“ဟန်ဟိုင်းသွေးမြို့တော်က ဖျက်ဆီးခံလိုက်ရပြီ၊ အရင်းအမြစ်တွေလည်း အကုန်လုယက်ခံလိုက်ရပြီလေ၊ ဒီနေရာက တခြားသွေးမြို့တော်တွေက အပြစ်သားတွေကို ချုပ်နှောင်ထားတဲ့ အကျဉ်းထောင်သက်သက်ပဲ၊ အိပ်မက်သရဲ သုံးကောင် ပေါ်လာတာတောင် အံ့ဖွယ်ဖြစ်ရပ်ပဲ၊ ဘယ်လိုလုပ်ပြီး ဒီနေရာမှာ မပြောသင့်သူတစ်ယောက် မွေးဖွားလာနိုင်မှာလဲ”
သွေးမြို့တော်သည် ချေမှုန်းခံထားရပြီး စည်းမျဉ်းများ ပျက်စီးကာ အိပ်မက်သရဲများ၏ စွမ်းအားများကိုလည်း ကန့်သတ်ထားပြီးသား ဖြစ်သည်။ ပုပ်သိုးခြင်းသွေးမြို့တော်မှ မပြောသင့်သူသည် ယင်းကို ကောင်းစွာ နားလည်ထား၏။ အကြောင်းမှာ သူကိုယ်တိုင် ထိုယုတ်ညံ့ပြီး အလွန်အမင်း ရက်စက်ကြမ်းကြုတ်သည့် စစ်ပွဲတွင် ပါဝင်ခဲ့ဖူးသောကြောင့် ဖြစ်သည်။
သွေးမြို့တော်ကိုးခုသည် အင်အားချင်း ပေါင်းစည်းခဲ့ပြီး ဟန်ဟိုင်းသွေးမြို့တော်အား သစ္စာဖောက်ခဲ့သည့် မသိထိုက်သူတစ်ယောက်နှင့် ပူးပေါင်း၍ အိပ်မက်သရဲအားလုံးကို သတ်ဖြတ်ခဲ့ကြခြင်း ဖြစ်သည်။
အနာဂတ်တွင် ဖြစ်လာနိုင်သည့် ခြိမ်းခြောက်မှုမှန်သမျှကို ဖယ်ရှားရန်အတွက် သွေးမြို့တော်ပိုင်ရှင်များက ဤမြေပြင်ပေါ် ကျိန်စာတိုက်ခဲ့ကြပြီး အုတ်တစ်ချပ် သဲတစ်ပွင့်မကျန် အသတ်အဖြတ်ဆန္ဒများဖြင့် အကြိမ်ပေါင်းများစွာ ဆေးကြောခဲ့ကြသည်။
“ဟန်ဟိုင်းသွေးမြို့တော် အရှင်သခင်က ပျက်စီးသွားခဲ့ပြီလေ၊ သူ့ကို မှတ်မိနေတဲ့သူတွေလည်း လူဖြစ်ဖြစ် သရဲဖြစ်ဖြစ် အကုန်အသတ်ခံလိုက်ရပြီပဲ၊ သူဟာ လုံးဝအမေ့ခံလိုက်ရပြီး ဒီမြို့ကြီးနဲ့အတူ သေဆုံးသွားခဲ့ပြီးပြီ၊ ဒါပေမဲ့ ဘာလို့လဲ... ဘာလို့ သွေးမြို့တော် နိုးထလာတာကို ငါ ခံစားနေရတာလဲ”
