ပထမ အစတုန်းကတော့ ရှင်းဝေ တစ်ယောက် ဒီစနစ်ကြီးက တော်တော်လေး သဘောကောင်းတာပဲ ဟုပင် ထင်မှတ်နေခဲ့သေးသည်။ အလုပ်လေး တစ်ခု ပြီးမြောက်သွားရုံနှင့် ငွေသား ယွမ် ၁ သန်းတောင် အလွယ်တကူ ဆုချီးမြှင့်သည် ဆိုတော့ သူမအနေဖြင့် တော်တော်လေး ကျေနပ်နေခဲ့မိသည်။
သို့သော်လည်း ယခု နောက်ထပ် ချပေးလိုက်သည့် စနစ်၏ ဝန်ထမ်း ခေါ်ယူရေး လိုအပ်ချက်များကို သေချာ ကြည့်လိုက်ရသောအခါမှသာ သူမ တစ်ယောက် အခြေအနေမှန်ကို ကောင်းကောင်းကြီး သဘောပေါက်သွားတော့သည်။ ဒီလိုမျိုး အလွန် ခက်ခဲကြီးမားလွန်းသည့် အလုပ်ကြီးတွေကို ယွမ် ၁ သန်းတည်း ပေးပြီး ခိုင်းစေတယ် ဆိုတာကတော့ တကယ့်ကို ခွေးကျင့်ခွေးကြံ ကြံစည်တာပဲ ဖြစ်ရမည်။ ပိုက်ဆံ ၁ သန်းနှင့် ဒီလို ထိပ်တန်း အဆင့်ရှိတဲ့ လူတွေကို တကယ် ငှားလို့ရပါ့မလား ဆိုတာကို စနစ်ကိုယ်တိုင်ကပင် စိုးရိမ်ပူပန်နေပုံ ရသည်။
ရှင်းဝေ တစ်ယောက် ဒေါသထွက်ကာ ခေါင်းမီးတောက်နေစဉ်မှာပဲ သူမ၏ ဘေးနားတွင် ချထားသော စနစ် ဆုချထားသည့် အမဲသား ကြက်ဥနှင့် နာမည်ကြီး "ရှိုင်းမတ်စကတ်" စပျစ်သီး ၂ ပိဿာကို ရုတ်တရက် သတိထားမိလိုက်သည်။
သူမပဲ အထင်မှားလို့လားတော့ မသိပေ။ ဒီအစားအစာတွေက ပုံမှန် ဈေးကွက်ထဲတွင် ဝယ်ယူရရှိနိုင်သော ပစ္စည်းတွေထက် အဆပေါင်းများစွာ ပိုမို လတ်ဆတ်နေသယောင် ရှိနေသည်။
သူမသည် စပျစ်သီး အခိုင်ထဲမှ တစ်လုံးကို ပေါ့ပေါ့ပါးပါးပင် ခူးယူလိုက်ပြီး ရေဆေးကာ ပါးစပ်ထဲသို့ ပစ်ထည့်လိုက်သည်။
"ဝိုး ..."
