ပင်လယ်ရေလှိုင်းများ၏ကြားတွင် လုပေါင်သည် ငါးတစ်ကောင်၏အလျှင်နှင့် ကူးခတ်နေသည်။ ယခုအခါ သူသည် ရေငုပ်မျက်မှန်ပင် တပ်ဆင်ထားခြင်း မရှိတော့ပေ
ပင်လယ်ဘုရင် ခန္ဓာကိုယ်၏ စွမ်းအားသည် တကယ်ကို ကြောက်စရာကောင်းလှသည်။
မီတာ ၃၀... မီတာ ၅၀... မီတာ ၁၀၀... ပင်လယ်ထဲတွင် အမျိုးမျိုးသော ငါးများကို သူ မကြာခဏ မြင်တွေ့နေရသည်။ သူ၏ စွမ်းဆောင်ရည်မှာ ဂရေးနှင့် အောဒရစ်ချ်တို့ကဲ့သို့ နည်းပညာရှင်များကိုပင် ဆွံ့အသွားစေသည်။ သူသည် ထိုအတိုင်း ပင်လယ်အောက်ခြေတွင် ရတနာရှာတော့မည်ဖြစ်သည်။
သူ၏ ရေငုပ်နှုန်းမှာ အလွန်မြန်ဆန်လှသဖြင့် မီတာ ၃၀၀ အနက်သို့ ရောက်ရှိနေပြီဖြစ်သော်လည်း အလင်းရောင်မှာ အလွန်ပင် လုံလောက်နေသေးသောကြောင့် လူများကို မီတာ ၁၀၀ ဝန်းကျင်မှာသာ ရှိနေသေးသကဲ့သို့ ထင်ယောင်ထင်မှား ဖြစ်စေသည်။
“ဘုရားသရေ... သူက တကယ်ပဲ Streamer တစ်ယောက်လား။”
ဂျူလီက အံ့သြတကြီး ရေရွတ်မိသည်။ ဤကဲ့သို့သော လူမျိုးသည် အမှန်စင်စစ်Streamer တစ်ယောက် ဖြစ်နေသည်လော။
ကမ္ဘာ့အသန်မာဆုံး ပရော်ဖက်ရှင်နယ် ရေငုပ်အားကစားသမားတွေတောင် သူ့လောက် လုပ်ပြနိုင်မည်မဟုတ်ပေ။
“ဟို... ဟိုဘက်က ဘာကြီးလဲ။အိုး... ဘုရားရေ ဧရာမပြည်ကြီးငါးကြီးပဲ။”
“ဧရာမပြည်ကြီးငါးကြီးလား။ဒါကလေ။”
“ဒါက ဘယ်လိုလုပ် ဧရာမပြည်ကြီးငါးကြီးဖြစ်နိုင်မှာလဲ။ဧရာမပြည်ကြီးငါးကြီးတွေက ပင်လယ်အောက်ခြေ မီတာရာပေါင်းများစွာ အနက်မှာ နေကြတာလေ။”
နိုင်ငံခြားသားများကိုမပါဝင်သေးသောလုပေါင်၏ ပရိသတ်များပင်လျှင် ဤကူးခတ်နေသော ပင်လယ်သတ္တဝါကြီးကို ကြည့်ပြီး တုန်လှုပ်သွားကြသည်။
ဧရာမပြည်ကြီးငါးများသည် ရေလွှာအမျိုးမျိုးတွင် နေထိုင်ကြပြီး ပင်လယ်နက်ပိုင်းတွင်ရှိသောသတ္တဝါများ မဟုတ်ကြသေးပေ။ သူတို့၏ အဓိက နေထိုင်ရာ အနက်မှာ မီတာ ၂၀၀ မှ ၄၀၀ ခန့်ပင် ဖြစ်၏။ ယခု လုပေါင် တွေ့လိုက်ရသော သတ္တဝါမှာ တစ်ကိုယ်လုံး သွေးကဲ့သို့ နီရဲနေ၍မျက်လုံးအိမ်ကြီးများပါရှိသော ဧရာမပြည်ကြီးငါး ဖြစ်သည်။
တိုက်ရိုက်ထုတ်လွှင့်မှုမှ ပရိသတ်များမှာ ရူးချင်ချင် ဖြစ်ကုန်ကြသည်။
“ပြည်ကြီးငါးကြီးကို သွားဖမ်းလိုက်စမ်းပါ။”
“အား... ငါ့မှာသာ ဒီအရည်အချင်းရှိရင် ပင်လယ်အောက်ခြေကို နေ့တိုင်း ဆင်းမှာပဲ။”
“ဝေးဝေးမှာနေ... အနားမကပ်နဲ့ဦး။”
“အမလေး... သူကတော့ ရဲတင်းတာပဲ။သူက ထွက်မပြေးဘဲ အနားသွားကြည့်ဖို့ အရင်စဉ်းစားနေတာလား။ မြန်မြန် ထွက်ခဲ့ပါတော့။”
“ဒါက...”
