ကျန်းယွီဟယ်က ကောင်းကင်ဘုံ နတ်ဘုရားပျံသန်းခြင်း ကျင့်စဉ်ကို အစွမ်းကုန် အသက်သွင်းကာ ယွမ်မန်းတောင်တန်း၏ နက်ရှိုင်းသော နေရာများဆီသို့ လျင်မြန်စွာ ပျံသန်းသွားလေသည်။ ထိုအချိန်တွင် သူက နတ်ဘုရားသန္ဓေအဆင့်၏ ပြီးပြည့်စုံခြင်းအဆင့်သို့ ကျင့်ကြံရောက်ရှိနေပြီဖြစ်ပြီး အဆင့်သစ်တစ်ခုသို့ ထိုးဖောက်ဝင်ရောက်ရန် အခွင့်အရေးကို အာရုံခံမိနေပြီဖြစ်သည်။
ဝိညာဉ်သန့်စင်ခြင်းအဆင့်သို့ ထိုးဖောက်ဝင်ရောက်သည့် လုပ်ငန်းစဉ်ကို ယွမ်ကျုံးမြို့တော်အတွင်း၌ လုပ်ဆောင်၍မရနိုင်ပေ။ အဘယ်ကြောင့်ဆိုသော် နတ်ဘုရားသန္ဓေအဆင့်သို့ ရောက်ရှိပြီးနောက် အဓိကအဆင့်ကြီးတစ်ခုကို ထိုးဖောက်ဝင်ရောက်တိုင်း ကောင်းကင်ဘုံ မဟာဘေးဒဏ် တစ်ခု ကျဆင်းလာမည်ဖြစ်သည်။ ဝိညာဉ်သန့်စင်ခြင်းအဆင့်သို့ ထိုးဖောက်ဝင်ရောက်ချိန်တွင်သာ ဘေးဒဏ်ကျဆင်းလာမည် မဟုတ်ဘဲ ခန္ဓာကိုယ်ပေါင်းစည်းခြင်းအဆင့် သို့မဟုတ် မဟာယာန ကောင်းကင်တက်လှမ်းခြင်းအဆင့်သို့ ထိုးဖောက်ဝင်ရောက်ချိန်များတွင်လည်း ကောင်းကင်ဘုံ ဘေးဒဏ်များကို ရင်ဆိုင်ရမည်ဖြစ်သည်။
ထို့ကြောင့် ကျန်းယွီဟယ်အနေဖြင့် ယွမ်ကျုံးမြို့တော်တွင် ဘေးဒဏ်ကို ကျော်ဖြတ်၍မရနိုင်ပေ။ အကယ်၍ သူသာ မြို့ထဲတွင် ထိုးဖောက်ဝင်ရောက်ရန် ရွေးချယ်လိုက်ပါက ကျဆင်းလာမည့် ကောင်းကင်ဘုံ ဘေးဒဏ်က ယွမ်ကျုံးမြို့တော် တစ်ခုလုံးကို ဖျက်ဆီးပစ်လိုက်နိုင်ချေရှိသည်။ ကျင့်ကြံသူတစ်ယောက်အနေဖြင့် နတ်ဘုရားသန္ဓေအဆင့်၏ ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိပြီးနောက် ထိုးဖောက်ဝင်ရောက်ရန် အခွင့်အရေးကို အာရုံခံမိလာလျှင် မတော်တဆ ထိခိုက်ဒဏ်ရာရမှုများနှင့် မလိုအပ်သော ပြဿနာများကို ရှောင်ရှားနိုင်ရန်အတွက် သူတို့သည် လူသူကင်းမဲ့သော အစွန်အဖျား ဒေသများသို့ သွားရောက်ကာ ဘေးဒဏ်များကို ကျော်ဖြတ်လေ့ရှိကြသည်။
