ရှင်းဝေ တစ်ယောက်တည်း မသိနိုင်သော တစ်ဖက်ကမ်းက အခြေအနေများတွင်တော့ စနစ်၏ အကူအညီဖြင့် သူမ ကမ်းလှမ်းထားသော အလုပ်ရှင်များမှာ ရှင်းဝေ ထင်မှတ်နေသလို အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ် ရှိမနေကြပေ။
ဥပမာအားဖြင့် ယူပြရလျှင် စားဖိုမှူးကြီး လျူကို ကြည့်ပါ။ သူသည် နာမည်ကြီး ကျန်ပေ ဟိုတယ်ကြီးတွင် သူ၏ ဘဝတစ်ဝက်လောက် အချိန်များကို ကုန်ဆုံးကာ တာဝန်ထမ်းဆောင်ခဲ့သော အတွေ့အကြုံရင့် ထိပ်တန်း စားဖိုမှူးကြီးတစ်ဦး ဖြစ်သည်။
သူ၏ လက်အောက်တွင် မွေးထုတ်ပေးခဲ့သော တပည့်ကျော်တွေဆိုတာ မရေမတွက်နိုင်အောင်ပင် အများအပြား ရှိခဲ့သည်။
ဟိုအရင်ခေတ် အခြေအနေများက ဆိုလျှင် သူတို့ မိသားစု၏ လျှို့ဝှက်ချက်ဖြစ်သော ဟင်းချက်နည်းများကို သင်ယူလိုပါက ဆရာဖြစ်သူ၏ ရှေ့တွင် ရိုသေစွာ ဒူးထောက် ခေါင်းညိတ်ပြီး တရားဝင် တပည့်ခံမှသာ သေချာ သင်ပေးလေ့ရှိသည်။
ဟင်းချက်တယ် ဆိုတာက လူတိုင်း လုပ်နိုင်ပေမဲ့ တကယ် အရသာရှိအောင် ချက်ပြုတ်နိုင်ဖို့က မွေးရာပါ ပါရမီ ပါဖို့ လိုအပ်လှသည်။ အနည်းငယ်လောက် အချိုးအစား လွဲချော်သွားတာနဲ့ အရသာက မိုးနဲ့ မြေလို ကြီးမားစွာ ကွာခြားသွားတတ်သည်။
ကုန်ကြမ်းတူတူ ထည့်သည့် ပမာဏ တူတူချင်းကို သုံးတာတောင်မှ တချို့လူတွေ ချက်ရင် နတ်သုဒ္ဓါလို အရသာရှိပြီး တချို့လူတွေ ချက်ရင်တော့ ဘယ်သူမှ စားမရသည့် ဝက်စာ ဖြစ်သွားတတ်သည် မဟုတ်ပါလား။
သာမန်လူတွေကတော့ ဒီလို သေးငယ်သည့် ကွာခြားချက်ကို သေချာ ခွဲခြားနိုင်မည် မဟုတ်ပေ။ သို့သော် ကျန်ပေ ဟိုတယ်ကြီးကို လာရောက် စားသောက်ကြသော အထက်တန်းလွှာ သူဌေးများကတော့ အတိုင်းအတာ ပေတံများထက်ပင် ပိုမို တိကျသော အကဲဖြတ်နိုင်သည့် လျှာကို ပိုင်ဆိုင်ထားကြသည်။
သူတို့က ထမင်းတစ်နပ် စားရင်တောင် ဂဏန်း ၄ လုံး (ထောင်ဂဏန်း) အနည်းဆုံး သုံးစွဲကြသူများ ဖြစ်သည်။
ဒါပေမဲ့ ဒီနှစ်ထဲမှာ တစ်ကမ္ဘာလုံး စီးပွားရေး ကျဆင်းလာတော့ ဟိုတယ်ကို လာရောက် စားသောက်သူ ဖောက်သည်များ သိသိသာသာ နည်းပါးလာခဲ့သည်။
ထို့ကြောင့် ဟိုတယ်ပိုင်ရှင်က စရိတ်လျှော့ချရန်အတွက် ဝန်ထမ်း ထုတ်တော့မယ် ဆိုသည့် သတင်းဆိုးများက မီးဖိုချောင်ထဲတွင် အလျင်အမြန် ပျံ့နှံ့နေသည်။
စဉ်းစားကြည့်လေ။ ဒီလောက် ကြီးမားခမ်းနားတဲ့ စားသောက်ဆိုင်ကြီး တစ်ခုမှာ ဝန်ဆောင်မှုပေးမည့် ဝန်ထမ်းက ၄-၅ ရာ ခန့်ရှိပြီး မီးဖိုချောင် ဝန်ထမ်းချည်း သီးသန့် ၇၀-၈၀ လောက် ရှိတာ ဖြစ်သည်။
