ကျင့်ကြံခြင်း၏ အကျိုးသက်ရောက်မှုများကို လက်တွေ့ခံစားပြီးနောက် သဘာဝငါးပါး ဝိညာဉ်စုဆောင်းခြင်း အစီအရင်အပေါ် ကျန်းယွီဟယ် အလွန် ကျေနပ်သွားခဲ့သည်။ ကျောက်မင်ယွဲ့က ထိုမျှ မှော်ဆန်သော အစီအရင်ကို ဘယ်ကနေ ရလာခဲ့မှန်း မည်သူမျှ မသိနိုင်ပေ။ တာအိုသန့်စင်ဂိုဏ်းမှာတောင် ကျင့်ကြံမှုနှုန်းကို အရှိန်မြှင့်တင်ပေးနိုင်တဲ့ ဒီလို အစီအရင်မျိုး ရှိဟန်မတူပေ။
ကျောက်မင်ယွဲ့သည် ထူးကဲသော ကံကြမ္မာအချို့နှင့် ကြုံတွေ့ခဲ့ရသည်ဟု ကောလာဟလများ ရှိသည်။ သူမ၏ ရေတွက်၍မရနိုင်သော ပုံစံများအဖြစ် ပြောင်းလဲနိုင်သည့် ထူးကဲစွမ်းရည်မှာလည်း တိုက်ဆိုင်လှသော ကံကောင်းမှုတစ်ခုမှ ရရှိခဲ့ခြင်းဖြစ်သည်။ ဤသဘာဝငါးပါး ဝိညာဉ်စုဆောင်းခြင်း အစီအရင်ကိုလည်း ကျောက်မင်ယွဲ့က ထို ခန္ဓာကိုယ်ပြောင်းလဲခြင်း ထူးကဲစွမ်းရည် နှင့်အတူ ရရှိခဲ့ခြင်း ဖြစ်တန်ရာသည်။
အရာအားလုံးကို တွေးတောကြည့်မိသောအခါ ကျန်းယွီဟယ်၏ စိတ်ထဲတွင် အနည်းငယ် ထူးဆန်းနေသလို ခံစားလိုက်ရသည်။ ကြည့်ရသည်မှာ သူတို့ တာအိုသန့်စင်ဂိုဏ်းကြီးက မကောင်းမှုပေါင်းစုံကို ကျူးလွန်ထားသည့် ဗီလိန်အုပ်စုကြီးနှင့် တူနေပြီး နတ်ဆိုးဘုရင်ဂိုဏ်း၏ ခေါင်းဆောင် ကျောက်မင်ယွဲ့ကသာ စစ်မှန်သော ဇာတ်လိုက်ဖြစ်နေသကဲ့သို့ပင်။
ကျောက်မင်ယွဲ့က သေးငယ်သော မိသားစုလေးတစ်ခုမှ ဆင်းသက်လာခဲ့သော်လည်း သူမ၏ မိသားစု ဖျက်ဆီးခံလိုက်ရပြီးနောက် တစ်သီးပုဂ္ဂလ ကျင့်ကြံသူတစ်ယောက်၏ လမ်းစဉ်ပေါ်သို့ ရောက်ရှိသွားခဲ့သည်။ ထိုအချိန်မှစ၍ ဤအမျိုးသမီးသည် ချိစ်ကုတ် ဖွင့်ထားသည့်အလား အံ့မခန်း ကံကြမ္မာများနှင့် ကြုံတွေ့ခဲ့ရပြီး ကျင့်ကြံမှုအဆင့်များ ဆက်တိုက် ထိုးဖောက်နိုင်ခဲ့သည်။ ထို့အပြင် ကျောက်မင်ယွဲ့သည် သတ်၍မသေနိုင်သော ပိုးဟပ်တစ်ကောင်နှင့်ပင် တူနေသေးသည်။