လုပေါင်က ပြည်ကြီးငါးကြီးအနားသို့ ချဉ်းကပ်သွားသော်လည်း ၎င်းက သူ့ကို တိုက်ခိုက်ခြင်း မရှိသည့်အပြင် လုပေါင်ကို ပြန်လည် စူးစမ်းနေသည်ကို မည်သူမှ မထင်မှတ်ထားခဲ့ကြပေ။
ယခင်က ဝေလငါးကြီးလက်ဆောင်ပေးခဲ့သော ပြည်ကြီးငါးနှင့် နှိုင်းယှဉ်လျှင် ဤတစ်ကောင်မှာ ပို၍ သေးငယ်ပြီး အရှည် ၁၃ မီတာခန့်သာ ရှိသည်။
“ဘုတ် ဘုတ်”
လုပေါင်က ပြည်ကြီးငါးကြီးကို နှစ်ချက် ပုတ်လိုက်သည်။ ပြည်ကြီးငါးကြီးမှာ လန့်သွားပြီး အမြန်ပင် ထွက်ပြေးသွားတော့သည်။
သူ၏ ရင်းနှီးမှုစွမ်းရည်သည် နတ်ဘုရားဆန်လှသည်။
ရေ၏အနက်နှင့် ပင်လယ်အောက်ခြေရှိ ရတနာများအကြောင်းကို စဉ်းစားရင်း လုပေါင်သည် ခတ္တအနားယူကာ စူပါ live eye ၏ ထုတ်လွှင့်မှုကို ခေတ္တရပ်ဆိုင်းလိုက်ပြီး ငါးမန်းတစ်ကောင်ကဲ့သို့ ပင်လယ်အောက်ခြေကိုဒုံးကျည်ကဲ့သို့ ထိုးဆင်းသွားတော့သည်။
ထုတ်လွှင့်မှုမှာ စက္ကန့် ၃၀ မပြည့်မီမှာပင် ပြန်လည် ကောင်းမွန်လာသည်။ ထုတ်လွှင့်မှု ပြန်တက်လာချိန်တွင် လုပေါင်သည် ပင်လယ်ရေအောက်၏ ချောက်ကြီး တစ်ခု၏ အထက်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
ထုတ်လွှင့်မှု ခေတ္တရပ်သွားခြင်းကို မည်သူမှ ထူးဆန်းသည်ဟု မထင်ကြပေ။ ပင်လယ်အောက်ခြေကနေ တိုက်ရိုက်ထုတ်လွှင့်နိုင်နေတာကိုက အံ့သြစရာ ဖြစ်နေပြီလေ။ အင်တာနက် မလိုင်းမကျရင်သာ ထူးဆန်းနေဦးမည်ဖြစ်၏။
ရှေ့က မြင်ကွင်းကို မြင်လိုက်ရချိန်မှာတော့ ပရိသတ်တွေ အားလုံး ကြောင်အသွားကြတော့သည်။
လုပေါင်၏ အရှေ့၌ရှိသော ကျောက်နံရံပေါ်တွင် နွားမျက်လုံး အရွယ်အစားခန့်ရှိသော ကျောက်မျက်ရတနာ တစ်လုံးရှိနေပြီး ၎င်းမှာ တစ်ခုလုံး အပြာရင့်ရောင် တောက်ပနေသည်။ ၎င်းကို အမည်းရောင်သန်းသော ကျောက်သားအလွှာက ဖုံးအုပ်ထားသော်လည်း အတွင်းမှ အပြာရောင်တောက်ပမှုကိုမူ မဖုံးကွယ်နိုင်ပေ။
လုပေါင်သည် သူ၏ အိတ်ထဲမှ ဓားမြှောင်ကို ထုတ်ကာ ကျောက်မျက်ရတနာပေါ်ရှိ အညစ်အကြေးကိုဖယ်ထုတ်လိုက်ရာ နွားမျက်လုံးအရွယ်ရှိသော မြပြာကျောက်ရိုင်း တစ်လုံးမှာ လွယ်လွယ်ကူကူပင် ပြုတ်ထွက်လာတော့သည်။
