ဟယ်မျိုးရိုးနှင့် ထိုလူယုတ်မာသည် သူ့သားဖြစ်သူ ဟယ်လင်းဖုန်းအပေါ် ပတ်ဝန်းကျင်မှ လူများက ထားရှိကြသည့် သနားကြင်နာမှုများကို အမြဲတမ်း အခွင့်ကောင်း ယူကာ လှည့်စားလေ့ရှိသူ ဖြစ်သည်။
သူ့ကိုယ်သူ သုံးသပ်ပြောဆိုရမည် ဆိုလျှင်တော့ လူ့အန္ဓ လူ့တိရစ္ဆာန် အဆင့်လောက်သာ ရှိသည့် အောက်တန်းစား တစ်ယောက်သာ ဖြစ်သည်။ ပုံမှန် ပိုက်ဆံရှာနိုင်စွမ်းလည်း လုံးဝ မရှိ နေ့စဉ် အရက်ပုလင်းကိုသာ ဖက်တွယ်ထားပြီး အလွယ်တကူ ရနိုင်မည့် သူခိုးဂျပိုး အလုပ်မျိုးကိုလောက်သာ လုပ်ကိုင်တတ်သူ ဖြစ်သည်။
သူ့သားလေးကို တစ်ယောက်ယောက်က သနားစိတ်ဖြင့် ကြင်နာမှု ပြသတာကို မြင်လိုက်သည်နှင့် တစ်ပြိုင်နက် ထိုတစ်ဖက်လူဆီကနေ အကြောင်းအမျိုးမျိုးပြကာ ငွေ ရာဂဏန်းလောက် ညှစ်ထုတ်နိုင်ဖို့ ချက်ချင်းပဲ ကြိုးစားတော့တာ ဖြစ်သည်။
ဒီရပ်ကွက်ထဲက နေထိုင်သူတွေ ဆိုတာကလည်း နဂိုကတည်းက ဆင်းရဲသား အချင်းချင်းတွေသာ ဖြစ်ကြသည်။ သူတို့ဆီမှာ ပိုလျှံနေသည့် ပိုက်ဆံတွေ ဘယ်လောက်များ ရှိနေမှာလဲ။ ဒါပေမဲ့ ဒီကောင်ကတော့ အရှက်မရှိဘဲ ခွေးသန်းရှာသလို လိုက်လံရှာဖွေပြီး အကြောင်းရှာကာ အနိုင်ကျင့် ငွေတောင်းနေကျ ဖြစ်သည်။ ဒါကြောင့်လည်း နောက်ပိုင်းတွင် လူတွေက ဟယ်လင်းဖုန်းလေးကို အပြင်မှာ မြင်တွေ့လိုက်သည်နှင့် ကပ်ရောဂါဘေးကြီး တစ်ခုလိုမျိုး ကြောက်ရွံ့စွာဖြင့် ဝေးဝေးကနေ ရှောင်ပြေးကြတော့သည်။
အကြောင်းမှာ ဒီမျက်နှာပြောင်တိုက်လွန်းသည့် အဖေလုပ်သူက ကလေးကို အကြောင်းပြကာ သူတို့ဆီက သွေးစုပ် ခေါင်းပုံဖြတ်မှာကို ကြောက်ရွံ့နေကြလို့ပင် ဖြစ်သည်။
ထိုသို့သော အကြောင်းရင်းများကြောင့်ပင် အနာဂတ် ကွန်ပျူတာ ဉာဏ်ကြီးရှင်လေး ဖြစ်လာမည့် ဟယ်လင်းဖုန်း၏ ဘဝက ဆိုးရွားသည်ထက် ဆိုးရွားကာ အထီးကျန်လာခဲ့ရခြင်း ဖြစ်သည်။
