ခြံစည်းရိုးခတ်ထားသော ဝင်းထဲတွင် တိရိစ္ဆာန်လေးများ စုံလင်လှသည်။ ကြက်ကလေး ဘဲကလေး ဆယ်ကောင်ကျော်လောင်မှာ အစာရှာရင်း ပြေးလွှားနေကြပြီး ဟင်းသီးဟင်းရွက်ခင်း အချို့ကို ထိုကြက်ဘဲများ ဖျက်ဆီးခြင်းမှ ကာကွယ်ရန် ဝါးခြမ်းပြားများဖြင့် ကာရံထားသည်။
သစ်ပင်များပေါ်တွင်မူ ချိုးငှက်အချို့က ကူးကူး ဟုအော်မြည်နေကြသည်။
လုပေါင်သည် သူ၏ပစ္စည်းများကို အိမ်ထဲသို့ သယ်သွားစဉ် နောက်ဘက်မှ အဘွားဖြစ်သူက ဖုန်းထဲတွင် လုပိုင်ဟောက်ကို ဆူပူနေသည့်အသံကို ကြားနေရသည်။
“အဘိုး”
အဘိုးဖြစ်သူမှာ ထိုင်ခုံစောင်းပေါ်တွင် လဲလျောင်းကာ ယပ်တောင်လေးခတ်ရင်း နှစ်ခြိုက်စွာ အိပ်ပျော်နေသည်ကို တွေ့သဖြင့် လုပေါင်က အနားသွား၍ လှမ်းခေါ်လိုက်သည်။
“ဟင် ဪ... ငါ့မြေးကြီးတောင် ပြန်လာပြီပဲ။”
အဘိုးကမျက်လုံးဖွင့်ကြည့်ပြီး အမြန်ပင် အိပ်ရာမှ ထကာ
“မင်းအဘွားက မင်းကြိုက်တဲ့ ဝက်သားချက် ချက်ထားတယ် အေးကုန်ပြီလားမသိပါဘူး။ သူ ဘယ်ရောက်နေတာလဲ။ မြန်မြန်... ဟင်းတွေ ပြန်နွှေးခိုင်းဦး ကြားလား။”
“ခဏစောင့်ပါဦး။”
အဘွားဖြစ်သူမှာ ယခုအချိန်တွင် အတော့်ကို စိတ်တိုနေဆဲဖြစ်သည်။
“ဝုန်းး”
တံခါးဝုန်းခနဲ ပွင့်သွားပြီး ခွေးမဲလေး က အမြီးလေးတယမ်းယမ်းဖြင့် ပျော်ရွှင်စွာ ခုန်ဝင် လာရာ အဘွားဖြစ်သူက စိတ်တိုတိုဖြင့် တံမြက်စည်းရိုးကို ကောက်ကိုင်ကာ လိုက်ရိုက်တော့သည်။
ပြီးခဲ့သည့်တစ်ခေါက်လာတုန်းကတောင် မျက်နှာဝိုင်းလေး သည် တံခါးနောက်မှာ ရပ်နေစဉ် ဤခွေးက ဝင်တိုက်လိုက်သဖြင့် လဲကျကာ ခေါင်းတွင် အဖုကြီး ထွက်သွားခဲ့ဖူးသည်။ သို့သော် ဤခွေးမှာ အမှတ်မရှိသေးပေ။
ဒါပေါင် သည် ပျော်ရွှင်စွာ ပြေးဝင်လာသော်လည်း ခြံထဲတွင် တံမြက်စည်းဖြင့် အလိုက်ခံနေရသော ခွေးမဲလေးကို မြင်၍ ကြောက်ကြောက်လန့်လန့်နှင့်နောက်ဆုတ်သွားတော့သည်။
“ဝုတ် ဝုတ်”
ခွေးမဲလေးသည် အမြီးကို ကုတ်ကာ လုပေါင်၏ နောက်တွင် ပုန်းရင်း အကူအညီ တောင်းနေရှာသည်။
“ထွက်သွားစမ်း။”
ကျေးလက်ဒေသက တကယ်ကို နေလို့ကောင်းဆဲပင်ဖြစ်သည်။လုပေါင်က ခွေးကို ခပ်ဆတ်ဆတ် နှစ်ချက် ပုတ်လိုက်သည်။ အာ... ဒီအထိအတွေ့က တကယ်ကို လွမ်းစရာကောင်းလှသည်။
