မြပြာကျောက် သတ္တုသိုက် ချောက်ကြီးထဲတွင် လုပေါင်သည် မြစိမ်းကျောက် အကြမ်းထည်များကို တစ်လုံးပြီးတစ်လုံး ရှာတွေ့နေသည်ကို ကြည့်ပြီး တိုက်ရိုက်ထုတ်လွှင့်မှုမှ လူများမှာ မနာလိုဖြစ်လွန်း၍ မျက်လုံးများပင် ပြာလာကြတော့သည်။ထိုအရာသည် လူတိုင်းတောင်းတနေသော ကျောက်မျက်သတ္တုတွင်းကြီးပင်ဖြစ်၏။
လုပေါင်သည် အမြင့် နှစ်မီတာနှင့် အနံ တစ်မီတာခန့်ရှိသော မြပြာကျောက်ရိုင်းတုံးကြီးကို ရှာတွေ့ပြီး လူအများရှေ့တွင် ကျောက်သားအခွံကို ခေါက်ချကာ အပေါက်ဖောက်ပြလိုက်ချိန်တွင် ကျောက်မျက်ရတနာကုန်သည်များမှာ ရူးမတတ် ဖြစ်ကုန်ကြသည်။
ဤမြပြာကျောက်တုံးကြီးမှာ အရည်အသွေး အလယ်အလတ်သာ ရှိသော်လည်း ဤမျှကြီးမားသော အတုံးကြီးကို ဆွဲကြိုးများလက်စွပ်များ ပြုလုပ်မည်ဆိုပါက ငွေမည်မျှတန်မည်နည်း။
သို့သော် လုပေါင်၏ မျက်လုံးထဲတွင်မူ ဤအရာမှာ အမှိုက်သာသာ သာ ဖြစ်ခဲ့သည်။
ပင်လယ်ရေအောက် ကယ်ဆယ်ရေး ကုမ္ပဏီများ ရေအောက်ရတနာရှာဖွေသူများနှင့် ရေငုပ်ဝါသနာအိုးများမှာ လုပေါင်ရှိနေသည့် နေရာကို သိချင်နေကြသည်။ အရှေ့တွင် ဧရာမပြည်ကြီးငါး ပေါ်လာပုံအရဆိုလျှင် ရေအနက် မီတာ နှစ်ရာကျော်ခန့်သာ ရှိလိမ့်မည်ဟု သူတို့ တွက်ဆနေကြသည်။
ယခုခေတ်မီ ရေငုပ်ကိရိယာများဖြင့် မီတာ နှစ်ရာကျော် အနက်ကို ကျွမ်းကျင်သူ မည်သူမဆို ဆင်းနိုင်သည် မဟုတ်ပါလား။
အကယ်၍ သူတို့သာ မြစိမ်းကျောက် တစ်အိတ်စာလောက် ကောက်ယူလာနိုင်ပါက တစ်သက်တာ ချမ်းသာသွားပေလိမ့်မည်။
လုပေါင်သည် ထိုအရာများကို ဂရုမစိုက်ဘဲ ကျောက်တုံးများကို တစ်လုံးမှ မသိမ်းဘဲ ပြန်ပစ်ချထားခဲ့သည်။ တိုက်ရိုက်ထုတ်လွှင့်မှုမှာ မိနစ် ၂၀ ကျော်သွားပြီဖြစ်ပြီး လူကြည့်နှုန်းမှာ ၄.၄ မီလီယံ ရှိနေပြီဖြစ်သည်။ သူသည် အသက်ရှုရန် မည်သည့်အချိန်တွင် အပေါ်သို့ ပြန်တက်ရမလဲဟု စဉ်းစားနေသည်။မဟုတ်လျှင် လူသားတစ်ယောက်အနေဖြင့် ဤအချိန်အတိုင်းအတာသည်အလွန်အမင်း ထူးဆန်းနေပေလိမ့်မည်။
တကယ်လို့ အဆင်မပြေလျှင် နောက်တစ်ခါကျ အောက်စီဂျင်ဘူး သယ်လာသလိုမျိုး ဟန်ဆောင်ရမည်ဟုတွေးမိလိုက်၏။
မြပြာကျောက်များ ပို၍ ပို၍ ပေါ်လာသည်နှင့်အမျှ လုပေါင်သည် နောက်ထပ် ကံစမ်းမဲတစ်ခု ထပ်လုပ်ကာ အလွန်လှပသော မြပြာကျောက်တစ်လုံးကို လက်ဆောင်ထပ်ပေးလိုက်ပြန်သည်။