ယခုအချိန်တွင် ဒီလူ အကြိုက်ဆုံး ပစ်မှတ်ကတော့ ရှင်းဝေလိုမျိုး စိတ်ထားနုနယ်ပြီး သူတစ်ပါးကို ကြင်နာတတ်သည့် မိန်းကလေးတွေပါပဲ။ သူ့မျက်လုံးထဲမှာ ကောက်ကျစ်သည့် အရောင်တစ်ခု လက်သွားပြီး ယုတ်မာသည့် အကြံဉာဏ်တစ်ခု ချက်ချင်း ထွက်ပေါ်လာသည်။
"မင်း ငါ့သားကို ဘာတွေ ကျွေးနေတာလဲ။ ငါ့သားမှာ အစာအိမ်ရောဂါ ရှိတယ်။ မင်းကျွေးလို့ ပိုဆိုးသွားရင် မင်းတာဝန်ယူရမယ်။ လျော်ကြေးပေးရမယ်"
သူ့ရဲ့ အရက်ဒဏ်ကြောင့် သွေးရောင်လွှမ်းနေတဲ့ မျက်လုံးတွေထဲမှာ ကောက်ကျစ်စဉ်းလဲမှုတွေ အပြည့်အဝ ပြည့်နှက်နေသည်။
ထိုအခါ ဘေးနားက ဖက်ထုပ်ဆိုင်ရှင် ကတော်ကြီးက မတရားမှုကို မခံနိုင်တော့ဘဲ ဝင်ပြောလိုက်သည်။
"ဘာကို လျော်ရမှာလဲ။ ငါ့ဆိုင်က ဖက်ထုပ်တွေက သန့်ရှင်းတယ်။ နင့်သား အစာအိမ်ရောဂါ ဖြစ်တာ ငါ့ဖက်ထုပ်ကြောင့် ဆိုပြီး လာရူးမနေနဲ့"
ထိုအချိန်တွင် ဟယ်လင်းဖုန်းလေးမှာ ကြောက်လန့်တကြား တုန်ရီနေရှာသည်။ သို့သော်လည်း ထိုသို့ ကြောက်ရွံ့နေသည့်တိုင် သူက ရှင်းဝေအတွက် စိုးရိမ်ပူပန်နေဆဲ ဖြစ်သည်။ ထို့ကြောင့် ရှင်းဝေ၏ လက်လေးကို ဆွဲကာ တိုးတိုးလေး သတိပေး ပြောဆိုလိုက်သည်။
"မမ ... မြန်မြန် သွားရအောင်။ မဟုတ်ရင် သူ မမဆီက ပိုက်ဆံ တောင်းလိမ့်မယ်"
အရင်တုန်းကတော့ ရပ်ကွက်ထဲက လူတွေက သူ့ကို ဘာလို့ ဒီလောက်တောင် ရှောင်ကြလဲဆိုတာ ဟယ်လင်းဖုန်းလေး နားမလည်ခဲ့ပေ။ နောက်ပိုင်း အတန်ငယ် ကြီးလာကျမှ သူများတွေ ပြောဆိုသံများကို ကြားရပြီး အခြေအနေကို သဘောပေါက်လာခဲ့သည်။
"သားအဖ နှစ်ယောက်လုံးက လိမ်စားနေကြတဲ့ အတွဲတွေလေ" တဲ့။
ကလေးငယ်လေးက "လိမ်စားတယ်" ဆိုတာ ဘာလဲဆိုတာကို အတိအကျ ကောင်းကောင်းကြီး နားမလည်ပေမဲ့ မကောင်းတဲ့ အရာတစ်ခုမှန်းတော့ အလိုလို သိနေသည်။ သူက ရှင်းဝေကိုလည်း သူ့အဖေ အနိုင်ကျင့်ကာ ပိုက်ဆံတောင်းမှာကို အလွန် ကြောက်ရွံ့နေသည်။
ရှင်းဝေက ကလေးလေးကို ကြင်နာစွာဖြင့် နှစ်သိမ့်လိုက်သည်။
"မပူပါနဲ့။ မမ သူ့ကို မကြောက်ပါဘူး”
