တတိယတန်းစား ပုဂ္ဂလိက တက္ကသိုလ်တစ်ခု၏ တိတ်ဆိတ်အေးချမ်းသော ထောင့်တစ်နေရာတွင် ရှင်းဝေ အမည်ရှိသည့် အလှပဂေးလေး တစ်ယောက်သည် နေ့ခင်းကြောင်တောင် အိပ်မက်ကမ္ဘာထဲ လွင့်မျောနေလေသည်။
ထိုမိန်းမလှလေးသည် ယခုနှစ်တွင် ဘွဲ့ရတော့မည့် စီနီယာ ကျောင်းသူတစ်ဦး ဖြစ်သည့်အပြင် ဤတက္ကသိုလ် ကျောင်းအုပ်ကြီး၏ တစ်ဦးတည်းသော သမီးပျိုလေးလည်း ဖြစ်နေပေသည်။ ဆိုရလျှင်တော့ ကျောင်းသူ ကျောင်းသားများကြားတွင် ထင်ပေါ်ကျော်ကြားလှသည့် အလှနတ်သက်ကြွေလေး တစ်ပါးပင် ဖြစ်သည်။
ကျောင်းသား အများစုမှာတော့ ဘာမပူဘာမပင်ရဘဲ ပြည့်စုံလွန်းနေသည့် သူမ၏ ကံကောင်းသော ဘဝကြီးကို ကြည့်ကာ မနာလို ဝန်တို ဖြစ်နေကြသည်။ သူမ၏ မိသားစုသည် အိမ်ခြံမြေ လုပ်ငန်းမှတစ်ဆင့် အကြီးအကျယ် ကြွယ်ဝချမ်းသာလာခဲ့ကြသူများ ဖြစ်ပြီး လက်ရှိ ပိုင်ဆိုင်ထားသော စည်းစိမ်ဥစ္စာများမှာ သာမန်လူတစ်ယောက်အနေဖြင့် တစ်သက်လုံး ထိုင်စားကာ သုံးဖြုန်းနေလျှင်တောင် ကုန်ခန်းသွားနိုင်မည် မဟုတ်ပေ။
ကျောင်းအုပ်ကြီးမှာလည်း မိသားစု၏ မျိုးဆက်သွေးအဖြစ် ဤရတနာရွှေကြုတ် သမီးလှလေး တစ်ယောက်သာ ရှိလေသည်။ ထို့ကြောင့်ပင် တက္ကသိုလ် တက်ရောက်ခဲ့သော လေးနှစ်တာ ကာလတစ်လျှောက်လုံးတွင် သူမ၏ ချမ်းသာကြွယ်ဝမှုကို မျက်စိကျနေကြသော ငွေမက်သည့် ယောကျာ်းသား မရေမတွက်နိုင်အောင်ပင် သူမအနားသို့ ချဉ်းကပ်ကာ ဖြတ်လမ်းလိုက်ရန် ကြိုးပမ်းခဲ့ကြသည်။
ထိုသူများ၏ တကယ့် ရည်ရွယ်ချက်မှာ ရှင်းဝေ၏ အချစ်ကို ရယူပြီးသည်နှင့် တစ်ပြိုင်နက် အနှစ် ၂၀ စာလောက် ဘဝအတွက် ပင်ပင်ပန်းပန်း ရုန်းကန်ကြိုးစားရမည့် ဆင်းရဲဒုက္ခများမှ ကင်းဝေးသွားစေရန်သာ ဖြစ်သည်။ ပွင့်ပွင့်လင်းလင်း ဆိုရလျှင်တော့ မိန်းမလုပ်စာကို ထိုင်စားချင်ကြသည့် လူပျင်းများပင် ဖြစ်ကြလေသည်။
ယခုအချိန်တွင်တော့ ရှင်းဝေသည် အေးချမ်းသော ထောင့်တစ်နေရာတွင် ထိုင်နေရင်း သူမအနားသို့ ရောက်လာကာ စကားလာရောလှည့်စားနေသည့် ကောင်အချို့ကို စိတ်အနှောင့်အယှက် ဖြစ်စွာဖြင့် မောင်းထုတ်လိုက်ပြီး မျက်မှောင်ကြီး ကုတ်ထားလေသည်။ သူမ၏ မျက်နှာထားသည် အနားသို့ မည်သူ့ကိုမျှ ထပ်မံ အကပ်ခံတော့မည် မဟုတ်ကြောင်း ပြသနေသည့် သတ်ဖြတ်ခြင်း အငွေ့အသက်များပင် လွှမ်းခြုံနေသယောင် ရှိသည်။ သို့သော်လည်း တကယ်တမ်း သူမ စိတ်ညစ်ညူးနေရသည့် အကြောင်းရင်းမှာ ထိုအနှောင့်အယှက်ပေးနေသော လူများကြောင့် မဟုတ်ပါချေ။