လူသားပုံသဏ္ဌာန် မကောင်းဆိုးဝါး၏ ခန္ဓာကိုယ်သည် ပေါက်ကွဲထွက်သွားပြီး မရေမတွက်နိုင်သော ရေစက်များက အရပ်မျက်နှာအနှံ့ကို လွင့်စင်သွားကာ မြောက်ဘက်ဆိပ်ကမ်းမြို့သစ်အတွင်း ပျော်ဝင်သွား၏။ ပုပ်အက်အက် လေပြင်းတစ်ခု ကမ္ဘာကြီးကို ဖြတ်တိုက်သွားသကဲ့သို့ ရှိပြီး ပတ်ဝန်းကျင်ရှိ ပုပ်ပွနေသော အလောင်းများအားလုံး မျက်လုံးပွင့်လာကြသည်။ နောက်ဆုံးတွင် ဟန်ဟိုင်းမြို့ဟောင်း၌ လဲလျောင်းနေသော ကြောင်တစ်ကောင်သည် ၎င်း၏ ပုပ်ပွနေသော ပါးစပ်ကို ဖွင့်လိုက်ရာ ၎င်း၏ မျက်ဆံထဲတွင် လူသားမျက်နှာတစ်ခု ရောင်ပြန်ဟပ်လာတော့သည်။
၎င်းက အရိပ်ကမ္ဘာအတွင်းသို့ ခုန်ဝင်သွားပြီး အိမ်များကြားတွင် ပြေးလွှားလိုက်သည်။ ခေါင်မိုးပေါ်သို့ ရောက်သောအခါ ထိုကြောင်လေး၏ မျက်နှာသည် ကောင်းကင်ယံတစ်ခုလုံး ပြည့်နှက်နေသော မရေမတွက်နိုင်သည့် နတ်ဘုရားပုံစံကွက်များကို မြင်ပြီး ထိတ်လန့်သွားရသည်။
“အသွင်ပြောင်းခြင်း”
ကောင်းမင်နှင့် သားစားကြူးနတ်ဘုရားတို့သည် သူတို့၏ နှလုံးသားများကို မြှောက်ကိုင်ထားပြီး သူတို့၏သွေးများကို အသုံးပြု၍ သွေးမြို့တော်ကို ပြန်လည်ရေးဆွဲနေကြသည်။ အနက်ရောင်မြူခိုးများ ဖုံးလွှမ်းနေသင့်သော ဟန်ဟိုင်း၏ ကောင်းကင်ယံတွင် ကောင်းကင်ဘုံဂိတ်တံခါးတစ်ခု ပွင့်ဟလာလေ၏။ မရေမတွက်နိုင်သော အိပ်မက်ဆိုးများ အထပ်ထပ်စုပုံနေသကဲ့သို့ အဆုံးမရှိသော ညဉ့်က ဆင်းသက်လာချေသည်။
ထိုကြောင်၏ မျက်လုံးများသည် အသံထွက်ပေါ်ရာအရပ်သို့ ကြည့်ရင်း တုန်ရီနေ၏။ အရိပ်ကမ္ဘာ၏ မြေပြင်မှာ တူးဆွခံထားရသည်။ သေဆုံးနေသော မြေကြီး၏ အနက်ရှိုင်းပိုင်းတစ်နေရာရှိ ယဇ်ပလ္လင်ပေါ်တွင် အိပ်မက်သရဲလေးကောင်က ထောင့်လေးထောင့်၌ စောင့်ကြပ်နေကြလေသည်။ ဟန်ဟိုင်း၏ စည်းမျဉ်းကန့်သတ်ချက်များကို သိသိသာသာ ကျော်လွန်နေသည့် မပြောသင့်သူတစ်ယောက်ဟာ သူ့ကိုယ်သူ လောင်ကျွမ်းနေစေခဲ့သည်။
“သူတို့က သွေးမြို့တော်ကို ပြန်တည်ဆောက်ချင်နေတာလား၊ သူတို့က ဟန်ဟိုင်းကို ပြန်တည်ဆောက်ချင်နေတာလား”
ပုပ်သိုးခြင်းသွေးမြို့တော်၏ မပြောသင့်သူသည် ၎င်းအသံကိုယ်တိုင်ပင် တုန်ရီနေကြောင်း သတိမထားမိတော့ပေ။ ဟန်ဟိုင်းကို ဖျက်ဆီးရန် မည်မျှကြီးမားသည့် တန်ကြေးကို ပေးဆပ်ခဲ့ရကြောင်း သူအသိဆုံးပင်။