ဒါကြောင့်ပင် ကျန်းယွီဟယ် ယွမ်မန်းတောင်တန်းသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ သူက ထိုနေရာတွင် ဘေးဒဏ်ကျော်ဖြတ်ရန် နေရာတစ်ခု ရှာဖွေဖို့ စီစဉ်ထားသည်။ ယွမ်မန်းတောင်တန်းမှာ လူသူကင်းမဲ့ပြီး အထီးကျန်ဆန်လှသည်။ သားရဲများကို လာရောက် အမဲလိုက်သည့် ကျင့်ကြံသူ တချို့တလေမှလွဲ၍ ထိုနေရာသို့ မည်သူမျှ စွန့်စားဝင်ရောက်လေ့ မရှိကြပေ။ ကျန်းယွီဟယ်က သူ၏ ဘေးဒဏ်ကို ကျော်ဖြတ်ရန် သင့်လျော်သော နေရာတစ်ခုကို ရှာဖွေရင်း ယွမ်မန်းတောင်တန်းကို ဖြတ်သန်း ပျံသန်းနေသည်။
ယေဘုယျအားဖြင့် ကျင့်ကြံသူများ ဘေးဒဏ်ကျော်ဖြတ်မည့် နေရာနှင့်ပတ်သက်၍ ကန့်သတ်ချက် သိပ်များများစားစား မရှိလှပေ။ အနှောင့်အယှက် မခံရသရွေ့ (သို့မဟုတ်) ကျင့်ကြံသူကိုယ်တိုင်က သေချင်စော်နံပြီး မိုးကြိုးပစ်ခံရရန် အလွယ်ကူဆုံး နေရာများကို သွားရောက် မရွေးချယ်သရွေ့ အဆင်ပြေသည်။ ဥပမာအားဖြင့် သတ္တုရိုင်းကြောများ ပါဝင်နေသော နေရာမျိုးကို ဆိုလိုခြင်းဖြစ်သည်။ အခြားသော သာမန်နေရာ မည်သည့်နေရာကိုမဆို ကျင့်ကြံသူများ ဘေးဒဏ်ကျော်ဖြတ်ရန် နေရာအဖြစ် အသုံးပြုနိုင်သည်။
သို့သော်လည်း ကျန်းယွီဟယ်က လုံခြုံစိတ်ချရမှု ရှိအောင် လုပ်ဆောင်သင့်သည်ဟု ခံစားမိသည်။ မည်သို့ပင်ဆိုစေ ဤသည်မှာ သူ၏ ပထမဆုံးအကြိမ် ဘေးဒဏ်ကျော်ဖြတ်ခြင်းဖြစ်ပြီး အခြားကျင့်ကြံသူများ ဘေးဒဏ်ကျော်ဖြတ်သည်ကိုလည်း သူ တစ်ခါမျှ မျက်မြင်မတွေ့ခဲ့ဖူးပေ။
“ငါ့မှာ ဒီကိစ္စနဲ့ပတ်သက်ပြီး ဗဟုသုတနဲ့ အတွေ့အကြုံက အရမ်း အားနည်းနေသေးတယ်”
ဝိညာဉ်သန့်စင်ခြင်းအဆင့်သို့ ထိုးဖောက်ဝင်ရောက်လိုက်သည်နှင့် သူ ဆင့်ခေါ်မိမည့် ကောင်းကင်ဘုံ ဘေးဒဏ်က မည်မျှအထိ အားကောင်းလာမည်ကို ကျန်းယွီဟယ် လုံးဝ ခန့်မှန်း၍မရနိုင်ပေ။ ကောင်းကင်ဘုံ ဘေးဒဏ်များနှင့်ပတ်သက်၍ ကျန်းယွီဟယ် သိထားသမျှ ဗဟုသုတအားလုံးမှာ စာကြည့်တိုက်ထဲရှိ ရှေးဟောင်းကျမ်းစာများမှတစ်ဆင့် ရရှိထားခြင်းသာ ဖြစ်သည်။ စာအုပ်ထဲတွင် ဖတ်ရသည်များက လက်တွေ့နှင့်ယှဉ်လျှင် အနည်းငယ် စိတ်ကူးယဉ်ဆန်နေတတ်သည် မဟုတ်ပါလား။