အကြောင်းရင်းမှန်မှာ သူမ၏ ခေါင်းထဲတွင် အဆက်မပြတ် ပဲ့တင်ထပ်နေသော စက်ရုပ်သံကြီး တစ်ခုကြောင့်သာ ဖြစ်နေလေသည်။
"ရှင်းဝေ ... ကျေးဇူးပြုပြီး စနစ်နဲ့ ချိတ်ဆက်လိုက်ပါ"
ထိုစက်ရုပ်သံကြီးက သူမ၏ နားထဲတွင် အကြိမ်ကြိမ်အခါခါ ထပ်တလဲလဲ ပြောဆိုနေသည်။
ရှင်းဝေဆိုသည်မှာ ဤကျောင်းတော်ကြီး တစ်ခုလုံးတွင် ဩဇာအာဏာ ကြီးမားလှသူ တစ်ဦး ဖြစ်သည်။ သူမ၏ ရှေ့ရေးမှာလည်း ဘွဲ့ရပြီးသည်နှင့် တစ်ပြိုင်နက် မိသားစု၏ အမွေအနှစ်များကို ဆက်ခံကာ အိမ်ရှင်မလေး တစ်ဦးအဖြစ် ဇိမ်ကျကျ နေထိုင်သွားရန်သာ ရှိသည်။ သို့သော်လည်း ယခု ဘယ်ဆီဘယ်ဝယ်ကမှန်းမသိ ရောက်ရှိလာသော ဤစနစ်ဆိုသည့် အရာက သူမသည် ဝတ္ထုတစ်ပုဒ်ထဲမှ အရေးမပါသော ဘေးလူတစ်ယောက်သာ ဖြစ်ကြောင်း လာရောက် ပြောဆိုနေလေသည်။ ပို၍ ဆိုးရွားသည်မှာ ထိုဝတ္ထု၏ အစစ်အမှန် ဇာတ်လိုက်မင်းသမီးမှာ သူမ၏ ဝမ်းကွဲညီမဖြစ်သူ ရှင်းချင်းချင်း ဖြစ်နေပြီး ဝတ္ထု၏ နာမည်ကလည်း "အာဏာရှင် CEO ၏ အသည်းကျော် ဇနီးလေး" ဟူ၍ ဖြစ်နေခြင်းပင်။
သောက်ကျိုးနည်း ... နာမည်ကိုက ကြားလိုက်ရုံနှင့်ပင် အန်ချင်စရာ ကောင်းလွန်းလှသည်။
ထိုဝတ္ထု၏ ဇာတ်လမ်းသွားအရဆိုလျှင် ရှင်းချင်းချင်းသည် အခက်အခဲ အကျပ်အတည်း ပေါင်းစုံကို ရင်ဆိုင်ကျော်ဖြတ်ပြီးနောက် မိုးပေါ်မှာ လမ်းလျှောက်နေသကဲ့သို့ ဘဝင်မြင့် မောက်မာလွန်းလှသော CEO ကြီး၏ အသည်းကျော် အချစ်တော်လေး ဖြစ်လာမည်ဟု ဆိုသည်။ ထိုအချိန်တွင် ရှင်းဝေသည်ကား ရှင်းချင်းချင်းနှင့် နေရာတကာတွင် အမြဲတမ်း ယှဉ်ပြိုင် တိုက်ခိုက်နေရမည့် ဇာတ်ပို့ ဗီလိန်မယားပါ တစ်ယောက်၏ ဘဝသို့ အလိုအလျောက် ရောက်ရှိသွားမည် ဖြစ်သည်။
မကြာမီ အချိန်အတွင်းမှာပင် သူမသည် ထိုသူများ၏ ရက်ရက်စက်စက် စွန့်ပစ်ခြင်းကို ခံရမည့်အပြင် သူမ၏ ဂုဏ်သိက္ခာများလည်း အလူးအလဲ စော်ကားခံရမည် ဖြစ်သည်။ နောက်ဆုံး နိဂုံးချုပ်တွင်တော့ မြစ်ထဲသို့ ခုန်ချကာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင် သတ်သေရမည့် အလွန်ဆိုးရွားလှသော ကံကြမ္မာဆိုးကြီးနှင့် ကြုံတွေ့ရမည် ဖြစ်သည်။