ပါးစပ်ထဲသို့ ရောက်သွားသည်နှင့် တစ်ပြိုင်နက် ပန်းရနံ့ သင်းပျပျလေးနှင့်အတူ အလွန် ချိုမြိန်လှသော သစ်သီးရနံ့လေးက ပါးစပ်တစ်ခုလုံးကို ပေါက်ကွဲ ပြန့်နှံ့သွားတော့သည်။ အသားထူထူ အရည်ရွှမ်းရွှမ်း စပျစ်သီး၏ အရသာက သူမ၏ ရင်ထဲထိတိုင်အောင် အေးမြလန်းဆန်းသွားစေသည်။ တစ်လုံးတည်းနှင့်တော့ ဘယ်လိုမှ အာသာမပြေနိုင်လောက်အောင်ပင် အရသာ ရှိလှသည်။
ရှင်းဝေသည် နာမည်ကြီး ရှိုင်းမတ်စကတ် စပျစ်သီးတွေကို သူမ၏ ဘဝတွင် အကြိမ်ပေါင်းများစွာ အများကြီး စားဖူးခဲ့သော်လည်း ယခုကဲ့သို့ အလွန် လတ်ဆတ်ပြီး ချိုမြိန်သော အရသာမျိုးကိုတော့ တစ်ခါမှ မကြုံဖူးခဲ့ပေ။ စပျစ်သီးကို စားပြီးသည်နှင့် ခန္ဓာကိုယ် တစ်ခုလုံး အားအင်တွေ ပြည့်ဖြိုးလာသလို ခံစားလိုက်ရသည်။ ဒါက သာမန် သစ်သီး တစ်လုံးမှ ဟုတ်ပါလေစ။ ကျင့်ကြံခြင်းလောကထဲက အစွမ်းထက် စိတ်ဝိညာဉ် သစ်သီးများပင် ဖြစ်နေမလား မသိပေ။
စားနေရင်းနှင့်ပင် ပျော်ရွှင်မှု လှိုင်းလုံးကြီးက သူမ၏ ခန္ဓာကိုယ် တစ်ခုလုံးကို လွှမ်းခြုံသွားပြန်သည်။
သူမ အခုမှသာ အရာအားလုံးကို ကောင်းကောင်းကြီး နားလည် သဘောပေါက်သွားတော့သည်။ စနစ်ဆီက ရရှိသည့် ဆုလာဘ်တွေဆိုတာ တကယ်တော့ သာမန် အရာတွေ မဟုတ်ဘဲ နတ်သုဒ္ဓါ အဆင့်ရှိသည့် အရာတွေပဲ ဖြစ်နေသည်။ ဒါကြောင့်လည်း ဝန်ထမ်း ခေါ်ယူရေး လိုအပ်ချက်တွေက မိုးခါးရေ သောက်ထားသလို မိုးထိအောင် မြင့်မားနေရခြင်း ဖြစ်မည်။
အရသာရှိလှသော စပျစ်သီး ၂ ပိဿာလုံးကို ပြောင်သလင်းခါအောင် အကုန်အစင် စားပစ်လိုက်ပြီးနောက် ကျန်ရှိနေသည့် ပစ္စည်းများကို ရေခဲသေတ္တာထဲသို့ သေချာ ထည့်သိမ်းကာ ရှင်းဝေ တစ်ယောက် မူကြိုကျောင်းအုပ်ကြီး စတိုင် အပြည့်အဝ ဖမ်းလိုက်တော့သည်။
ယခုအချိန်တွင်တော့ ရှင်းဝေသည် အာဏာအပြည့်အဝ ရှိနေသော ဂိုဏ်းချုပ်ကြီး တစ်ယောက်လိုပင်။ စနစ်ကို လိုအပ်သလို အမိန့်ပေးရန်အတွက် အပြည့်အဝ အဆင်သင့် ဖြစ်နေလေပြီ။
"ရွေးချယ်စရာ ဝန်ထမ်း အမည်စာရင်းလေး ဘာလေးများ မရှိဘူးလား"
ရှင်းဝေက စနစ်ကို မေးခွန်းထုတ်လိုက်သည်။