ဘေးဒဏ်ကို ဘေးကင်းလုံခြုံစွာ ကျော်ဖြတ်နိုင်ရန်အတွက် ပြင်ဆင်မှုများကို အစွမ်းကုန် လုပ်ဆောင်သင့်သည်ဟု ကျန်းယွီဟယ် ခံစားမိသည်။ သူ၏ သက်စောင့်မှော်လက်နက်ဖြစ်သော ကိုးမိုးကောင်းကင် မူလဓားအပြင် ခုခံကာကွယ်ရန်အတွက် အစွမ်းထက်သော ဝိညာဉ်ရတနာ အချို့ကိုလည်း သူ ပြင်ဆင်ထားသေးသည်။ စွမ်းအင်ပြန်လည် ပြည့်ဝစေမည့် ဆေးလုံးများကိုလည်း အမြောက်အမြား ပြင်ဆင်ထားသည်။ သို့တိုင် ကျန်းယွီဟယ်က လုံလောက်မှု မရှိသေးဟု ခံစားနေရဆဲပင်။
“ငွေကြေး အရင်းအနှီးတချို့ ထပ်ထည့်သင့်တယ်ထင်တယ်”
ဥပမာအားဖြင့် ကောင်းကင်ဘုံ ဘေးဒဏ်များကို ရင်ဆိုင်ရန် အစီအရင်အချို့ကို တည်ဆောက်ခြင်းမျိုးပင်။ ယခင်က တာအိုသန့်စင်ဂိုဏ်း၏ စာကြည့်တိုက်တွင် ကောင်းကင်ဘုံ ဘေးဒဏ်များကို အားနည်းသွားစေရန် ထူးခြားစွာ စွမ်းဆောင်နိုင်သော အစီအရင်တစ်ခုအကြောင်း သူ ဖတ်ခဲ့ဖူးသည်။ သို့သော် ထိုအစီအရင်ကို တည်ဆောက်ရာတွင် ပတ်ဝန်းကျင် အနေအထားနှင့် ပတ်သက်၍ အထူး ကန့်သတ်ချက်အချို့ ရှိနေသည်။
ကောင်းကင်ဘုံ ဘေးဒဏ်ကို ထိရောက်စွာ အားနည်းသွားစေရန်အတွက် ဤအစီအရင်ကို ရေပေါများသော နေရာတွင် တည်ဆောက်ရန် လိုအပ်သည်။ ယွမ်ကျုံးစီရင်စုက ပင်လယ်နှင့်လည်း မနီးသလို ကြီးမားသော မြစ်ကြီးများလည်း မရှိပေ။ ထို့ကြောင့် ရေပေါများသော နေရာတစ်ခုကို ရှာဖွေရန်ဆိုသည်မှာ တကယ်ကို မလွယ်ကူလှပေ။
ယွမ်မန်းတောင်တန်းအတွင်း၌သာ လိုက်လံရှာဖွေရန်မှလွဲ၍ ကျန်းယွီဟယ်တွင် ပိုကောင်းသော ရွေးချယ်စရာ မရှိတော့ပေ။ “ဒီနေရာမှာ ကြီးမားတဲ့ ရေကန်ကြီးတစ်ခုခု ဒါမှမဟုတ် အဲဒီလိုမျိုး တစ်ခုခု ရှာတွေ့နိုင်မလား ကြည့်ရအောင်...”