သူမ၏ ချစ်လှစွာသော မိဘများသည်လည်း သမီးဖြစ်သူ၏ အရှက်တကွဲ အကျိုးနည်း ဖြစ်ရမှုများကြောင့် စိတ်ထိခိုက်ကာ အိပ်ရာထဲ လဲပြီး သေဆုံးသွားကြရမည် ဖြစ်ကာ မိသားစု ပိုင်ဆိုင်သမျှ စည်းစိမ်ဥစ္စာ အားလုံးတို့သည်လည်း ရှင်းချင်းချင်း၏ လက်ထဲသို့ အလွယ်တကူ သက်တောင့်သက်သာပင် ရောက်ရှိသွားလိမ့်မည် ဖြစ်ကြောင်း သိလိုက်ရသည်။
ဒါက ဘယ်လို ပေါက်ကရ ဇာတ်လမ်းမျိုးလဲ။
ရှင်းဝေ တစ်ယောက် ဒေါသထွက်လွန်းသဖြင့် အူတွေပါ တိုလာရသည်။ ရှင်းချင်းချင်း ဆိုသည်မှာ တကယ်တော့ သူတို့ မိသားစု၏ ကျေးဇူးကို မှီခိုစားသောက် နေထိုင်ရသော ကပ်ပါးကောင် တစ်ကောင်သာ ဖြစ်လေသည်။ သို့သော် ဤဝတ္ထု၏ ဇာတ်ကြောင်းအရဆိုလျှင် မကြာမီ အချိန်အတွင်း သူမသည် ထိုမောက်မာလှသော CEO ကြီးနှင့် တွေ့ဆုံပြီး အချစ်နဲ့ စစ် စတင် ခင်းကျင်းကြတော့မည် ဖြစ်သည်။ ဆိုလိုသည်မှာ ရှင်းဝေ၏ ဘဝ အချိုးအကွေ့ ပြောင်းလဲရန်အတွက် အချိန် သိပ်မကျန်တော့ပေ။
နတ်ဘုံနတ်နန်း ကဲ့သို့သော စည်းစိမ်ယစ်မူးဖွယ် ဘဝမှနေ၍ ငရဲခန်း အလား ဆင်းရဲဒုက္ခတွင်းသို့ ပြုတ်ကျရတော့မည့် အဖြစ်ကို ကြိုတင် သိလိုက်ရသော မည်သူမဆို စိတ်ဓာတ် အကြီးအကျယ် ကျသွားမည်မှာ ဓမ္မတာပင် ဖြစ်သည်။ ယခုအချိန် ရှင်းဝေ၏ ရင်ထဲတွင်လည်း မြက်ရိုင်းမြင်းကောင်ရေ တစ်သောင်းလောက် တစ်ပြိုင်နက်တည်း ဒုန်းစိုင်း ပြေးလွှားနေသကဲ့သို့ပင် ပြင်းပြင်းထန်ထန် ပူလောင် ရှုပ်ထွေးနေလေသည်။
အချိန်အတော်ကြာအောင် တိတ်ဆိတ်သွားပြီးနောက်တွင်တော့ သူမက စနစ်ကို ပြန်လည် မေးခွန်းထုတ်လိုက်သည်။
"ငါသာ စနစ်နဲ့ မချိတ်ဆက်ရင် ဘာဖြစ်မလဲ"
ထိုအခါ စနစ်၏ အေးစက်စက် အီလက်ထရောနစ် အသံကြီးက ချက်ချင်းပင် ပြန်လည် ဖြေကြားလာသည်။
[အကယ်၍ လက်ခံသူအနေဖြင့် မချိတ်ဆက်ပါက စနစ်သည် မူလဇာတ်လမ်းအတိုင်း ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ပြီး သံသရာလည်သော ပြန်လည်မွေးဖွားခြင်း စက်ဝန်းထဲသို့ ဝင်ရောက်သွားပါလိမ့်မည်။ သာမန်လူများသည် ကံကြမ္မာ၏ ထိန်းချုပ်မှုအောက်မှ မလွတ်မြောက်နိုင်ပါ။]
