“အရမ်းနာတာပဲ”
ဆေးရုံကုတင်ပေါ် လဲလျောင်းနေရင်း ကျားယိုကျစ်က အော်ဟစ်လိုက်သည်။
“ဒါရိုက်တာလီ... အဲ့ဒီ မှောင်ခိုဆေးခန်းက တကယ့်ကို ယုတ်မာတာပဲ၊ ကျွန်တော့်နှလုံးသားကြီး တစ်ခုလုံး အပြင်ကို ဆွဲထုတ်ခံထားရသလို ခံစားနေရတယ်”
“ရှင့်နှလုံးသားသာ အပြင်ကို ဆွဲထုတ်ခံလိုက်ရရင် ရှင်ဘယ်လို အသက်ရှင်နေဦးမှာလဲ”
ဝူဝေက သူမ၏ အပေါ်အင်္ကျီကို ဝတ်လိုက်သည်။ သူမသည် လီဆန်းစီကို အကြွင်းမဲ့ ယုံကြည်သူဖြစ်ရာ သံသယများ ရှိနေသော်လည်း မေးခွန်းတစ်ခုမျှ မမေးခဲ့ပေ။
ထောင့်တစ်နေရာတွင်မူ ပတ်တီးများ ပတ်ထားသော တင်းရှန်းသည် သူမရင်ဘတ်ပေါ်ရှိ ခြေရာခံ လောက်ကောင်ကြီးတစ်ကောင် တွားသွားနေသကဲ့သို့ ကြောက်မက်ဖွယ်ကောင်းလှသော ချုပ်ရိုးဒဏ်ရာကို ငုံ့ကြည့်နေမိသည်။
မြေအောက်ဆေးခန်းတွင် ကောင်းမင် ပြောခဲ့သော စကားများမှာ သူမစိတ်ထဲတွင် အကြောင်းရင်းမရှိဘဲ ပြန်လည် ထင်ဟပ်လာနေသည်။
“ငါတို့ရဲ့ အပြစ်မဲ့ခဲ့တဲ့ အတိတ်တွေအတွက်လား”
ဒီမြို့ကြီးထဲမှာ အပြစ်မဲ့တဲ့သူ ရှိသေးလို့လား။
“အဝတ်အစား လဲကြတော့၊ အခုက အနားယူနေရမယ့် အချိန်မဟုတ်ဘူး၊ ငါ မင်းတို့ကို အမှန်တရားဆီ ခေါ်သွားပေးမယ်”
ကောင်းမင်၏ မျက်နှာနှင့် ခန္ဓာကိုယ်တွင် ပတ်တီးအထူကြီးများဖြင့် ဖုံးလွှမ်းထားသည်။ သူ့ရင်ဘတ်ပေါ်မှ ဒဏ်ရာသည်လည်း ထပ်တူပင် ကြောက်စရာကောင်းလှပြီး ချုပ်ရိုးတိုင်းမှာ အသားထဲသို့ စူးဝင်နေကာ အနက်ရောင်ချည်မျှင်များက နက်ရှိုင်းသော ဝမ်းနည်းမှုများကို သယ်ဆောင်ထားသကဲ့သို့ ရှိနေသည်။
“ဒါရိုက်တာလီ... တကယ်တော့လေ ကျွန်တော်က အမှန်တရားကို အဲ့ဒီလောက်ကြီး မသိချင်ပါဘူးဗျ”
ကုတင်ပေါ်တွင် လဲလျောင်းနေဆဲဖြစ်သော ကျားယိုကျစ်က ရိုးရိုးသားသားပင် ပြောလိုက်သည်။
“ဒီလိုပဲ နေနေရတာ အဆင်ပြေပါတယ်”
“မြန်မြန်ထစမ်း၊ ဒါရိုက်တာလီ ခိုင်းတာကိုပဲလုပ်၊ ညည်းညူမနေနဲ့တော့”
ဝူဝေက ပိန်လှီသော ကျားယိုကျစ်ကို ဆွဲထူလိုက်သည်။သူမသည် ဒဏ်ရာက သူမကို အနှောင့်အယှက် မဖြစ်စေရန် ကိုယ်လက်လှုပ်ရှားမှုကို စမ်းသပ်ကြည့်လိုက်ပြီး လေးလံလှသော ကင်မရာကို ပေါ့ပေါ့ပါးပါးပင် ကောက်ကိုင်လိုက်သည်။
