ဤအမှောင်ယဇ်ပလ္လင်အတွင်း စစ်မှန်သော လက်သီးစိတ်ဆန္ဒကို တွေ့မြင်ရလိမ့်မည်ဟု ကောင်းမင် လုံးဝမထင်ထားခဲ့ပေ။ အမှောင်ထုနှင့် ရောယှက်နေသော ထိုအဆုံးစွန်ဖျက်ဆီးအားသည် ရှောင်တိမ်းရန် မဖြစ်နိုင်သော သမုဒ္ဒရာကြီးနှင့် တူလှသည်။
အကယ်၍ ဤလက်သီးချက်သာ ထိမှန်သွားပါက ကောင်းမင်အနေဖြင့် ယဇ်ပလ္လင်အတွင်းမှ အချိန်မတိုင်မီ ထွက်ခွာရလိမ့်မည်ဟု ခန့်မှန်းမိသည်။
သူသည် သူ့လက်များကို ရင်ဘတ်ရှေ့တွင် ကြက်ခြေခတ်ကာ ကာကွယ်လိုက်သည်။ သရဲတက်တူးများ အလွှာလိုက် စီးဆင်းလာပြီး ကောင်းမင်သည် ထိုတိုက်ခိုက်မှုကို တားဆီးရန် အစွမ်းကုန် ကြိုးစားတော့သည်။ သူ့အတွင်းပိုင်း၌ ပုန်းခိုနေသည့် လီဆန်းစီကဲ့သို့သော ဆိုးယုတ်မှုများပင် ပူးပေါင်းပါဝင်လာကြသည်။
သို့သော်ငြားလည်း ကောင်းမင် စိတ်မအေးနိုင်သေးပေ။ တောင်ဘုရင်သည် ရက်စက်ကြမ်းတမ်းပြီး မောက်မာလွန်းလှသည်။ သူက တုံ့ဆိုင်းခြင်းမရှိ ရှေ့တိုးလာနေသည်ဖြစ်ရာ လက်သီးနှင့် မထိတွေ့မီမှာပင် တားဆီးရန် ကြိုးပမ်းမှုအားလုံး အချည်းနှီးဖြစ်တော့မည်ဟု သူ ခံစားနေရသည်။
လေပြင်းတစ်ချက် ဝှေ့ယမ်းသွားပြီး ကောင်းမင်၏ မျက်နှာပေါ်မှ အရေပြားတစ်လွှာ ကွာကျသွား၏။ သူ အံကြိတ်လိုက်ပြီး တောင်ဘုရင်အနားသို့ ရောက်လာသည်နှင့် အော်ဟစ်လိုက်သည်။
“အန်းလွမ်”
ကမ္ဘာမြေကြီးက တုန်ခါသွားပြီး သွေးနီရောင်မျက်လုံးများမှာ အချက်ပြမီးနီများအလား ဖျတ်ခနဲ လင်းလက်လာသည်။ ဘူတာရုံအသံချဲ့စက်မှ ထွက်ပေါ်နေသော လျှပ်စစ်သံများမှာ ပို၍ ရှင်းလင်းလာသည်။ ကြောက်မက်ဖွယ်ကောင်းသော ပုံပျက်ပန်းပျက် အသားလောက်ကောင်ကြီး တစ်ကောင်မှာ ကောင်းမင်၏ ရှေ့မှ ထွက်ပေါ်လာကာ တောင်ဘုရင်ကို တိုက်ရိုက် ခုန်အုပ်လိုက်တော့သည်။
“ပုစဉ်းတစ်ကောင်က ရထားကို တားဖို့ ကြိုးစားနေတာပဲ”
တောင်ဘုရင်သည် ကောင်းမင်ကို ပစ်မှတ်ထားပြီးပြီဖြစ်ရာ သူ့လမ်းကြောင်းပေါ်ရှိ မည်သည့်အရာကိုမဆို ထိုးဖောက်သွားပေလိမ့်မည်။
လက်သီးချက်က လောက်ကောင်ကြီး၏ အရေပြားကို ဆုတ်ဖြဲသွားစဉ် တောင်ဘုရင်သည် တစ်ခုခု မှားယွင်းနေကြောင်း သတိထားမိလိုက်သည်။ လောက်ကောင်ကြီး၏ ခန္ဓာကိုယ်အတွင်းမှ အလွန်အမင်း ပြင်းထန်လှသော စွမ်းအားတစ်ခု ပေါက်ကွဲထွက်လာတော့သည်။