သူမက ကျောင်းပြီးကာစ လတ်လတ်ဆတ်ဆတ် လူငယ်တစ်ယောက် ဖြစ်လေရာ ဤမူကြိုပညာရေး နယ်ပယ်က ထိပ်တန်း အကျော်အမော်တွေကို သူမအနေဖြင့် ဘယ်လိုလုပ် သိနိုင်ပါမည်နည်း။
ထိုအခါ စနစ်က ချက်ချင်းပင် အချက်အလက် ဒေတာများကို အမြန်ဆုံး စီမံတွက်ချက်လိုက်ပြီး ကဏ္ဍအလိုက် အသင့်တော်ဆုံး ဖြစ်မည့်သူများကို ရှာဖွေ ဖော်ထုတ်ပေးလိုက်သည်။
ထွက်ပေါ်လာသော စာရင်းကို မြင်လိုက်ရသောအခါ ရှင်းဝေ တစ်ယောက် ဆွံ့အ သွားရပြန်သည်။ အကြောင်းမှာ စားဖိုမှူး နေရာအတွက် စနစ်က အကြံပေးထားသူမှာ ဂုဏ်သတင်း အလွန် ကြီးမားလှသော ကျန်ပေ ဟိုတယ်ကြီး၏ စားဖိုမှူးချုပ်ကြီး ကိုယ်တိုင် ဖြစ်နေသောကြောင့်ပင်။
နာမည်ကြီး ဟိုတယ်ကြီး တစ်ခုရဲ့ ထိပ်တန်း စားဖိုမှူးချုပ် တစ်ယောက်က သူတို့လို ကြွက်သိုက်လောက်သာ ရှိတဲ့ ကျောင်းပေါက်စလေးမှာ လာရောက် အလုပ်လုပ်ပါ့မလား ဆိုတာ စဉ်းစားစရာပင်။
ရှင်းဝေ တစ်ယောက် တွေဝေ စဉ်းစားနေတုန်းမှာပဲ စနစ်၏ အသံ ထွက်ပေါ်လာပြန်သည်။
[လက်ခံသူ ... စိတ်ဓာတ်မကျပါနဲ့။ ကြိုးစားရင် ဘာမဆို ဖြစ်နိုင်ပါတယ်။]
ထိုစကားကို ကြားလိုက်ရချိန်တွင် ရှင်းဝေ၏ မျက်လုံးများ အရောင်တောက်သွားလေသည်။ ဟုတ်သားပဲ။ စနစ်က သူမကို ဆုလာဘ်တွေ ပေးတုန်းက လက်မနှေးဘဲ ရက်ရက်ရောရော ပေးခဲ့သလိုမျိုး အခုလည်း ရရှိထားသော ငွေတွေကို ရေလို သုံးစွဲပြီး ထိုလူတွေကို လာရောက် လုပ်ကိုင်ချင်လာအောင် မြှူဆွယ်ခိုင်းနေတာပဲ ဖြစ်မည်။
"သူတို့ လက်ရှိ လစာ ဘယ်လောက်ရလဲ ပြစမ်း"
သူမ၏ အမိန့်အရ စနစ်က ထိုသူများ၏ လက်ရှိ ရရှိနေသော လစာများကို ချက်ချင်း ပြသလိုက်သည်။
ဟွန်း ... ကြည့်ရတာ လစာက သူမ ထင်ထားသလောက် သိပ်လည်း မများလှပါဘူး။
ဒီခေတ်ကြီးထဲမှာ ပိုက်ဆံရှာရတာ တကယ်ပဲ မလွယ်ကူပါလားနော်။
ရှင်းဝေ၏ ယုံကြည်မှုများ ပြန်လည် ပြည့်ဝလာခဲ့သည်။ ပိုက်ဆံသာ လုံလုံလောက်လောက် ရှိနေမည် ဆိုလျှင် ဘီလူးကိုတောင် ဆန်ကြိတ်ခိုင်းလို့ ရသေးတာပဲလေ။ ဒီလူတွေက ဘာခက်ခဲမှာ မို့လို့လဲ။
"စနစ် ... သူတို့ လစာကို နှစ်ဆ ပေးလိုက်။ ပြီးတော့ ဖိတ်စာ ချက်ချင်း ပို့လိုက်တော့"