ရှင်းဝေ ကိုယ်တိုင် ဘာမှ ပြန်လည် မတုံ့ပြန်ရသေးခင်မှာပင် ဖက်ထုပ်ဆိုင်ရှင် ကတော်ကြီးက ဟယ်လင်းဖုန်း အဖေကို ဆိုင်ရှေ့မှ မောင်းထုတ်လိုက်သည်။
"ဘယ်လို လူစားမျိုးလဲ မသိဘူး"
ဆိုင်ရှင်ကတော်ကြီးက မကျေမနပ်ဖြင့် တီးတိုး ရေရွတ်လိုက်သည်။
သူမက ကလေးလေး၏ ဘဝမှာ ဖြစ်ပျက်ခဲ့တာတွေကို အတိအကျ အသေးစိတ် မသိပေမဲ့ ဒီလို အစားအသောက် ပေါများတဲ့ ခေတ်ကြီးထဲမှာ ဟယ်လင်းဖုန်းလို အာဟာရပြတ်ကာ ပိန်လှီ ခြောက်ကပ်နေတဲ့ ကလေးမျိုး မြင်ရတာက အတော်လေး ရှားပါးလှသည်။ ဒီလို လူယုတ်မာကြီးရဲ့ လက်ထဲမှာ ဒီလို ကလေးလေး ကြီးပြင်းနေရတာက တကယ့် ဝဋ်ကြွေးပါပဲ ဟု သူမ တွေးလိုက်မိသည်။
ရှင်းဝေက ဟယ်လင်းဖုန်းကို မေးလိုက်သည်။
"မင်းအဖေကို ချစ်လား"
ဟယ်လင်းဖုန်းက ချစ်ခြင်းမရှိကြောင်း ခေါင်းခါပြလိုက်သည်။
ထို့ကြောင့် ရှင်းဝေက ဂရုတစိုက် ဆက်မေးလိုက်သည်။
"ဒါဆို မင်းအဖေ မရှိတဲ့ နေရာတစ်ခု စာသင်လို့ရပြီး သူငယ်ချင်းတွေ ရှိတဲ့ နေရာတစ်ခုကို လိုက်နေချင်လား"
ထိုအခါ ဟယ်လင်းဖုန်း၏ မျက်လုံး ဝိုင်းကြီးတွေက မျှော်လင့်ချက်များဖြင့် အရောင်တောက်သွားသည်။
"မမက သားကို မိဘမဲ့ ဂေဟာ ပို့မလို့လား”
ရှင်းဝေ အံ့ဩသွားသည်။
"မင်းက မိဘမဲ့ ဂေဟာကိုတောင် သိတာလား"
ထိုစဉ် စနစ်၏ အသံက ရှင်းဝေ ခေါင်းထဲသို့ အလိုအလျောက် ဝင်ရောက်လာသည်။
[အရင်တုန်းက စေတနာရှင် လူတချို့က သူ့အဖေကို ပြောပြီး ကလေးကို လူမှုစောင့်ရှောက်ရေး ဂေဟာ ပို့ဖို့ ကြိုးစားဖူးတယ်။ ဒါပေမဲ့ သူ့အဖေက အဲဒီလူတွေဆီက ယွမ် ၅ သောင်း တောင်းလို့ လန့်ပြေးကုန်ကြတာလေ။]
ရှင်းဝေ ဆွံ့အသွားသည်။ ဒီလူက သူ့ရဲ့ သွေးသားရင်းချာ သားအရင်းကိုတောင် ငွေတွင်းတစ်ခုလို သဘောထားပြီး အမြတ်ထုတ်နေတာကိုး။