“ဒီကောင်တွေ ဒါကို ဘယ်လိုလုပ်လိုက်တာလဲ၊ ချိတ်ပိတ်ထားတဲ့ ဒီမြို့ကြီးထဲမှာ ဘယ်လိုလုပ်ပြီး မပြောသင့်သူတစ်ယောက် ရှိနေနိုင်မှာလဲ”
ရှင်းလုနှင့် ဟန်ဟိုင်းကို ဆက်သွယ်ထားသော လမ်းကြောင်းသည် အိပ်မက်ယဇ်ပလ္လင်ဖြစ်ပြီး မပြောသင့်သူရုပ်တုသုံးခုက စောင့်ကြပ်ထားခြင်း ဖြစ်သည်။ လွန်ခဲ့သော အချိန်အနည်းငယ်က ဖြစ်ပေါ်ခဲ့သော ဥမင်လိုဏ်ခေါင်း ယိုစိမ့်မှုကိုတော့ အချိန်မီ ရှာဖွေတွေ့ရှိခဲ့ကြသည်။ ပုပ်သိုးခြင်းသွေးမြို့တော်၏ မပြောသင့်သူ မှတ်မိသလောက်ဆိုပါက သက်ရှိလူသားတစ်ယောက်တည်းသာ ခိုးဝင်နိုင်ခဲ့ခြင်း ဖြစ်သည်။ သာမန်လူသားတစ်ယောက်၊ အားနည်းလွန်းတဲ့ သာမန်ဝိညာဉ်တစ်ခုက စိုးရိမ်စရာ မရှိလှပေ။
ဟန်ဟိုင်းကို အဝင်အထွက်လုပ်နိုင်သော လမ်းကြောင်းက နှစ်ခုသာ ရှိသည်။ အနက်ရောင်မြူခိုးများက မြို့တော်ကို ဖုံးလွှမ်းထားပြီး စိတ်ပျက်အားငယ်စရာ အကျဉ်းထောင်တစ်ခုသာ ဖြစ်သည်။ သို့သော် ထိုသို့ မဖြစ်နိုင်သည့်အခြေအနေများထဲမှာပင် ဟန်ဟိုင်းမှ အရူးများသည် သွေးမြို့တော်ကို အမှန်တကယ် ပြန်တည်ဆောက်တော့မည် ဖြစ်သည်။
အိပ်မက်ချိုးဖျက်မြို့၏ နက်ရှိုင်း အိပ်မက်နယ်ပယ်နှင့် ဟန်ဟိုင်း၏ အပျက်အစီးများက လုံးဝပေါင်းစည်းသွားကြသည်။ အိပ်မက်သရဲလေးကောင်သည် အိပ်မက်ယဇ်ပလ္လင်လေးခုကို မြေကြီးထဲသို့ ရိုက်သွင်းလိုက်ကြသည်။ ကောင်းယန်သည် အမှောင်ယဇ်ပလ္လင်မှ ရရှိလာသော စွမ်းအားအားလုံးကို လောင်ကျွမ်းစေလိုက်ပြီး သူ့ ဝိညာဉ်၊ စိတ်ဆန္ဒ၊ စွမ်းအားနှင့် မှတ်ဉာဏ်များကို ဟန်ဟိုင်း၏အပျက်အစီးများကြားထဲ ပျံ့နှံ့သွားစေလိုက်သည်။
ထို ခဏတာ တောက်လောင်လိုက်သော မီးတောက်ကြီးသည် ဟန်ဟိုင်း၏ အရိပ်များနှင့် လက်တွေ့လောကကို ထိုးဖောက်သွားပြီး အတုအယောင် ကောင်းကင်ယံကို ဆုတ်ဖြဲပစ်လိုက်သည်။ တိမ်တိုက်များ လွင့်စင်သွားပြီး အတွင်းကမ္ဘာကြီး၏ အစစ်အမှန်ပုံစံက ပေါ်ထွက်လာတော့သည်။