သုညဘဝမှ စတင်ကာ နတ်ဆိုးဘုရင်ဂိုဏ်းကို တည်ထောင်ခဲ့ပြီး ယွီဖန်ကောင်းကင်ဘုံကို နှစ်သန်းချီကြာ ကြီးစိုးလာခဲ့သော တာအိုသန့်စင်ဂိုဏ်းကြီးကို တစ်ကိုယ်တော် ရင်ဆိုင်တိုက်ခိုက်နေခဲ့သည်။ ယခုအချိန်အထိ သူမ အသတ်မခံရသေးဘူးဆိုသည်မှာ တကယ်ကို ယုံနိုင်စရာ မရှိပေ။ “ဒါက စံပြဇာတ်လိုက်တစ်ယောက်ရဲ့ ပုံစံ မဟုတ်ဘူးလား။”
နောင်တစ်ချိန်တွင် ထိုအမျိုးသမီးနှင့် တတ်နိုင်သမျှ ခပ်ဝေးဝေး နေသင့်သည်ဟု ကျန်းယွီဟယ် ခံစားလိုက်ရသည်။ ချက်ချင်း လက်ငင်း သတ်ပစ်နိုင်မည်ဆိုလျှင်တော့ တစ်မျိုးပေါ့။ သို့မဟုတ်ပါက ကျောက်မင်ယွဲ့၏ သတင်းများကိုပင် သူ မကြားရလျှင် အကောင်းဆုံးဖြစ်လိမ့်မည်။
"အရင်ဆုံး ဂိုဏ်းကို ပြန်တာ ပိုကောင်းမယ်"
ကျန်းယွီဟယ်က လျှို့ဝှက်အခန်းထဲမှ ထွက်လာခဲ့ပြီး သူ၏ ကိုယ်ရိပ်က အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားကာ ပို့ဆောင်ရေးအစီအရင်ဆီသို့ လျင်မြန်စွာ ပျံသန်းသွားလေသည်။ ကျင်းခုန်းမြို့တော်၏ ကိစ္စရပ်များကို ဖြေရှင်းပြီးနောက် သူ၏ ကြိုးပမ်းအားထုတ်မှုများအတွက် အကြီးအကဲလုမင်ဖန်းက သူ့အား ဆုကြေးအဖြစ် ကုသိုလ်မှတ် ၅၀၀ ချီးမြှင့်ခဲ့သည်။
ကုသိုလ်မှတ် ၅၀၀ ဆိုသည်မှာ နည်းပါးသော ပမာဏတစ်ခု မဟုတ်ပေ။ မမျှော်လင့်ထားသော ကိစ္စများ မရှိပါက ဂိုဏ်း၏ တာဝန်ထမ်းဆောင်မှု နှစ်သက်တမ်းနှင့် ကုသိုလ်မှတ်ကိုသာ အားကိုးမည်ဆိုလျှင် ကုသိုလ်မှတ် ၅၀၀ စုဆောင်းမိရန် အနည်းဆုံး နှစ်သုံးလေးရာခန့် အချိန်ယူရပေလိမ့်မည်။ ယခု ကုသိုလ်မှတ်များ ရရှိလာပြီဖြစ်ရာ သဘာဝကျကျပင် အသုံးပြုချင်လာမိသည်။
ကျန်းယွီဟယ်က ဂိုဏ်းသို့ အရင်ပြန်ပြီး ကျမ်းစာမျှော်စင်တွင် ထူးကဲစွမ်းရည်တစ်ခု သွားရောက် လဲလှယ်ရန် စီစဉ်ထားသည်။ ကုသိုလ်မှတ် ၅၀၀ တိတိဖြင့် ကောင်းကင်အဆင့် အထက်တန်း ထူးကဲစွမ်းရည်တစ်ခုကို လဲလှယ်နိုင်သည်။ ယနေ့ ကျင့်ကြံသူများနှင့် ဆက်တိုက် တိုက်ခိုက်ခဲ့ရသော တိုက်ပွဲများ အထူးသဖြင့် နောက်ဆုံး ဦးချိုနှင့်နတ်ဆိုးကို သတ်ဖြတ်ခဲ့ရသည့် တိုက်ပွဲတို့မှတစ်ဆင့်... သူ့တွင် အားနည်းချက်များစွာ ရှိနေသေးကြောင်း ကျန်းယွီဟယ် ခံစားလိုက်ရသည်။