“ဒါရိုက်တာလီ... ကျွန်မတို့ ဘယ်ကို သွားကြမှာလဲ”
“ငါ ကြီးပြင်းခဲ့တဲ့နေရာပေါ့၊ ငါ့အတိတ်ကို မင်းတို့ကို ပြမယ်”
ကောင်းမင်သည် တိတ်ဆိတ်နေသော တင်းရှန်းကို တစ်ချက်ကြည့်လိုက်ပြီး သူမထံသို့ သန့်ရှင်းရေး ဝတ်စုံတစ်စုံကို ပစ်ပေးလိုက်သည်။
သူတို့ အဝတ်အစားလဲပြီးနောက် အဖွဲ့သည် ဒုက္ခသည်စခန်းမှ ထွက်ခွာခဲ့ကြသည်။ ပိုင်ဟောက်က ကားတစ်စီးကို အသင့်ပြင်ထားပြီးသား ဖြစ်သည်။ ကောင်းမင် ပြုပြင်ပြောင်းလဲပေးထားသော ဝမ်ရှန့်ဂိုဏ်း၏ ထိုဂိုဏ်းချုပ်မှာ ကောင်းမင်ကို ကိုယ်တိုင် ပို့ဆောင်ပေးရန်အတွက် ဒရိုင်ဘာနေရာတွင် အသင့်ထိုင်နေလေသည်။
“မင်းတို့သုံးယောက် နောက်ခန်းမှာပဲ တိုးထိုင်လိုက်ကြ”
ကောင်းမင်က ရှေ့ခန်းတွင် ထိုင်လိုက်သည်။ ကားတံခါးကို လော့ခ်ချကာ ပိုင်ဟောက်၏ အစီရင်ခံစာကို နားထောင်တော့သည်။
“ခရိုင် ၈ က ဂိုဏ်းတွေက မြို့တော်ကောင်စီ အဆောက်အအုံထဲက ဆေးရုံကို လုယက်လိုက်ကြပြီ၊ ခရိုင် ၅ ကတော့ သတင်းအချက်အလက်တွေ ဖြတ်တောက်ခံထားရပြီး အထီးကျန်ကျွန်းတစ်ကျွန်းလို ဖြစ်နေတယ်၊ အထဲမှာ ဘာတွေဖြစ်နေလဲ ဘယ်သူမှ မသိဘူး၊ အခုအချိန်အထိ ကောင်စီဝင်သုံးဦး အသတ်ခံလိုက်ရပြီး နှစ်ဦးပျောက်ဆုံးနေတယ်၊ တားမြစ်နယ်မြေတွေ ထိန်းချုပ်မှု လွတ်သွားတဲ့ ဆိုးကျိုးတွေက ဆက်ပြီး ပြန့်ကားနေတုန်းပဲ၊ ဒါပေမဲ့ ကရုဏာဖောင်ဒေးရှင်း၊ သန့်ရှင်းရေး ကုမ္ပဏီနဲ့ ကောင်စီဝင် အနည်းငယ်လောက်ပဲ ဘေးအန္တရာယ် ကယ်ဆယ်ရေးကို တက်တက်ကြွကြွ လုပ်နေကြတယ်”
“ခရိုင် ၁၃ ဘက်ကကော ဘာသံကြားသေးလဲ”
ကောင်းမင်က ခုံပေါ် မှီထိုင်ရင်း ပေါ့ပေါ့ပါးပါး မေးလိုက်သည်။
“ခိုင်လုံတဲ့ သတင်းအရတော့ အနက်ရောင်တောင်တန်း တားမြစ်နယ်မြေက အခြေအနေတွေ ပြန်ကောင်းသွားပြီလို့ သိရတယ်၊ ခရိုင် ၁၃က မြို့တော်ကောင်စီရဲ့ ဌာနချုပ်ဆိုတော့ သူတို့က အဲ့ဒီနေရာကို အချိန်ကြာကြာ ဖရိုဖရဲအဖြစ်ခံမှာ မဟုတ်ဘူး”
“အဲ့ဒီလောက်တောင် မြန်တာလား”