ဤစကားကို ကြားလိုက်ရချိန်တွင် ရှင်းဝေ တစ်ယောက် အခြေအနေကို ရှင်းလင်းစွာ သဘောပေါက်သွားလေသည်။ ဤစနစ်ဆိုသည့် အရာနှင့် ချိတ်ဆက်ခြင်းကသာလျှင် သူမ ပြိုလဲပျက်စီးရမည့် ကံကြမ္မာဆိုးမှ လွတ်မြောက်နိုင်မည့် တစ်ခုတည်းသော ထွက်ပေါက် ဖြစ်နေလေပြီ။
"ကောင်းပြီလေ ... စနစ်နဲ့ ချိတ်ဆက်မယ်"
သူမ ထိုသို့ ပြောလိုက်သည်နှင့် တစ်ပြိုင်နက် ရုတ်တရက် စနစ်၏ အသံမှာ အသက်ဝင်ကာ ပိုမို တက်ကြွလာခဲ့သည်။
[လက်ခံသူအတွက် ဒေတာများ ဖြည့်သွင်းနေပါပြီ။ သင်သည် စူပါ မူကြိုကျောင်း စနစ်နှင့် ချိတ်ဆက်မိသွားပါပြီ။]
"ဟေ ... ဘာစနစ်"
[မူကြိုကျောင်း စနစ်ပါ။ မူလကမ္ဘာကြီးထဲက ဗီလိန် ဇာတ်ကောင် အများစုဟာ ငယ်ဘဝမှာ စိတ်ဒဏ်ရာ ပြင်းပြင်းထန်ထန် ရခဲ့ဖူးကြပါတယ်။ အနာဂတ်မှာ ကမ္ဘာကြီးကို ဖျက်ဆီးမယ့် ဒီကလေးတွေကို ကယ်တင်ခြင်းက ကမ္ဘာငယ်လေးရဲ့ လုံခြုံရေးကို ထိန်းသိမ်းရာ ရောက်ပါတယ်။ ကလေးတွေကို ကာကွယ်ခြင်းက ကမ္ဘာကြီးကို ကာကွယ်ခြင်းပါပဲ။ ဗီလိန်တွေကို ကယ်တင်ပြီးတာနဲ့ စနစ်က လက်ခံသူရဲ့ ဘဝကို ပြန်လည် ပြင်ဆင်ပေးမယ့် ဆုလာဘ်တွေ ပေးပါမယ်။]
ထိုသို့ ရှင်းပြပြီးသည်နှင့် တစ်ပြိုင်နက် စနစ်က အနာဂတ်တွင် ဗီလိန် ဖြစ်လာမည့် သူအချို့၏ အချက်အလက်များကို သူမထံသို့ တိုက်ရိုက် ပေးပို့လိုက်သည်။ မျက်စိတစ်မှိတ် အတွင်းမှာပင် အလွန် ရှုပ်ထွေးလှသော အချက်အလက် မြောက်မြားစွာသည် သူမ၏ ဦးနှောက်ထဲသို့ အတင်းအကျပ် ဝင်ရောက်လာခဲ့သည်။ စက္ကန့်ပိုင်းမျှသာ ကြာမြင့်သော အချိန်တိုလေး အတွင်းမှာပင် ရှင်းဝေ တစ်ယောက် ထိုဗီလိန်များ၏ ဘဝတစ်ခုလုံးကို ကိုယ်တိုင် ဝင်ရောက် ဖြတ်သန်းလိုက်ရသကဲ့သို့ အသည်းခိုက်မတတ် ခံစားလိုက်ရသည်။
ရက်စက်တတ်ပြီး အတ္တကြီးသည်ဟု နာမည်ကြီးသော ရှင်းဝေပင်လျှင် ထိုမြင်ကွင်းများကို ကြည့်ကာ မနေနိုင်တော့ဘဲ ပါးစပ်မှ အသံထွက်ကာ ကျိန်ဆဲလိုက်မိလေသည်။
[သောက်ကျိုးနည်း ... ဒီဗီလိန်တွေက သနားစရာ ကောင်းလွန်းတယ်။]
နိုင်ငံတကာ ကွန်ရက်ကြီးများကို အလွယ်တကူ ထိုးဖောက်နိုင်စွမ်းရှိမည့် အနာဂတ် ကွန်ပျူတာ ဉာဏ်ကြီးရှင်လေး ဟယ်လင်းဖုန်း ဆိုသည်မှာ ကြီးပြင်းလာပါက နည်းပညာလောက၏ အဖိုးတန် ရတနာ တစ်ပါး ဖြစ်လာသင့်သူ ဖြစ်သည်။ သို့သော်လည်း ငယ်စဉ် ကလေးဘဝ ကတည်းက အရက်သမား ဖခင်ဖြစ်သူ၏ ရိုက်နှက် နှိပ်စက်မှုကို ခံခဲ့ရသဖြင့် အစွန်းရောက်ကာ ခေါင်းမာလွန်းသော စိတ်ဓာတ်များကို ပိုင်ဆိုင်လာခဲ့ပြီး နောက်ဆုံးတွင် မိုက်မဲသော လမ်းမှားပေါ်သို့ ရောက်ရှိသွားခဲ့ရသည်။