အနက်ရောင်မြူခိုးများသည် လေထဲတွင် ပြည့်နှက်နေပြီး သွေးပင်လယ်ကြီးက ဆူပွက်နေလေသည်။ စိတ်ပျက်အားငယ်မှုများနှင့် မုန်းတီးများက ပုံမှန်ထက် မြင့်တက်လျက် ရှိနေသည်။ ယင်းသည် အမှန်တရားပင်။
မငြိမ်းသေနိုင်သော မီးတောက်တစ်ခုသည် နတ်ဘုရားပုံစံကွက်တိုင်းတွင် တောက်လောင်နေပြီး နောက်ဆုံး ကောင်းမင်၏ နှလုံးသားထံ စုစည်းသွားကြသည်။ မြှောက်ကိုင်ထားသည့် ထိုနှလုံးသားသည် ဟန်ဟိုင်းတွင် ရှိနေသော လူတိုင်း၏ စွဲလမ်းမှုများကို ချည်နှောင်ထားပုံရသည်။ နှလုံးခုန်သံ တစ်ချက်စီနှင့်အတူ သွေးမြို့တော်သရဲတက်တူးများ လှုပ်ခတ်သွားပြီး မမြင်ရသော လှိုင်းလုံးများသည် အရိပ်ကမ္ဘာထဲမှ လက်တွေ့ကမ္ဘာထဲထိ ပျံ့နှံ့သွားတော့သည်။၎င်းတို့က ဟန်ဟိုင်းပေါ်မှာ တင်ဆောင်ထားသည့် သွေးမြို့တော်အသီးသီးမှ ကျိန်စာများကို ယာယီဖိနှိပ်ထားလိုက်သည်။ ယင်းသည် ကောင်းမင်၏ နှလုံးသားထံမှ ထွက်ပေါ်လာသော အသံများ လူများ၏ နားထဲတွင် ပဲ့တင်ထပ်သွားစေသည်။ ယင်းက မသိနားမလည်မှုနှင့် ကြောက်ရွံ့နေသော သာမန်မြို့သားများကို သူတို့၏ပြောင်းလဲခံထားရတဲ့ မှတ်ဉာဏ်အချို့အကြောင်း အမှတ်ရစေလိုက်သည်။
“ဟန်ဟိုင်းဆိုတာ သွေးမြို့တော်အသီးသီးက နှင်ထုတ်လိုက်တဲ့ သရဲတစ္ဆေတွေနဲ့ မကောင်းဆိုးဝါးတွေကို ချုပ်နှောင်ထားတဲ့ ဧရာမ လှောင်အိမ်ကြီးပဲ”
“ညှင်းပန်းနှိပ်စက်ခံထားရတဲ့ ဝိညာဉ်တွေဟာ သူတို့ရဲ့ စွမ်းအားတွေကို လုယူခံထားရတယ်၊ သူတို့ရဲ့ မှတ်ဉာဏ်တွေဟာ ချိတ်ပိတ်ခံထားရပြီး ဟန်ဟိုင်းရဲ့ အရိပ်ထဲမှာ သာမန်လူတွေလို ရုန်းကန်နေကြရတယ်၊ သူတို့ဟာ တစ်ချိန်က အကြောက်တရားကို ဖြန့်ဝေခဲ့သူတွေ ဖြစ်ပေမဲ့ အခုတော့ အဲ့ဒီအကြောက်တရားတွေကြောင့်ပဲ နေ့ညမပြတ် နှိပ်စက်ခံနေကြရတယ်”
“လူသားနဲ့ သရဲတွေက ပြောင်းပြန်ဖြစ်နေကြတယ်၊ ငါတို့ နေထိုင်နေတဲ့ နေရာက မြို့တစ်မြို့ မဟုတ်ဘူး၊ သင်္ချိုင်းတစ်ခုပဲ”