[အမိန့်အတိုင်းပါ လက်ခံသူ။]
စနစ်က သူမ၏ အမိန့်ကို လျင်မြန်စွာ တုံ့ပြန် လုပ်ဆောင်လိုက်သည်။
တကယ်တော့ ဒီစနစ်ဆိုတာက အတွင်းရေးမှူး ကောင်းကောင်း တစ်ယောက်လိုပဲ တော်တော်လေး အသုံးဝင်သားပဲ ဟု ရှင်းဝေ တွေးလိုက်မိသည်။
ဒါပေမဲ့ လောလောဆယ် အချိန်တွင်တော့ ထိုကိစ္စများထက် သူမမှာ ပို၍ အရေးကြီးသော အလုပ်တစ်ခု ရှိနေသေးသည်။
စနစ်၏ စာတိုက်ပုံးထဲမှ အရေးပေါ် သတိပေးချက် တစ်ခု ရောက်ရှိလာသည်။ ထိုအကြောင်းအရာမှာ သူမ၏ အနာဂတ် ရင်းမြစ်တစ်ခု ဖြစ်လာမည့် ကွန်ပျူတာ ဉာဏ်ကြီးရှင်လေး ဟယ်လင်းဖုန်းသည် လက်ရှိအချိန်တွင် သူမနှင့် ၅ ကီလိုမီတာခန့် အကွာအဝေးလောက်မှာ ရှိနေကြောင်း ဖြစ်သည်။
ဟယ်လင်းဖုန်းလေးကို အိမ်တွင်းအကြမ်းဖက်မှု ဆိုသည့် ငရဲခန်းထဲကနေ စောစောစီးစီး အချိန်မီ ကယ်ထုတ်နိုင်မည် ဆိုလျှင် ကလေးလေး၏ ဒုက္ခတွေ အမြန်ဆုံး ပြီးဆုံးသွားနိုင်မည် ဖြစ်သည်။
ဟယ်လင်းဖုန်းနှင့် ပတ်သက်သည့် အသေးစိတ် အချက်အလက်များက ရှင်းဝေဆီသို့ အပြည့်အစုံ ရောက်ရှိနေပြီ ဖြစ်သည်။
ကလေးလေး၏ ဘဝက တကယ့်ကို သနားစရာ ကောင်းလှသည်။ အသက် တစ်နှစ်ကျော်လောက် အရွယ်မှာတင် သူ့အမေက နေ့စဉ်နှင့်အမျှ ကြုံတွေ့နေရသည့် အိမ်တွင်း အကြမ်းဖက်မှု ဒဏ်များကို မခံနိုင်တော့သဖြင့် ထွက်ပြေးသွားခဲ့သည်။ ဘာမှမသိနားမလည်သေးသော ကလေးငယ်ကိုတော့ ရက်စက်ကြမ်းကြုတ်သည့် အရက်သမား အဖေဆီမှာ ထားခဲ့ရရှာသည်။ အဖေလုပ်သူကလည်း မိန်းမ ထွက်ပြေးသွားရခြင်းမှာ ဒီကလေးကြောင့် ဖြစ်သည်ဟု အငြိုးထားကာ ကလေးကို မိုးလင်းမိုးချုပ် အကြောင်းမဲ့ ရိုက်နှက် နှိပ်စက်နေတော့သည်။ အခုဆိုလျှင် ကလေးက အသက် ၅ နှစ် အရွယ်သို့ပင် ရောက်ရှိနေပြီ ဖြစ်သည်။
ဓာတ်ပုံထဲတွင် မြင်ရသော ဟယ်လင်းဖုန်းလေး၏ မျက်နှာက ချစ်စရာ ကောင်းပြီး အပြစ်ကင်းစင်လွန်းနေသည်။ ကြီးလာလျှင် သေချာပေါက် မိန်းကလေးများ၏ နှလုံးသားကို ညှို့ယူဖမ်းစားနိုင်မည့် လူသတ်ကောင် ရုပ်ရည်မျိုး ပိုင်ဆိုင်ထားသူလေး ဖြစ်သည်။
