တစ်နာရီခန့်အကြာတွင် တောင်ဘုရင်သေဆုံးသွားသည့် သတင်းသည် ခရိုင် ၂ တစ်ခုလုံးသို့ ပျံ့နှံ့သွားတော့သည်။ မကြာမီမှာပင် တိုက်ပွဲဝင်ပစ္စည်းများ တင်ဆောင်လာသော တောင်ဘုရင်၏ ယာဉ်တန်းမှာ တိုက်ခိုက်ခံလိုက်ရသည်။ သူ၏ ဂိုဏ်းသားအားလုံးနီးပါး အသတ်ခံလိုက်ရပြီး နိမ့်ကျလှသော ဆင်းရဲသားရပ်ကွက်မှ ခွေးလူသားအချို့မှာ ထိုယာဉ်တန်းအတွင်းသို့ မောက်မောက်မာမာဖြင့် ဝင်ရောက်လာကြတော့သည်။ သူတို့သည် တောင်ဘုရင်ကို လုံးဝကြောက်ရွံ့ပုံမရသလို ထွက်ပြေးရန် အစီအစဉ်လည်း မရှိကြပေ။ သူတို့သည် တစ်စုံတစ်ယောက်ကို စောင့်ဆိုင်းနေသကဲ့သို့ လက်နက်များကို ကိုင်ဆောင်ကာ ကင်းစောင့်နေကြသည်။
ကရုဏာအဖွဲ့သည် ထိုသတင်းကို ပထမဦးဆုံး သိရှိခဲ့သော်လည်း စိတ်လိုက်မာန်ပါ မလုပ်ရဲကြပေ။ ညရဲတပ်ဖွဲ့ဝင်များကို လောလောလတ်လတ် အပြတ်အသတ် နှိမ်နင်းခဲ့သော တောင်ဘုရင်မှာ မိမိတို့အဖွဲ့မှ အောက်ခြေလူတန်းစားများ၏ လက်ချက်ဖြင့် သေဆုံးသွားလိမ့်မည်ဟု သူတို့ လုံးဝမယုံကြည်နိုင်ကြခြင်း ဖြစ်သည်။
သူတို့ကိုယ်တိုင်ပင် မယုံကြည်နိုင်ကြရာ ခရိုင် ၂ ရှိ အခြားဂိုဏ်းများဆိုလျှင် ပြောနေစရာပင် မလိုတော့ပေ။ အားလုံးက ထိုတိုက်ပွဲဝင်ပစ္စည်းများ တင်ဆောင်လာသော ယာဉ်တန်းကို ထိုခွေးလူသားများက သိမ်းပိုက်ထားသည်ကို တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်း အဝေးမှသာ စောင့်ကြည့်နေကြသည်။ ဘယ်သူမှ အနားမကပ်ရဲကြပေ။
နောက်ထပ် တစ်နာရီခန့် ကြာသောအခါ လီဆန်းစီ၏ မိခင်နှင့် ကောင်းမင်တို့သည် စွန့်ပစ်ထားသော မြေအောက်ရထားလမ်း အပေါက်မှ ထွက်လာကြပြီး သူတို့နောက်တွင် ဒဏ်ရာရထားသော တိုက်ခိုက်ရေးသမားများ လိုက်ပါလာကြသည်။ သူတို့သည် တောင်ဘုရင်၏ မျက်နှာဖုံးကို ပေါ့ပေါ့ပါးပါး ကိုင်ဆောင်ထားပြီး သန္ဓေပြောင်း ဦးခေါင်းများစွာကိုလည်း ဆွဲယူလာကြသည်။
ကောင်းမင်သည် တောင်ဘုရင်ကို တင်ဆောင်လာသော အဓိကယာဉ်ပေါ်သို့ လှမ်းတက်လိုက်ပြီးနောက် အသံချဲ့စက်ကို ဖွင့်လိုက်သည်။