၎င်းမှာ အဆုံးမရှိသော သမုဒ္ဒရာကြီးတစ်စင်းက မြင့်မားလှသော တောင်ကြီးတစ်လုံးကို ဝင်တိုက်လိုက်သကဲ့သို့ပင်။
လောက်ကောင်ကြီး၏ အသားစများနှင့် သွေးများမှာ အရပ်မျက်နှာအနှံ့ ပေါက်ကွဲထွက်သွား၏။ လွင့်စင်လာသော အသားစများသည် သွေးနီရောင်ဖဲကြိုးများအလား လူတစ်ယောက်၏ ခြေရင်းတွင် စုစည်းသွားကြသည်။ ထိုလူ၏ အရှိန်အဝါသည် တောင်ဘုရင်နှင့် အလွန်ဆင်တူသော်လည်း သူ့တွင် လူသားမျက်နှာ မရှိပေ။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် တားမြစ်နယ်မြေကြောင့် ပုံပျက်နေပြီး တွန့်လိမ်နေသော အသားစများဖြင့်သာ ဖွဲ့စည်းထားရာ လူသားတစ်ယောက်ဟုပင် ခဲယဉ်းစွာ မှတ်ယူနိုင်ပေသည်။
“အန်းလွမ်လား”
တောင်ဘုရင်၏ တိုက်ခိုက်မှုက တားဆီးခံလိုက်ရပြီး သူ၏ ကြေးနီမျက်နှာဖုံးပေါ်မှ အက်ကွဲကြောင်းများ ထပ်မံ ကျယ်ပြန့်သွားသည်။
“မင်းက ဒီလိုအပြင်လူတွေနဲ့ ပူးပေါင်းနေလိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး”
ကောင်းမင်သည် အန်းလွမ်အား အလစ်အငိုက်တိုက်ခိုက်နိုင်မည့် အခွင့်အရေး ဖန်တီးပေးရန် သူ့ကိုယ်သူ ငါးစာအဖြစ် အသုံးချခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း အန်းလွမ်၏ စရိုက်မှာ တောင်ဘုရင်နှင့် အတော်လေး ဆင်တူလှသည်။ သူသည် အလစ်အငိုက် တိုက်ခိုက်ခြင်းကို အထင်သေးပြီး တောင်ဘုရင်၏ ဒဏ်ရာများကို တိုက်ခိုက်မည့်အစား အရိုးရှင်းဆုံး နည်းလမ်းဖြစ်သော တိုက်ရိုက် လက်သီးချင်းယှဉ်ထိုးခြင်းကိုသာ ရွေးချယ်ခဲ့သည်။
“သူနဲ့ စကားအပိုတွေ ပြောမနေနဲ့တော့၊ သတ်ပစ်လိုက်၊ မင်းရဲ့ ခန္ဓာကိုယ်ကို ပြန်ယူ”
ကောင်းမင်မှာ အစောပိုင်းက အတော်လေး ထိတ်လန့်သွားခဲ့ရသဖြင့် လီဆန်းစီလည်း ပြန်လည် တက်ကြွလာလေသည်။
“သတ်ပစ်၊ သတ်ပစ်”
တောင်ဘုရင်နှင့် အန်းလွမ်တို့ မျက်နှာချင်းဆိုင် ရပ်နေကြသည်။ တစ်ချိန်က ရှင်သန်နေခဲ့ကြသော လူသားများသည် မကောင်းဆိုးဝါးများ ဖြစ်သွားကြပြီး တားမြစ်နယ်မြေအတွင်းရှိ တစ္ဆေသရဲများမှာမူ လူသားအရေခွံများအဖြစ် ပြောင်းလဲသွားကြသည်။
“အန်းလွမ်... မင်းရဲ့ စုတ်ပြတ်သတ်နေတဲ့ ဘဝကို ဆုတ်ဖြဲပြီး မင်းရဲ့ ပြဿနာအားလုံးကို ရှင်းပေးခဲ့တာ ငါပဲကွ၊ ဒီခန္ဓာကိုယ်ကို မင်းကိုယ်တိုင် ငါ့ကို ပေးခဲ့တာ၊ အခုမှ ပြန်လိုချင်နေတာလား”