စနစ်၏ တိကျသော လမ်းညွှန်မှု နောက်ကို လိုက်ပါသွားရင်း ရှင်းဝေတစ်ယောက် ဟယ်လင်းဖုန်း ရှိနေမည့် နေရာသို့ အမြန်ဆုံး သွားလိုက်သည်။
ထိုနေရာမှာ ဆင်းရဲသားများ နေထိုင်ရာ ရပ်ကွက်ဟောင်း တစ်ခု ဖြစ်နေသည်။ ရှင်းဝေ သူမ၏ တစ်သက်နဲ့ တစ်ကိုယ် ဒီလောက်အထိ ဟောင်းနွမ်း ဆွေးမြေ့နေတဲ့ အိမ်တွေကို တစ်ခါမှ မမြင်ဖူးခဲ့ချေ။
ရှေးဟောင်း အဆောက်အအုံများက အပြင်ဘက်တွင် လှေကားများ တပ်ဆင်ထားပြီး နံရံများမှာလည်း မည်းညစ်နေသည်။ အင်္ဂတေများကလည်း အချိန်မရွေး ကွာကျတော့မည့် အနေအထား ဖြစ်နေသည်။ ဒီအဆောက်အအုံတွေ၏ သက်တမ်းက အနည်းဆုံး နှစ် ၄၀ ၅၀ လောက် ရှိနေလောက်ပြီ ဖြစ်ကြောင်း ခန့်မှန်းရသည်။
သုံးထပ်တိုက်များတွင် အိမ်သာ လုံးဝ မပါဝင်ပေ။ အဆောက်အအုံ အပြင်ဘက်က အများသုံး အိမ်သာကိုပဲ အားလုံး ဝိုင်းဝန်း အသုံးပြုရသည်။ အပြင်ဘက် စင်္ကြံလမ်းများတွင် အိပ်ရာခင်းများ အတွင်းခံများကို ပရမ်းပတာ လှမ်းထားကြပြီး နေရာတိုင်းလိုလိုတွင် မိလ္လာရည်များ ပြန့်ကျဲနေလေသည်။
ရှင်းဝေ တစ်ယောက် ရပ်ကွက်ထဲသို့ မရောက်ခင် အဝေးကတည်းက အနံ့အသက်များကြောင့် နှာခေါင်းရှုံ့လိုက်မိသည်။ ထိုအချိန်တွင် စနစ်ဆီမှ "တီ ... တီ ... တီ" ဟူသော အသံ ထွက်ပေါ်လာပြီး ပစ်မှတ်ဖြစ်သည့် ဟယ်လင်းဖုန်းနှင့် မီတာ ၅၀ အကွာသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း ပြသလိုက်သည်။
ရှင်းဝေ သေချာ ဂရုတစိုက် ကြည့်လိုက်သောအခါ မြေကြီးပေါ်တွင် ဆောင့်ကြောင့် ထိုင်ပြီး ဆော့ကစားနေသည့် ကောင်လေးတစ်ယောက်ကို တွေ့လိုက်ရသည်။
စုတ်ပြတ်သတ်နေသော အဝတ်အစားများကို ဝတ်ဆင်ထားသည့် ထိုကလေး၏ အဝတ်အစားများကို မလျှော်ဖွပ်ရတာ ဘယ်လောက်တောင် ကြာနေပြီလဲ မသိပေ။ ရွှံ့တွေပေကျံနေသည့် ရွှံ့ရုပ်လေး တစ်ရုပ် အတိုင်းပင် ဖြစ်နေသည်။
"မင်း နာမည် ဘယ်သူလဲ"
ကောင်လေး၏ မျက်လုံး ဝိုင်းဝိုင်းကြီးတွေက သူ့မျက်နှာ သေးသေးလေး၏ တစ်ဝက်လောက်ကိုပင် ဖုံးလွှမ်းထားလေသည်။ သူက သူစိမ်းဖြစ်သူ ရှင်းဝေကို ကြောက်ရွံ့စွာဖြင့် မရဲတရဲ ပြန်ဖြေသည်။
"ဟယ်လင်းဖုန်း ..."