“ဝုတ်” (မင်းမှာ ယဉ်ကျေးမှု မရှိဘူးလား)
ဝက်သားနီချက် တစ်ပွဲကိုအဘိုးက ကျန်းမာရေးအရ မစားနိုင်သဖြင့် လုပေါင်နှင့် ခွေးနှစ်ကောင်ကသာ ဗိုက်ပြည့်အောင် စားလိုက်ကြသည်။
“ဒီကြက်တူရွေးကို မရောင်းနဲ့နော်။ ဘယ်လောက်ပဲ ပေးပေး မရောင်းနဲ့။ သေချာကြည့်ထားဦး။ပျောက်မသွားစေနဲ့ကြားလား။”
အဘိုးဖြစ်သူသည်နှင်းလုံးလေးကို သဘောကျသွားပြီး လုပေါင်ကို သေချာမှာကြားနေသည်။
“သိပါတယ် အဘိုး။ ခုနက သိုးကျောင်းတဲ့ အဖိုးက ပြောတယ်။ဒီရက်ပိုင်း တောင်ပေါ်မှာ မအေးချမ်းဘူးတဲ့။ ဘာတွေ ဖြစ်နေတာလဲ။”
လုပေါင်သည် စနစ်မှ ပေးထားသော အထူးတာဝန်ကို သတိရသွားသည်။
“လွန်ခဲ့တဲ့ ရက်ပိုင်းက လူတစ်စု တောင်ပေါ်ကနေ ညသန်းခေါင်ယံအချိန်မှာ ဆင်းလာကြတယ်။နှစ်ယောက်တောင် သေသွားတယ်တဲ့။ တောလိုက်ရင်းနဲ့ ဝက်ဝံမဟုတ်ရင် ဝံပုလွေအုပ်နဲ့ တိုးတာ ဖြစ်မှာပါ။”
အဘိုးက ပြောရင်း နှင်းလုံးလေးကို စနောက်နေသည်။နှင်းလုံးလေးကလည်း အဘိုးကို ရန်မမူဘဲ အလိုက်သင့် နေနေသည်မှာ အံ့သြစရာပင်။
“ဘာတောလိုက်တာလဲ။အဲဒါ သင်္ချိုင်းခိုးဖောက်တဲ့သူတွေပါအေ။”
အဘွားကလုပေါင်ကို မင်းကွတ်သီးတစ်လုံး ကမ်းပေးရင်း ဝင်ပြောသည်။
“မင်းအဘိုးက မျက်စိမှုန်နေတာ။ အဲဒီလူတွေ သယ်လာတဲ့ ပစ္စည်းတွေက တောလိုက်တဲ့ ပစ္စည်းတွေ မဟုတ်ဘူး။ ရွာက တောလိုက်အဖွဲ့တွေ ဘယ်လိုပုံစံလဲဆိုတာ လူတိုင်း သိတာပဲ။ သူတို့က သင်္ချိုင်းခိုးဖောက်သူတွေ ပဲ။”
“မင်းကပဲ အကုန်လုံး သိနေတော့တာပဲ။”
အဘိုးကပြန်တုပပြောသည်။
“ဒါ ပထမဆုံးအကြိမ်မှ မဟုတ်တော့တာ။”
အဘွားက လုပေါင်ဘေးမှာ ပါးစပ်ကြီးဖြဲပြီး မင်းကွတ်သီး တောင်းနေသော ခွေးမဲလေးကို ရိုက်ထုတ်လိုက်သည်။ ဤခွေးမှာ အကုန်စားတတ်သည့် အကောင်မျိူးပင်ဖြစ်သည်။
“တောင်ပေါ်မှာ တကယ်ပဲ ရှေးဟောင်းသင်္ချိုင်းတွေ ရှိတာလား။”
လုပေါင်၏ မျက်လုံးများ တောက်ပသွားသည်။ ရွာက လူကြီးတွေ ပြောတာ သူ ကြားဖူးသည်။