ကျောက်ဆောင်များကြားရှိ လမ်းကျဉ်းလေးတစ်ခုသို့ ရောက်သောအခါ တစ်စုံတစ်ယောက်က သူ့ကို စူးစိုက်ကြည့်နေသကဲ့သို့ လုပေါင် ခံစားလိုက်ရသည်။ မီတာ တစ်ထောင်အနက်တွင် ပင်လယ်သတ္တဝါ အများအပြား မရှိနိုင်သဖြင့် ၎င်းမှာ မည်သည့်အကောင်ဖြစ်နိုင်မည်နည်း။
လုပေါင်သည် ဂရုမစိုက်ဘဲ ထောင့်ချိုးတစ်ခုရှိရာသို့ တဖြည်းဖြည်း ချဉ်းကပ်သွားလိုက်သည်။ထိုထောင့်ချိုး၏ အလွန်တွင် ကမ္ဘာသစ်တစ်ခု ရှိနေနိုင်သည်။
သို့သော် တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်နေသူများမှာမူ ထူးခြားသောအရာတစ်ခုကို မြင်လိုက်ရသည်။ ဗီဒီယိုထဲတွင် လုပေါင်၏ နောက်ဘက် ကျောက်ဆောင်ကြားမှ အနက်နှင့် အနီရောင် ရောယှက်နေသော ခေါင်းကြီးတစ်လုံး ဖြည်းဖြည်းချင်း ပေါ်လာသည်။ ထိုခေါင်းမှာ အလွန်ကြီးမားပြီး ပြားချပ်နေကာ နီရဲသော မျက်လုံးများမှာ ရေအောက်တွင် တဖျတ်ဖျတ်တောက်ပနေသည်။
၎င်း၏ ခန္ဓာကိုယ်မှာ ဖြည်းဖြည်းချင်း လုပေါင်ရှိရာသို့ ကူးခတ်လာပြီး အစိတ်အပိုင်းတစ်ခုချင်းဆီပေါ်ထွက်လာသည်။
လုပေါင်က သတိမထားမိသော်လည်း ပရိသတ်များက မြင်လိုက်ကြပြီ။
“ဘုရားရေ... အဲဒါ ဘာကြီးလဲ မြွေကြီးလား။”
“လန့်လိုက်တာ။”
“ရတနာနတ်ဘုရား... သတိမထားမိသေးဘူး။”
“အို... ဘုရားရေ မြန်မြန် နောက်ကို လှည့်ကြည့်ပါဦး”
“သွားပြီ... သွားပြီ... ရတနာနတ်ဘုရားတော့ ဒီတစ်ခါတကယ်ပြီးပြီ။ ဒါက ရှားပါးလှတဲ့ ပင်လယ်မြွေဟောက်ကြီးပဲ။”
“ဒါက ကျောက်မျက်ရတနာတွေကို စောင့်နေတဲ့ သတ္တဝါကြီးလား။ရတနာတွေရှိတဲ့နေရာမှာ ထူးဆန်းတဲ့ အစောင့်အရှောက်တွေ ရှိတတ်တယ်လို့ ငါကြားဖူးတယ်။ဒီကောင်ကြီးကတကယ်ကြီးတာပဲ။”
“မြန်မြန် လှည့်ကြည့်စမ်းပါ။”
“Streamer တော့ အစားခံရတော့မယ်။အဲဒီကောင်က သူ့ကို ပစ်မှတ်ထားလိုက်ပြီထင်တယ်။”
ဤပင်လယ်မြွေဟောက်ကြီးတွင် အနက်နှင့် အနီရောင်ရောနေသော ခေါင်းကြီးရှိပြီး အနီနှင့် အနက်ရောင် အကြေးခွံများမှာ ပြားချပ်သော ခန္ဓာကိုယ်နှင့်အတူ အလွန်ပင် ကြောက်မက်ဖွယ် ကောင်းလှသည်။ ၎င်းသည် ကူးခတ်နေသော လုပေါင်ကို စိုက်ကြည့်ရင်း ဖြည်းဖြည်းချင်း ချဉ်းကပ်လာနေသည်။
ဤအရာမှာ ပင်လယ်အောက်ခြေတွင် နေထိုင်သော ဧရာမ သတ္တဝါကြီး ဖြစ်သဖြင့် မည်သူမှမမြင်ဖူးသလိုဖြစ်နေ၏။၎င်း၏ ခန္ဓာကိုယ်အရှည်မှာ ၁၀ မီတာနီးပါး ရှိပြီး အကြေးခွံများမှာလည်း အလင်းရောင်ထွက်နေပြီးတ ဖျတ်ဖျတ်တောက်နေသည်။