ကမ္ဘာကျော် ပန်းချီဆရာ တစ်ဦး ဖြစ်လာမည့် ကလေးငယ်သည်လည်း ငယ်စဉ်ဘဝက လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် စော်ကားခံခဲ့ရမှုကြောင့် ပြင်းထန်သော စိတ်ဒဏ်ရာရကာ အော်တစ်ဇင် ရောဂါသည်လေး တစ်ဦးအဖြစ် ဘဝကို အဆုံးသတ်ခဲ့ရသည်။
ထို့ပြင် အလွန် ဉာဏ်ရည်မြင့်မားသည့် ရာဇဝတ်မှု ဂိုဏ်းခေါင်းဆောင် တစ်ဦး ဖြစ်လာမည့်သူမှာလည်း ငယ်စဉ်ဘဝက အစာတစ်လုပ် ဝမ်းဝရေးအတွက် သတ္တဝါချင်း မစာနာနိုင်တော့ဘဲ ခွေးများနှင့် အသေအကြေ လုယက် ကိုက်သတ် တိုက်ခိုက်ခဲ့ရသည့် အဖြစ်ဆိုးများကို ကြုံတွေ့ခဲ့ရဖူးသည်။
မည်သူတစ်ဦးတစ်ယောက်မှ ခြွင်းချက် မရှိခဲ့ပေ။ သူတို့၏ ဘဝများသည် ကောင်းကင်ထက်သို့ ပစ်လွှတ်လိုက်သော မီးရှူးမီးပန်းများကဲ့သို့ အချိန်ခဏတာမျှ လင်းလက် တောက်ပသွားပြီးနောက် ထာဝရ အမှောင်ထုထဲသို့ အပြီးတိုင် ထိုးဆင်း ပျောက်ကွယ်သွားခဲ့ကြရသည်။
အကယ်၍သာ သူတို့၏ ငယ်ဘဝများတွင် ထိုသို့ ကြေကွဲဖွယ်ရာ စိတ်ဒဏ်ရာများ မရှိခဲ့ဘူးဆိုလျှင် အရာအားလုံးသည် ယခုထက်များစွာ ကွဲပြား ပြောင်းလဲသွားနိုင်ချေ ရှိသည်။
ယခု အချိန်ကာလတွင်တော့ အဆိုပါ အနာဂတ်တွင် ကမ္ဘာကြီးကို ဖျက်ဆီးကြမည့် ဗီလိန် ပေါက်စလေးများသည် ပျမ်းမျှအားဖြင့် အသက် ၅ နှစ်အောက် အရွယ်လေးများသာ ရှိကြသေးသည်။
ရှင်းဝေအတွက် တွေဝေ တုံ့ဆိုင်းနေစရာ အကြောင်း တစ်စုံတစ်ရာမှ မရှိတော့ပေ။ သူမ ချက်ချင်းပင် အိမ်သို့ ဖုန်းဆက်လိုက်ကာ မိသားစု စီးပွားရေး လုပ်ငန်းများကို ဆက်ခံတော့မည် မဟုတ်ဘဲ သူမ ကိုယ်တိုင် ဦးစီးမည့် ကိုယ်ပိုင် စီးပွားရေး တစ်ခုကိုသာ လုပ်ကိုင်တော့မည် ဖြစ်ကြောင်း အခိုင်အမာ ကြေညာလိုက်လေသည်။
ရှင်းဝေ ဆိုသည်မှာ ပြောလိုက်သည့် စကားတစ်ခွန်းအပေါ်တွင် အတိအကျ တည်ကြည်တတ်သော မိန်းမလှ တစ်ဦး ဖြစ်သည်။ သူမသည် သူဌေးသမီးများ၏ အကြီးမားဆုံး အားသာချက်ဖြစ်သော "ပြဿနာ မှန်သမျှ ငွေဖြင့် ပေါက်၍ ဖြေရှင်းခြင်း" ဆိုသည့် အစွမ်းထက် နည်းလမ်းကို အသုံးချကာ မူကြိုကျောင်း တစ်ကျောင်းကို ချက်ချင်း ဝယ်ယူရန် ပြင်ဆင်လိုက်သည်။ လက်ထဲတွင် သုံးမကုန်နိုင်သော ငွေကြေးများ ရှိနေသမျှ ကာလပတ်လုံး မည်သည့်အရာကိုမျှ ပူပင်သောက ရောက်နေစရာ မလိုပေ။