အကယ်၍ မသိနားမလည်ဘဲ သေဆုံးသွားနိုင်ပါက နာကျင်မှု ရှိမည် မဟုတ်ပေ။ သို့ပေမဲ့ ကောင်းယန်က သူတို့ကို အမှန်တရားကို ထုတ်ပြခဲ့ပြီး ကောင်းမင်က သူတို့၏ အတိတ်ကို သတိပေးလိုက်ပြီ ဖြစ်သည်။
ဟန်ဟိုင်းသည် သရဲများနှင့် မကောင်းဆိုးဝါးများကို အဆုံးစွန်ချုပ်နှောင်ထားသော နေရာဖြစ်သည်။ သက်ရှိလူသားတိုင်း၏ ခန္ဓာကိုယ်ထဲတွင် တွန့်လိမ်ပုံပျက်နေသည့် ဝိညာဉ်တစ်ခုစီ ရှိနေကြသည်။ သူတို့၏ စွမ်းအားများသည် ခိုးယူခံထားရပြီး သူတို့၏အားနည်းသော ခန္ဓာကိုယ်ထဲတွင် နာကြည်းမုန်းတီးမှုနှင့် အမုန်းတရားများသာ ပြည့်နှက်နေတော့သည်။
“ငါတို့ ခြေဖဝါးအောက်က မြို့ကြီးက သေဆုံးနေခဲ့ပြီ၊ လူသတ်သမားက ငါတို့ရဲ့ အရိုးတွေကို တူးထုတ်ပြီး ငါတို့ရဲ့ အသွေးအသားတွေနဲ့ သူ့ရဲ့ နန်းတော်ကို တည်ဆောက်ခဲ့တာ၊ ပြီးတော့ ငါတို့ရဲ့ ဝိညာဉ်တွေကို ကျိန်စာတိုက်ပြီး အမှောင်ထဲမှာ ထာဝရနေထိုင်ဖို့ စီရင်ထားခဲ့တာ”
“မင်းတို့ ကိုယ်ပိုင်မျက်စိနဲ့ မြင်တဲ့အတိုင်းပဲ၊ မင်းတို့ရဲ့ တန်ဖိုးအရှိဆုံး မှတ်ဉာဏ်တွေဆိုတာ သူတို့ လုပ်ကြံထားတဲ့ အလိမ်အညာတွေပဲ၊ မင်းတို့ ချစ်ရတဲ့ မိသားစုဝင်တွေဟာ ရုပ်ဆိုးတဲ့ မကောင်းဆိုးဝါးတွေပဲ၊ မင်းတို့ တိုက်ခိုက်ခဲ့သမျှ အရာအားလုံးဟာ အဓိပ္ပာယ်မရှိဘူး၊ တွေ့ဆုံမှုတိုင်းက စီစဉ်ထားတာ ဖြစ်ပြီး ခွဲခွာမှုတိုင်းက ဇာတ်ညွှန်းအတိုင်းပဲ၊ သူတို့က ကိုယ့်ကိုယ်ကိုယ် ကံကြမ္မာလို့ သတ်မှတ်ပြီး လူတိုင်းရဲ့ ဘဝကို စိတ်ကြိုက် ကစားနေခဲ့ကြတာ”
“သူတို့ဟာ ဟန်ဟိုင်းကို သတ်ဖြတ်ခဲ့တယ်၊ အနက်ရောင်မြူခိုးတွေထဲက ဝိညာဉ်တွေကို လုယက်ခဲ့တယ်၊ ငါတို့ရဲ့ မှတ်ဉာဏ်တွေကို ကျူးကျော်ခဲ့တယ်၊ သူတို့ဟာ ဘာမှမရှောင်တဲ့သူတွေပဲ၊ သူတို့ဟာ အနိဋ္ဌာရုံအားလုံးရဲ့ တရားခံတွေပဲ”
“မင်းတို့ တစ်ယောက်ချင်းစီလိုပဲ ငါလည်း အမှောင်ထဲက နိုးထလာခဲ့ပြီး အဆုံးမရှိတဲ့ ဥမင်လိုဏ်ခေါင်းထဲမှာ အကြိမ်ကြိမ်အခါခါ အသတ်ခံခဲ့ရတယ်၊ နောက်ဆုံး တစ်နေ့မှာတော့ ငါ့ရဲ့ အလောင်းတွေက ဥမင်လိုဏ်ခေါင်းရဲ့ နံရံတိုင်းကို ဖုံးလွှမ်းသွားခဲ့တယ်၊ ငါ့အလောင်းတွေကို လှေကားထစ်အဖြစ် တည်ဆောက်ပြီး ခြေဖျားထောက်ကြည့်လိုက်မှ သူတို့ရဲ့ မျက်နှာတွေကို မြင်ခဲ့ရတယ်၊ လူသတ်သမားရဲ့ ရုပ်ကို မြင်ခဲ့ရတယ်”