စူပါ live eye က လုပေါင်နောက်သို့ လိုက်နေသဖြင့် မကြာမီမှာပင် မြွေဟောက်ကြီးမှာ live မြင်ကွင်းမှ ပျောက်ကွယ်သွားသည်။
“လှည့်ကြည့်စမ်းပါကွာ။”
အစိုးရိမ်ဆုံးလူမှာလုလင်းဟွာ ဖြစ်သည်။ လုပေါင် တစ်ခုခုဖြစ်သွားပါက သူ၏ လုပ်ငန်းမှာ ချက်ချင်း ပြိုလဲသွားပေလိမ့်မည်။ ယခုတက်လာသော လူသန်းပေါင်းများစွာမှာ လုပေါင်ကြောင့် ရောက်လာကြခြင်းပင်ဖြစ်၏။
အန်နာဘဲလ်တို့အဖွဲ့မှာလည်း အသက်ရှုဖို့ပင် မေ့နေကြသည်။
လုပေါင်၏ အာရုံခံစားမှုမှာ အားကောင်းနေဆဲ ဖြစ်သည်။ တစ်ခုခု မှားယွင်းနေသည်ကို ခံစားလိုက်ရသဖြင့် သူ နောက်သို့ လှည့်ကြည့်လိုက်ရာ ကူးခတ်လာနေသော ပင်လယ်မြွေဟောက်ကြီးကို အကောင်လိုက်ကြီးမြင်လိုက်ရသည်။ သူသည် ကြောင်သွားပြီး ခေါင်းကို ကုပ်လိုက်မိသည်။
“ဒီလိုအကောင်မျိုးက ဘယ်လိုလုပ် ဒီမှာ ရှိနေတာလဲ။”
မနေ့ညက လာတုန်းက သူ မတွေ့ခဲ့မိပေ။ ဒီကျောက်ဆောင်ကြားထဲမှာ ဒီလို အကောင်ကြီး ပုန်းနေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
စနစ် က ဘာကြောင့် ဒီလိုအကောင်မျိုးအတွက် လက်မှတ်ထိုးဝင်ဖို့တာဝန်မပေးသနည်း။ ဒါဟာဝံပုလွေအုပ်တွေ ကျားတွေ ဒါမှမဟုတ် နှစ်တစ်ထောင် လိပ်ကြီးထက်ပင်ပိုပြီး ရှားပါးလေသည်။
သူ့မှာ ပင်လယ်ဘုရင် ခန္ဓာကိုယ် ရှိနေသဖြင့် ပင်လယ်သတ္တဝါများကို ကြောက်စရာ မလိုသည့်အပြင် ရွှေရောင် ရင်းနှီးမှုစွမ်းရည်လည်း ရှိနေသေးသည်။
မျက်နှာပြင်ပေါ်တွင် ထွက်ပြေးရန် အော်ဟစ်နေကြသူများကို မြင်သောအခါ လုပေါင်က သူ အဆင်ပြေကြောင်း လက်ဝေ့ယမ်းပြလိုက်သည်။
ပင်လယ်မြွေဟောက်ကြီး ရောက်လာပြီဖြစ်သည်။၎င်းသည် အလွန်နှေးကွေးစွာ ကူးခတ်လာပြီး နီရဲသော မျက်လုံးများဖြင့် လုပေါင်ကို စိုက်ကြည့်နေ၍ ဧရာမ ခန္ဓာကိုယ်ကြီးမှာ လုပေါင်နှင့် လက်တစ်ကမ်း အကွာသို့ ရောက်ရှိလာခဲ့သည်။
လုပေါင်သည် စပ်စုချင်စိတ်ဖြင့် လက်လှမ်းကာ ၎င်းကို ထိတွေ့လိုက်ရာ အလွန်အေးစက်သော အထိအတွေ့ကို ခံစားလိုက်ရသည်။
“ဟင် မင်းကရေခဲတုံးကြီး တစ်တုံးလိုပဲ။”
“သူ... သူ... သူက ထိလိုက်တာလား။”
အောဒရစ်ချ်၏ အသံမှာ တုန်ရီနေသည်။ထိုလူသည် ရူးနေသောကြောင့် ယခုလိုအခြေအနေမျိုးတွင် ထွက်ပြေးခြင်းမရှိဘဲ ထိုအကောင်ကြီးကို ထိရဲ၏။နောက်ထပ် မြင်ကွင်းမှာ လူတိုင်းကို ပိုပြီး မှင်သက်သွားစေခဲ့ပြန်သည်။