ထို့နောက် ရှင်းဝေသည် ဟယ်လင်းဖုန်းကို ခေါ်ဆောင်ပြီး ဖက်ထုပ်ဆိုင်မှ ထွက်လာခဲ့သည်။ ခြေလှမ်း အနည်းငယ်မျှ လျှောက်ပြီးရုံသာ ရှိသေးသည်။ လမ်းထောင့် တစ်နေရာမှ ဟယ်လင်းဖုန်း အဖေ ရုတ်တရက် ထွက်ပေါ်လာပြီး သူတို့ကို စားမတတ် ဝါးမတတ် အငြိုးတကြီး ကြည့်နေလေသည်။
စောစောက ဖက်ထုပ်ဆိုင်ရှင် ကတော်ကြီးက ဗလတောင့်တောင့်နှင့် ရန်တွေ့ရဲသည့် ပုံစံရှိသဖြင့် သူ ပြန်မယှဉ်ရဲခဲ့ပေ။ အခုတော့ အရက်သမား ပီပီ မိန်းကလေး တစ်ယောက်တည်းသာ ကလေးကို ခေါ်လာတာ မြင်တော့ သတ္တိတွေ ပြန်ဝင်လာပုံ ရသည်။ သူ့ခန္ဓာကိုယ်က အရက်ဒဏ်ကြောင့် ကြက်နာလေး တစ်ကောင်လို ပိန်ချုံးနေပေမဲ့ ယုတ်မာဖို့ ကိစ္စများ ကျတော့ အံ့ဩစရာ ကောင်းလောက်အောင် အားရှိနေပြန်သည်။
သူက ရှင်းဝေ ရှေ့သို့ ပိတ်ရပ်လိုက်သည်။
"မင်း ငါ့ရဲ့ သောက်ကျိုးနည်း ကောင်စုတ်လေးကို သနားနေတာမလား။ လွယ်ပါတယ်။ ခေါ်သွားချင်ရင် ယွမ် ၁ သိန်း ပေး"
ရှင်းဝေက ပြတ်သားစွာ ပြန်ပြောလိုက်သည်။
"ကလေး ရောင်းဝယ်တာ ဥပဒေနဲ့ မလွတ်ကင်းဘူးနော်"
"ဒါ့အပြင် ရှင်က ရောင်းစားတာတင် မကဘူး။ ကလေးကို ပစ်ထားပြီး နှိပ်စက်ထားသေးတယ်"
ဟယ်လင်းဖုန်း အဖေက ရှင်းဝေကို တက္ကသိုလ် ဘွဲ့ရကာစ ကောင်မလေး တစ်ယောက်မို့ အလွယ်တကူ ခြိမ်းခြောက် အနိုင်ကျင့်လို့ ရမယ်ဟုသာ ထင်ထားခဲ့တာ ဖြစ်သည်။ သူမက ယခုလို ဥပဒေတွေ ဘာတွေ လာပြောမယ်လို့ လုံးဝ ထင်မထားခဲ့ချေ။
ထို့ကြောင့် သူက လူမိုက်လေသံဖြင့် အော်ဟစ်လိုက်သည်။
"ပေါက်ကရတွေ လာမပြောနဲ့။ ဒါ ငါ့သားကွ။ နောက်ထပ် စကားတစ်ခွန်း ထပ်ပြောရင် ငါ့လက်သီး အရသာ မြည်းကြည့်လိုက်"
ပြောပြောဆိုဆိုနှင့် သူက ရှင်းဝေကို ရိုက်နှက်ရန် လက်ရွယ်လိုက်သည်။
သို့သော်လည်း စနစ်၏ အထူး အကာအကွယ် ပါလာသော ရှင်းဝေကို သူ ဘယ်လိုလုပ်ပြီး အလွယ်တကူ ထိနိုင်ပါ့မလဲ။
သူ့လက်က ရှင်းဝေကို ထိလိုက်သည်နှင့် တစ်ပြိုင်နက် စနစ်က လျှပ်စစ် ဗို့အား ၁ သိန်းအား လျှပ်တစ်ပြက် လွှတ်ပေးလိုက်သည်။
"အား ... ကျွတ် ကျွတ် ... အား ..."