“မြို့တော်ကောင်စီရဲ့ တာဝန်ပေါ့လျော့မှုကြောင့် တားမြစ်နယ်မြေအမြောက်အမြားကို မထိန်းချုပ်နိုင်တော့ဘဲ မြို့တော်ကြီးဟာ ဖရိုဖရဲ ဖြစ်ခဲ့ရတယ်၊ ကရုဏာဖောင်ဒေးရှင်းဟာ အသက်ပေါင်းများစွာကို ကယ်တင်ဖို့ အစွမ်းကုန် ကြိုးစားခဲ့ပေမဲ့ ကောင်စီရဲ့ သံသယတွေနဲ့ပဲ တုံ့ပြန်ခံခဲ့ရတယ်၊ ကောင်စီဟာ ကောင်စီဝင်စီမေကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သလို ကရုဏာဘုရားကျောင်းကိုလည်း ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အပြစ်မဲ့တဲ့ မြို့သူမြို့သား ရာပေါင်းများစွာ ထိခိုက်ဒဏ်ရာ ရခဲ့ရတယ်၊ အဲ့ဒီနောက်မှာ သူတို့ဟာ တောင်ဘုရင်ကို ခရိုင် ၂ ထဲ စေလွှတ်ပြီး မောက်မာစွာနဲ့ လုယက်ဖို့ ကြိုးစားခဲ့ကြတယ်၊ ဒါဟာ လူမဆန်တဲ့ လုပ်ရပ်ဖြစ်သလို အရမ်းလည်း စက်ဆုပ်ရွံ့ရှာဖို့ ကောင်းပါတယ်၊ ကျုပ်တို့ ကရုဏာဖောင်ဒေးရှင်းဟာ အဲ့ဒီအတွက် ပြန်လည်တုံ့ပြန်ဖို့ အတင်းအကျပ် ဖိအားပေးခံခဲ့ရတာပါ၊ ဒီနေ့မှာ တောင်ဘုရင်ကို ကျုပ်တို့ သတ်လိုက်တာဟာ ပိုပြီးများပြားတဲ့ လူတွေကို ကာကွယ်ဖို့နဲ့ တရားမျှတမှု၊ မှန်ကန်မှုတွေကို ထိန်းသိမ်းဖို့အတွက်ပဲ ဖြစ်ပါတယ်”
ကောင်းမင်သည် သူ၏ကိုယ်ပိုင်အပြစ်များကို မြို့တော်ကောင်စီအပေါ် ဦးစွာပုံချကာ တရားဝင် ရှုတ်ချလိုက်ပြီးနောက် ယာဉ်တန်းကို ခရိုင် ၂ နှင့် ခရိုင် ၃ အစပ်ဆီသို့ ဦးတည်စေလိုက်သည်။ ထို့နောက် တောင်ဘုရင်၏ လုယက်လာသော ပစ္စည်းများကို အိုးမဲ့အိမ်မဲ့ ဒုက္ခသည်များအား ခွဲဝေပေးလိုက်တော့သည်။
ထိုလုပ်ရပ်၏ သတင်းသည် ဂိုဏ်းအသီးသီး၏ နားထဲသို့ လျင်မြန်စွာ ရောက်ရှိသွားပြီး များစွာသော ဂိုဏ်းဝင်များမှာ ကရုဏာဖောင်ဒေးရှင်းထံသို့ အဆက်အသွယ်အမျိုးမျိုးဖြင့် စုံစမ်းကြတော့သည်။ သို့သော်လည်း ကရုဏာဖောင်ဒေးရှင်း၏ ခေါင်းဆောင်ပိုင်းများ ကိုယ်တိုင်ပင် ဝေဝေဝါးဝါး ဖြစ်နေကြသည်။
ငါတို့က တောင်ဘုရင်ကို သတ်လိုက်တာလား။
ဒါက သုံးနှစ်သားအရွယ် ကလေးတစ်ယောက်က လက်နက်ကိုင်ဓားပြတစ်ယောက်ကို သတ်လိုက်သလိုမျိုး ကွာခြားမနေဘူးလား။
