အဖိုးအိုနှင့် အဘွားအို နှစ်ဦးစလုံးမှာ ဆူညံ၍လူစည်ကားနေသည် ကို နှစ်သက်ကြသည်။ အထူးသဖြင့် စကားလိုက်ပြောတတ်သည့် ကြက်တူရွေးကလေးနှင့် အိမ်ကို ဂျွမ်းပျံအောင် ဆော့ကစားတတ်သည့် ခွေးနှစ်ကောင်ကြောင့် အိမ်ကလေးမှာ ပို၍ သက်ဝင်လှုပ်ရှားနေတော့သည်။
ညဉ့်အတော်နက်မှသာ အရာအားလုံး ငြိမ်သက်သွားတော့သည်။
“မအိပ်ကြနဲ့ဦးလေ စောစောကမှ အားအင်တွေ ပြည့်လျှံနေတာ မဟုတ်ဘူးလား။”
လုပေါင်သည် အိပ်ချင်မူးတူး ဖြစ်နေသော ဒါပေါင်ကို ပုတ်လိုက်ပြီးနောက် ခွေးမဲလေး ကိုလည်း သွားပုတ်လိုက်သည်။
“မင်းတို့နှစ်ကောင် စောစောက သောင်းကျန်းနေကြတာ မဟုတ်လား။ထကြစမ်းပါဦး ဆော့ကြဦး။”
“ဝုတ် ဝုတ်”
ခွေးမဲလေးက ကုတင်အောက်သို့ ပိုတိုးဝင်သွားပြီး ပါးစပ်ကိုဖြဲ၍ သန်းကာ ပြန်အိပ်ပျော်သွားတော့သည်။
ဒါပေါင်ကတော့ သူ့သခင်လေးကို ကြည့်ပြီး အပြစ်ကင်းစင်စွာဖြင့် နှာချေပြလိုက်သည်။
သခင်လေးကတော့ ခွေးတောင် မလုပ်တဲ့အလုပ်တွေ လျှောက်လုပ်နေပြီ ကျွန်တော်တို့ထက်တောင် ပိုပြီး ခွေးဆန်နေပါလား။
လုပေါင်က နှင်းလုံးလေးကို သွားနှောက်ယှက်ပြန်ရာ ငှက်ကလေးက တတွတ်တွတ်နှင့် အကြာကြီး ပြန်ဆဲနေတော့သည်။
“ဝု ဝု ဝု”
မနက်စောစောတွင် လုပေါင်သည် သူ၏ စောင်ကြီး ပျောက်ဆုံးသွားသလို ခံစားလိုက်ရသည်။ မျက်လုံးဖွင့်ကြည့်လိုက်ရာ ခွေးမဲလေးက စောင်ကို တရွတ်တိုက် ဆွဲသွားနေပြီး ဒါပေါင်ကတော့ တံခါးဝတွင် ပုန်းကာ ခိုးကြည့်နေသည်ကို တွေ့လိုက်ရသည်။
“တောက်... ဒါပေါင်ရဲ့ ခိုင်းဖတ် ပြန်ဖြစ်သွားပြီ။”
လုပေါင်ကစောင်ကို ပြန်ဆွဲယူပြီး ခွေးမဲလေးကို ခပ်ဆတ်ဆတ် ရိုက်လိုက်သည်။
ဒါပေါင်ရဲ့ IQ ကတော့ တကယ်ကို မြင့်လွန်းလှသည်။
သူ အိပ်ရာထ မျက်နှာသစ်၍ ကြက်ဘဲများကို အစာကျွေးပြီးနောက် မနက်စာချက်ရန် မီးဖိုချောင်သို့ ဝင်ခဲ့သည်။ အဘိုးနှင့် အဘွားအပြင် အစားကြီးသည့် ခွေးနှစ်ကောင်ကလည်း စောင့်နေကြသည် မဟုတ်လား။
တစ်မနက်လုံး သူ အလုပ်များနေခဲ့သည်။
“မြေးလေး... နေ့လယ်စာ ဘာစားချင်လဲ။အဘွားကို ဈေးသွားဝယ်ခိုင်းလိုက်မယ်လေ။”
အဘိုးဖြစ်သူမှာအသက်ကြီးလာသည်နှင့်အမျှ ပို၍ ပျင်းရိလာပြီး အစားအသောက်ကိုသာပိုမက်လာခဲ့သည်။ အဘိုး၏ ကျန်းမာရေးက သိပ်မကောင်းသဖြင့် အဘွားကသာ အိမ်မှုကိစ္စအဝဝကို လုပ်ကိုင်ပေးနေရခြင်း ဖြစ်သည်။