ကောင်းမင် မျက်မှောင်ကြုတ်လိုက်သည်။ သူသည် အနက်ရောင်တောင်တန်း တားမြစ်နယ်မြေထဲသို့ ရောက်ဖူးသည်။ ထိုအနက်ရောင်တောင်တန်းဆိုသည်မှာ တကယ်တမ်းတွင် အမှောင်ယဇ်ပလ္လင်ပိုင်ရှင်၏ ကြီးမားလှသော အသွေးအသားများပင် ဖြစ်သည်။ အိပ်မက်သရဲသည် အမှောင်ယဇ်ပလ္လင်ကို သိမ်းပိုက်ချင်နေပြီး အနက်ရောင်တောင်တန်း တားမြစ်နယ်မြေလည်း ဖျက်ဆီးပစ်ရမည့် စာရင်းထဲတွင် ပါဝင်နေသည်။
“တခြား သတင်းတွေကော ရှိသေးလား”
“မြို့တော်ကောင်စီအတွင်းမှာ ပြင်းထန်တဲ့ အကွဲအပြဲတွေ ဖြစ်နေတယ်၊ အသေးစိတ်ကိုတော့ စုံစမ်းလို့ မရသေးဘူး၊ ပြီးတော့ မင်းစောင့်ကြည့်ခိုင်းထားတဲ့ မီးမျိုးစေ့အဖွဲ့အကြောင်း သတင်းသစ် ရထားတယ်”
ပိုင်ဟောက်က ကျားယိုကျစ်တို့အဖွဲ့ထံ သတင်းပေါက်ကြားသွားမည်ကို စိုးရိမ်နေသကဲ့သို့ နောက်ကြည့်မှန်ကို တစ်ချက် ကြည့်လိုက်သည်။
“ကိစ္စမရှိပါဘူး၊ သူတို့က ကျုပ်တို့လူတွေပဲ”
“ခရိုင် ၇ က အဓိကဂိုဏ်းကြီး သုံးခုလုံး ပြိုလဲသွားပြီ၊ မီးမျိုးစေ့အဖွဲ့က အကြီးမားဆုံး အောင်နိုင်သူ ဖြစ်လာတယ်၊ ဒါပေမဲ့ သူတို့က နယ်မြေချဲ့ထွင်မယ့်အစား ပုံမှန်နဲ့မတူဘဲ ပုန်းနေကြတယ်၊ အခု ခရိုင် ၇ မှာ မြို့တော်ခန်းမကော ဂိုဏ်းတွေကော မရှိတော့ဘူး၊ မြို့သူမြို့သားတွေ ကိုယ်တိုင် စီမံခန့်ခွဲနေကြပြီး ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ စတင်နေကြပြီ”
“မီးမျိုးစေ့အဖွဲ့က ပုန်းအောင်းနေတာ မဟုတ်ဘူး၊ သူတို့က ခရိုင် ၇ က လူထုကြားထဲကို ပျံ့နှံ့သွားပြီး လူတိုင်းရဲ့ နှလုံးသားထဲမှာ တောက်လောင်နေတာပဲ”
ကောင်းမင်က ရှားရှားပါးပါးပင် ပြုံးမိသွားသည်။ သူ မီးမျိုးစေ့အဖွဲ့ဝင်များကို ပထမဆုံး တွေ့စဉ်က သူတို့အားလုံး ထူးဆန်းသည့် လက်မောင်းတံဆိပ်များ ပတ်ထားသည်ကို သတိထားမိကတည်းက ထိုအဖွဲ့နောက်ကွယ်က ကြိုးကိုင်သူက ဘယ်သူလဲဆိုတာ သူ ခန့်မှန်းမိခဲ့ပြီးသား ဖြစ်သည်။
သူတို့၏ အထောက်အထားကို ခန့်မှန်းမိသောကြောင့်သာ ကောင်းမင်က အန်းလွမ်၏ ဦးခေါင်းနှင့် လီဆန်းစီရဲ့ မိခင်ကို ခရိုင် ၇ ဆီသို့ ပို့ပေးခဲ့ခြင်းဖြစ်ပြီး သူတို့အား မီးမျိုးစေ့အဖွဲ့အသစ်၏ ခေါင်းဆောင်များ ဖြစ်လာစေခဲ့ခြင်း ဖြစ်သည်။