ရန်သူများကို ရင်ဆိုင်ရာတွင် သူ၏ နည်းလမ်းများက ရိုးရှင်းလွန်းနေသည်။ ဓားအစီအရင်တစ်ခုမှလွဲ၍ အခြား မည်သည့် နည်းလမ်းမှ မရှိသလောက်ပင်။ ကိုးမိုးကောင်းကင် မူလဓားအစီအရင်က အမှန်တကယ်ပင် ကြောက်မခန်းလိလိ အားကောင်းသည် မှန်သော်လည်း ကိုးမိုးကောင်းကင် မူလဓားအစီအရင်၏ ခုခံမှုက ထိုက်တောင်ကြီးကဲ့သို့ ခိုင်မာပြီး တိုက်ခိုက်မှုက တောက်လောင်နေသော မီးတောက်များကဲ့သို့ ကြမ်းကြုတ်ကာ နှစ်ခုစလုံး ပေါင်းစပ်ပါဝင်နေသည်။
ထိုအရာက အမှန်တကယ် စွမ်းအားကြီးမားပြီး ပြီးပြည့်စုံသော ထူးကဲစွမ်းရည်တစ်ခု ဖြစ်သည်။ သို့သော် ၎င်းမှာ ဓားအစီအရင်တစ်ခု ဖြစ်နေသည်။ ကိုးမိုးကောင်းကင် မူလဓားအစီအရင်ကို ချက်ချင်း ဖွင့်လှစ်၍မရနိုင်ဘဲ နေရာချထားရန် အချိန်အတိုင်းအတာတစ်ခု လိုအပ်သည်။ အထူးသဖြင့် သူကိုယ်တိုင်က တိုက်ခိုက်ရေး အတွေ့အကြုံ နည်းပါးပြီး ဓားအစီအရင်များကို အသုံးပြုရာတွင် အလွန်အမင်း ကျွမ်းကျင်လှသည် မဟုတ်ပေ။ ဓားများကို အစီအရင်ဖွဲ့ရာတွင်ဖြစ်စေ တိုက်ခိုက်မှုနှင့် ခုခံမှုကြား ကူးပြောင်းရာတွင်ဖြစ်စေ အမြဲတမ်း ဟာကွက်တစ်ခု ရှိနေတတ်သည်။
မိမိထက် အားနည်းသော ပြိုင်ဘက်များကို ရင်ဆိုင်ရာတွင် ပြဿနာ မရှိသော်လည်း အားကောင်းသော ရန်သူနှင့် ကြုံတွေ့ရပါက ထိုဟာကွက်ကို အခွင့်ကောင်းယူပြီး တိုက်ခိုက်ခံရရန် လွယ်ကူလှသည်။ ကိုးမိုးကောင်းကင် မူလဓားအစီအရင် တစ်ခုတည်းကိုသာ အားကိုးနေခြင်းက လုံလောက်မှု မရှိဟု ထင်ရသည်။ ထို့ကြောင့် သူ၏ စွမ်းအားကို မြှင့်တင်ရန်အတွက် အခြားသော ထူးကဲစွမ်းရည်အချို့ကို သင်ယူရန် လိုအပ်သည်ဟု ကျန်းယွီဟယ် ခံစားလိုက်ရသည်။