ဟယ်လင်းဖုန်း အဖေဆီမှ ဝက်သတ်သလို နာကျင်သော အော်သံကြီး ထွက်ပေါ်လာပြီး ခန္ဓာကိုယ် တစ်ခုလုံး တောင့်တင်းသွားကာ မြေပြင်ပေါ်သို့ ဘုန်းခနဲ လဲကျသွားတော့သည်။
ရှင်းဝေသည် အခွင့်ကောင်းကို ယူကာ ဟယ်လင်းဖုန်းကို ဆွဲပြီး နီးစပ်ရာ ရဲစခန်းသို့ ချက်ချင်း သွားရောက် တိုင်ကြားလိုက်သည်။
ဒီလို မြို့ပြ ဆင်းရဲသား ရပ်ကွက်ဟောင်းတွေမှာ လူတွေက များသောအားဖြင့် ရှေးရိုးစွဲ အမြင် ရှိတတ်ကြသည်။ အဖေက သားကို ရိုက်တာ ပုံမှန်ပဲ မိသားစု အိမ်တွင်းရေး ကိစ္စပဲ ဆိုပြီး သဘောထားတတ်ကြသည်။ အလွန်ဆုံး ပြင်းပြင်းထန်ထန် ဖြစ်လာလျှင် ဝင်ဆွဲပေးရုံသာ ရှိပြီး ရဲတိုင်လေ့ လုံးဝ မရှိကြပေ။
ထို့ကြောင့် ရှင်းဝေ၏ ဤတိုင်ကြားချက်က ရဲစခန်းတွင် ဟိုးလေးတကျော် သတင်းကြီး ဖြစ်သွားသည်။
ရဲအရာရှိများက ဟယ်လင်းဖုန်း ကိုယ်ပေါ်က အနာတရ ဒဏ်ရာ ဗရပွကို မြင်တွေ့လိုက်ရသောအခါ အားလုံး အံ့အားသင့်ကာ ပါးစပ် အဟောင်းသား ဖြစ်ကုန်ကြသည်။ "ကျားရဲတောင် သူ့သားသမီး သူ မစားဘူး" ဆိုတဲ့ စကား ရှိပေမဲ့ ဒီလူကတော့ တိရစ္ဆာန်ထက်တောင် ပိုပြီး ဆိုးရွားနေသည်။
ဒီခေတ်ကြီးထဲမှာ ဒီလို ရက်စက်တဲ့ ကိစ္စမျိုး ရှိနေသေးတာလား ဟု အားလုံးက တွေးမိကြသည်။
ရှင်းဝေသာ ယခုလို ဦးအောင် လာရောက် မတိုင်ကြားဘဲ အွန်လိုင်းပေါ်သာ ဒီပုံတွေ အရင် တက်သွားခဲ့မည် ဆိုလျှင် တစ်နိုင်ငံလုံးက Netizen တွေ ရဲစခန်းကို ဝိုင်းဆဲကြတော့မှာ အသေအချာပင် ဖြစ်သည်။ ထို့ကြောင့် ရဲစခန်းက အထူး စုံစမ်းစစ်ဆေးရေး အဖွဲ့ကို ချက်ချင်း ဖွဲ့စည်းလိုက်သည်။
ထို့နောက် သူတို့သည် ဟယ်လင်းဖုန်းတို့ နေထိုင်ရာ အိမ်သို့ ချက်ချင်း သွားရောက် စစ်ဆေးကြသည်။
ရဲတွေ လာစစ်ဆေးပြီ ဆိုတာ သိလိုက်ရတော့ ရပ်ကွက်ထဲက အိမ်နီးနားချင်းတွေကလည်း သူတို့ သိသမျှ အရာအားလုံးကို ပဲလှော်တွေ လှိမ့်ထွက်လာသလို တရစပ် အကုန်အစင် ပြောပြကြတော့သည်။