ကားသည် ခရိုင် ၂ အတွင်းသို့ ဝင်ရောက်လာပြီး မြေအောက် ရေနုတ်မြောင်းကွန်ရက် အဝင်ဝသို့ ရောက်ရှိလာသည်။ လမ်းခရီးမှာ အဆင်ပြေချောမွေ့လှသည်။ ယခုရက်ပိုင်းတွင် သန့်ရှင်းရေး ကုမ္ပဏီများပင်လျှင် ကရုဏာဖောင်ဒေးရှင်းမှ အဆင့်မြင့်အရာရှိများ၏ ကားများကို စစ်ဆေးရန် ဝန်လေးနေကြခြင်းဖြစ်သည်။
သူ၏ အထောက်အထားကို ပြသကာ လွန်ခဲ့သော သုံးမိနစ်ခန့်က လုပ်ကြံဖန်တီးထားသော အကြောင်းပြချက်ကို ပြောပြပြီးနောက် ကောင်းမင်သည် ပိုင်ဟောက်ကို မြေအောက်ရေနုတ်မြောင်း ကွန်ရက် အဝင်ဝတွင် ကင်းစောင့်ခိုင်းထားခဲ့သည်။ သူနှင့် လက်အောက်ငယ်သား သုံးဦးမှာမူ ကွန်ရက်၏ နက်ရှိုင်းသော နေရာဆီသို့ ဦးတည်သွားကြတော့သည်။
သူတို့အပေါ်ရှိ မီးချောင်းများမှာ မှိတ်တုတ်မှိတ်တုတ် ဖြစ်နေပြီး ရံဖန်ရံခါတွင် လန့်ဖျပ်သွားသော ကြွက်များ ပြေးလွှားသွားသည်ကို တွေ့ရသည်။ ကောင်းမင်နှင့် သူ့အဖွဲ့သည် ချော်ကျိနေသော ရေညှိများကို နင်းဖြတ်သွားနေကြသည်။သူတို့သည် ပတ်ဝန်းကျင်မှ ထွက်ပေါ်နေသော ရေဆိုးနံ့များကို အံကြိတ်ခံရင်း မြေအောက်ရေနုတ်မြောင်း ကွန်ရက်၏ နက်ရှိုင်းရာနေရာသို့ တစ်ဆင့်ပြီးတစ်ဆင့် ဝင်ရောက်သွားကြသည်။
“ဒါရိုက်တာလီ... ဒီမှာ ‘မဝင်ရ’ ဆိုင်းဘုတ် ရှိတယ်၊ ဒါက တားမြစ်နယ်မြေပဲ”
“ဒါရိုက်တာလီ... ရေထဲမှာ အလောင်းတွေ မျောနေတယ်”
“ဟိုးလီးရှစ်၊ ကျွန်မ ဆယ်မီတာကျော် ရှည်တဲ့ မြွေကြီးတစ်ကောင် မြင်လိုက်တယ်”
“ပြန်ကြရအောင်... နေပါဦး၊ လမ်းက ဘာလို့ ပြောင်းသွားတာလဲ၊ ဒီမှာ လမ်းခွဲမရှိတာ ကျွန်တော် မှတ်မိပါတယ်”
အမှိုက်တောင်များကို ဖြတ်ကျော်၍ ပိုက်လိုင်းများအတွင်းသို့ တွားဝင်ရင်း စွန့်ပစ်ထားသော စောင့်ကြည့်ရေး စခန်းကို ကျော်ဖြတ်လာခဲ့သော်လည်း ကောင်းမင်သည် ဤတစ်ခေါက်တွင် “အဒေါ်ကြီး” ဟု ခေါ်သော အရူးမနှင့် မဆုံခဲ့ရပေ။ သူသည် သူ့လက်အောက်ငယ်သားများကို အမှောင်ထုထဲသို့ ဆက်လက် ဦးဆောင်သွားနေခဲ့သည်။
တားမြစ်နယ်မြေ ၁ တွင်မူ ဘဝရထားများဖြင့် ရက်လုပ်ထားသော ခရီးစဉ်များစွာ ရှိနေသော်လည်း ဤမြေအောက် ရေနုတ်မြောင်း ကွန်ရက်မှာမူ အဆုံးမရှိသကဲ့သို့ ရှိနေလေသည်။ အမှောင်ထုထက် ပိုမိုနက်ရှိုင်းသော မှောင်မိုက်မှုနှင့် အတိုင်းအဆမရှိသော ဆိုးယုတ်မှုများဖြင့် ပြည့်နှက်နေပုံရသည်။