“နေ့လယ်ကျရင် ငါးစွပ်ပြုတ် ချက်ပေးမယ် အဘိုး။ ဒီရက်ပိုင်း မိုးသည်းထားတော့ တောင်ကျစမ်းချောင်းထဲမှာ ရေတက်နေလောက်ပြီ။ ကျွန်တော် သွားဖမ်းပေးမယ်။”
အိမ်မှာဆိုလျှင် သူသာ အချက်အပြုတ် လုပ်လေ့ရှိသည်။ အဘိုးအဘွားများ၏ လက်ရာက တစ်ခါတလေ သန့်ရှင်းမှု အားနည်းတတ်သည် မဟုတ်ပါလား။
သိုသော်ဒါကို သူတို့ရှေ့မှာ တည့်တည့်ကြီး ပြောလို့တော့ မဖြစ်ပေ။
“ကောင်းတာပေါ့။ ဂဏန်းလေးတွေရော ရမလား ရှာဖမ်းခဲ့ဦး။အခုချိန်က အသားသိပ်မပြည့်သေးပေမဲ့ ဩဂုတ် စက်တင်ဘာလောက်ဆိုရင်တော့ အကောင်းဆုံးပဲ။”
အဘိုးက ပျော်ရွှင်စွာ ရယ်မောရင်း ပြောသည်။လုပေါင်သည် ဝါးခြင်းတစ်လုံးနှင့် ငါးဖမ်းလှံကို ကိုင်ကာ တောင်ပေါ်သို့ တက်လာခဲ့သည်။ သူ့ခေါင်းပေါ်တွင် အမွှေးအတောင်များကို ပြင်ဆင်နေသည့် ကြက်တူရွေးကြီး ရှိနေပြီး သူ့နောက်တွင်မူ မောက်မာဝင့်ကြွားသော အမူအရာဖြင့် ခွေးအူကြောင်ကြောင် နှစ်ကောင် လိုက်ပါလာကြသည်။
မိုးရာသီရောက်တိုင်း အနောက်ဘက်တောင်က စမ်းချောင်းထဲတွင် ရေတက်လေ့ရှိပြီး အသားပြည့်သောငါးများလည်း တစ်ခါတရံ ကူးခတ်သွားလာတတ်ကြသည်။
လွန်ခဲ့သည့် နှစ်နှစ်အတွင်း ငါးချိုဈေးက အတော်လေး ကျဆင်းသွားခဲ့သည်။ အရင်က ဤရာသီတွင် ငါးဖမ်းရောင်းသည့် ရွာသားများပင် လက်လျှော့ကုန်ကြပြီ။ တစ်နေ့ကုန် ဖမ်းမှ ငါးတစ်ကောင် နှစ်ကောင်ရပြီး ၁၀ ယွမ်လောက်သာ ရတတ်သဖြင့် အချိန်ကုန်ရကျိုး မနပ်ပေ။
သို့သော် လုပေါင်ကတော့ ငါးဖမ်းရသည်ကို အရမ်းဝါသနာပါသည်။ ဘာမှမမိလည်း ကိစ္စမရှိပေ။မိလျှင်လည်း အိမ်သယ်သွားပြီး စွပ်ပြုတ်ချက်သောက်ရုံသာရှိသည်။
တောင်ပေါ်သား တစ်ယောက်အတွက်တော့ အရသာရှိသည့် အရာများက နေရာတိုင်းမှာ ရှိနေတတ်သည်။
မှိုတွေ့ရင် တူးသည်။ တောထွက်သီးနှံတွေ့ရင် ခူးသည်။ဆေးဖက်ဝင်အပင်တွေ့ရင် တူးသည်။တောဇီးသီးပင်တွေ့ရင် ခါချပစ်သည်။
လုပေါင် မျက်စိကျနေသည့် ကင်းမြီးကောက်ကိုဒါပေါင်က ကိုက်စားပစ်လိုက်သဖြင့် လုပေါင် ခွေးကို ရိုက်ချင်စိတ် ပေါက်သွားသည်။ ကင်းမြီးကောက်က နေ့ဘက်ဆို ဖမ်းရခက်သည့်အပြင် တကယ့် အရသာရှိသည့် ဟင်းတစ်ခွက်လည်း ဖြစ်သည် မဟုတ်လား။
“ကြက်စုတ်...”