"ယွမ်မန်းတောင်တန်းကြီးက မိုင်ပေါင်း ရေတွက်လို့မရအောင် ကျယ်ဝန်းတာပဲ... ဒီအထဲမှာ ကြီးမားတဲ့ ရေကန်ကြီးတွေတော့ သေချာပေါက် ရှိမှာပါ"
ထိုးဖောက်ဝင်ရောက်ရန် အခွင့်အရေးက ပိုမို အားကောင်းလာသည်နှင့်အမျှ ကျန်းယွီဟယ်မှာ အနည်းငယ် စိုးရိမ်ပူပန်လာမိသည်။ အခြားသူများဆိုလျှင် ထိုးဖောက်ဝင်ရောက်ရန် အခွင့်အရေးတစ်ခုအတွက် နှစ်ရာချီ၊ ထောင်ချီ စောင့်ဆိုင်းရနိုင်ပြီး ဘယ်တော့မှ ရောက်မလာသည်မျိုးပင် ဖြစ်နိုင်သည်။ သို့သော် ကျန်းယွီဟယ်ကတော့ ကွာခြားသည်။
နတ်ဘုရားသန္ဓေအဆင့်၏ ပြီးပြည့်စုံခြင်းအဆင့်သို့ ကျင့်ကြံရောက်ရှိသွားချိန်တွင် သူ၏ ကိုယ်တွင်းမှ ထိုးဖောက်ဝင်ရောက်လိုသော ပြင်းထန်သည့် တွန်းအားတစ်ခုကို သူ ခံစားလိုက်ရသည်။ ထိုအရာက သူ့ကိုယ်သူပင် မထိန်းချုပ်နိုင်လုမတတ် ဖြစ်သွားစေသည်။
"ဟူး... ပါရမီ အရမ်း ကောင်းလွန်းတော့လည်း ဒီလို ပြဿနာမျိုးတွေ ရှိလာတာ အံ့သြစရာတော့ မဟုတ်ပါဘူး"
"သင့်တော်တဲ့ နေရာတစ်ခု မြန်မြန် ရှာတွေ့ပါစေလို့ မျှော်လင့်ရတာပဲ... မဟုတ်ရင်တော့ တောင်တန်းထဲက တစ်နေရာရာမှာပဲ ဘေးဒဏ်ကို ကျော်ဖြတ်ရတော့မယ်"
ကျန်းယွီဟယ်က လျင်မြန်စွာ ပျံသန်းနေရင်း သူ၏ စိတ်တွင်း ပဋိပက္ခများနှင့် တိတ်တဆိတ် လွန်ဆွဲနေရသည်။
"ဟင်... အဲဒီနေရာက ဘာကြီးလဲ"
ရုတ်တရက် ကျန်းယွီဟယ်၏ နတ်ဘုရားအာရုံ လွှမ်းခြုံထားသော နယ်ပယ်အတွင်း ဧရာမ ရေကန်ကြီးတစ်ခု ပေါ်လာသည်။ သူက အလျင်အမြန် ပျံသန်းသွားလိုက်သည်။ မကြာမီမှာပင် မိုင်ထောင်ချီ ကျယ်ဝန်းသော ဧရာမ ရေကန်ကြီးတစ်ခုသည် ကျန်းယွီဟယ်၏ မြင်ကွင်းထဲသို့ ရောက်ရှိလာသည်။
"ဒီနေရာမှာ အားကောင်းတဲ့ သားရဲတွေများ ရှိနေမလား"
နောက်ဆုံးတော့ ဘေးဒဏ်ကျော်ဖြတ်ရန် သင့်လျော်သော နေရာတစ်ခုကို သူ ရှာတွေ့သွားခဲ့ပြီဖြစ်သည်။ သို့သော် သူက စိတ်လိုက်မာန်ပါ မလုပ်ဆောင်ခဲ့ပေ။ ယွမ်မန်းတောင်တန်းသည် အဆင့် (၉) မြူခိုးစပါးကြီး အပါအဝင် သားရဲမြောက်မြားစွာ မှီတင်းနေထိုင်ရာ နေရာဖြစ်သည်။