ယခုအခါတွင်တော့ စနစ်နှင့် သူမသည် ရည်ရွယ်ချက် တစ်ခုတည်းအတွက် ပူးပေါင်းလုပ်ဆောင်မည့် လက်တွဲဖော်များ ဖြစ်လာခဲ့ကြပြီ ဖြစ်သည်။ ခေတ်အမီဆုံး AI နည်းပညာများဖြင့် ဖွဲ့စည်း တည်ဆောက်ထားသော စနစ်သည် အချက်အလက် အမြောက်အမြားကို ရှာဖွေရာတွင် ပြိုင်ဘက်ကင်း ဆရာတစ်ဆူ ဖြစ်လေသည်။ တစ်မိနစ်ပင် မပြည့်လိုက်သော အချိန်တိုလေး အတွင်းမှာပင် ရောင်းရန်ရှိနေသော မူကြိုကျောင်းပေါင်း ၂၀ ကျော်ကို အသေးစိတ် ရှာဖွေ ပေးပို့လိုက်သည်။
ယနေ့ခေတ်ကာလ၏ မူကြိုကျောင်း ဈေးကွက်မှာ ပြိုင်ဆိုင်မှုများ အလွန် ပြင်းထန်လှသည်။ အချို့သော ကျောင်းများက ကလေးများ၏ အထူးစွမ်းရည် တိုးတက်မှုကို အဓိကထား ဦးစားပေး သင်ကြားကြပြီး အချို့ကမူ ဘာသာစကား နှစ်မျိုး ကျွမ်းကျင်စေရန် သင်ကြားမှုကို အထူး အလေးထားကြသည်။ ဤမြို့ကြီးထဲတွင် အကောင်းဆုံးဟု နာမည်ကြီးသော မူကြိုကျောင်းမှာ "နိုဘယ် အကယ်ဒမီ" ဖြစ်ပြီး ထိုကျောင်းတွင် အထက်ပါ အားသာချက်များ အားလုံး ပြည့်စုံစွာ ပါဝင်လေသည်။ ဒေသခံ မိဘများ၏ အမြင်တွင်တော့ ထိုကျောင်းသည် မူကြိုကျောင်းများ အားလုံး၏ အထွတ်အထိပ် ဘုရင်တစ်ပါးသဖွယ် တည်ရှိနေလေသည်။
ထိုမျှ နာမည်ကြီးလှသော ကျောင်းသို့ တက်ရောက်ချင်သည် ဆိုလျှင် အနည်းဆုံး တစ်နှစ်ခန့် ကြိုတင်၍ စာရင်းပေးသွင်းရုံသာမကဘဲ ကျောင်းသား၏ မိဘများကိုပါ ကျောင်းဘက်မှ လူတွေ့ အကဲဖြတ် စစ်ဆေးမှုများ ပြုလုပ်သေးသည်။ ထွက်ပေါ်နေသော ကောလာဟလများအရ ဆိုလျှင် ထိုကျောင်းတွင် တက်ရောက်နေကြသော ကလေးများ၏ မိဘအများစုမှာ ပြည်နယ်တစ်ခုလုံး၏ ထိပ်တန်း အထက်တန်းလွှာ သူဌေးကြီးများသာ ဖြစ်ကြသည်ဟု သိရသည်။ စည်းမျဉ်းစည်းကမ်းများ တင်းကျပ်လေလေ လူအများက ပို၍ စိတ်ဝင်စားကာ ထိုကျောင်းသို့ သွားရောက်ချင်လေလေ ဖြစ်နေကြသည်။ ထို့ကြောင့် နိုဘယ် အကယ်ဒမီတွင် နေရာတစ်နေရာ ရရှိခြင်းသည် ထိုမိသားစု၏ ဂုဏ်သိက္ခာနှင့် အဆင့်အတန်း ကြီးမားလှကြောင်းကို လူလုံးပြသရာ ရောက်နေလေသည်။