မြွေဟောက်ကြီးသည် အထိတွေ့ခံရပြီးနောက် လုပေါင်ကို တိုက်ခိုက်ခြင်း မရှိသည့်အပြင် ၎င်း၏ ခန္ဓာကိုယ်ကြီးနှင့်လုပေါင်ဆီသို့ တိုးကပ်လာသည်။ ခေါင်းကြီးကိုလည်း လုပေါင်၏ ရှေ့သို့ ဖြည်းဖြည်းချင်း ထိုးပေးကာ သူ့ကို စပ်စုသော မျက်လုံးများဖြင့် ခေါင်းလေးစောင်းကာ ကြည့်နေသည်။
“အမလေး... ကြည့်ရတာ တစ်မျိုးလေး ချစ်စရာကောင်းနေသလိုပဲ။”
ဤမြွေကြီးမှာ အမ ဖြစ်ပုံရသည်ဟု လုပေါင် တွေးလိုက်သည်။ ၎င်း၏ ပုံစံမှာ ကြောက်စရာ ကောင်းသော်လည်း မိန်းမသားဆန်သော အပြုအမူများရှိနေပြီး ဒါပေါင် နှင့် နှင်းလုံးလေးတို့ကဲ့သို့ပင် သူ့ကို ခေါင်းလေးစောင်းကာ ကြည့်တတ်သည်။
လုပေါင်သည် ခဏစဉ်းစားပြီးနောက် လူတိုင်း၏ အံ့အားသင့်နေသော အကြည့်များအောက်တွင် မြွေဟောက်ကြီး၏ ပါးစပ်ကို လက်ဖြင့် ဆွဲဖြဲကြည့်လိုက်သည်။
ပါးစပ်ကြီး ပွင့်လာသောအခါ လုပေါင်က အပေါ်အောက် သေချာကြည့်လိုက်သည်။ အဆိပ်စွယ်များ မရှိသည်ကို တွေ့လိုက်ရသဖြင့် သူ စိတ်အေးသွားသည်။ သူသည် ပါးစပ်ကို လွှတ်လိုက်ပြီး မြွေကြီးကို ပွတ်သပ်ပေးလိုက်သည်။သူသည်အဆိပ်ရှိသောအစွယ်ကိုသာကြောက်နေခြင်းဖြစ်သည်။ တစ်ချက်ကိုက် အသက်ပျောက်နိုင်သောကြောင့်ဖြစ်လေသည်။
မှောင်မည်းနေသော ကျောက်ဆောင်ကြားထဲတွင် အလင်းရောင်လေး တစ်ခုကို တွေ့လိုက်ရသည်။၎င်းမှာ မြွေဟောက်ကြီး၏ အသိုက် ပင်ဖြစ်ပေလိမ့်မည်။ သူသည် မြွေကြီးကို အချက်ပြကာ အထဲသို့ မြန်မြန် ကူးဝင်သွားသည်။
ကျောက်ဆောင်ကြား လမ်းမှာ အလွန်ကျယ်ဝန်းပြီး အထဲသို့ ရောက်သွားသောအခါ ပို၍ပင် ကျယ်ပြန့်သွားသည်။ ဤနေရာတွင် တန်ဖိုးရှိသော မြပြာကျောက် အချို့မှာ အလင်းရောင်များဖြင့် တောက်ပနေပြီး မြွေအရေခွံဟောင်းများလည်း မြေပြင်အနှံ့ ရှိနေကြသည်။
အချို့က သေးငယ်ပြီး အချို့က ကြီးမားလှသည်။၎င်းတို့မှာ မြွေဟောက်ကြီး လဲထားသော အရေခွံများ ဖြစ်သည်မှာ ထင်ရှားလှပေသည်။
ထို့အပြင် ထူးဆန်းသော ပုံစံရှိသည့် အရိုးအချို့ကိုလည်း တွေ့ရသည်။ လုပေါင် မှတ်မိသည့် အရိုးတစ်ခုမှာ ဧရာမပြည်ကြီးငါး၏ နှုတ်သီးအရိုး ဖြစ်သည်။
“သနားစရာပဲ ဒီပြည်ကြီးငါးတွေက ပင်လယ်သတ္တဝါကြီးတွေအတွက်တော့ ဘူဖေး စားသောက်ဆိုင်လို ဖြစ်နေတော့တာပဲ။ ဝေလငါးတွေကလည်း စားတယ်။အခု မီတာ တစ်ထောင်အနက်က မြွေဟောက်ကြီးကလည်း သူ့ကိုစားတာပဲ။”
“ဟင်...”