ကင်မရာရှေ့တွင် ကျောက်သားအခွံကို ဖြတ်ပြီး မြင်နေရသည့် အပြာရောင်အရည်အသွေးမှာ အတော်လေး ကောင်းမွန်ကြောင်း သိသာနေသည်။
သို့သော် ဤကဲ့သို့သော နေရာမျိုးတွင် ဤပစ္စည်းမှာ သာမန်ပစ္စည်းသာ ဖြစ်၏။
“ကျောက်မျက်ရတနာ...မြပြာကျောက်ပဲ။”
အောဒရစ်ချ်ကအံ့သြတကြီး အော်ဟစ်လိုက်ပြီး သူ၏ အဖော်ကို ဆွဲကာ ပြောလိုက်သည်
“ဒါက Pegmatite သတ္တုသိုက်ပဲ ဒါတွေက မြပြာကျောက် အရိုင်းတုံးတွေ ဘုရားသရေ... ဒါက မြပြာကျောက် သတ္တုတွင်းကြီး ဖြစ်နေနိုင်တယ်။”
ကျောက်မျက်သတ္တုတွင်း တစ်ခုက ဘယ်လောက် တန်ဖိုးရှိသလဲဆိုတာ အားလုံး သိကြပေသည်။
ဂရေးသည် ထုတ်လွှင့်မှုကို စူးစူးစိုက်စိုက် ကြည့်နေပြီး သူ၏ မျက်လုံးများမှာ လောဘရိပ်များဖြင့် တောက်လောင်နေသည်။
လုပေါင်သည် ဓားမြှောင်ကို သုံးကာ ကျောက်သားအခွံကို အကြိမ်အနည်းငယ် ခေါက်လိုက်ရာ အခွံအချို့ ကွာကျသွားပြီး အတွင်းမှ အပြာရင့်ရောင် ကျောက်မျက်ကို ပိုမိုထင်ရှားစွာ မြင်တွေ့လိုက်ရသည်။ ရေအောက်တွင် ၎င်းမှာ ပို၍ပင် လှပနေတော့သည်။
“ဖူး...ဖူး”
လုပေါင်သည်မြစိမ်းကျောက်ကို ကင်မရာရှေ့သို့ မြှောက်ပြကာ အချက်ပြသည့်အနေဖြင့်ရေပူဖောင်း နှစ်လုံး မှုတ်ထုတ်လိုက်သည်။
Chat box ထဲတွင် စာတန်းများမှာ ဖတ်မနိုင်လောက်အောင် မြန်ဆန်နေတော့သည်။
“ကျောက်မျက်ရတနာကြီးပဲ။”
“အို... ဘုရားသခင် ပင်လယ်ထဲမှာ တကယ့်ကို ရတနာတွေ အပြည့်ပါလား။ အရမ်းလှတာပဲ။”
“အရမ်းလှတယ် ဒါက မြပြာကျောက်ပဲ။ အရည်အသွေးကလည်း အတော်ကောင်းပုံရတယ် ဈေးအများကြီး ရနိုင်တယ်။”
“သူဌေးကြီး... ကံစမ်းမဲလုပ်ပေးပါဦး။”
“ကံစမ်းမဲ။”
Chat box ထဲတွင် ကံစမ်းမဲပေးရန် တောင်းဆိုသံများ ဖုံးလွှမ်းသွားတော့သည်။
လုပေါင် ၎င်းကို မြင်လိုက်သည်။ လက်ထဲက မြစိမ်းကျောက်ကို ကြည့်ပြီး သူ ခဏလောက် စဉ်းစားလိုက်သည်။ လုပေါင်က ကံစမ်းမဲပေးဖို့ နှမြောနေတာလားလို့ လူတိုင်းက ထင်နေချိန်မှာပဲ သူက အဲဒီကျောက်မျက်ကို ဒီအတိုင်း ပစ်ချလိုက်လေသည်။
“ဟမ်...။”
“ဟင်...။”