မကြာခင် အချိန်အတွင်းမှာပင် စိတ်နှလုံးကို တုန်လှုပ်စေလောက်သော ရက်စက်သည့် နှိပ်စက်မှု အချက်အလက် မြောက်မြားစွာ ထွက်ပေါ်လာသည်။
ဟယ်လင်းဖုန်းလေးက အသက် ၅ နှစ် ရှိပြီ ဖြစ်သော်လည်း အာဟာရ ပြတ်လပ်မှုကြောင့် ၂ နှစ် ၃ နှစ် အရွယ်လောက်သာ ထွားကျိုင်းသည်။ သူ့ကိုယ်ပေါ်က ဒဏ်ရာ အများစုက အချိန်ကြာမြင့်နေပြီ ဖြစ်သည့် ဒဏ်ရာဟောင်းတွေ ဖြစ်ပြီး အရင်တုန်းက သူ ဘယ်လောက်တောင် နာကျင် ခံစားခဲ့ရလဲ ဆိုတာ အသေအချာ မကြည့်ရင်တောင် သိသာလွန်းလှသည်။
ရဲစခန်းက ထိုအချက်အလက်များကို အခြေခံကာ ချက်ချင်း အမှုဖွင့်လိုက်သည်။ ကလေး သူငယ် နှိပ်စက်မှု ပုဒ်မဖြင့် ထိုလူယုတ်မာ ထောင် ၅ နှစ်လောက် ကျဖို့ကတော့ သေချာသလောက် ရှိနေပြီ ဖြစ်သည်။
ဒါပေမဲ့ အမှုပြီးသွားလျှင် ဟယ်လင်းဖုန်းကို ဘယ်သူ ဆက်လက် စောင့်ရှောက်မလဲ ဆိုတာက အားလုံးအတွက် ခေါင်းခဲစရာ ပြဿနာ ဖြစ်လာသည်။
ထိုစဉ် ရှင်းဝေက ချက်ချင်း ဝင်ပြောလိုက်သည်။
"ကျွန်မ သူ့ကို မွေးစားပြီး ၁၈ နှစ် ပြည့်တဲ့အထိ အုပ်ထိန်းသူ လုပ်လို့ ရမလား"
"ဗျာ ... မင်းကလား"
ရဲအရာရှိက သူမရဲ့ စေတနာကို သံသယ မရှိသော်လည်း ရှင်းဝေက အလွန် ငယ်ရွယ်လွန်းနေသေးသည်။ တက္ကသိုလ် ဘွဲ့ရကာစ အရွယ်သာ ရှိသေးရာ ကလေးမွေးစားဖို့ ဆိုတာ လွယ်ကူသည့် ကိစ္စ တစ်ခု မဟုတ်ပေ။
ရှင်းဝေက ဖုန်းထဲမှ သူမ၏ တရားဝင် အချက်အလက်များကို ထုတ်ပြလိုက်သည်။
ထိုအချက်အလက်များကို ကြည့်ပြီး ရဲအရာရှိ မျက်လုံး ပြူးသွားသည်။ ဒီလောက် ငယ်ငယ်ရွယ်ရွယ်နဲ့ တရားဝင် မူကြိုကျောင်း ပိုင်ရှင် ဖြစ်နေပြီး ကျောင်းကလည်း အသေးစားလေး မဟုတ်ပေ။
ဒါကြောင့် သူက ဟယ်လင်းဖုန်းကို မျက်နှာမူကာ မေးလိုက်သည်။
"သား ... ဒီအစ်မကြီးနဲ့ လိုက်နေချင်လား"
ဟယ်လင်းဖုန်းက သူတစ်ပါးကို ဝန်ထုပ်ဝန်ပိုး ဖြစ်မှာစိုး၍ တွန့်ဆုတ်နေသည်။
"ဒါပေမဲ့ ... သားအဖေက ပြဿနာ လာရှာရင် ဘယ်လို လုပ်မလဲ"