သူ့အသံလေးက အလွန် တိုးလျလွန်းလှသဖြင့် ခြင်ညည်းသံလောက်သာ ရှိလေသည်။
အပေါက်အပြဲတွေ အပြည့်ဖြစ်နေသော စွပ်ကျယ်အင်္ကျီနှင့် ဘောင်းဘီတိုလေးကိုသာ ဝတ်ဆင်ထားပြီး သူ့ခန္ဓာကိုယ်လေး ပေါ်မှာတော့ ရိုက်နှက်ခံထားရသည့် ဒဏ်ရာတွေက ဗရပွ ဖြစ်နေသည်။ ရှင်းဝေက ကလေး၏ ဆင်းရဲဒုက္ခများကို ကြိုတင် သိရှိထားပြီး ဖြစ်သော်လည်း ယခုလို မျက်မြင်ကိုယ်တွေ့ ကိုယ်တိုင် မြင်တွေ့လိုက်ရသောအခါတွင်တော့ သူမ၏ ဒေါသများက ထိန်းမနိုင် သိမ်းမရ ထွက်လာမိသည်။ ဒီလို သေးငယ်နုနယ်လှတဲ့ အရွယ် ကလေးတစ်ယောက်ကို ဒီလောက်ထိ ရက်ရက်စက်စက် လုပ်ရက်ကြတယ် ဆိုတာ သူမအတွက် ယုံကြည်နိုင်စရာပင် မရှိပေ။
"ဂွီ ..."
ထိုအချိန်တွင် ကလေး၏ ဗိုက်ထဲမှ အလွန် ဆာလောင်မွတ်သိပ်နေသော အသံကြီး ထွက်ပေါ်လာသည်။
ရှင်းဝေ လန့်သွားသည်။
"မင်း ထမင်း မစားရသေးဘူးလား"
ကလေးက ခေါင်းညိတ်ပြလိုက်ပြီး ဗိုက်ထဲက အသံ ဆက်မထွက်လာအောင် သူ့လက်ကလေးနှင့် ဖိထားရှာသည်။
စနစ် ပြောပြထားသည့် အချက်အလက်များအရဆိုလျှင် ဒီကလေး ထမင်း မစားရတာ မနေ့ညကတည်းက ဆိုတော့ အနည်းဆုံး ၃ နပ်လောက် ရှိနေပြီ ဖြစ်သည်။ သူ့အဖေကလည်း အိမ်မှာ မရှိပေ။ အိမ်နီးနားချင်းတွေကလည်း ကိုယ့်ဝမ်းနာမှ ကိုယ်သာ သိကြမည့် ဆင်းရဲသားတွေချည်းမို့ ကိုယ့်ကလေးတောင် ကိုယ်နိုင်အောင် မကျွေးမွေးနိုင်ကြသဖြင့် သူများ ကလေးကို ဘယ်လိုလုပ်ပြီး ဂရုစိုက်နိုင်ပါမည်နည်း။ တစ်ခါတလေမှသာ စိတ်သဘောထား ကောင်းမွန်သည့် အဘွားအို တစ်ယောက်က ဟယ်လင်းဖုန်း မစားရတာကို မြင်တွေ့ရသောအခါမှသာ ထမင်း ခေါ်ကျွေးလေ့ ရှိကြောင်း သိရသည်။
ရှင်းဝေက ကြင်နာစွာဖြင့် ပြောလိုက်သည်။
"လာ ... မမ မင်းကို ဆန်ပြုတ် လိုက်တိုက်မယ်"
ကလေးငယ်များ၏ အစာအိမ်က အလွန် နုနယ်လှသည်။ အစာအိမ်ထဲတွင် အစာမရှိတာ ကြာနေလျှင် အဆီအစိမ့်များ အစာကြေခဲသည့် အစားအစာများကို ချက်ချင်း စားသုံး၍ မရပေ။
ဒါပေမဲ့ ရှင်းဝေ တစ်ယောက် အံ့ဩသွားရပြန်သည်။ အဘယ်ကြောင့်ဆိုသော် ဟယ်လင်းဖုန်းက ချက်ချင်း မလိုက်လာဘဲ တွန့်ဆုတ်တွန့်ဆုတ် လုပ်နေသောကြောင့်ပင်။