ယခုအချိန်အထိ ယွမ်မန်းတောင်တန်းတွင် အဆင့် (၇) နှင့် အဆင့် (၈) သားရဲ အများအပြား ရှိနေဆဲဖြစ်သည်။ အဆင့်မြင့် သားရဲတစ်ကောင်၏ အသိုက်ထဲသို့ မတော်တဆ ဝင်ရောက်သွားခြင်းမျိုး ကျန်းယွီဟယ် မဖြစ်ချင်ပေ။ အားကောင်းသော သားရဲများ ရှိ၊ မရှိ သိနိုင်ရန် ရေကန်ပတ်လည်တွင် သူ လျင်မြန်စွာ ပျံသန်းကြည့်လိုက်သည်။ အကယ်၍ ရှိနေပါက ထိုသားရဲများကို အရင် ရှင်းလင်းရမည်ဖြစ်သည်။
သို့သော်လည်း တစ်ပတ်လှည့်လည် စစ်ဆေးပြီးနောက် ပတ်ဝန်းကျင် တစ်ခုလုံးက လုံးဝကို တိတ်ဆိတ်ငြိမ်သက်နေကြောင်း သူ တွေ့လိုက်ရသည်။ အဆင့်မြင့် သားရဲများကို ထားလိုက်ဦး... သာမန် ငှက်တစ်ကောင်ကိုပင် ကျန်းယွီဟယ် မတွေ့ခဲ့ရပေ။
"ဒီနေရာက နည်းနည်းတော့ ထူးဆန်းနေတယ်"
သားရဲတစ်ကောင်ကိုမျှ မတွေ့ရသော်လည်း ကျန်းယွီဟယ်က ပို၍ပင် စိုးရိမ်လာမိသည်။ “တောင်တန်းတွေရဲ့ နက်ရှိုင်းတဲ့ နေရာမှာရှိတဲ့ ရေကန်တစ်ခုမှာ သာမန် တောရိုင်းတိရစ္ဆာန်လေးတွေတောင် မရှိဘူးဆိုတာ လုံလောက်အောင်ကို ထူးဆန်းမနေဘူးလား။”
"ဒီနေရာမှာ အလွန်တရာ အားကောင်းတဲ့ သားရဲဘုရင်တစ်ကောင်ကောင်များ ရှိနေမလား"
ကျန်းယွီဟယ်က ရေကန်ပတ်လည်တွင် အကြိမ်အနည်းငယ် ထပ်မံ ရှာဖွေကြည့်သော်လည်း သားရဲ၏ အရိပ်အယောင်ကိုမျှ မတွေ့ရသေးပေ။ ထိုအချက်က သူ့ကို အလွန် စိတ်မသက်မသာ ဖြစ်စေသည်။
"ငါ တခြားနေရာ သွားရှာရင် ကောင်းမလား"
ပုံမှန်မဟုတ်သော ကိစ္စတစ်ခုခု ဖြစ်ပျက်နေသည်မှာ သေချာသည်။ ဤနေရာတွင် အားကောင်းသော သားရဲများ သေချာပေါက် ရှိနေမည်ဖြစ်သော်လည်း သူတို့ကို ရှာမတွေ့သေးခြင်းဖြစ်မည်ဟု သူ ကောက်ချက်ချလိုက်သည်။ ထိုသားရဲက ရေကန်၏ နက်ရှိုင်းသော အောက်ခြေတွင် ပုန်းအောင်းနေခြင်းလည်း ဖြစ်နိုင်သည်။
ဤရေကန်ကြီးက အောက်ခြေမမြင်ရအောင် နက်ရှိုင်းလှပြီး သူ၏ နတ်ဘုရားသန္ဓေအဆင့် ပြီးပြည့်စုံခြင်းအဆင့်ရှိ နတ်ဘုရားအာရုံဖြင့် ရေကန်တစ်ခုလုံးကို အပြည့်အဝ လွှမ်းခြုံနိုင်ရန် လုံးဝ မဖြစ်နိုင်ပေ။ အကယ်၍ သားရဲက ရေကန်အောက်ခြေတွင် ပုန်းအောင်းနေပါက ထိုအရာကိုရှာရန် ရေထဲသို့ ဆင်းရပေလိမ့်မည်။ သို့မဟုတ်ပါက အချိန်တိုအတွင်း ရှာတွေ့နိုင်ရန် မဖြစ်နိုင်ပေ။