ထိုသို့သော အကြောင်းရင်းများကြောင့်ပင် အခြားသော သာမန် မူကြိုကျောင်း အများစုမှာ တက်ရောက်မည့် ကျောင်းသား မရှိတော့ဘဲ ယင်ကောင် ရိုက်နေရသည့် အဖြစ်သို့ ရောက်ရှိနေကြခြင်း ဖြစ်သည်။
ရှင်းဝေ တစ်ယောက် ဈေးကွက် အခြေအနေကို စုံစမ်း လေ့လာကြည့်လိုက်သောအခါ အနည်းဆုံး ကျောင်း ၁၀ ကျောင်းခန့်က လုပ်ငန်း မလည်ပတ်နိုင်တော့သဖြင့် ရောင်းချင်နေကြကြောင်း တွေ့ရသည်။ သူမသည် ထိုအထဲမှ အကျယ်အဝန်း စတုရန်းမီတာ ၁၀,၀၀၀ ကျော်ခန့် ရှိသော အကြီးမားဆုံး ကျောင်းဝင်းကြီး တစ်ခုကို ရွေးချယ်လိုက်သည်။ ထိုကျောင်း၏ မူလပိုင်ရှင်မှာ အလွန် ရည်မှန်းချက် ကြီးမားသူ ဖြစ်ခဲ့သဖြင့် ကျောင်းဝင်းကြီးထဲတွင် ကလေးများအတွက် ကိုယ်ပိုင် လျှောစီးကွင်း အကြီးစားများကိုပင် ငွေကုန်ကြေးကျခံကာ ထည့်သွင်း တည်ဆောက်ထားခဲ့သေးသည်။ သို့သော်လည်း အင်အားကြီးမားလှသော နိုဘယ် အကယ်ဒမီကို ယှဉ်ပြိုင်နိုင်စွမ်း မရှိခဲ့ဘဲ နောက်ဆုံးတွင် အရှုံးပေါ်ကာ ဒေဝါလီ ခံလိုက်ရခြင်း ဖြစ်သည်။
ဝယ်ယူမည့်သူ လုံးဝ မရှိသဖြင့် ခြောက်လတိတိ အလွတ် ပစ်ထားရသော ထိုကျောင်းအကြီးကြီးကို ရှင်းဝေက မူရင်း တန်ကြေး၏ ဆယ်ပုံတစ်ပုံအောက်ပင် လျော့နည်းသော အလွန်ချိုသာသည့် ဈေးနှုန်းဖြင့် မျက်နှာပြောင်တိုက်ကာ အပိုင် ဝယ်ယူလိုက်လေသည်။
အလွန် ရယ်စရာ ကောင်းလှသည့် အချက်မှာ ထိုကျောင်းသည် နိုဘယ် အကယ်ဒမီ၏ ကြီးမားလှသော နာမည်ကျော်ကြားမှုကို အမှီပြုကာ အကျိုးအမြတ် ထုတ်နိုင်ရန်အတွက် ယခင်က ကျောင်း၏ နာမည်ကို "နိုဘယ်လ် အကယ်ဒမီ" ဟုပင် ခိုးကြောင်ခိုးဝှက် ပြောင်းလဲခဲ့ဖူးသေးသည်။ စာလုံးပေါင်း တစ်လုံးတည်းသာ ကွဲလွဲအောင် ပြုလုပ်ပြီး လူအများကို ထင်ယောင်ထင်မှား ဖြစ်စေရန် လှည့်စား လုပ်ဆောင်ခဲ့သော်လည်း တကယ့် အနှစ်သာရနှင့် အရည်အသွေး မရှိခဲ့သောကြောင့် မကြာမီ အချိန်အတွင်းမှာပင် ပိတ်သိမ်းခဲ့ရခြင်း ဖြစ်သည်။
ကျောင်းကို တရားဝင် ဝယ်ယူပြီးသည်နှင့် တစ်ပြိုင်နက် ရှင်းဝေ ပထမဆုံး စတင် လုပ်ဆောင်သည့် အလုပ်မှာ ထိုအယောင်ဆောင် ကျောင်းနာမည်ကို ပြောင်းလဲပစ်ခြင်းပင် ဖြစ်သည်။ "ကြယ်တာရာ မူကြိုကျောင်း"