ပစ်ချလိုက်တယ်ဆိုသည်မှာ အဘယ်သဘောနည်း။ထိုသို့အဖိုးတန်သည့်အရာကို ဘာကြောင့်ဒီအတိုင်း ပစ်ချနိုင်ရနည်း။အနည်းဆုံးတော့ကံစမ်းမဲဖောက်ပေးသင့်သည်။
လူတိုင်း၏ ခေါင်းထဲတွင် အမေးသင်္ကေတများ ပြည့်နေချိန်မှာပဲ သူတို့ရှေ့က မြင်ကွင်းက လူတိုင်းကို ဆွံ့အသွားစေပြန်သည်။
လုပေါင်သည် လူကြီးတစ်ယောက်၏ လက်သီးဆုပ်ခန့်ရှိသော ပိုမိုနက်မှောင်သော အပြာရောင်ပြန်ဟပ်နေသည့် မြပြာကျောက်ကြီး တစ်လုံး၏ ရှေ့သို့ ရောက်သွားသည်။ သူသည် ဓားမြှောင်ကို ထုတ်ကာ ဆက်ပြီး ထွင်းထုတ်လိုက်ရာ ကျောက်မျက်ကြီးမှာ ပြုတ်ထွက်လာတော့သည်။
ထို့အပြင် ဤကျောက်မျက်မှာ လေးထောင့်ကျကျ ပုံဆောင်ခဲ ဖြစ်နေပြီး အပြင်ဘက် ကျောက်သားအခွံမှာလည်း အလွန်ပါးလွှာလှသည်။
အရှေ့က တစ်လုံးကိုအရည်အသွေးမြင့်ဟု ခေါ်နိုင်လျှင် ဤတစ်လုံးမှာအကောင်းဆုံထဲတွင် ပါဝင်ပေလိမ့်မည်။ တန်ဖိုးမှာလည်း အဆပေါင်းများစွာ ပိုမိုများပြားသွားမည်မှာ သေချာသည်။
“ဖူး...ဖူး...”
လုပေါင်က ကျောက်မျက်ရတနာကို လက်ချောင်းဖြင့် တောက်ပြရင်း ကင်မရာကို အချက်ပြလိုက်သည်။ ဒီတစ်လုံးကို ကံစမ်းမဲ ဖောက်ပေးတာခြင်းက ပိုကောင်းမည်မဟုတ်လော။
“ပေးပါ ပေးပါ။”
“ပေး... ပေး... ပေး။
“ငါ့ရဲ့ ရတနာနတ်ဘုရားရယ်... ရေပူဖောင်း မှုတ်တာကို လျှော့ပါဦး။ မင်း အသက်ရှုကျပ်သွားမှာကို ငါ အရမ်းစိုးရိမ်လို့ပါ။”
“ပေးလိုက်ပါတော့။”
“ခြင်းတောင်းလေးထဲထည့်ပြီးကံစမ်းမဲ ဖောက်ပေးလိုက်ပါ။”
“ဒါက ကျောက်မျက်သတ္တုတွင်းကြီးပဲ ဘုရားသခင်... ဒါက သတ္တုတွင်း အကြီးကြီး ဖြစ်နိုင်တယ်။ ရတနာနတ်ဘုရားတော့ ချမ်းသာပြီဟေ့။”
ယခင်ကမျောက်ဖြူဂူတွင် သန်းပေါင်းများစွာ တန်သော မျောက်အရက်နှင့် ရွှေများ ရရှိခဲ့သည်။ ထိုရတနာကို ရှာဖွေရန် အဖွဲ့များစွာ စုဖွဲ့ခဲ့ကြသော်လည်း ယခုထိ မည်သူမှ ရှာမတွေ့သေးပေ။
ယခုမူ ပင်လယ်အောက်ခြေတွင် လုပေါင်သည် အံ့အားသင့်ဖွယ် တန်ဖိုးရှိသော နောက်ထပ် ရတနာသိုက်ကြီး တစ်ခုကို ရှာတွေ့ခဲ့ပြန်ပြီ။၎င်းမှာ ကျောက်မျက်သတ္တုတွင်း ပင်ဖြစ်သည်။