တောင်ဘုရင်သည် ဒဏ်ရာများစွာ ဖုံးလွှမ်းနေသော်လည်း သူ၏ တိုက်ခိုက်လိုစိတ်မှာ လုံးဝ လျော့ပါးမသွားပေ။
“အားနည်းပြီး နိမ့်ကျတဲ့ သနားစရာကောင်... ငါနဲ့ မတွေ့ခင်က မင်း ဘယ်လိုလူစားမျိုးလဲဆိုတာ မေ့သွားပြီလား”
ထူထဲလှသော သွေးကြောများ တဆတ်ဆတ်တုန်လှုပ်လာပြီး အန်းလွမ်၏ ထူးဆန်းသော ခန္ဓာကိုယ်သည် ပါးကျိကွင်း(ပေါက်ကွဲလက်သီး)ပညာ၏ အခြေခံတိုက်ခိုက်ရေးပုံစံ ပြင်လိုက်သည်။ သူသည် စကားပြောရာတွင် မကျွမ်းကျင်သော်လည်း တိုက်ခိုက်ရာတွင်မူ အလွန်ထူးချွန်သူဖြစ်သည်။
“သန္ဓေပြောင်းနေတဲ့ မင်းလိုကောင်က ဒီမြို့ရဲ့ အသန်မာဆုံး ခန္ဓာကိုယ်ကို ဘယ်လို အနိုင်ယူနိုင်မှာလဲ၊ ဒီခန္ဓာကိုယ်ကို ဘယ်လို တည်ဆောက်ခဲ့ရလဲဆိုတာ မင်းမေ့သွားပြီလား၊ မင်းရဲ့ သိုင်းအခြေခံကို တည်ဆောက်ဖို့ ကျားအရိုးစွပ်ပြုတ် ဘယ်လောက်တောင် သောက်ခဲ့ရလဲ မေ့သွားပြီလား”
တောင်ဘုရင်ကား အလွန်အမင်း မောက်မာလှသည်။ သူသည် အန်းလွမ်နှင့် တူညီသော သိုင်းဟန်ကို ယူလိုက်ပြီး ခံစစ်ကို လုံးဝလျစ်လျူရှု၍ တိုက်စစ်ဖြင့်သာ ပြန်လည်တုံ့ပြန်၏။ လက်သီးချင်း ထိပ်တိုက်တွေ့သွားပြီး ဆိုးယုတ်မှုများ လွင့်စင်သွားကာ သွေးများ နေရာအနှံ့ ပန်းထွက်ကုန်တော့သည်။
“ဒါကတော့ လွန်လွန်းနေပြီ”
ကောင်းမင်၏ မျက်ခွံများ လှုပ်ခတ်သွားသည်။ တားမြစ်နယ်မြေ ၁ ကို ကွေ့ယွမ်က သိမ်းပိုက်ထားပြီးဖြစ်ရာ ၎င်း၏စည်းမျဉ်းများက တောင်ဘုရင်ကို နေရာတိုင်းတွင် ဖိနှိပ်ထားပြီး မည်သည့် တားမြစ်နယ်မြေ၏ စွမ်းအားကိုမှ အသုံးမပြုနိုင်အောင် တားဆီးထားခြင်းဖြစ်သည်။ ခုနကတင် သူနှင့် ကွေ့ယွမ်တို့ ပူးပေါင်းပြီး အိပ်မက်သရဲစွမ်းအားကို အသုံးပြု၍ သူ့အား အဆုံးမရှိသော အိပ်မက်ဆိုးအတွင်းသို့ ပို့ဆောင်ခဲ့သဖြင့် သူ၏စိတ်ဝိညာဉ်မှာ ပြင်းပြင်းထန်ထန် ထိခိုက်သွားကာ အတွင်းပိုင်းမှ ဆိုးယုတ်မှုများပါ ထွက်ပေါ်လာခဲ့ရသည်။ ထို့ပြင် ကောင်းမင်သည် ကျီးကန်းနက်ထံမှ ကြိုတင်သတင်းရရှိထားသဖြင့် တောင်ဘုရင်၏ သိုင်းအခြေခံသည် ညရဲတပ်ဖွဲ့ဝင် ကိုးဦးကြောင့် ထိခိုက်ထားပြီး ကုသမရနိုင်သော ဒဏ်ရာကြီးနှစ်ခု ရှိနေကြောင်းကိုလည်း သိထားသည်။