နောက်ဆုံးတွင် ကြင်နာတတ်သော ကိုယ်တော်ကြီးစီရှန့်က ရှေ့ထွက်လာကာ တာဝန်ယူလိုက်ရသည်။ ယခုအချိန်တွင် သူ တွေဝေနေစရာ အကြောင်းမရှိတော့ပေ။ ကောင်းမင်သည် တောင်ဘုရင်ကိုပင် သတ်နိုင်သည်ဆိုပါက ကရုဏာဖောင်ဒေးရှင်း၏ အဆင့်မြင့်အဖွဲ့ဝင်များကို ဆိုလျှင် ပြောနေစရာ မလိုတော့ပေ။ ကောင်းမင်၏ ရိုးရှင်းလှသော ထုတ်ပြန်ချက်များနှင့် နှိုင်းယှဉ်လျှင် ကိုယ်တော်ကြီးစီရှန့်သည် သက်သေအထောက်အထား အမျိုးမျိုးကို လုပ်ကြံဖန်တီးလိုက်ပြီး ကောင်းမင်ပြောသမျှ အရာအားလုံးကို ‘အချက်အလက်အစစ်အမှန်’ များအဖြစ် ပြောင်းလဲကာ ခရိုင်အသီးသီးမှ မြို့သူမြို့သားများထံသို့ တင်ပြလိုက်တော့သည်။
တောင်ဘုရင်၏ သေဆုံးမှုက မြို့တော်ကောင်စီ၏ လျှို့ဝှက်ချက်များကို လုံးဝ ဆုတ်ဖြဲပစ်လိုက်သည်။ သူတို့နှင့် ကရုဏာဖောင်ဒေးရှင်းအကြား ပြန်လည်သင့်မြတ်ရန် လမ်းစမရှိတော့ဘဲ များစွာသော ဂိုဏ်းများကလည်း မြို့တော်ကောင်စီ၏ အားနည်းချက်ကို မြင်တွေ့သွားကြသည်။
အခြေအနေများမှာ ပို၍ပင် ဖရိုဖရဲ ဖြစ်လာလေသည်။ အလုံခြုံဆုံးဟု ယူဆရသော ခရိုင် ၂ သည်ပင် ကရုဏာဖောင်ဒေးရှင်းကြောင့် လှုပ်လှုပ်ခတ်ခတ် ဖြစ်လာတော့သည်။ အင်အားစုအမျိုးမျိုးက လျှို့ဝှက်မဟာမိတ်များ ဖွဲ့လာကြပြီး ကရုဏာဖောင်ဒေးရှင်းမှာမူ မကြာခဏ ဖြစ်ပွားတတ်သော ဘေးအန္တရာယ်များကို အခွင့်ကောင်းယူကာ လျင်မြန်စွာ နယ်မြေချဲ့ထွင်လာသဖြင့် ယုံကြည်သူဦးရေမှာလည်း အဆမတန် ထိုးတက်လာခဲ့သည်။ မြို့တော်ကောင်စီကို ဗြောင်ကျကျ ဆန့်ကျင်သော အင်အားစုများမှာလည်း တစ်နေ့ထက်တစ်နေ့ ပိုမိုများပြားလာသည်။
ကောင်းမင်သည် ကရုဏာဖောင်ဒေးရှင်းကို အရှိန်ပြင်းသော စစ်ယန္တရားကြီးတစ်ခုအဖြစ် ပြောင်းလဲပေးခဲ့သော်လည်း သူကိုယ်တိုင်မှာမူ ထိုနေရာတွင် ဆက်မနေခဲ့ပေ။ သူသည် ခရိုင် ၇ သို့ သွားရောက်ကာ လီဆန်းစီ၏ မိခင်နှင့် အန်းလွမ်တို့၏ ဦးခေါင်းများကို ပို့ဆောင်ပေးခဲ့သည်။
သူ့မိခင်၏ ထိန်းကျောင်းမှု မရှိတော့သောအခါ လီဆန်းစီသည် ပို၍ပင် ရက်စက်လာပြီး ခန္ဓာကိုယ်ကို ပြန်လည်ထိန်းချုပ်ရန်အတွက် သူ့ကိုယ်သူ အနာတရဖြစ်စေသည့် နည်းလမ်းများနှင့် အခြား အစွန်းရောက်နည်းလမ်းများကို အသုံးပြုကာ တိုက်ခိုက်လာတော့သည်။ ကောင်းမင်သည် သူ အချန်ကြာကြာ မထိန်းထားနိုင်တော့ကြောင်း သိသဖြင့် လီဆန်းစီကို နှိမ်နင်းထားနိုင်သည့် နောက်ဆုံးအချိန်လေးကို အသုံးချကာ ပိုင်ဟောက်ကို အချို့အရာများကို မှာကြားခဲ့ပြီးနောက် သူ၏ ထူးဆန်းသော လက်အောက်ငယ်သား သုံးဦးကို ခေါ်ဆောင်ကာ မြေအောက်ဆေးခန်းတစ်ခုအတွင်းသို့ ဝင်ရောက်သွားခဲ့သည်။
“ဒါရိုက်တာလီ... ခင်ဗျား ဒီကို ဘာလာလုပ်တာလဲ၊ ခင်ဗျား နေမကောင်းဖြစ်နေလို့လား”
ကိုယ်တော်ကြီးဝတ်စုံကို ဝတ်ဆင်ထားသော ကျားယိုကျစ်သည် ယခုတွင် လူလိမ်တစ်ယောက်၏ အခန်းကဏ္ဍကို အမှန်တကယ်ပင် နှစ်သက်နေလေသည်။သူသည် သူ၏ နိမ့်ကျသည့် စိတ်ဓာတ်ကို ဖုံးကွယ်ရန် ထိုဝတ်စုံပွပွကြီးကို အသုံးချလျက်ရှိသည်။
သံချေးတက်နေသော သံလှေကားထစ်များကို နင်းဖြတ်ရင်း ကောင်းမင်သည် နောက်လှည့်မကြည့်ဘဲ တိတ်ဆိတ်စွာဖြင့် ရှေ့မှ လျှောက်သွားနေသည်။
“ဒီနေရာက ကျွန်မကို နေလို့မကောင်းအောင် လုပ်နေသလိုပဲ၊ တခြားဆေးခန်းတစ်ခုကို သွားရင် မကောင်းဘူးလား”
အမြဲတမ်း အကဲခတ်ကောင်းသော တင်းရှန်းက နောက်ကနေ၍ ခပ်တိုးတိုး အကြံပြုသည်။
“ဒါရိုက်တာလီ နောက်ကိုသာ လိုက်ခဲ့စမ်းပါ၊ အရာအားလုံး အဆင်ပြေသွားလိမ့်မယ်၊ ငါတို့တွေက အခက်အခဲပေါင်းစုံကို အတူတူ ဖြတ်ကျော်လာခဲ့ကြတာပဲ၊ ဒါရိုက်တာလီက ငါတို့ကို ဘယ်တုန်းက ဒုက္ခပေးဖူးလို့လဲ”
ကျားယိုကျစ်က ဖော်လံဖားလိုသော အမူအရာဖြင့် ကောင်းမင်အနားသို့ ကပ်လိုက်သည်။
“ဒါရိုက်တာလီ... ခင်ဗျား မျက်လုံးကို ကုဖို့ လာတာလား၊ မြေအောက်ရထားဘူတာက ထွက်လာကတည်းက မျက်လုံးကို ပတ်တီးထူထူကြီးနဲ့ စည်းထားတာပဲ၊ မျက်လုံး ထိခိုက်သွားလို့များလား”
ကောင်းမင်က ဘာမှပြန်မပြောဘဲ ဆေးခန်း၏ သံတံခါးကိုဖွင့်ကာ အနက်ရောင် လိုက်ကာစကို မတင်လိုက်သည်။ ပြင်းထန်သော ပိုးသတ်ဆေးနံ့များက သွေးနံ့နှင့် အသားပုပ်နံ့များကို မဖုံးလွှမ်းနိုင်ပေ။
“ဒါရိုက်တာလီ... အခု ကျွန်တော်တို့ဆီမှာ ပိုက်ဆံတွေ ရှိနေပြီပဲလေ၊ ကုသဖို့အတွက် ပိုကောင်းတဲ့နေရာကို သွားလို့ရတာပဲ”
ကျားယိုကျစ်မှာ အနည်းငယ် စိတ်လှုပ်ရှားနေသော်လည်း ဟာသလုပ်ရန် အစွမ်းကုန် ကြိုးစားနေဆဲ ဖြစ်သည်။ လီဆန်းစီက သူ့ကို အန္တရာယ်ပြုလိမ့်မည်ဟု သူ တကယ်မယုံကြည်ပေ။
