်ယုံကြည်မှုကို ပိုမို တိုးတက်စေနိုင်မည်ဖြစ်သည်။ သို့သော်လည်း မင်ဖူချန်းသည် မနာလိုဖြစ်ရုံသက်သက်သာဖြစ်ပြီး အခြား မည်သည့် အတွေးအကြံမျှ မရှိပေ။ သူက အနည်းငယ်ပင် စိတ်သက်သာရာ ရသွားသေးသည်။
ကျန်းယွီဟယ် ရှိနေ၍သာ တော်တော့သည်။ မဟုတ်လျှင် အခြေအနေများက အမှန်တကယ်ပင် လက်လွတ်စပယ် ဖြစ်သွားနိုင်ချေရှိသည်။ တာအိုသန့်စင်ဂိုဏ်း၏ အတွင်းစည်းတပည့်တစ်ယောက်အနေဖြင့် မင်ဖူချန်းက ယွီဖန်ကောင်းကင်ဘုံတွင် ကစဉ့်ကလျား ဖြစ်ရပ်များ ဖြစ်ပေါ်လာမည်ကို သဘာဝကျကျပင် မလိုလားပေ။ ယွီဖန်ကောင်းကင်ဘုံမှ ဒေသခံများနှင့် နှိုင်းယှဉ်လျှင် ကစားသမားများက သတင်းဖြန့်ရာတွင် ပို၍ မြန်ဆန်ကြသည်။ ကစားသမားများတွင် စကားပြောချန်နယ် ရှိနေသောကြောင့် အချိန်မရွေး နေရာမရွေး အတားအဆီးမရှိ ဆက်သွယ်နိုင်သောကြောင့်ဖြစ်သည်။
ကျန်းယွီဟယ်က ယွမ်ကျုံးမြို့တော်၏ ကာကွယ်ရေးအစီအရင်များကို ဖွင့်လှစ်လိုက်ချိန်တွင် မြို့တွင်းရှိ ကစားသမားများမှာ အလျင်အမြန် ဆူညံပွက်လောရိုက်သွားကြသည်။
"ဟိုက်ရှားဘား... ယွမ်ကျုံးမြို့တော်ရဲ့ အစီအရင်က ဘာလို့ ပွင့်လာတာလဲ။ သားရဲတွေ မြို့လာတိုက်တော့မှာမို့လို့လား"
"သားရဲတွေ မြို့လာတိုက်တာ ကောင်းတာပေါ့။ သူတို့ကိုသတ်ပြီး ပိုက်ဆံရှာလို့ရတာပဲ"
"သတင်းထူး နတ်ဆိုးဘုရင်ဂိုဏ်းနဲ့ ပူးပေါင်းနေတဲ့ ယွမ်ကျုံးစီရင်စုက ဟယ်မိသားစုနဲ့ လီမိသားစုကို နယ်မြေစောင့်တပ်မှူးက မျိုးဖြုတ်ပစ်လိုက်ပြီတဲ့"
"ငါလည်း တွေ့လိုက်တယ်။ နယ်မြေစောင့်တပ်မှူးက တကယ် မိုက်တာကွာ။ သိုင်းကွက်တစ်ကွက်တည်းနဲ့ မိသားစုတစ်စုလုံးကို မျိုးဖြုတ်ပစ်လိုက်တာလေ"
"ဒါပေါ့... ဒေသခံ နယ်မြေစောင့်တပ်မှူးတွေ အားလုံးက တာအိုသန့်စင်ဂိုဏ်းရဲ့ အတွင်းစည်းတပည့်တွေချည်းပဲ။ ဘယ်လိုလုပ် အားမကောင်းဘဲ နေမလဲ"
"ဒါနဲ့... နတ်ဆိုးဆိုတာ ဘာတွေလဲ။ တစ်ယောက်ယောက် ငါတို့ကို ရှင်းပြပေးလို့ရမလား"
"နေဦး... ဟိုက ဘယ်သူလဲ ကြည့်စမ်း။ ငါတို့ ဥက္ကဋ္ဌကြီး မဟုတ်လား"
"လခွီးပဲ... တကယ်ကြီး ဥက္ကဋ္ဌကြီးဟ... သူ ဘယ်အချိန်ကတည်းက ရုံးတော်ထဲ ဝင်ရောက်သွားတာလဲ"
"ဘယ်ဥက္ကဋ္ဌလဲ"
"ပေါက်ကရတွေ... ငါတို့ ကမ္ဘာဂြိုဟ် မသေမျိုးကျင့်ကြံခြင်း မဟာမိတ်အဖွဲ့ရဲ့ ဥက္ကဋ္ဌ ဝမ်ကော်ဖုန်းကို ပြောတာပေါ့"
"သတင်းထူး... ဥက္ကဋ္ဌဝမ်က ယွမ်ကျုံးစီရင်စုရဲ့ စစ်ဆေးရေးမှူးအဖြစ် ခန့်အပ်ခံလိုက်ရပြီတဲ့"
"ဟာ..."
"ကမ္ဘာကြီးက အရမ်းမြန်မြန် ပြောင်းလဲနေတာပဲ... ငါ တစ်ခုခုများ လွတ်သွားသေးလား" ***