သူသည် ခြေလှမ်းတိုင်းကို သေသေချာချာ တွက်ချက်ထားခဲ့သော်လည်း တောင်ဘုရင်၏ အစစ်အမှန်ပုံစံမှာမူ အန်းလွမ်ကို ယခုထက်ထိ ရင်ဆိုင်နိုင်နေဆဲ ဖြစ်သည်။ သူ့ပတ်ဝန်းကျင်ရှိ ဆိုးယုတ်မှုများဖြင့် ဖွဲ့စည်းထားသော ဆာလောင်နေသည့် ကျားကြီးမှာလည်း သားစားကြူးနတ်ဘုရားပုံရိပ်နှင့် တိုက်ခိုက်နေဆဲ ဖြစ်သည်။
ကောင်းမင်သည် လုံးဝမှောင်မည်းနေသော သူ့မျက်လုံးများဖြင့် တောင်ဘုရင်ကို စိုက်ကြည့်နေရင်း စိုးရိမ်စိတ်များ မြင့်တက်လာတော့သည်။ သူနှင့် လီဆန်းစီသည် ပိုမိုနီးကပ်စွာ ပေါင်းစည်းသွားပြီ ဖြစ်သည်။ အကယ်၍ သူတို့သည် တောင်ဘုရင်ကို မသတ်နိုင်ဘဲ ‘နတ်ဘုရား’ ၏ စိတ်ဆန္ဒကို ဤနေရာတွင် မဖျက်ဆီးနိုင်ပါက လီဆန်းစီက သူ့စိတ်ကို ဝါးမျိုသွားလိမ့်မည်ဖြစ်သည်။ အမှောင်ယဇ်ပလ္လင်ကလည်း ပုံရိပ်ယောင် သားစားကြူးနတ်ဘုရားကို လုံးဝ ဖိနှိပ်သွားပေလိမ့်မည်။ ထိုသို့ဆိုလျှင် ဟန်ဟိုင်း သွေးမြို့တော်၏ ကျူးကျော်မှုသည် လုံးဝ ရှုံးနိမ့်သွားတော့မည်ဖြစ်သည်။
ထိုနောက် အမှောင်ယဇ်ပလ္လင်ပိုင်ရှင်သည် သားစားကြူးနတ်ဘုရား၏ စွမ်းအားကို ဝါးမျိုသွားပြီး အိပ်မက်သရဲသုံးကောင်နှင့် အမှောင်ယဇ်ပလ္လင်ကြားရှိ နူးညံ့သော ဟန်ချက်က ပျက်စီးသွားပေမည်။ အောင်ပွဲ၏ ချိန်ခွင်လျှာက အမှောင်ချောက်နက်ကြီးဆီသို့ ယိမ်းယိုင်သွားပေတော့မည်။
“တောင်ဘုရင်ကို ဒီနေရာမှာတင် သတ်ရမယ်၊ သူ့ရဲ့ စိတ်ဆန္ဒကို လုံးဝချေမှုန်းပစ်ရမယ်”
ကောင်းမင်၏ ပြတ်သားသော စိတ်ဆန္ဒကို ခံစားမိသောအခါ ကွေ့ယွမ်သည် တားမြစ်နယ်မြေ၏ စည်းမျဉ်းများကို အပြည့်အဝ ထိန်းချုပ်လိုက်ပြီး ဘဝရထားများကို ချိန်းကြိုးများအဖြစ် ပြောင်းလဲကာ တောင်ဘုရင်၏ ဆိုးယုတ်မှုများကို ရစ်ပတ်စေလိုက်သည်။
“မင်းတို့သိတာ ဒါအကုန်ပဲလားကွ၊ ဒီလို ကောက်ကျစ်တဲ့ နည်းလမ်းတွေကိုပဲ အမြဲသုံးနေရတာတောင် မင်းတို့က ဘယ်လိုအားနည်းနေတာလဲ”
တောင်ဘုရင်၏ လက်သီးချက်များက နှေးကွေးသွား၏။ သူ့လျှာကို အားဖြင့် ကိုက်လိုက်သည်။ သူ့ခန္ဓာကိုယ်ပေါ်ရှိ ထူးဆန်းသော လူသားပုံစံ တက်တူးများသည် သူ့နှလုံးသားဆီသို့ စုစည်းသွားကြပြီး ၎င်းတို့၏ ကြက်သွေးနီရောင်မှာ နေဝင်ချိန်အလား တားမြစ်နယ်မြေအတွင်း ရောင်ပြန်ဟပ်သွားသည်။ သူသည် ကျရှုံးခဲ့သော မြို့သူမြို့သားများစွာ၏ ဘဝများကို ဆွဲယူလိုက်ရင်း စွမ်အားပြည့်ပြီး ပြင်းထန်လှသော လှုပ်ရှားမှုများဖြင့် အန်းလွမ်နှင့်အနီးကပ် တိုက်ခိုက်တော့သည်။