ကျန်းယွီဟယ်က ပို့ဆောင်ရေးအစီအရင်များကို အကြိမ်အနည်းငယ် ပြောင်းလဲစီးနင်းပြီးနောက် မကြာမီမှာပင် ကျုံးကျိုးမြို့သို့ ရောက်ရှိလာခဲ့သည်။ သူက ကျုံးကျိုးမြို့ကို ဖြတ်ကျော်ကာ တာအိုသန့်စင်ဂိုဏ်းရှိရာသို့ လျင်မြန်စွာ ပျံသန်းသွားသည်။ နာရီဝက်ပင် မပြည့်မီ ကျန်းယွီဟယ်က ဂိုဏ်း၏ တောင်တံခါးအပြင်ဘက်သို့ ရောက်ရှိလာခဲ့သည်။ ကောင်းကင်ဘုံ နတ်ဘုရားပျံသန်းခြင်း ကျင့်စဉ်၏ အမြန်နှုန်းက အမှန်တကယ်ပင် အထင်ကြီးစရာ ကောင်းလှသည်။ ထိုစဉ်ကဆိုလျှင် ကျုံးကျိုးမြို့မှ တာအိုသန့်စင်ဂိုဏ်းသို့ ပျံသန်းရန် ရက်အနည်းငယ်ကြာ အချိန်ယူခဲ့ရသည်။
သေချာသည်ကတော့ အရေးအကြီးဆုံးအချက်မှာ ကျန်းယွီဟယ်၏ လက်ရှိ စွမ်းအားက ထိုအချိန်ကထက် များစွာ ကြီးမားနေခြင်းကြောင့်ဖြစ်သည်။ သိပ်မကြာမီမှာပင် ကျန်းယွီဟယ်က ကျမ်းစာမျှော်စင်အနီးသို့ ရောက်ရှိလာခဲ့သည်။ ကျမ်းစာမျှော်စင်ကို စောင့်ကြပ်နေသော မုတ်ဆိတ်ရှည်နှင့် အဘိုးအိုက မျက်လုံးများကို မှိတ်လျက် တစ်မှေးအိပ်နေဆဲပင်။ ကျန်းယွီဟယ်က အလျင်အမြန် ရှေ့တိုးသွားပြီး ရိုသေလေးစားစွာ နှုတ်ဆက်လိုက်သည်။
"တပည့် ကျန်းယွီဟယ်က အကြီးအကဲဖန်ကို ဂါရဝပြုပါတယ်"
မုတ်ဆိတ်ရှည်နှင့် အဘိုးအိုက သူ၏ မှုန်ဝါးနေသော မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်ကြည့်လိုက်ပြီး ကျန်းယွီဟယ်ကို မြင်သောအခါ အနည်းငယ် အံ့သြစွာဖြင့် မပြောဘဲ မနေနိုင်တော့ပေ။
"ဟေး... မင်း နောက်တစ်ခါ ထပ်ရောက်လာပြန်ပြီလား။ လွန်ခဲ့တဲ့ ရက်အနည်းငယ်ကမှ မင်း လာသွားတယ် မဟုတ်ဘူးလား" အကြီးအကဲဖန် စကားပင် မဆုံးသေးမီ တစ်စုံတစ်ခုကို သတိရသွားသည့်အလား သူ၏ခေါင်းကို ရုတ်တရက် ပုတ်လိုက်သည်။ သူက ရုတ်တရက် ဆိုလာသည်။
"ဒါနဲ့... မင်းက ယွမ်ကျုံးစီရင်စုမှာ ဝိညာဉ်သန့်စင်ခြင်းအဆင့်ရှိတဲ့ ဦးချိုနဲ့နတ်ဆိုးတစ်ကောင်ကို သတ်ခဲ့တယ်လို့ ငါ ကြားတယ်နော်"
"အကြီးအကဲလုနဲ့ ဂိုဏ်းတူအစ်ကိုကြီးတို့ ကျေးဇူးကြောင့်သာ ကျွန်တော် ကံကောင်းပြီး အောင်မြင်ခဲ့တာပါ"
ကျန်းယွီဟယ်က နှိမ့်ချစွာဖြင့် ပြန်ဖြေလိုက်သည်။ သူ လုံးဝ ဆွံ့အသွားသည်။ “သတင်းတွေ ပြန့်တာ အရမ်း မြန်လွန်းနေပြီ”