သံတံခါးပိတ်သွားပြီး မှိန်ပျပျ မီးချောင်းများ လင်းလက်လာသည်။ ကောင်းမင်က ဟောင်းနွမ်းနေသော ဆိုဖာကို ညွှန်ပြကာ အားလုံးကို ထိုင်ရန် အချက်ပြလိုက်သည်။
“မင်းတို့သုံးယောက်က အစကတည်းက ငါနဲ့အတူ အခက်အခဲပေါင်းစုံကို ရင်ဆိုင်ခဲ့ကြတယ်၊ ဘယ်လောက်ပဲ အန္တရာယ်များတဲ့ အခြေအနေမျိုးမှာမဆို ငါ့ကို ပစ်မသွားခဲ့ကြဘူး”
ကောင်းမင်သည် ဗီရိုထဲမှ ပိုင်ဟောက် ကြိုတင်ပြင်ဆင်ပေးထားသော ‘အရက်ကောင်း’ တစ်ပုလင်းကို ထုတ်ယူလိုက်သည်။ ဖန်ခွက်အချို့ကို ရှာဖွေကာ အားလုံးရှေ့တွင် ချထားလိုက်သည်။
“ငါ တစ်ခု သိချင်မိတယ်၊ မင်းတို့က ငါ့ကို တကယ်ပဲ မထားခဲ့ချင်တာလား၊ ဒါမှမဟုတ် ငါ့ဆီကနေ မထွက်သွားနိုင်တာလား”
“သေချာတာပေါ့... ကျွန်တော်တို့ ခင်ဗျားကို တကယ်မထားခဲ့ချင်တာပါ”
ကျားယိုကျစ်သည် ယင်းကို သိပ်မစဉ်းစားပေ။ သူက ထရပ်ကာ ကောင်းမင်အတွက် အရက်ပင် ငှဲ့ပေးလိုက်သေးသည်။
“အမှန်တရားက မင်းတို့ ထင်ထားတာနဲ့ ကွဲပြားကောင်း ကွဲပြားနိုင်တယ်၊ အတိတ်မှာ ဘာတွေ ဖြစ်ခဲ့လဲဆိုတာ သိရအောင် ငါ မင်းတို့သုံးယောက်ကို အမှန်တရားဆီ ခေါ်သွားပေးမယ်”
နောက်ထပ် ဘာမှမပြောတော့ဘဲ ကောင်းမင်သည် ကျားယိုကျစ်က အားလုံး၏ ဖန်ခွက်ထဲ အရက်ဖြည့်ပေးသည်အထိ စောင့်ဆိုင်းပြီးမှ သူ့ဖန်ခွက်ကို မြှောက်လိုက်သည်။
“ဒီအချိန်တစ်လျှောက်လုံး ငါ့ဘေးမှာ အဖော်လုပ်ပေးခဲ့လို့ မင်းတို့သုံးယောက်ကို ကျေးဇူးတင်ပါတယ်၊ အခုကစပြီး မင်းတို့ကို လွတ်လပ်ခွင့်ပြန်ပေးဖို့ ငါအစွမ်းကုန် ကြိုးစားပေးပါ့မယ်”
“ဒါရိုက်တာလီ နောက်ကို လိုက်ခွင့်ရတာကပဲ ကျွန်တော့်အတွက် အကြီးမားဆုံး လွတ်လပ်ခွင့်ပါဗျာ၊ ကျွန်တော် ဘာမှ ထပ်မပြောတော့ဘူး... ဒီအရက်ထဲမှာပဲ အားလုံးပါတယ်၊ ကျွန်တော် အရင် သောက်လိုက်ပြီ”
ကျားယိုကျစ်က သူ့အရက်ကို တစ်ကျိုက်တည်း မော့ချလိုက်သည်။ ဝူဝေကလည်း သောက်လိုက်သည်။ တင်းရှန်းတစ်ယောက်သာ တွေဝေနေခဲ့ခြင်းဖြစ်သည်။ ကောင်းမင်က သူမကို ဆက်လက်စိုက်ကြည့်နေခဲ့သည်။
မခုခံနိုင်တော့ဘဲ တင်းရှန်းသည်လည်း သူမ၏ အရက်ကို ကုန်အောင် သောက်လိုက်တော့သည်။
