ကူချူတုန်းက ဝမ်းသာအားရဖြင့် မေးမြန်းလိုက်၏။
"ဒီမျက်စိက ကုလို့ ရတာလားဟင်..."
ဝူအန်းက ဖြေကြားလေသည်။
"ကုလို့တော့ ရပါတယ်... ဒါပေမယ့် အရမ်း ခက်ခဲတဲ့အပြင် ရှားပါးပြီး အဖိုးတန်တဲ့ ဆေးတွေ အများကြီး လိုအပ်ပါတယ်..."
ကူချူတုန်းက ဆိုချေ၏။
"အဲဒါက ကိစ္စမရှိပါဘူး... အစ်ကို့မျက်စိ ကုလို့ရမယ်ဆိုရင် ဆေးတွေ ဘယ်လောက်ပဲ လိုအပ်ပါစေ ကျွန်မတို့ ရှာမှာပါ..."
ဝူအန်းက ခေါင်းယမ်းလျက် ဆိုပေသည်။
"အဲဒါက အရေးအကြီးဆုံး မဟုတ်ပါဘူး... အရေးအကြီးဆုံးကတော့ ဆရာကြီးကူနဲ့ ကိုက်ညီမယ့် မျက်လုံးအသစ် တစ်စုံ လိုအပ်တာပဲ... ဆရာကြီးကူရဲ့ မျက်စိက အဆိပ်မိထားတာလေ... အဆိပ်တွေကို ဖယ်ရှားလိုက်နိုင်ပေမယ့် အချိန်နှောင်းသွားလို့ မျက်စိဝိညာဉ်က သေသွားပြီ... ဆရာသာ အသက်ရှင်နေရင်တော့ သူ့ရဲ့ ဆေးပညာနဲ့ မျက်စိကို ပြန်ရှင်လာအောင် လုပ်နိုင်ပေမယ့် ကျွန်ေတာ်ကတော့ မတတ်နိုင်ဘူးလေ... အဲဒီကြောင့် ဒီမျက်စိကို လဲမှပဲ ရမှာပါ..."
ကူချူတုန်းက အလောတကြီး မေးမြန်းလိုက်၏။
"ဒီမျက်စိကို ဘယ်လို လဲရမှာလဲ..."
ဝူအန်းက ပြုံးရုံသာ ပြုံးပြီး ဘာမှ မပြောခဲ့ချေ။ ကူမော့က လက်ဝှေ့ယမ်း၍ တားဆီးလိုက်ကာ ဆိုလေသည်။
"ဒီနည်းလမ်းကိုတော့ မေ့လိုက်ပါတော့..."
ကူချူတုန်းက စိုးရိမ်တကြီးဖြင့် ခေါ်လိုက်သော်လည်း... ကူမော့က ပြန်လည်ပြောကြားချေ၏။
"ဝူသမားတော် ပြောတဲ့ မျက်စိလဲတယ်ဆိုတာက ငါနဲ့ ကိုက်ညီတဲ့ အသက်ရှင်နေတဲ့ လူတစ်ယောက်ရဲ့ မျက်လုံးကို ဖောက်ထုတ်ပြီး လဲတာကို ပြောတာလေ..."
ကူချူတုန်းမှာ ထိတ်လန့်သွားတော့၏။ ကူမော့က ပြုံးလျက် ဆိုပေသည်။
"တခြားနည်းလမ်းတွေကို နောက်မှ စဉ်းစားကြတာပေါ့... အစ်ကိုကျိုးကလည်း နန်းတွင်းက နတ်သမားတော်တွေကို ရှာပေးမယ်လို့ ပြောထားတာပဲလေ... ဒါကြောင့် သိပ်ပြီး စိတ်မပူပါနဲ့..."
ဝူအန်းကလည်း ဝင်ရောက်ပြောဆိုလေ၏။
"တကယ်လို့ နန်းတွင်းဆေးဆောင်မှာ ကုသခွင့်ရမယ်ဆိုရင်တော့ သေချာပေါက် ပျောက်နိုင်ပါတယ်... နန်းတွင်းထဲမှာ ဆရာ့ထက် မညံ့တဲ့ ဆေးဆရာတွေ အများကြီး ရှိတယ်လို့ ဆရာ ပြောဖူးပါတယ်..."