”အချိန် ဘယ်လောက်မှတောင် မရှိသေးဘူးလေ။ ကျမ်းစာမျှော်စင်ကို စောင့်နေတဲ့ အဘိုးကြီးကတောင် ဒီအကြောင်းကို ဘယ်လိုလုပ် သိနေတာလဲ။”
"ဟမ့်... သူတို့မှာ ဘာကျေးဇူး ရှိရမှာလဲ"
အကြီးအကဲဖန်က အနည်းငယ် အထင်သေးသော မျက်နှာထားဖြင့် ပြောလိုက်သည်။
"လုအဘိုးကြီးရဲ့ စိတ်သဘောထားကို ငါ အသိဆုံးပဲ။ မင်းတို့အားလုံး မသေမချင်း သူ ဝင်ပါမှာ မဟုတ်ဘူး" "ဟို လူကြမ်းကြီး လီထျန်းဆိုရင်တော့ ပြောနေစရာတောင် မလိုဘူး။ ဝိညာဉ်သန့်စင်ခြင်းအဆင့်ရှိတဲ့ ဦးချိုနဲ့နတ်ဆိုးကို ဖိနပ်သယ်ပေးဖို့တောင် သူက မတန်သေးဘူး"
"မင်းက ကြောက်စရာကောင်းတဲ့ ဓားအစီအရင်တစ်ခုကို သုံးပြီး အဲဒီ ဦးချိုနဲ့နတ်ဆိုးကို အသေကြိတ်ပစ်လိုက်တယ်ဆို"
"အဲဒီ ဓားအစီအရင်က မူလဟွန်ယွမ် ကောင်းကင်ကျမ်းစာထဲက ထူးကဲစွမ်းရည်တစ်ခု မဟုတ်လား"
"ဟုတ်ပါတယ်"
အကြီးအကဲဖန်၏ ဆက်တိုက် မေးခွန်းများကို ရင်ဆိုင်ရသောအခါ ကျန်းယွီဟယ်က ကူကယ်ရာမဲ့စွာဖြင့် ခေါင်းညိတ်ပြလိုက်ရသည်။
“ကြည့်ရတာ နောင်ဆိုရင် အေးအေးဆေးဆေး နေရဖို့ ခက်သွားပြီထင်တယ်”
သူ သိုင်းကွက်တစ်ကွက်ပဲ ထုတ်သုံးလိုက်ရသေးသည်။ သို့တိုင် တစ်ကမ္ဘာလုံး သိသွားသည့်အလားပင်။ သောက်ကျိုးနည်း... ဒီလူတွေက သူ ဘယ်လို ထူးကဲစွမ်းရည် သုံးနေလဲဆိုတာကိုတောင် သိနေကြသေးတယ်။
“ဘယ်စကားများတဲ့ ကောင်က နေရာအနှံ့ ကောလာဟလတွေ လိုက်ဖြန့်နေတာလဲ။ လုမင်ဖန်းလား... ဒါမှမဟုတ် လီထျန်းလား။”
“လုမင်ဖန်းပဲ ဖြစ်ရမယ်”
ကျန်းယွီဟယ်က တိတ်တဆိတ် ကောက်ချက်ချလိုက်သည်။ လီထျန်းနှင့် သူ သိကျွမ်းခဲ့သည်မှာ မကြာသေးသော်လည်း လီထျန်း၏ မောက်မာသော စရိုက်အရဆိုလျှင် ဤကိစ္စကို နေရာအနှံ့ လိုက်လံ ကြွားလုံးထုတ်နေမည် မဟုတ်ကြောင်း ထင်ရှားသည်။ ထို့ကြောင့် လုမင်ဖန်းသာ ဖြစ်နိုင်ပေသည်။
“အဲ့နေရာမှာ စတုတ္ထမြောက်လူ မရှိခဲ့တာပဲ။ အလွန် တည်ကြည်ဟန်ပေါက်တဲ့ လုမင်ဖန်းက ဒီလောက် စကားများတတ်မယ်လို့ ငါ ထင်တောင်မထင်ထားခဲ့ဘူး”
ကျန်းယွီဟယ်က မိမိကိုယ်ကိုယ် ရေရွတ်ကာ အပြစ်တင်လိုက်သည်။
"ဟာချူး..."