စီးဆင်းနေသော ရေသံက ပိုမိုကျယ်လောင်လာပြီး ကောင်းမင်၏ မျက်နှာပေါ်မှ ပတ်တီးများ အနည်းငယ် လျော့ရဲလာသည်။ သူသည် ဘာကိုမှ မကြည့်တော့ဘဲ လီဆန်းစီ၏ ဆိုးယုတ်မှုများကို သူ့ခန္ဓာကိုယ်အား လွှမ်းခြုံခွင့် ပေးလိုက်တော့သည်။
ရေနုတ်မြောင်းကွန်ရက်၏ အနက်ရှိုင်းဆုံးမှ တစ်စုံတစ်ခုက သူ့ကို ခေါ်ယူနေသကဲ့သို့ ၎င်း၏ ရင်ခွင်ထဲသို့ ဆွဲသွင်းနေသကဲ့သို့ ခံစားရသည်။ ကောင်းမင်သည် ထိုအရာကို မခုခံတော့ဘဲ သူ့စိတ်ဆန္ဒနှင့် အင်အားများကို နှလုံးသားထဲတွင် စုစည်းလိုက်ကာ အင်အားပြည့် ခုန်ပေါက်နေဆဲဖြစ်သော သူ၏ အသွေးအသားခန္ဓာကိုယ်ကို ကာကွယ်လိုက်သည်။
“ရောက်တော့မယ်”
“ကျွန်တော်တို့ ဘယ်ရောက်နေတာလဲ၊ ဒါရိုက်တာလီ၊ ကျွန်တော် ဘာမှ မမြင်ရတော့ဘူး”
လေထုမှာ ပို၍ စိုထိုင်းလာပြီး ဖော်ပြမရသော အနံ့ဆိုးများဖြင့် ပြည့်နှက်နေခဲ့သည်။ ၎င်းမှာ သာမန် အလောင်းနံ့မျိုး မဟုတ်ဘဲ မှတ်ဉာဏ်များပင် ပုပ်ဆွေးနေသကဲ့သို့ ခံစားရသည်။
အနက်ရောင် ရေဆိုးများ ဖြည်းညင်းစွာ စီးဆင်းနေပြီး မြို့တော်ကြီး၏ အရုပ်ဆိုး အကျည်းတန်လှသော အရာအားလုံးကို ၎င်း၏အမှောင်ထုအောက်တွင် မြှုပ်နှံထားကြသည်။
မည်မျှကြာအောင် လျှောက်လာခဲ့သည်ကို မသိနိုင်သော်လည်း ကောင်းမင်၏ မျက်နှာပေါ်မှ ပတ်တီးများ ဖြည်းဖြည်းချင်း လျှောကျသွားကာ သူ၏မျက်လုံးနေရာတွင် မှောင်မည်းနေသော အပေါက်အလွတ် နှစ်ခုသာ ကျန်ရှိတော့သည်။
ထိုအပေါက်များ ပွင့်လာသောအခါ ကောင်းမင်သည် နက်ရှိုင်းပြီး မှောင်မည်းနေသော ရေကန်ကြီးတစ်ခုကို မြင်လိုက်ရသည်။
မျက်နှာကြက်တွင် မရေမတွက်နိုင်သော ပိုက်လိုင်းများ ရှိနေပြီး မြို့တော်၏ ရေဆိုးများကို ဤရေကန်ထဲသို့ သယ်ဆောင်ပေးနေခဲ့သည်။ လူသားများ စွန့်ပစ်ထားသော၊ မမြင်ချင်သော လျှို့ဝှက်ချက်များသည် ထိုပိုက်လိုင်းများမှတစ်ဆင့် ရေကန်ထဲသို့ ကျဆင်းလာကာ အမှောင်ထု၏ အစိတ်အပိုင်းများ ဖြစ်လာကြခြင်းဖြစ်သည်။