သူတို့ သုံးယောက်စလုံး အရက်ကုန်သွားသည်ကို မြင်သောအခါ ကောင်းမင်ကလည်း သူ့ဖန်ခွက်ကို မြှောက်လိုက်သည်။
“ငါတို့ရဲ့ အပြစ်မဲ့ခဲ့တဲ့ အတိတ်တွေအတွက်”
ပြင်းထန်လှသော အရက်က သူ့လည်ချောင်းထဲ စီးဆင်းသွားသော်လည်း အရသာမှာ ထူးဆန်းနေသည်။ သူ့လည်ချောင်းတွင် ထုံကျဉ်မှုကို ခံစားလာရပြီး အမြင်အာရုံများ တဖြည်းဖြည်း ဝေဝါးလာတော့သည်။ ဤအရက်ထဲတွင် အမှောင်ထုကို နှိမ်နင်းပေးနိုင်ပြီး သတိမေ့သွားစေနိုင်သော ဘဝပန်းနှင့် အခြားသော ပစ္စည်းများ ပါဝင်နေခြင်းဖြစ်သည်။
သူ၏လူသုံးယောက်မှာ တစ်ယောက်ပြီးတစ်ယောက် လဲကျသွားကြပြီး ကောင်းမင်သည်လည်း ဆိုဖာပေါ်သို့ ခွေကျသွားတော့သည်။
“မင်းတို့ သုံးယောက်ရဲ့ အလောင်းတွေက မြေအောက် ရေနုတ်မြောင်းကွန်ရက်ရဲ့ အနက်ရှိုင်းဆုံး ရေကန်ကြီးထဲမှာ မျောနေကြတာ၊ မင်းတို့ရဲ့ အစစ်အမှန်ခန္ဓာကိုယ်တွေကို မြင်ရအောင် ငါ ခေါ်သွားပေးမယ်”
သူသည် အထူးပြုလုပ်ထားသော အရက်ကို တစ်ပုလင်းပြီး တစ်ပုလင်း မော့ချလိုက်သည်။ နောက်ဆုံးတွင် သူနှင့် လီဆန်းစီတို့မှာ သတိမရှိကြတော့ပေ။
အနက်ရောင် ဆေးခန်းအတွင်းမှ လိုက်ကာက ပွင့်ဟသွားပြီး ပေါ်မလာတာ ကြာပြီဖြစ်သော ကျီးကန်းနက်သည် သူရှာဖွေထားသော အခြား အပြင်လူအချို့ကို ဦးဆောင်၍ ထွက်လာခဲ့သည်။ သူတို့သည် ခွဲစိတ်ခန်းသုံးဝတ်စုံများကို လဲလှယ်လိုက်ကြပြီး ကောင်းမင်နှင့် ကျားယိုကျစ်တို့ကို ခွဲစိတ်ကုတင်ပေါ်တင်ကာ ခွဲစိတ်ခန်းအတွင်းသို့ တွန်းပို့လိုက်ကြတော့သည်။
ထိုည ဆယ်နာရီခန့်တွင် ကောင်းမင်နှင့် သူ့လူသုံးယောက်မှာ တစ်ယောက်ပြီးတစ်ယောက် နိုးထလာကြသည်။ သူတို့သည် ဒုက္ခသည်စခန်းသို့ ပြန်ရောက်နေကြပြီ ဖြစ်သည်။ မည်သည့် အင်္ဂါအစိတ်အပိုင်းမျှ ပျောက်ဆုံးသွားခြင်း မရှိချေ။ သို့သော်လည်း သူတို့ တစ်ဦးစီ၏ ရင်ဘတ်ပေါ်တွင် တစ်စုံတစ်ယောက်က ရင်ဘတ်ကို ဖွင့်ကာ သူတို့၏ နှလုံးသားကို ကြည့်ရှုခဲ့သကဲ့သို့ သို့မဟုတ် တစ်စုံတစ်ခုကို သူတို့၏ နှလုံးသားအတွင်းသို့ ထည့်သွင်းခဲ့သကဲ့သို့ ချုပ်ရိုးဒဏ်ရာတစ်ခုစီ ရှိနေကြလေသည်။
***