လုပေါင်သည် ပျက်စီးနေသော သေတ္တာအချို့နှင့် ငွေတုံများ မြေပြင်ပေါ်တွင် ပြန့်ကျဲနေသည်ကို တွေ့လိုက်ရသဖြင့် အံ့သြသွားသည်။ ၎င်းတို့ ဤနေရာတွင် ရှိနေသည်မှာ အလွန်ကြာပုံရပြီး ငွေတုံးအတော်များများမှာ ရွှံ့နွံများအောက်တွင် နစ်မြုပ်နေပြီဖြစ်သည်။ ဤသေတ္တာများကို သူ ရင်းနှီးနေသည်။၎င်းတို့မှာ နစ်မြုပ်နေသော သင်္ဘောပျက်ထဲမှ ငွေတုံးသေတ္တာများနှင့် အမျိုးအစားတူပင် ဖြစ်သည်။
“ဒီမြွေကြီးက ဒီလိုပစ္စည်းတွေကို စုဆောင်းရတာ ဝါသနာပါတာလား။”
သူ ဟိုဟိုဒီဒီ မွှေနှောက်ကြည့်ရာရွှေရောင်များ တဖျတ်ဖျတ်တောက်ပနေသော ရွှေတုံးအချို့ကို တွေ့လိုက်ရပြန်သည်။ဤရွှေတုံးများမှာ မပျက်စီးသေးသော သေတ္တာအသေးလေး တစ်လုံးထဲတွင် ရှိနေခြင်းဖြစ်သည်။ ထိုသေတ္တာလေး၏ အောက်တွင် ပြားချပ်သော သားရေစတစ်ခုကို တွေ့လိုက်ရသဖြင့် လုပေါင်၏ မျက်လုံးများ ချက်ချင်း တောက်ပသွားသည်။
သူသည် ၎င်းကို ဂရုတစိုက် ထုတ်ယူလိုက်သည်။ ဤနေရာတွင် အောက်စီဂျင် မရှိသဖြင့် သားရေစမှာ မပျက်စီးဘဲ ရှိနေခြင်းဖြစ်သည်။ သူ ဖြည်းဖြည်းချင်း ဖွင့်ကြည့်လိုက်ရာ အထဲတွင် အဝါရောင် မျက်နှာဖုံးနှင့် စာအုပ်တစ်အုပ်ကိုသာ တွေ့လိုက်ရသည်။စာအုပ်မှာ အလွန်ပါးလွှာလှသည်။
“အဖိုးတန် နန်းတွင်း ဟင်းချက်နည်းမှတ်တမ်း....ဟင်းချက်နည်းစာအုပ်လား။
လုပေါင်သည် ၎င်းကို မလှန်ကြည့်ဘဲ သားရေစနှင့်အတူ သူ၏ အိတ်ထဲသို့ တန်းထည့်လိုက်သည်။
“ဟစ်စ်... ဟစ်စ်...”
မြွေဟောက်ကြီးက ခေါင်းပြူထွက်လာပြီး သူ့ကို ကြည့်လိုက်သည်။ထို့နောက် မြေပြင်ပေါ်က ငွေတုံးတွေကို ငုံ့ကြည့်သည်။
လုပေါင်သည် ရွှေတုံးအချို့ကို ကောက်ယူလိုက်၍သူ၏ ကျောပိုးအိတ်ထဲသို့ ထည့်လိုက်သည်။ ဤရွှေတုံးများသည် အလွန်တန်ဖိုးရှိသည်။ရွှေအဖြစ် ပြန်ရောင်းလျှင်ပင် ငွေအများကြီး ရနိုင်သည်။
“တောက်... သူကတော့ တကယ့် လာဘ်နတ်ဘုရားဝင်စားတာပဲ။”
“ကြည့်လေ ဒေါသထွက်လေပဲ။ မြွေကြီးရယ်... သူ့ကို မြိုချလိုက်စမ်းပါ။”
“တောက်... သူက ဘယ်လိုလုပ် ရတနာသိုက်တွေကို ဒီလောက်တောင် ရှာတွေ့နေရတာလဲ။ရွှေတွေ သိမ်းရလွန်းလို့ လက်တွေတောင် နာနေလောက်ပြီ။”
“သူ့အိမ်မှာထားစရာနေရာရောရှိသေးရဲ့လား။”
တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်နေသော ပရိသတ်များမှာ မနာလို ဖြစ်နေကြသည်။
ရွှေတုံးတွေ မျောက်အရက်တွေ ဝေလငါးအန်ဖက်တွေ ကျောက်မျက်သတ္တုတွင်းတွေစသည်တို့ကို ပိုင်ဆိုင်နိုင်နေသည်။ထိုသူသည်အမှန်စင်စစ် လာဘ်နတ်ဘုရား ဝင်စားခြင်းပင်ဖြစ်ရလိမ့်မည်။
***