ကူချူတုန်းက အနည်းငယ် စိတ်အေးသွား၏။ ရန်ရှန်းမေ့ကလည်း ထောက်ခံပြောကြားချေသည်။
"ကျွန်မလည်း နန်းတွင်းမှာ ဆေးပညာ အရမ်းတော်တဲ့သူတွေ ရှိတယ်လို့ ကြားဖူးပါတယ်..."
ထိုစဉ် ခန်းမဘေးရှိ ကန့်လန့်ကာ နောက်ကွယ်မှ တီးတိုး ပြောဆိုသံများ ထွက်ပေါ်လာသဖြင့် ရန်ရှန်းမေ့၏ မျက်နှာမှာ ချက်ချင်း ပျက်ယွင်းသွားပေသည်။ ရွှမ်နွီနန်းတော် သခင်မ ဆုယွင်ကျောင်းက ဟောက်လိုက်လေ၏။
"အားလုံး ထွက်လာခဲ့ကြစမ်း... ဘယ်လို အပြုအမူမျိုး လုပ်နေကြတာလဲ..."
ကန့်လန့်ကာ နောက်ကွယ်မှ လူငယ် အမျိုးသမီး ခုနစ်ဦး၊ ရှစ်ဦးခန့် ထွက်လာကြ၏။ ကူချူတုန်းကမူ မျက်လုံးများ တောက်ပသွားပြီး ကူမော့ကို တိုးတိုးလေး ပြောပြလေသည်။
"အစ်ကို... ကျွန်မ အရင်က ပြောဖူးတဲ့ နတ်သမီးဆယ်ပါးထဲက လင်းချီရှားအပြင် တခြား လေးယောက်လုံး ဒီမှာ ရောက်နေတာပဲ... အားလုံးက တကယ်ကို လှတာပဲ... ဒီလူတွေထဲက ဘယ်သူမဆို ကျွန်မရဲ့ အစ်မ ဖြစ်ဖို့ အဆင်ပြေတယ်နော်..."
ရန်ရှန်းမေ့က ဖြတ်ပြောလိုက်ချေ၏။
"ဟူး... ထားလိုက်ပါတော့... ဆရာကြီးကူ... ကျွန်မရဲ့ တပည့်တွေ ကိုယ်စား တောင်းပန်ပါတယ်နော်..."
ရန်ရှန်းမေ့က တပည့်များကို ဆိုပေသည်။
"နင်တို့အားလုံး ဘာရပ်လုပ်နေတာလဲ... လာပြီး ဆရာကြီးကူ ကို ဂါရဝပြုကြစမ်း..."
ချက်ချင်းပင် ရွှမ်နွီနန်းတော်မှ တပည့်များက တစ်ယောက်ပြီးတစ်ယောက် ကူမော့ကို လက်ပူးဆုပ် နှုတ်ဆက်ကြ၏။ ထို့နောက် ကူမော့သည် ရန်ရှန်းမေ့တို့နှင့် ခေတ္တမျှ စကားပြောဆိုပြီးနောက် နှုတ်ဆက်ကာ ထွက်ခွာလာခဲ့ကြလေသည်။ လမ်းတွင် ကူမော့က ဖြည်းညင်းစွာ ဆိုချေ၏။
"ဝူအန်း ပြောသွားတဲ့ စကားတွေထဲမှာ အပေါက်အပြဲတွေ ရှိနေတယ်လို့ နင် မထင်ဘူးလား..."
ကူချူတုန်းက မျက်မှောင်ကြုတ်လျက် ဆိုပေသည်။
"ဟင်... မဟုတ်ပါဘူး၊ သူ ပြောတာတွေက ပုံမှန်ပဲလို့ ကျွန်မ ထင်တာပဲ..."