တာအိုသန့်စင်ဂိုဏ်း၏ အဓိက ခန်းမဆောင်တစ်ခုအတွင်း ကိစ္စအချို့ကို ဖြေရှင်းနေသော လုမင်ဖန်းသည် ရုတ်တရက် နှာချေလိုက်မိသည်။
"ဘာဖြစ်တာလဲ။ တစ်ယောက်ယောက်များ ငါ့ကို ကျိန်ဆဲနေတာလား"
လုမင်ဖန်းက သူ၏ လက်ချောင်းများဖြင့် အလျင်အမြန် တွက်ချက်ကြည့်လိုက်သည်။ အကြီးအကဲဖန်က ကျန်းယွီဟယ်အား ပြုံးလျက် ကြည့်လိုက်ရာ သူ၏ မျက်လုံးများက ကျေနပ်မှုကြောင့် ကွေးညွတ်သွားသည်။ သူက ကျန်းယွီဟယ်၏ ပခုံးကို ညင်သာစွာ ပုတ်ကာ ပြုံးလျက် ပြောလာသည်။ "ကောင်းတယ်... တာအိုသန့်စင်ဂိုဏ်းရဲ့ အနာဂတ်က မင်းတို့လို လူငယ်တွေရဲ့ လက်ထဲမှာပဲ"
"ဒါနဲ့... မင်းက ထူးကဲစွမ်းရည် လာလဲလှယ်မလို့လား"
ကျန်းယွီဟယ်က အနည်းငယ် ခေါင်းညိတ်ကာ ပြန်ဖြေလိုက်သည်။
“ဒါက ရှင်းနေတာပဲ မဟုတ်ဘူးလား။ ထူးကဲစွမ်းရည်တွေ ကျင့်စဉ်တွေ လာမလဲဘူးဆိုရင် ဘယ်သူက အလုပ်မရှိ အကိုင်မရှိ ကျမ်းစာမျှော်စင်ကို လာနေမှာလဲ”
အကြီးအကဲဖန်က လေးနက်စွာဖြင့် ပြောလာသည်။
"ထူးကဲစွမ်းရည်တွေ အများကြီးရှိတာက ပိုကောင်းတာတော့ မဟုတ်ဘူးနော်။ မင်း အချိန်ကို ကျင့်ကြံခြင်းမှာ ပိုပေးသင့်တယ်။ ထူးကဲစွမ်းရည်ဆိုတာကတော့ လိုအပ်သလောက် ရှိရင် ရပါပြီ"
"အကြီးအကဲ... ကိစ္စမရှိပါဘူး။ အရင်ဆုံး ထူးကဲစွမ်းရည်ကို လဲလှယ်ထားပြီး ဖြည်းဖြည်းချင်း နားလည်အောင် လုပ်လို့ရပါတယ်။ ကျင့်ကြံတာကို မနှောင့်နှေးစေပါဘူး"
ကျန်းယွီဟယ် လုံးဝ ဆွံ့အသွားသည်။ အကြီးအကဲဖန်က ဘာလို့များ ရုတ်တရက်ကြီး ဖော်ရွေလာရတာလဲ။ အရင်က သူ နှစ်ခါလာခဲ့ဖူးပေမဲ့ အကြီးအကဲဖန်က သူ့ကို နှစ်ကြိမ်စလုံး လျစ်လျူရှုထားခဲ့သည် မဟုတ်ပါလား။ “ဘာလို့ ရုတ်တရက်ကြီး စိတ်ပြောင်းသွားရတာလဲ။” "မင်းက အတင်းလုပ်ချင်နေမှတော့ ငါလည်း ဆက်ပြီး မဖျောင်းဖျတော့ပါဘူး။ ကျင့်ကြံခြင်းလမ်းစဉ်ဆိုတာ မင်းကိုယ်တိုင် လျှောက်ရမယ့် လမ်းပဲ။ အဲဒါကိုတော့ သတိရပါ"
"မင်း ဘယ်ထူးကဲစွမ်းရည်ကို သင်ချင်တာလဲ"
အကြီးအကဲဖန် စကားဆုံးသည်နှင့် ထူထဲသော စာအုပ်ငယ်တစ်ခုကို ပစ်ပေးလိုက်သည်။ ကျန်းယွီဟယ်က စာအုပ်ငယ်ကို ရိုသေစွာ လက်ခံလိုက်သော်လည်း ဖွင့်မကြည့်ခဲ့ပေ။ အစားထိုး၍ သူ၏ အမှတ်အသား ကျောက်စိမ်းပြားကို ကမ်းပေးကာ ပြောလိုက်သည်။
"အကြီးအကဲ...ကျွန်တော် မဟာကောင်းကင်ဘုံ အကျဉ်းချလက်ချောင်း ကို လဲလှယ်ချင်ပါတယ်" ***