နှင်းလုံးလေးက သစ်ပင်ပေါ်က တောကြက်တစ်ကောင်ကို လှမ်းအော်လိုက်သည်။ လုပေါင်က ကျောက်ခဲတစ်လုံးကို အမြန်ကောက်သော်လည်း ပါးနပ်သော တောကြက်က ပျံပြေးသွားပြီဖြစ်သည်။
“မင်း ဘာလုပ်တာလဲ။နောက်ခါကျရင် ငါ့ကို အသာလေး ဆိတ်ပြီး အချက်ပေးလေ။”
လုပေါင်ကမျက်လုံးကို လှန်ကြည့်ရင်း နှင်းလုံးလေးကို ခေါင်းခေါက်လိုက်သည်။ ဒါပေမဲ့ တောကြက်က အခုချိန်မှာ ကာကွယ်ထားတဲ့ တိရစ္ဆာန်စာရင်းဝင် ဖြစ်နေသဖြင့် အမဲမလိုက်တာက အကောင်းဆုံးပင်ဖြစ်သည်။
တောင်ကျစမ်းရေက တသွင်သွင် စီးဆင်းနေသည်။ ခွေးသောက်ပေါ နှစ်ကောင်က စမ်းချောင်းအထက်ပိုင်းမှာ ရေတွေကို နောက်အောင် ဆော့နေကြသည်ကို မြင်တော့ လုပေါင် သူတို့ကို သတ်ပစ်ချင်စိတ် ပေါက်သွားသည်။
“အောက်ဘက်ကို သွားကြစမ်းးးး”
လုပေါင်က စိတ်တိုတိုဖြင့် ကျောက်ခဲတစ်လုံး ပစ်ပေါက်လိုက်သည်။ ခွေးနှစ်ကောင်က သူ့ကို ပြန်စိုက်ကြည့်နေသဖြင့် သူက မျက်လုံးလှန်ပြီး
“မသွားရင် ပြန်ရောက်တဲ့အချိန် ရွှေရောင်ခွေးသံကြိုး နှစ်ချောင်းနဲ့ ဆုချမယ်နော်။”
ထိုအခါမှ ခွေးနှစ်ကောင်က ချက်ချင်း ငြိမ်ကျသွားသည်။ သူတို့ တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ ကုန်းပေါ်တက်ပြီး အောက်ဘက်သို့ ပတ်သွားကြတော့သည်။
“ဒီလိုမှပေါ့။”
“ဒီလိုမှပေါ့...ဂူးး”
နှင်းလုံးလေးကလိုက်အတုခိုးသည်။
စမ်းရေက ကြည်လင်နေသည်။ အခုကတော့ နှင်းလုံးလေး၏ အလှည့်ပင်ငါးရှာရမည်။
လုပေါင်က ကျောက်ဆောင်ကြားတွေထဲမှာ ဂဏန်းအလတ်စားတစ်ကောင်ကို နှိုက်ယူလိုက်ပြီး ဝါးခြင်းထဲသို့ ထည့်လိုက်သည်။
“ဟိုနှစ်ကောင်... ရန်ဖြစ်မနေနဲ့။ငါးသွားရှာကြစမ်းးး”
ငါးအသေးလေးတွေနှင့် ဂဏန်းအနည်းငယ်သာ ရသေးသဖြင့် စွပ်ပြုတ်အတွက် မလောက်သေးပေ။ ထို့ကြောင့် စွမ်းအားများပြည့်နေသော ခွေးနှစ်ကောင်ကို အလုပ်ခိုင်းလိုက်ရခြင်း ဖြစ်သည်။
“ဂူး...”