"ကျေးဇူးပါ မမရယ် ... ရပါတယ်"
ထို့နောက် သူက အမြန် ထွက်ပြေးဖို့ ကြိုးစားလိုက်သည်။
ရှင်းဝေ သူ့နောက်ကို ချက်ချင်း လိုက်ဖမ်းလိုက်သည်။
"ဘာဖြစ်လို့လဲ။ မမက လူဆိုး မဟုတ်ပါဘူး"
ပြောပြောဆိုဆိုနှင့်ပင် သူမ၏ အိတ်ထဲက သကြားလုံး တစ်လုံးကို ထုတ်ယူကာ ကလေးကို ပေးလိုက်သည်။
ဒါက ဟယ်လင်းဖုန်း၏ တစ်သက်တာ ဘဝတွင် ပထမဆုံးအကြိမ် စားဖူးသည့် နို့သကြားလုံးလေး ဖြစ်သည်။
သကြားလုံးကို စားလိုက်ရချိန်တွင် ကလေးလေး ဆွံ့အသွားသည်။ ဒီကမ္ဘာကြီးပေါ်မှာ ဒီလောက် ချိုမြိန် အရသာရှိတဲ့ အရာ ရှိလိမ့်မယ်လို့ သူ တစ်ခါမှပင် စိတ်ကူးမယဉ်ဖူးခဲ့ချေ။ သူ ဝါးတောင် မဝါးရက်ရှာဘူး။ လျှာလေးနဲ့ပဲ ဖြည်းဖြည်းချင်း တို့ကြည့်နေသည်။ သူများ ပစ္စည်းကို အလွယ်တကူ မယူကောင်းဘူးလို့ သူ သိထားပေမဲ့လည်း ဒီအချိုဓာတ်လေးရဲ့ ပြင်းပြလှသော မြှူဆွယ်မှုကိုတော့ သူ ဘယ်လိုမှ မလွန်ဆန်နိုင်တော့ပေ။
သကြားလုံးလေး တစ်လုံးတည်းနှင့်ပင် ကလေးလေး တစ်ယောက် အလွန် ပျော်ရွှင်သွားရှာသည်။
ထိုမြင်ကွင်းကို ကြည့်ကာ ရှင်းဝေ မျက်ရည် ဝဲချင်သွားသည်။
"ဒီမှာ စောင့်နေ။ မမ မင်းအတွက် စားစရာ သွားဝယ်ပေးမယ်"
မလှမ်းမကမ်း နေရာလေးမှာ ဖက်ထုပ်ပေါင်းဆိုင် တစ်ဆိုင် ရှိနေသည်ကို သူမ တွေ့လိုက်သည်။ ဒီရပ်ကွက်က လူတွေ အများဆုံး စားသောက်လေ့ရှိသည့် ဆိုင် ဖြစ်ပုံရသည်။
သကြားလုံးလေး တစ်လုံး၏ အစွမ်းကြောင့် ကလေး၏ စိတ်ထဲရှိ သံသယ တံတိုင်းကြီးမှာ လုံးဝ ပြိုကျသွားခဲ့ပြီ ဖြစ်သည်။
"ကျေးဇူးပါ မမ ... အတူတူ သွားကြမယ်လေ”
သူက ငယ်ငယ်ကတည်းက လူတွေရဲ့ မျက်နှာရိပ် မျက်နှာကဲကို အမြဲ ကြည့်ရှု အကဲခတ်ပြီး ကြီးပြင်းလာရသူလေးမို့ ရှင်းဝေကို မသိကျွမ်းသေးသော်လည်း သူမ၏ ရိုးသားသော ကြင်နာမှုကိုတော့ နက်နက်ရှိုင်းရှိုင်း ခံစားမိပုံ ရသည်။
နှစ်ယောက်သား ဖက်ထုပ်ဆိုင်လေးသို့ ရောက်သွားသောအခါ ရှင်းဝေက ကလေးအတွက် ဆန်ပြုတ် တစ်ပန်းကန်နှင့် ဖက်ထုပ်အသေးလေးများကို ဝယ်ကျွေးလိုက်သည်။