ကျန်းယွီဟယ်မှာ အချိန် သိပ်မရှိတော့ပေ။ ဤနေရာတွင် ဖြည်းဖြည်းချင်း လိုက်ရှာနေရန် အချိန်မရှိပေ။ သို့သော် ဤနေရာတွင် ခြေကုပ်ယူထားသော သားရဲကို ရှာမတွေ့သရွေ့ ဤနေရာ၌ ဘေးဒဏ်ကို ကျော်ဖြတ်ရန် သူ မဝံ့ရဲပေ။ အကယ်၍ ဘေးဒဏ်ကျော်ဖြတ်နေစဉ် တစ်ဝက်လောက်အရောက်တွင် သားရဲတစ်ကောင် ထွက်လာပြီး ပြဿနာရှာပါက တကယ့်ကို သောက်ကျိုးနည်း ဖြစ်သွားပေလိမ့်မည်။
သူက တစ်ယောက်တည်း လာခဲ့ခြင်းဖြစ်ပြီး ကာကွယ်ပေးမည့်သူ မရှိပေ။ ကောင်းကင်ဘုံ ဘေးဒဏ်၏ မိုးကြိုးပစ်ခံရ၍ သေရမည့်အစား သားရဲတစ်ကောင်၏ လှည့်စားခြင်းကို ခံလိုက်ရပါက တကယ့်ကို ကြီးမားသော ဟာသကြီး ဖြစ်သွားပေလိမ့်မည် ။ကျန်းယွီဟယ်က လှည့်ထွက်လိုက်ပြီး ဘေးဒဏ်ကျော်ဖြတ်ရန် အခြားနေရာတစ်ခုကို ရှာဖွေရန် ပြင်လိုက်သည်။
“ဒီနေရာက အဆင်မပြေရင် တခြားနေရာ သွားစမ်းကြည့်တာပေါ့။”
ဝုန်း...
ကျန်းယွီဟယ် လှည့်ထွက်လိုက်သည့် အချိန်မှာပင် ရုတ်တရက် ရေကန်ထဲမှ ကျယ်လောင်သော အသံကြီးတစ်ခု ထွက်ပေါ်လာသည်။ သူက ရေကန်ဆီသို့ အလျင်အမြန် လှည့်ကြည့်လိုက်သည်။ ရေကန်ထဲရှိ ရေများက ဆူပွက်နေသည့်အလား လျင်မြန်စွာ လှိုင်းထန်လာပြီး မိုးထိမတတ် မြင့်မားလှသော လှိုင်းလုံးကြီးများ ဖြစ်ပေါ်လာသည်။ ဧရာမ မြွေခေါင်းကြီးတစ်ခုက ရေကန်အောက်မှ ထွက်ပေါ်လာသည်။
"ဟိုက်ရှားဘား... ကြီးမားလိုက်တဲ့ မြွေကြီးပါလား"
မြွေ၏ ခန္ဓာကိုယ် အများစုက ရေအောက်တွင် နစ်မြုပ်နေဆဲဖြစ်ပြီး ၎င်း၏ ခေါင်းကတော့ အထက်သို့ မြင့်မားစွာ မော့ထားသည်။ ရေပေါ်သို့ ပေါ်ထွက်နေသော အပိုင်းတစ်ခုတည်းပင်လျှင် မိုင်ပေါင်းများစွာ ရှည်လျားလှသည်။
"သောက်ကျိုးနည်း... ဒါက အရမ်း လွန်လွန်းနေပြီ"
ဒါက ကျင့်ကြံခြင်းကမ္ဘာဖြစ်ပြီး သားရဲတွေ ဒီလောက် ကြီးမားနေတာက ပုံမှန်ပဲဆိုတာ သိထားပေမဲ့လည်း ဒီလောက် ကြီးမားတဲ့ မြွေကြီးကို မြင်လိုက်ရတဲ့အခါ ကျန်းယွီဟယ် အလွန်အမင်း အံ့အားသင့်သွားဆဲပင်။ သူက ဧရာမ မြွေကြီးကို သူ၏ နတ်ဘုရားအာရုံဖြင့် စကင်ဖတ်ကြည့်လိုက်ရာ သူ၏ ကျောရိုးတစ်လျှောက် စိမ့်တက်သွားသည်။
"အဆင့် (၇) သားရဲ... သွေးဆာလမင်း စပါးကြီးမြွေ"