“မရှိပါဘူးအေ... ဘယ်က မျက်စိကန်းနေတဲ့ ဗေဒင်ဆရာက ပြောလိုက်လဲမသိဘူး။ငါတို့ရွာက မြေကောင်းရေကောင်း ရှိတဲ့ နေရာတဲ့။ ရှေးဧကရာဇ်တွေသာ သင်္ချိုင်းလုပ်မယ်ဆိုရင် ဒီနေရာကို ရွေးမှာတဲ့။ အလကား လျှောက်ပြောနေတာ။ ဝက်တွေ ဝက်နာကျ ကြက်တွေ ကြက်တုပ်ကွေးမိနေတဲ့ ဒီလို ကျိန်စာသင့်တဲ့နေရာက မြေကောင်းရနိုင်ပါ့မလား။”
အဘိုးက နှာခေါင်းရှုံ့သည်။ သူ တစ်သက်လုံး နေလာတာ ဘာရတနာမှ မတွေ့ဖူးပေ။ ထူးဆန်းပြီး ကြောက်စရာကောင်းတဲ့ အရာတွေသာ ခဏခဏ ဖြစ်နေတတ်သည်။
“ငါတို့တွေက ကံမပါလို့ ခံစားခွင့် မရတာလည်း ဖြစ်နိုင်တာပဲ။”
ဒါပေါင်၏ အမွှေးများကို ပွတ်ပေးရင်း အဘွားက ရုတ်တရက် ပြောလိုက်သည်။
“အယူသီးတာတွေပါ။”
အဘိုးကတော့မယုံပေ။
လုပေါင်၏ စိတ်ထဲတွင်မူ အဘွားပြောတာ အဓိပ္ပာယ်ရှိသည်ဟု ခံစားလိုက်ရသည်။
“အဘွား... တောင်ပေါ်မှာ တောင်စောင့်နတ်ကျောင်း ရှိလား။”
စနစ်၏ မြေပုံအရ ဤနေရာမှ မိုင် ၃၀ မပြည့်သော နေရာတွင် နတ်ကျောင်းရှိသည်။ သို့သော် သူ ရွာသားများနှင့် တောလိုက်ဖူးစဉ်က ထိုနေရာသို့ ရောက်ဖူးသော်လည်း ဘာမှမရှိသော ကွင်းပြင်သာ ဖြစ်သည်။ အကယ်၍ နတ်ကျောင်းရှိလျှင် ဘာလို့ မမြင်ရသနည်း။
“တကယ်တော့အရင်က ရှိခဲ့ဖူးတယ်။”
အဘိုးကခဏစဉ်းစားပြီး ပြန်ပြောသည်။
“မြေး ဘယ်လိုသိတာလဲ။လွန်ခဲ့တဲ့ နှစ်ပေါင်း ငါးဆယ်တုန်းက ရွာက တောလိုက်အဖွဲ့ ပြန်လာတော့ မိုးခိုရင်းနဲ့ တောင်စောင့်နတ်ကျောင်း တစ်ခုကို တွေ့ခဲ့တယ်တဲ့ အဲဒီမှာ တစ်ညတောင် အိပ်ခဲ့သေးတယ်ပြောတယ်။ နောက်ပိုင်း ငလျင်လှုပ်တော့ အဲဒီနတ်ကျောင်း ပျောက်သွားတယ်ထင်တာပဲ။”
“ဒါကို ဘာလို့ မေးတာလဲ။”
အဘွားကသတိဝင်လာပြီး
“တောင်ပေါ်ကိုတော့ လုံးဝ မသွားရဘူးနော်အရမ်း အန္တရာယ်များတယ်။”
“ဒီအတိုင်း မေးကြည့်တာပါ အဘွားရယ်။”
လုပေါင်က မင်းကွတ်သီးကို ပါးစပ်ထဲ ထည့်လိုက်ပြီး အခွံကိုခွေးမဲလေး ပါးစပ်ထဲသို့အတင်းထည့်ပေးလိုက်ကာ
“အဘိုးနဲ့အဘွား... ကျွန်တော် နောက်ဖေးက ကြက်တွေကို အစာသွားကျွေးလိုက်ဦးမယ်။ ဒီရက်ပိုင်း ကြက်တွေကို အစာမကျွေးနဲ့ဦးနော်။ကျွန်တော်ပဲ ကျွေးမယ်။”
သူ့လက်ထဲတွင် နန်းတွင်းဟင်းချက်နည်းမှတ်တမ်း ရှိနေသည် မဟုတ်ပါလား။ ဒါကို မစမ်းသပ်ဘဲ နေရင် နှမြောစရာကြီးပင် ဖြစ်ပေလိမ့်မည်။
***