“သူတို့ကို မပြောသင့်သူတွေလို့ ခေါ်တယ်၊ ဖော်မပြနိုင်တဲ့ ခြောက်ခြားစရာတွေ၊ လူသားဘဝနဲ့ ဘယ်တော့မှ ယှဉ်လို့မရတဲ့ ဖြစ်တည်မှုတွေပဲ”
“ငါတို့ဟာ ကြောက်သင့်ရင် ကြောက်ကြမယ်၊ အသက်ရှင်ရုံနဲ့တင် လုံလောက်ချင် လုံလောက်မယ်၊ သူတို့ရဲ့ ပေးကမ်းမှုကို လက်ခံတာက အကောင်းဆုံး ရွေးချယ်မှု ဖြစ်နိုင်တယ်၊ ဒါပေမဲ့... ငါ အလျှော့မပေးနိုင်ဘူး၊ မရေမတွက်နိုင်တဲ့ အကြိမ်ပေါင်းများစွာ ငါ့ကိုယ်ငါ စတေးခဲ့ရပြီးမှ အလျှော့ပေးလိုက်ရမယ်ဆိုတာကို ငါ လက်မခံနိုင်ဘူး၊ ကံကြမ္မာက ငါ့ကို ခွေးချည်ကြိုးတစ်ချောင်းလို ထာဝရချည်နှောင်ထားတာကို ငါ အလျှော့မပေးနိုင်ဘူး”
“ငါ သူတို့ကို ပြန်ပေးဆပ်ခိုင်းမယ်၊ သူတို့ရဲ့ မပြောသင့်သူ နာမည်တွေအားလုံးကို သူတို့ရဲ့ အုတ်ဂူပေါ်မှာ ငါရေးထွင်းပစ်မယ်”
ကောင်းမင်၏ အတွင်းစိတ်အသံသည် မြို့သူမြို့သားများနှင့် ပဲ့တင်ထပ်သွားသည်။ သူတို့သည် အပေါ်ဘက်မှ အစစ်အမှန် ကောင်းကင်ယံကို ကြည့်လိုက်ကြပြီး အမှောင်ထဲတွင် ရပ်နေသော ပုံရိပ်ကို ငုံကြည့်လိုက်သည်။ သူတို့၏ နာကြည်းမုန်းတီးမှုများနှင့် စွဲလမ်းမှုများကို ကောင်းမင်ဆီ စုစည်းစေလိုက်ကြရာ မီးတောက်များက ပိုမိုတောက်ပလာတော့သည်။
နှလုံးသားကို မြှောက်ကိုင်ရင်း ကောင်းမင်နဲ့ သားစားကြူးနတ်ဘုရားတို့သည် တောက်လောင်နေသည့် သွေးမြို့တော်နတ်ဘုရားပုံစံကွက်များ၏ ဖုံးလွှမ်းခြင်းကို ခံလိုက်ရသည်။
“ရှေးခေတ်တုန်းက ဟန်ဟိုင်းဆိုတာ ခြောက်သွေ့တဲ့ သဲကန္တာရကို ကိုယ်စားပြုပေမဲ့ ကျယ်ပြောလှတဲ့ သမုဒ္ဒရာကိုလည်း ကိုယ်စားပြုခဲ့တယ်၊ ဒီနေ့မှာတော့ ဒီသွေးမြို့တော်ဟာ တစ်ကျော့ပြန် ဆင်းသက်လာတော့မယ်”