သူ့ခန္ဓာကိုယ်မှာ ကြောက်စရာကောင်းလောက်အောင် သန်မာလှသည်။ အန်းလွမ်၏ သန္ဓေပြောင်း မကောင်းဆိုးဝါး ခန္ဓာကိုယ်က ဒဏ်ရာများ တစ်ခုပြီးတစ်ခု ရလာတော့သည်။ သို့သော် အန်းလွမ်သည်လည်း သာမန်ဖြစ်တည်မှုမျိုး မဟုတ်ပေ။သူသည် မည်သို့ပင် တိုက်ခိုက်ခံရစေကာမူ လဲကျသွားခြင်း မရှိပေ။
“ငါတို့ ဒါကို အချိန်ထပ်ဆွဲလို့ မဖြစ်တော့ဘူး”
ကောင်းမင်သည် မွေးနေ့ဖယောင်းတိုင် တစ်တိုင်ကို ထွန်းညှိလိုက်ပြီး ဖြည်းဖြည်းချင်း မှုတ်ထုတ်ကာ စိတ်ထဲမှ ဆုတောင်းလိုက်သည်။
တစ်ချိန်တည်းမှာပင် မရေမတွက်နိုင်သော အလင်းတောင်ပံများ ကျဆင်းလာပြီး အလင်းတန်းတစ်ခုက တောင်ဘုရင်၏ ဦးခေါင်းပေါ်သို့ တိုက်ရိုက် ကျရောက်သွားသည်။
မြို့သူမြို့သားများ၏ ဒဏ်ရာများကို ကုသပေးနိုင်သော ထိုအလင်းတောင်ပံများသည် တောင်ဘုရင်အတွက်မူ ဆိုးယုတ်မှုများဖြင့် တောက်လောင်နေသော သံပူခဲများအလား ခံစားနေရသည်။
လီဆန်းစီ၏ ပြန်လည်မွေးလာသော မိခင်သည် တားမြစ်ပုလင်းတစ်လုံးကို ကိုင်ဆောင်ထားခဲ့သည်။ ကောင်းမင်၏ အချက်ပေးမှုနှင့်အတူ သူမသည် ပုလင်းဝမှ ချိတ်ပိတ်မှုကို ဖွင့်လိုက်သည်။
အန်းလွမ်နှင့် သားစားကြူးနတ်ဘုရားတို့၏ တိုက်ခိုက်မှုကိုပင် မရှောင်တိမ်းခဲ့သော တောင်ဘုရင်သည် ယခုမူ ထူးဆန်းစွာပင် နောက်ဆုတ်ရန် ကြိုးစားလာသည်။ အန်းလွမ်က ချက်ချင်းပင် အနီးကပ် တိုက်စစ်ဆင်လိုက်သည်။ တားမြစ်နယ်မြေ ၁ အတွင်းရှိ ဘဝရထားများ အားလုံးမှာ တောင်ဘုရင်ထံသို့ စုပြုံတိုးဝင်လာကြသည်။
ကျရှုံးခဲ့သော မြို့သူမြို့သားများ၏ မရေမတွက်နိုင်သော နာကျည်းမှုများ၊ ရုန်းကန်မှုများနှင့် အာဏာနှင့် အကြမ်းဖက်မှုအပေါ် မုန်းတီးမှုများမှာ တောင်ဘုရင်အား တင်းတင်းကျပ်ကျပ် တွယ်ကပ်ထားလိုက်ကြတော့သည်။
“အခုပဲ”