ကူမော့က ရှင်းပြလေ၏။
"သူက ထိတ်လန့်ပြီး ရက်အနည်းငယ်ကြာအောင် ပုန်းနေခဲ့ရတယ်လို့ ပြောတယ်နော်... ပုံမှန်အားဖြင့်တော့ သိုင်းသမား တစ်ယောက်က အစိုးရနဲ့ မပတ်သက်ချင်ရင်တောင် သူ့ဆရာရဲ့ မိတ်ဆွေဖြစ်တဲ့ သိုင်းဆရာကြီးတွေဆီ အကူအညီ သွားတောင်းသင့်တာပဲ... ဒါကို ကြည့်ခြင်းအားဖြင့် လူသတ်သမားက အရမ်းကို အစွမ်းထက်လို့ ဝူအန်းက ထွက်ပြေးနေရတာပဲ ဖြစ်ရမယ်... ဒါဆိုရင်တော့ လူသတ်သမားက ဘယ်သူလဲဆိုတာ ရှင်းနေပြီလေ... ကောင်းကင်ဓားဂိုဏ်းက ရဲ့ကျင်းလန် ပေါ့..."
ကူချူတုန်းက အံ့သြတကြီးဖြင့် မေးမြန်းလိုက်ချေသည်။
"အစ်ကိုက ဒီလောက်အထိ တွေးနိုင်တာလား... တကယ်ကို တော်တာပဲ..."
ကူမော့က သူ၏ လက်ဝါးကို ဖြန့်ပြလိုက်ရာ လက်ဝါးထဲတွင် စာတိုလေး တစ်စောင် ပါရှိနေ၏။ ကူမော့က ဆိုလေသည်။
"ဝူအန်းက ငါ့မျက်စိကို စစ်ဆေးနေတုန်းမှာ ဒီစာကို ငါ့လက်ထဲ ထည့်ပေးခဲ့တာလေ... အဲဒါက လူသတ်သမားက ရဲ့ကျင်းလန် ဆိုတာပဲ..."
ထိုနေ့ ညနေတွင် တံခါးခြောက်ချပ် အဖွဲ့မှ လူများ ရောက်ရှိလာပြီး ဝူအန်းကို ခေါ်ဆောင်သွားကြပေသည်။ ကျိုးချင်းဖုန်းလည်း ပါလာပြီး သူက ကူမော့၏ ဝင်းအတွင်းသို့ လာရောက်ကာ ပြောကြားလေ၏။
"မိန်းကလေးချူတုန်းဆီက သတင်းရပြီးနောက်မှာ တံခါးခြောက်ချပ် အဖွဲ့က ထင်းဆုန်းတောင်ကြောကို သွားစစ်ဆေးတော့ ချီမြောင်ရွှမ်ရဲ့ အလောင်းကို တကယ် ရှာတွေ့ခဲ့တယ်လေ..."
ကူမော့က မေးမြန်းလိုက်ချေသည်။
"ရွှမ်နွီနန်းတော်က ဝူအန်းကို ဘာလို့ အလွယ်တကူ လွှတ်ပေးလိုက်ရတာလဲ..."
ကျိုးချင်းဖုန်းက ရှင်းပြလေ၏။
"ရန်ရှန်းမေ့တို့က တံခါးခြောက်ချပ် အဖွဲ့ရဲ့ စည်းကမ်းတွေကို သိထားလို့ပဲလေ... တွမ့်ဟွမ် ချောက်ကမ်းပါးက အသေအကြေ တိုက်ပွဲ မပြီးမချင်း တံခါးခြောက်ချပ် အဖွဲ့က လူသတ်သမားက ဘယ်သူလဲဆိုတာကို အတည်ပြုမှာ မဟုတ်ဘူး... ရဲ့ကျင်းလန် ရှုံးသွားရင်တော့ သူက အရာအားလုံး ဆုံးရှုံးသွားမှာဆိုတော့ ရွှမ်နွီနန်းတော်က သူ့ကို ကာကွယ်ပေးဖို့ အကြောင်းရှိတော့ဘူးပေါ့... အဲဒါကြောင့် ရွှမ်နွီနန်းတော်က ဝူအန်းကို အသာတကြည် လွှတ်ပေးလိုက်တာပဲ..."