အစားအသောက်များကို မြင်သည်နှင့် ကလေးက အငမ်းမရ စားသောက်နေတော့သည်။ ရှင်းဝေက ညင်သာစွာဖြင့် သတိပေး ပြောလိုက်သည်။
"ဖြည်းဖြည်းစားပါ ... အကုန်လုံး မင်းအတွက်ပါပဲ”
ဒါပေမဲ့ အလွန် အရသာရှိတဲ့ အစားအစာတွေက ရှေ့တည့်တည့်သို့ ရောက်နေမှတော့ အလွန် ဆာလောင်နေသည့် ဝံပုလွေပေါက်လေး တစ်ကောင် အနေဖြင့် ဘယ်လို လုပ်ပြီး သည်းခံနိုင်ပါ့မလဲ။
ရှင်းဝေက ထပ်မံ ပြောလိုက်သည်။
"နောက်ဆို မမ မင်းအတွက် စားစရာ ကောင်းတာတွေ ယူလာပေးမယ် ဟုတ်ပြီလား"
ထိုအခါ ဟယ်လင်းဖုန်းက ပြန်ပြောသည်။
"ဒါပေမဲ့ သားက မမကို ဘယ်လို ကျေးဇူးဆပ်ရမလဲ မသိဘူး"
အသက် ၅ နှစ်အရွယ်သာ ရှိသေးသော ကလေးတစ်ယောက်၏ ပါးစပ်ကနေ ဒီလို စကားလုံးမျိုး ထွက်လာတာက တကယ့်ကို အံ့ဩစရာပင် ဖြစ်သည်။
ရှင်းဝေ ရင်ထဲတွင် စူးခနဲ နာကျင်သွားရသည်။
"မင်း ကျေးဇူးဆပ်စရာ မလိုပါဘူး”
"မရဘူး ... သား မမကို အကြွေးတင်သွားပြီ။ သား ကြီးလာရင် ပြန်ဆပ်ပါ့မယ်"
ကလေးက သူ၏ စကားကို အလွန် လေးလေးနက်နက် တည်ကြည်စွာဖြင့် ပြန်ပြောသည်။
ရှင်းဝေအနေဖြင့် ကလေး၏ ရိုးသား ဖြူစင်လှသော စိတ်ဓာတ်လေးကို မဖျက်ဆီးချင်တာနဲ့ပဲ သဘောတူသည့်အနေဖြင့် ခေါင်းညိတ် လက်ခံလိုက်သည်။
သူတို့ နှစ်ယောက်သား စကားပြောနေတုန်းမှာပဲ ရုတ်တရက် တိုက်ခတ်လာတဲ့ လေက အလွန် အေးစက်သွားပြီး ပတ်ဝန်းကျင် တစ်ခုလုံး မှောင်မိုက်သွားသလို ခံစားလိုက်ရသည်။
လေလာရာ ဘက်သို့ လှမ်းကြည့်လိုက်သောအခါ မုတ်ဆိတ်တွေ ဗရပွဖြင့် ဆံပင်တွေ ဖွာလန်ကြဲနေတဲ့ လူတစ်ယောက်က သူတို့ကို အလွန် လောဘတကြီး ကြည့်နေသည်ကို ထိတ်လန့်ဖွယ်ရာ တွေ့လိုက်ရသည်။
ထိုလူနှင့် မျက်လုံးချင်း ဆုံမိတဲ့ ခဏလေးမှာပဲ ဟယ်လင်းဖုန်း၏ ကိုယ်လေး တုန်ရီသွားတာကို ရှင်းဝေ ချက်ချင်း ခံစားမိလိုက်သည်။
ရှင်းဝေ ရင်ထဲ ဒိတ်ခနဲ ဖြစ်သွားသည်။ ဤလူမှာ ဟယ်လင်းဖုန်းကို အမြဲတစေ ရိုက်နှက် နှိပ်စက်နေတဲ့ သူ့အဖေ ဆိုတဲ့ ငရဲကောင်ကြီးပင် ဖြစ်ရမည်။
ပြီးတော့ အခု ... သူတို့ကို တွေ့သွားခဲ့ပြီ ဖြစ်သည်။
***