ကောင်းမင်သည် သူ့နှလုံးသားနှင့် တောက်လောင်နေသော သွေးမြို့တော်နတ်ဘုရားပုံစံကွက်များကို ယဇ်ပလ္လင်လေးခုရဲ့ အလယ်ဗဟိုတွင် အတူတကွ ထားလိုက်သည်။ သေဆုံးနေသည့် မြေပြင်က ပြိုကျသွားပြီး အရိပ်ကမ္ဘာ၏ အောက်ခြေတွင် မြှုပ်နှံထားသော အလောင်းတစ်ခု ပေါ်ထွက်လာတော့သည်။ ၎င်းသည် အရိပ်အားလုံးရဲ့ မြစ်ဖျားခံရာပင် ဖြစ်တော့သည်။
မျက်နှာအင်္ဂါရပ်များ မရှိတော့သော ထိုဧရာမ ခန္ဓာကိုယ်ကြီးသည် လက်တွေ့ သို့မဟုတ် ပုံရိပ်ယောင်တစ်ခု ဖြစ်နေပုံရသည်။ ဟန်ဟိုင်းသွေးမြို့တော်၏ အရှင်သခင်သည် ကွယ်ပျောက်သွားခဲ့ပြီဖြစ်ပြီး သူ့နာမည်ကိုလည်း လူတိုင်း မေ့လျော့သွားကြပြီ ဖြစ်သည်။ သို့သော် သူ၏ ရုပ်အလောင်းကတော့ ကျန်ရှိနေဆဲ ဖြစ်သည်။
ထိုအလောင်း၏ တန်ဖိုးက အတိုင်းအဆ မရှိပေ။ သွေးမြို့တော်ပိုင်ရှင်အားလုံး ယင်းကို လိုချင်ခဲ့ကြသော်လည်း ဘယ်သူမှ အသုံးချနိုင်မည့် နည်းလမ်းကို ရှာမတွေ့ခဲ့ကြချေ။ သွေးမြို့တော်များသည် တစ်ဦးကိုတစ်ဦး သတိထားနေကြသောကြောင့် နောက်ဆုံးတွင် ဟန်ဟိုင်း၏ အပျက်အစီးများကိုသာ ၎င်း၏ အုတ်ဂူအဖြစ် ထားရှိခဲ့ကြခြင်း ဖြစ်သည်။
ဖြစ်နိုင်သည်က ယင်းသည် သွေးမြို့တော်အရှင်သခင်က ဟန်ဟိုင်းအတွက် နောက်ဆုံးလုပ်ပေးခဲ့သည့် အရာ ဖြစ်နိုင်သည်။ သူသည် စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်သည်။ ဟန်ဟိုင်း၌ အိပ်မက်သရဲ အသစ်တစ်ကောင် ပေါ်လာပြီး သူ့အရိုးများကို အသုံးပြု၍ သွေးမြို့တော်အသစ်တစ်ခု တည်ဆောက်မည့် အချိန်ကို စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်သည်။
အရိပ်ထဲမှ သရဲများနှင့် မြို့တော်၏ မြို့သူမြို့သားအားလုံး၏ စိတ်ဆန္ဒများသည် ကောင်းမင်၏နှလုံးသားထဲတွင် တောက်လောင်နေကြလေသည်။ ကောင်းယန် ထုတ်လွှတ်လိုက်သော စွမ်းအား၏ အကာအကွယ်ဖြင့် ထိုနှလုံးသားသည် အလောင်းကြီး၏ ရင်ဘတ်ထဲကို ဖြည်းညင်းစွာ ကျဆင်းသွားသည်။ ဧရာမခန္ဓာကိုယ်ကြီးပေါ်တွင် အနာဂတ်ကို ဖွင့်ပေးမည့် သော့တစ်ချောင်းအလား သွေးမြို့တော်ပုံစံကွက်များ ပေါ်ထွက်လာတော့သည်။