"အတူတကွ စုစည်း ရှိနေချိန်တွင် တောက်ပပူလောင်သော မီးတောက်မီးလျှံ တစ်ခုအဖြစ် ရှိနေပြီး ကွဲကွာသွားချိန်တွင်တော့ ကောင်းကင်ယံ၌ အလှဆင် ပြန့်ကျဲနေသော ကြယ်တာရာလေးများ ဖြစ်ပါစေ" ဟူသည့် နက်နဲလှသော အဓိပ္ပာယ်ကို ဆောင်လေသည်။
စနစ်၏ အကူအညီများ ပါဝင်မှုကြောင့် ကျောင်း၏ ပိုင်ဆိုင်မှု လွှဲပြောင်းခြင်း လုပ်ငန်းစဉ် အားလုံးသည် အွန်လိုင်း ကွန်ရက်မှတစ်ဆင့် မျက်စိတစ်မှိတ် အတွင်းမှာပင် လျင်မြန်ချောမွေ့စွာ ပြီးစီးသွားခဲ့သည်။ ထို့ကြောင့် ညနေစောင်း အချိန်သို့ မရောက်ခင်မှာပင် ကျောင်းအမည် ဆိုင်းဘုတ်သစ်ကြီးကို တင့်တယ်စွာ လွှင့်တင်နိုင်ခဲ့လေပြီ။
ထိုအောင်မြင်မှု အခိုက်အတန့်တွင် စနစ်၏ ဆုချီးမြှင့်သံများက ရှင်းဝေ၏ ခေါင်းထဲတွင် "ဒင် ... ဒင် ... ဒင်" ဟူ၍ ဆူညံစွာ ထွက်ပေါ်လာခဲ့သည်။
[ဂုဏ်ယူပါတယ် ရှင်းဝေ။ ကြယ်တာရာ မူကြိုကျောင်းကို အောင်မြင်စွာ တည်ထောင်နိုင်ခဲ့ပါပြီ။ စနစ်၏ ဆုလက်ဆောင်များမှာ - ငွေ ယွမ် ၁ သန်း အမဲသား ၁၀ ပိဿာ ကြက်ဥ အလုံး ၁၀၀ သစ်သီးနှင့် ဟင်းသီးဟင်းရွက် ၂ ပိဿာ စီ ဖြစ်ပါသည်။]
[ကနဦး ဆုကြေး အမှတ် ၁,၀၀၀ ရရှိသည်။ အမှတ် ၅၀၀,၀၀၀ ပြည့်ပါက System Store ကို ဖွင့်လှစ်နိုင်ပါမည်။]
[နောက်ထပ် မစ်ရှင် ရောက်ရှိလာပါပြီ။ ကျောင်းအတွက် ထိပ်တန်း ဝန်ထမ်း အဖွဲ့ကို အမြန်ဆုံး ခေါ်ယူပါ။]
[လိုအပ်ချက်များ - Level 1 လက်မှတ်ရ စားဖိုမှူး တစ်ဦး။] [လုပ်သက် ၁၀ နှစ်အထက် ကျောင်းကား မောင်းသူ တစ်ဦး။] [ထိပ်တန်း မူကြို ဆရာမ တစ်ဦး။] [ကလေး ပြုစုပျိုးထောင်ရေး ကျွမ်းကျင် ပညာရှင် တစ်ဦး။] [အချိန်ပြည့် သန့်ရှင်းရေး ဝန်ထမ်း တစ်ဦး။]
ဤလိုအပ်ချက်များကို ကြားလိုက်ရချိန်တွင်တော့ ရှင်းဝေ တစ်ယောက် ပါးစပ်အဟောင်းသားနှင့် ဆွံ့အ သွားရလေသည်။
နဂိုမူလကတည်းက နာမည်ပျက်များဖြင့် အရှုံးပေါ်ကာ ပိတ်ထားခဲ့ရသော ဤကျောင်းအပျက်ကြီး အတွက် ယခုလို နိုင်ငံတကာ အဆင့်မီ လုပ်ငန်းခွင် ကျွမ်းကျင် ပညာရှင်များနှင့် အတွေ့အကြုံရင့် စစ်ပြန်ကြီးများ အဆင့်ရှိသူများကို ခေါ်ယူခန့်အပ်ရန် စနစ်က တောင်းဆိုနေခြင်း ဖြစ်သည်။ သေချာစဉ်းစားကြည့်လျှင် ဤအခက်အခဲက ကောင်းကင်ပေါ်သို့ လှေကားထောင်ကာ တက်ရမည့် အလုပ်ထက်ပင် ပိုမို ခက်ခဲနေပါတော့လား ဟုသာ ရှင်းဝေ ညည်းတွားလိုက်မိတော့သည်။
***