စနိုးဘောက စမ်းချောင်းအပေါ်ကနေ ပျံဝဲရင်း တဖြည်းဖြည်း ချဉ်းကပ်လာသည်။
နှင်းလုံးလေး သားကောင်တွေ့ပြီဖြစ်သည်။
ထိုအခါ လုပေါင် သွားပြေးကြည့်လိုက်၏။စမ်းချောင်းထဲတွင် ဝါကျင့်ကျင့် အရောင်ရှိသည့် ငါးကြင်းကြီး တစ်ကောင်ကို တွေ့လိုက်ရသည်။ သူ အလွန်ဝမ်းသာသွားသည်။
“နောက်ဆုံးတော့အကောင်ကြီးတစ်ကောင် တွေ့ပြီကွ။”
“ဝု ဝု”
တာပေါင်က ကူညီမည်ဆိုသည့် အမူအရာဖြင့် အမြီးတယမ်းယမ်းနှင့် ပြေးလာသည်။
“ဝုန်းးး”
လုပေါင်၏ ငါးဖမ်းလှံက ရေထဲသို့ ဝုန်းခနဲ ဆင်းသွားသည်။ ငါးကြင်းကြီးမှာ ချက်ချင်းပင် ဗိုက်လှန်သွားပြီး ငြိမ်သက်သွားတော့သည်။
“ဒါက လျှောက်ပြေးလို့ ဒါက စကားနားမထောင်လို့ ဒါက ပြဿနာရှာလို့ နောက်ခါ လုပ်ဦးမလား ဟမ်။”
လုပေါင်ကသူ့လှံနှင့် ရေကို တဗုန်းဗုန်း ရိုက်ပုတ်ကာ ရေတွေ စင်အောင် လုပ်နေသည်။ပြေးလာသော ဒါပေါင်မှာ အမြီးခါယမ်းနေရာမှ ရပ်သွားသည်။ သူက အူကြောင်ကြောင်ဖြင့် ဘေးဘီကို ကြည့်ကာ ဒေါသထွက်နေသော သူ့သခင်လေးကို ခိုးကြည့်နေသည်။
သွားပြီ... သခင်လေးရဲ့ ခွေးရူးပြန်ရောဂါ ထလာပြန်ပြီ။
ခွေးမဲကလေးလည်း ကြောက်သဖြင့် အနားကိုမကပ်ရဲသေးပေ။ကုန်းပေါ်ကနေ မျက်တောင်တခတ်ခတ်ဖြင့် ကြည့်ကာ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားတော့သည်။
စိတ်လွတ်လက်လွတ် လုပ်ပြီးနောက် စိတ်ကျေနပ်သွားသော လုပေါင်က ငါးကြင်းကြီးကို ကောက်ယူလိုက်သည်။ သူက ခွေးနှစ်ကောင်ကို ကြည့်ပြီး အမူအရာဖြင့် ပြလိုက်သည်။
“တွေ့လား စကားနားမထောင်ရင် ဒီလိုဖြစ်မှာ။”
နှင်းလုံးလေးတောင် သစ်ပင်ပေါ်က ဆင်းမလာရဲပေ။ထိုအချိန်မှစ၍ ခွေးနှစ်ကောင်မှာ အတော်လေး လိမ္မာသွားကြသည်။ သို့သော် ငါးဖမ်းရတာကတော့ သိပ်မအောင်မြင်လှပေ။ ၁၁ နာရီလောက်အထိ ငါးဖမ်းခဲ့ရာ လက်ဝါးအရွယ်ရှိသော ငါးအနည်းငယ်သာ ထပ်ရခဲ့သည်။
“ဝုတ်”
ဂဏန်းနှိုက်နေသော လုပေါင်သည် ခွေးနှစ်ကောင်၏ ဟောင်သံကြောင့် အမြန်မတ်တတ်ရပ် ကြည့်လိုက်သည်။
ဤဟောင်သံမျိုးက တစ်ခုခုနှင့် တွေ့နေသည့်ဟောင်သံဖြစ်သည်။