ကမ္ဘာမြေကြီး တုန်ခါသွားပြီး သွေးမြို့တော်တက်တူးများ ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်နှင့်အမျှ ဟန်ဟိုင်း၏ စိတ်ဆန္ဒသည် အလောင်းကြီးအတွင်း၌ အသစ်ပြန်လည် နိုးထလာတော့သည်။ နှစ်ပေါင်းများစွာ သေဆုံးနေခဲ့သော ထိုအလောင်းကြီးသည် မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်တော့သည်။ ၎င်း၏ ဘယ်ဘက်မျက်လုံးထဲတွင် ကောင်းမင်နှင့် သားစားကြူးနတ်ဘုရားတို့ ထင်ဟပ်နေပြီး ညာဘက်မျက်လုံးထဲ၌မူ ကောင်းယန်၏ လောင်ကျွမ်းသွားသော ခန္ဓာကိုယ်မှ ပြောင်းလဲလာသည့် မီးတောက်များ ရှိနေခဲ့သည်။ ၎င်းသည် ဟန်ဟိုင်းတွင်ရှိသော မကောင်းဆိုးဝါးအားလုံး၏ စိတ်ဆန္ဒနှင့် ဝိညာဉ်အနက်ပိုင်းနေရာမှ လက်စားချေလိုသော ရန်ငြိုးများကို ခံစားမိပုံရသည်။
၎င်း၏ ဝေဝါးပြီး သေခြင်းအငွေ့အသက်များ ခြုံလွှမ်းနေသော မျက်နှာသည် ရယ်မောနေပုံ ရသည်။ သွေးမြို့တော်ပိုင်ရှင်အဆင့်ရှိသည့် ကျိန်စာပင် မဖျက်ဆီးနိုင်သော ၎င်း၏အလောင်းက စတင်အရည်ပျော်လာတော့သည်။ အသွေးအသားများသည် မတူညီသော ကမ္ဘာအသီးသီး၏ အိပ်မက်ဆိုးများထဲမှ စိမ့်ထွက်လာပြီး အတွင်းကမ္ဘာ၏ ဟန်ဟိုင်းကို ဖြည့်ဆည်းပေးလိုက်သည်။
အဆုံးမရှိသော သွေးနီရောင်များသည် ညကောင်းကင်ယံမှ ကျဆင်းလာခဲ့သည်။ အနက်ရောင်မြူခိုးများ ကွယ်ပျောက်သွားပြီး သွေးများစွန်းထင်နေသည့် သွေးနီရောင် အဆောက်အအုံများ စတင်ပေါ်ထွက်လာချေပြီ။
(TL note- ဟန်ဟိုင်းဆိုတာ ကျယ်ပြောသော ပင်လယ်လို့ အဓိပ္ပါယ်ရပါတယ်၊ ပြီးတော့ သွေးမြို့တော် သရဲတက်တူးနဲ့ သွေးမြို့တော် နတ်ဘုရားပုံစံကွက်က အဓိပ္ပါယ်အတူတူပါပဲ။ သရဲတွေက အဆင့်တစ်ခုရောက်လာရင် နတ်ဘုရားနီးနီးအစွမ်းထက်လာလို့ နတ်ဘုရားနဲ့ သရဲကို တလှည့်စီသုံးနူန်းထားတာလို့ ယူဆပါတယ်။ Ghosty Tattoos, Ghosty runes, Ghosty patterns, Ghosty marks = God Tattoos, God runes, God patterns, God marks)
***