မှိန်ပျပျ အလင်းရောင်တစ်ခု ထွက်ပေါ်လာသည်။ ဝူဝေက ကင်မရာမီးကို ဖွင့်လိုက်ရာ လက်အောက်ငယ်သား သုံးဦးသည်လည်း သူတို့ရှေ့မှ ရေကန်ကြီးကို မြင်လိုက်ရသည်။
သူတို့၏ စိတ်ထဲတွင် တစ်စုံတစ်ခုကို ထိတွေ့မိသွားပုံ ရသည်။ အမြဲတမ်း စကားများတတ်သော ကျားယိုကျစ်ပင် တိတ်ဆိတ်သွားတော့သည်။
အင်္ကျီလက်အတွင်းမှ သူ့လက်များကို ဆန့်ထုတ်လိုက်ရာ ကောင်းမင်၏ လက်များပေါ်တွင် ဆိုးယုတ်သော အနက်ရောင် သွေးကြောများမှာ ဖောင်းကြွလာသည်။ သားစားကြူးနတ်ဘုရားနှင့် လီဆန်းစီ၏ ဆိုးယုတ်မှုများကို အလွန်အကျွံ အသုံးပြုခဲ့သဖြင့် သူနှင့် လီဆန်းစီသည် တစ်သားတည်း ပေါင်းစည်းသွားခဲ့ပြီ ဖြစ်သည်။ တစ်နည်းအားဖြင့် သူသည် အမှောင်ယဇ်ပလ္လင်အရှင်သခင်၏ ရုပ်သေးရုပ် သို့မဟုတ် အပိုခန္ဓာကိုယ်တစ်ခု တဖြည်းဖြည်း ဖြစ်လာတော့မည် ဖြစ်သည်။
“ဒါက အမှန်တရားပဲ၊ မင်းတို့ မြင်ကြရဲ့လား”
ကောင်းမင်၏ လက်ညှိုးညွှန်ရာသို့ ကြည့်လိုက်ရာ ရေစိုပြီး ပျက်စီးနေသော အမျိုးသမီး အနုပညာရှင် တစ်ဦး၏ ဓာတ်ပုံကို တွေ့ရလိုက်သည်။ ရေဆိုးများထဲတွင် မျောပါနေသည်မှာ ဖြူဆွတ်နေပြီး ပျော့အိနေသော အလောင်းတစ်လောင်း ဖြစ်သည်။ ၎င်း၏ အဝတ်အစားနှင့် မိတ်ကပ်များအရ တင်းရှန်းနှင့် ဆင်တူနေသည်ကို ဝေဝါးစွာ မြင်နိုင်သေးသည်။
ထိုအမျိုးသမီး အနုပညာရှင် အလောင်းဘေးတွင် ဝူဝေနှင့် ကိုယ်လုံးကိုယ်ပေါက် ဆင်တူသော အထူးချုပ်ဝတ်စုံကို ဝတ်ဆင်ထားသည့် အရပ်ရှည်ရှည် ထွားထွားကျိုင်းကျိုင်း အမျိုးသမီးတစ်ဦး၏ အလောင်း ရှိနေလေသည်။
ထို့နောက်တွင်မူ ဘရန်းဒက်အဝတ်အစားများ ခြေဆုံးခေါင်းဆုံး ဝတ်ဆင်ထားပြီး မျက်နှာ ပျက်စီးနေသည့် ပိန်လှီသော အလောင်းတစ်လောင်း ရှိနေပြီး ၎င်း၏ အရိုးဖွဲ့စည်းပုံမှာ ကျားယိုကျစ်နှင့် တစ်ထေရာတည်း တူညီလှသည်။
“မင်းတို့ သုံးယောက်က လွန်ခဲ့တဲ့ အချိန်တွေကတည်းက သေဆုံးခဲ့ပြီးသားပဲ၊ ငါ့လက်နဲ့ပဲ ငါကိုယ်တိုင် သတ်ခဲ့တာ”
ကောင်းမင်က သူ့ဘာသာ ပြောလိုက်သည်။
“ငါလို မကောင်းဆိုးဝါးမျိုးနဲ့ ဘယ်သူက အတူနေချင်မှာလဲ၊ ငါ့ဘေးမှာ နေနေတာက ငါကိုယ်တိုင်ပဲ ရှိတာပါ”
***