သူ တကယ်တော့ လိုက်သွားချင်ပေမဲ့ ထိုစကားကို အသံထွက်အောင် မပြောရဲရှာ။ ၅ နှစ်အရွယ် ကလေးတစ်ယောက်က ဒီလောက်ထိတောင် တွေးပူတတ်နေသည်။
"အဲ့ဒါ မပူပါနဲ့။ မင်းအဖေက အမှားလုပ်ထားတော့ အဖမ်းခံရမှာ။ ပြီးရင် ပညာပေး ခံရဦးမှာ ဆိုတော့ အချိန်အကြာကြီး မင်းကို လာမနှောင့်ယှက်နိုင်တော့ဘူး"
ထိုအခါမှ ဟယ်လင်းဖုန်းက ခေါင်းဖြည်းဖြည်းချင်း ညိတ်လိုက်သည်။ ရဲအရာရှိက လိုအပ်သော စာရွက်စာတမ်း အချို့ကို လက်မှတ်ထိုးခိုင်းပြီး ဟယ်လင်းဖုန်းကို ရှင်းဝေ လက်ထဲ တရားဝင် ထည့်ပေးလိုက်သည်။
ဟယ်လင်းဖုန်းက ရှင်းဝေကို မော့ကြည့်ကာ ပြောသည်။
"မမ စိတ်မပူနဲ့နော်။ သား ကြီးလာရင် မမအတွက် ပိုက်ဆံ အများကြီး ရှာပေးမယ်။ သားက ထမင်း အလကား စားမယ့်ကောင် မဟုတ်ပါဘူး"
ရှင်းဝေ ကလေး၏ စကားကြောင့် ပြုံးလိုက်သည်။
"ဟုတ်ပါပြီရှင်"
ထိုအချိန်တွင် သူမ၏ ခေါင်းထဲ၌ စက်ရုပ်အသံအေးအေးကြီး ပေါ်ထွက်လာသည်။
[ဂုဏ်ယူပါတယ်။ ရှင်းဝေ သည် ဗီလိန် အမှတ် ၁ကို အောင်မြင်စွာ မွေးစားနိုင်ခဲ့ပါပြီ။ စနစ်၏ ဆုလက်ဆောင်များမှာ - အမဲသား ၅ ပိဿာ ဝက်နံရိုး ၁၀ ပိဿာ ခရမ်းချဉ်သီး မျိုးစေ့ ၅ စေ့ ငွေသား ယွမ် ၁ သန်း။ အပိုဆု အမှတ် ၁၀,၀၀၀။]
အဓိက မစ်ရှင် ဖြစ်သဖြင့် စနစ်ကြီးက ဆုချရာတွင် တော်တော်လေး ရက်ရောနေသည်။ အမှတ် ၁ သောင်းတောင် တန်းပေးလိုက်တာပဲ ဖြစ်သည်။
ရှင်းဝေသည် အစောပိုင်းက သူမ အလုပ်ကမ်းလှမ်းထားသော သူများ၏ အခြေအနေကို စစ်ဆေးကြည့်လိုက်သည်။
အကုန်လုံးက စာကို 'Seen' ပြပြီး စာပြန်မလာကြပေ။
ဗီလိန် အမှတ် ၁ကို အောင်မြင်စွာ ခေါ်လာနိုင်ပြီ ဖြစ်သော်လည်း ကျောင်းဖွင့်ဖို့ အရေးကြီးသော နောက်တန်း အထောက်အကူပြု အဖွဲ့ကတော့ ယခုအချိန်ထိ အရိပ်အယောင်မျှပင် မတွေ့ရသေးချေ။ ရှင်းဝေ အတော်လေး စိတ်ပျက်သွားသည်။
ငွေကို ရေလိုသုံးပြီး အမြင့်ဆုံး လစာနဲ့ ခေါ်တာတောင် ဘာလို့ ဘယ်သူမှ ပြန်မဆက်သွယ်ကြတာလဲ ဆိုတာ သူမ နားမလည်နိုင်အောင် ဖြစ်နေမိသည်။
***