၎င်း၏ တန်ဖိုးမှာမျောက်ဖြူဂူထက်ပင် ပိုမို မြင့်မားနိုင်ပေသည်။
လုပေါင်သည် ocean Live stream ၏ ထူးခြားသော ခြင်းတောင်းလေးကို ဖွင့်ကာ ကံစမ်းမဲ ဖောက်ပေးရန် ရွေးချယ်လိုက်သည်။ ကံစမ်းမဲတွင် ပါဝင်ရန်အတွက် အခမဲ့ပေးသောငါးအကြေးခွံနီတစ်ခု ပေးပို့ရုံသာ ဖြစ်သည်။
“ဖူး... ဖူး”
လုပေါင်ကရေပူဖောင်း နှစ်လုံး ထပ်မှုတ်ပြီး အချက်ပြလိုက်ကာ သူ၏ လက်ဖဝါးကို ငါးချောင်းဖြန့်ပြလိုက်သည်။နောက် ၅ မိနစ်နေရင် ကံစမ်းမဲ ပေါက်သူကို ကြေညာပေးမည်ဟုပြောခြင်းဖြစ်သည်။
“ငါလည်း ကံစမ်းကြည့်ဦးမှပဲ။ မင်းတို့အားလုံးလည်း ဖုန်းတွေထုတ်ပြီး ကံစမ်းကြည့်ကြဦးလေ။ ဒီပစ္စည်းက အနည်းဆုံးတော့ တစ်သိန်းကျော်လောက် တန်မှာပဲ။”
လုလင်းဟွာက သူ၏ ဝန်ထမ်းများကို လှမ်းအော်ရင်း ရယ်မောကာ သူ၏ ဖုန်းကို ထုတ်လိုက်သည်။
“ကြည့်ရှုသူ ၃.၈ မီလီယံ ရှိနေပြီ သူဌေး။ ပေါက်နိုင်ခြေက သန်းနဲ့ချီပြီးမှ တစ်ယောက်ပါပဲ ထီပေါက်တာထက်တောင် ခက်ပါသေးတယ်။”
မန်နေဂျာကရယ်လည်းရယ် စိတ်လည်းပျက်စွာဖြင့် ပြောလိုက်သည်။ ဘယ်သူက ဒီလောက် ကံကောင်းနိုင်မည်နည်း။
“ထီတစ်စောင်တောင် ၂ ယွမ် ပေးရသေးတာပဲလေ။”
“အဲဒါလည်း ဟုတ်တာပဲ ဟား ဟား”
သူတို့က ရယ်ရယ်မောမော ပြောဆိုနေကြသော်လည်း အန်နာဘဲလ်တို့ အဖွဲ့မှာမူ လူကြည့်နှုန်း ၃.၈ မီလီယံ ဆိုသည့် ကိန်းဂဏန်းကြောင့် ပြောစရာစကားများပျောက်ဆုံးကုန်ကြသည်။ ဒီလောက် တိုတောင်းတဲ့ အချိန်အတွင်းမှာ လုပေါင်ရဲ့ ထုတ်လွှင့်မှု အခန်းထဲ၌လူ ၃.၈ မီလီယံ ရှိနေခြင်းသည် သူတို့ကိုဆွံအသွားစေခဲ့သည်။
ဒါဟာ ထုတ်လွှင့်မှု အခန်း တစ်ခုတည်းမှာတင် ရှိနေတဲ့ အရေအတွက်ပင်ဖြစ်သည်။
ယခုအခါ သူတို့၏ မျက်နှာများမှာပြေလျော့လာကြပြီ ဖြစ်သည်။ ယခင်က ရှိခဲ့သော သံသယများ နှင့် မာနများသည်လည်း မရှိတော့ပေ။ ထုတ်လွှင့်မှု ၁၀ မိနစ်အတွင်းတွင် များပြားသော ကြည့်ရှုသူအရေအတွက်က သူတို့အား အမြင်ကျယ်သွားစေခဲ့သည်။
တကယ်လို့များ နောက်ထပ် နှစ်နာရီမျှအချိန်ဆိုလျှင် လူဘယ်နှစ်ယောက်တောင် ရှိနေမည်ကိုခန့်မှန်းရန်ပင်မလွယ်ကူတော့ချေ။
***