သူ ကြည့်လိုက်ရာ အံဩသွားတော့သည်။ အမည်းရောင် ဝက်ဝံနက်ကလေး တစ်ကောင်က သူရိုက်သတ်ထားသည့် ငါးကြီးကို ကိုက်ပြီး ဆွဲပြေးနေသည်။ ၎င်းက ခွေးနှစ်ကောင်ကိုလည်း မာန်ဖီနေသေးသည်။
“ဝူး ဝူး”
ဝက်ဝံနက်ကလေးက ငါးကြီးကို မလွှတ်တမ်းကိုက်ကာ နောက်ဆုတ်သွားရင်း မာန်ဖီနေသည်။ ၎င်းက တောထဲကိုလည်း မကြာခဏ လှမ်းကြည့်နေသဖြင့် အနီးအနားမှာ ဝက်ဝံမကြီး ရှိနေနိုင်ကြောင်း လုပေါင် သိလိုက်သည်။
လုပေါင် ပြေးသွားလိုက်သည်။ သူ့သခင်လေး ရောက်လာသဖြင့် ခွေးနှစ်ကောင်မှာ သတ္တိတွေ တက်လာပြီး ရှေ့က အမည်းရောင်အကောင်ကို တိုက်ခိုက်ရန် ပြင်ကြတော့သည်။
“မလှုပ်နဲ့။”
လုပေါင်ကအမိန့်ပေးလိုက်သည်။
ခွေးနှစ်ကောင်မှာရပ်သွားပြီး လုပေါင်ကို ကြည့်လိုက်ကြသည်။ တစ်ချိန်တည်းမှာပင် သူတို့နှစ်ကောင်စလုံးက တောအုပ်ထဲသို့ လှမ်းကြည့်လိုက်ကြသည်။
“ရှဲ... ရှဲ..”
ဧရာမ ခေါင်းမည်းကြီး တစ်လုံး ပြူထွက်လာသည်။ဒါပေါင်နှင့် ခွေးမဲကလေးတို့ မျက်လုံး ပြူးသွားကြသည်။
“ဒီတောင်ပေါ်မှာ ဘာတွေ ဖြစ်နေတာလဲ။”
လုပေါင်ကအံ့သြတကြီး လျှောက်သွားလိုက်သည်။ သူက ပညာတွေ တတ်မြောက်ထားသဖြင့် ဝက်ဝံကြီးကို လုံးဝ မကြောက်ပေ။ သူက မျောက်ဘုရင်ကြီးကိုတောင် တိုက်ခဲ့ဖူးတာပဲ။ ထို့အပြင် သူ့၏ တိရစ္ဆာန်ရင်းနှီးမှုစွမ်းရည်ကြောင့် ဤဝက်ဝံက သူ့ကို ရန်ပြုမည် မဟုတ်ပေ။
ဝက်ဝံမကြီးက အရင်ဆုံး သူ့ကလေးကို စစ်ဆေးပြီးနောက် လုပေါင်ကို စိုက်ကြည့်နေလိုက်သည်။
၎င်း၏နောက်တွင် နောက်ထပ် ဝက်ဝံနက်ကလေး တစ်ကောင် ထပ်ပေါ်လာသည်။ ၎င်းက ငါးခိုးသွားသည့် အကောင်ထက် အနည်းငယ် သေးငယ်သည်။ ဝက်ဝံကလေး နှစ်ကောင်စလုံး အမေနား ရောက်သွားချိန်တွင် ငါးကြီးကို စားတော့သည်။
“ဝု...”
ဒါပေါင်က အားမလိုအားမရဖြင့်ညည်းတွားလိုက်သည်။ဝက်ဝံကလေးတွေကလည်း ဝဖြိုး နေကြသဖြင့် ဒါက သူတို့ အစားမက်လို့ ခိုးစားထားတာ ဖြစ်ရမည်။
“ထားလိုက်ပါတော့... ကျွေးလိုက်ပါပြီ။”
လုပေါင်က ငါးကို ပြန်ယူဖို့ စိတ်မကူးတော့ပေ။
***