အဆင့် (၇) သားရဲဆိုသည်မှာ ဝိညာဉ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်နှင့် ညီမျှပြီး ၎င်း၏ စွမ်းအားမှာ ထူးကဲပြောင်မြောက်လှသည်။ ကျန်းယွီဟယ်က ဝိညာဉ်သန့်စင်ခြင်းအဆင့်သို့ မရောက်ရှိသေးပေ။ ထို့ကြောင့် နိုင်နိုင်ခြေ ရှိလျှင်တောင် သွားမစချင်ပေ။ အဘယ်ကြောင့်ဆိုသော် သူက ဘေးဒဏ်ကို အလျင်အမြန် ကျော်ဖြတ်ရန် လိုအပ်နေပြီး အချိန်မဖြုန်းချင်သောကြောင့် ဖြစ်သည်။
သွေးဆာလမင်း စပါးကြီးမြွေ ပေါ်လာသည်ကို မြင်သောအခါ ကျန်းယွီဟယ်က တိတ်တဆိတ် ထွက်ပြေးရန် ဆုံးဖြတ်လိုက်သည်။ “ကြောက်တတ်တာက ရှက်စရာမှ မဟုတ်တာ “
သို့သော် သူ ထွက်သွားရန် ကြိုးစားလိုက်သောအခါ သွေးဆာလမင်း စပါးကြီးမြွေက ခွင့်ပြုမည့်ပုံ မပေါ်ပေ။
ရှူး...
ရေပေါ်သို့ ပေါ်လာသော သွေးဆာလမင်း စပါးကြီးမြွေက ကျန်းယွီဟယ်ကို မြင်သောအခါ ရုတ်တရက် ထူးဆန်းသော မြွေတွန်သံကြီးတစ်ခုကို ပြုလုပ်လိုက်သည်။ ထို့နောက် ဧရာမ စပါးကြီးမြွေ၏ ခန္ဓာကိုယ်ကြီးသည် လေထဲသို့ မြောက်တက်လာပြီး ပုံစံအပြည့်အစုံကို ထုတ်ဖော်ပြသလိုက်သည်။ စပါးကြီးမြွေ တစ်ကောင်လုံး၏ အရှည်မှာ မိုင်ဆယ်နှင့်ချီ ရှည်လျားလှသည်။
လေထဲသို့ မြောက်တက်လာပြီး ချက်ချင်းဆိုသလိုပင် သွေးဆာလမင်း စပါးကြီးမြွေ၏ ထူထဲလှသော အမြီးကြီးက ကျန်းယွီဟယ်ရှိရာသို့ လျင်မြန်စွာ ရိုက်ခတ်လာသည်။
ဝှစ်...
မြွေ၏ အမြီးက လေထုကို ဖြတ်သန်းသွားသောအခါ လေထုကြီးကိုပင် ဆုတ်ဖြဲပစ်လိုက်သည့်အလား နားကွဲမတတ် ကျယ်လောင်သော ဟိန်းဟောက်သံကြီး ထွက်ပေါ်လာသည်။ ပတ်ဝန်းကျင်ရှိ သစ်ပင်မြင့်ကြီးများ အားလုံးမှာ မြွေအမြီးကြောင့် ဖြစ်ပေါ်လာသော လေလှိုင်းများကြောင့် မြေပြင်ပေါ်သို့ ပြားပြားဝပ်သွားကြလေသည်။
"လခွီးပဲ"
ကျန်းယွီဟယ် ဒေါသထွက်သွားသည်။
“ငါက မင်းကို ပြဿနာ မရှာချင်ပါဘူးဆိုနေ... မင်းက ငါ့ရဲ့ ကြင်နာမှုကို အခွင့်ကောင်းယူရဲတယ်ပေါ့လေ ငါက ဝိညာဉ်သန့်စင်ခြင်းအလယ်အဆင့်ရှိတဲ့ နတ်ဆိုးကိုတောင် သတ်ဖူးတာ... အဆင့် (၇) စပါးကြီးမြွေလောက်ကို ငါက ဘာလို့ ကြောက်ရမှာလဲ...” ***