လက်ကလေးတစ်ဖက်ကို ရေးထွင်းထားသော တားမြစ်ပုလင်းက စောင်းသွား၏။ ထိုပုလင်းအတွင်း၌ လောကကြီးတွင် ရှိသမျှသော ကြင်နာမှုများ အားလုံး ပါဝင်နေခြင်းဖြစ်သည်။ ချစ်သူ၏ လက်ချောင်းလေးများကို ဆုပ်ကိုင်ထားသည့် ချစ်ခြင်းမေတ္တာ၊ မိဘများ၏ လက်ကို ဆွဲထားရသည့် ပျော်ရွှင်မှု၊ ကလေးငယ်တစ်ဦးကို ပွေ့ဖက်ထားရသည့် ဝမ်းသာမှု၊ အောင်မြင်မှု၊ စိတ်ကျေနပ်မှုနှင့် ပြည့်စုံမှုတို့ပင်။ ထိုသေးငယ်ပြီး ခြောက်ကပ်နေသော လက်ကလေးများမှာ ကမ္ဘာပေါ်ရှိ လှပသော အရာအားလုံးကို ဆုပ်ကိုင်ထားသကဲ့သို့ ရှိနေသည်။
တောင်ဘုရင်၏ အပေါ်ရှိ ဆိုးယုတ်မှုများ ပျယ်လွင့်သွားသော်လည်း နောက်ထပ် ဆိုးယုတ်မှုများ ပိုမို ပြင်းထန်စွာ ထွက်ပေါ်လာပြန်သည်။ ပုလင်းအတွင်းရှိ လှပသော အရာများမှာ တောင်ဘုရင်ထံသို့ မရောက်နိုင်ကြောင်း သိရှိသွားသောအခါ လီဆန်းစီ၏ မိခင်သည် မမျှော်လင့်ထားသော လှုပ်ရှားမှုတစ်ခုကို ပြုလုပ်လိုက်သည်။ အမှောင်ထု၏ ဝါးမျိုခြင်းခံနေရသော သူမ၏ကလေးငယ်ကို ကယ်တင်တော့မည့်အလား သူမသည် ထိုပုလင်းကို ပွေ့ပိုက်ကာ တောင်ဘုရင်၏ ဆိုးယုတ်မှု ပင်လယ်ကြီးအတွင်းသို့ ခုန်ဝင်လိုက်လေ၏။ သူမသည် သူမ၏ခန္ဓာကိုယ်ကို အကာအကွယ်ပြုရင်း တောင်ဘုရင်ထံသို့ လျင်မြန်စွာ ချဉ်းကပ်သွားတော့သည်။
ခန္ဓာကိုယ်ပေါ်ရှိ တောက်ပသော အလင်းတောင်ပံများမှာ ညှိုးနွမ်းသွားပြီး သူမ၏မျက်နှာမှာလည်း တိုက်စားခံရသဖြင့် အိုမင်းလာသည်။ အရေပြားမှ အပုပ်နံ့များ ထွက်ပေါ်လာပြီး သူမ၏ နှလုံးခုန်သံမှာပင် နှေးကွေးသွားရသည်။
“အသုံးမဝင်ပါဘူးကွာ၊ ငါ့ရဲ့ စိတ်ဆန္ဒက ဒီခန္ဓာကိုယ်နဲ့ အပြည့်အဝ ပေါင်းစည်းနေပြီးသားပဲ၊ ဒီလောကမှာ အန်းလွမ်ဆိုတာ မရှိတော့ဘူး၊ ငါပဲ ရှိတယ်၊ ငါဆိုတဲ့ တောင်ဘုရင်ပဲ ရှိတယ်”
ကျားတစ်ကောင်၏ ဟိန်းဟောက်သံအလား အော်ဟစ်လိုက်ရင်း ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများ ပေါက်ကွဲထွက်လာတော့သည်။ တောင်ဘုရင်သည် လောင်ကျွမ်းနေသော သူ့ဒဏ်ရာများမှ ပြင်းထန်လှသော နာကျင်မှုကို အံကြိတ်ခံရင်း သူ့စွမ်းအားအားလုံးကို စုစည်း၍ လီစန်းစု၏ မိခင်ကို လက်သီးဖြင့် ထိုးနှက်လိုက်တော့သည်။ ဘဝချိန်းကြိုးများ ပြတ်တောက်သွားပြီး အသားစားလောက်ကောင်များမှာလည်း အပိုင်းပိုင်းအစစ ပေါက်ကွဲကုန်ကြသည်။
သွေးမြူခိုးများ လေထုထဲတွင် ပြည့်နှက်သွားသည်။ အကယ်၍ တောင်ဘုရင်၏ လက်သီးချက်သာ ထိမှန်သွားခဲ့လျှင် လီဆန်းစီ၏ မိခင်ဖြစ်သူသည် အလောင်းပင် ကျန်ခဲ့တော့မည် မဟုတ်ပေ။
***