ဒီတစ်ခေါက် လူလျှော့ရင် နည်းပါးမည့် အရေအတွက် မဟုတ်ပေ။ အနည်းဆုံး ဝန်ထမ်း အင်အား၏ သုံးပုံနှစ်ပုံလောက်က အလုပ်ပြုတ်ကာ အိမ်ပြန် လမ်းလျှောက်ရကိန်း ရှိနေသည်။
ထို့ကြောင့် လူတိုင်း စိတ်မအေးနိုင်ဘဲ မလုံမခြုံ ဖြစ်နေကြသည်။
အလုပ်ဖြုတ်ခံရရင် ဘာဆက်လုပ်ကြမလဲ။ ကိုယ်ပိုင် စီးပွားရေး စမလား။ ဈေးကွက်က မကောင်းသဖြင့် အရင်းပြုတ်ဖို့သာ ရှိသည်။ ကိုယ်ပိုင် မလုပ်ရင်လည်း အနီးအနား ပတ်ဝန်းကျင်မှာ အလုပ်ခေါ်တာ လုံးဝ မရှိပေ။
ထို့ကြောင့် ရင်းနှီးသော စားဖိုမှူးအချင်းချင်း တိုးတိုးတိတ်တိတ် ခေါင်းချင်းရိုက်ကာ စုံစမ်းကြသည်။ တခြားနေရာမှာ ပြောင်းလုပ်ဖို့ အခွင့်အလမ်း ရှိလားပေါ့။ နေစရိတ် စားစရိတ် ငြိမ်းနဲ့ အဖွဲ့လိုက် အတူတူ ပြောင်းလို့ရရင် အကောင်းဆုံးပဲ ဟု တိုင်ပင်ကြသည်။
အိမ်ထောင်ကျပြီး အခြေကျနေသူတွေ အတွက်တော့ ပို၍ ခက်ခဲလှသည်။ အပေါ်မှာ ပြုစုရမည့် မိဘ အောက်မှာ ကျွေးမွေးရမည့် သားသမီးတွေနဲ့ ဆိုတော့ တခြားမြို့ တစ်ခုသို့ ပြောင်းရွှေ့ဖို့ ဆိုတာ လုံးဝ မလွယ်ကူပေ။
အားလုံးက သောကများစွာဖြင့် သက်ပြင်းချကြသည်။
"ဟူး ... ငါတို့ကို တစ်ယောက်ယောက်က လာခေါ်ရင် ကောင်းမှာပဲ"
"မင်း အိပ်မက်မက်နေလား။ ဘယ်သူက ငါတို့ကို လာခေါ်မှာလဲ။ ခေါ်ရင်တောင် ဆရာကြီးလျူ လောက်ပဲ ပါမှာပေါ့"
"ဒါနဲ့ စကားစပ်လို့ ... ဆရာကြီးလျူကို တစ်နေရာက လာကမ်းလှမ်းထားတယ် ကြားတယ်။ တစ်လ ယွမ် ၅ သောင်း တဲ့”
"ယွမ် ၅ သောင်း ဟုတ်လား"
ဒီလစာ ဂဏန်းကို ကြားလိုက်ရတော့ အားလုံး မျက်လုံးပြူးကုန်ကြသည်။
ခဏတာတော့ သူတို့ရင်ထဲတွင် မနာလို ဝန်တိုမှုများ ဖြစ်ပေါ်လာပြီး ဒီသတင်းက မီးဖိုချောင် တစ်ခုလုံး ပျံ့နှံ့သွားတော့သည်။
နောက်ဆုံးတော့ ထိုသတင်းက ဟိုတယ်၏ HR မန်နေဂျာနားပါ ရောက်သွားလေ၏။
ထို့ကြောင့် ဆရာကြီးလျူ တစ်ယောက် မနက်ခင်း အလုပ်ရောက်ရောက်ချင်း ရုံးခန်းသို့ အခေါ်ခံလိုက်ရသည်။
HR မန်နေဂျာက ပြုံးစစဖြင့် ပြောသည်။
"ဆရာကြီးလျူ ... ခင်ဗျားလည်း ဒီမှာ လုပ်လာတာ တစ်သက်ဝက်လောက် ရှိပါပြီ။ အခု ဟိုတယ် အခြေအနေကိုလည်း သိသားပဲ။ နောင်ဆို ဟိုတယ်ကို ရောင်းပစ်ရမလား မသိဘူး"
ဆရာကြီးလျူသည် ကျန်ပေ ဟိုတယ်နှင့် အတူတူ အေးအတူ ပူအမျှ မိုးဒဏ် လေဒဏ် ခံလာခဲ့သူ ဖြစ်သည်။ ဒီစကားကို ကြားတော့ သူ ကြောင်သွားသည်။
"မင်း ဘာကို ဆိုလိုတာလဲ"
HR မန်နေဂျာက ခြောက်ကပ်ကပ် ရယ်လိုက်သည်။
"ဘာမှ မဆိုလိုပါဘူးဗျာ။ တစ်နေရာက ခင်ဗျားကို လစာ ယွမ် ၅ သောင်းနဲ့ လာခေါ်ထားတယ်လို့ ကြားလို့ပါ။ တကယ်သာ အဲ့လောက်ရရင် အခွင့်အရေး ကောင်းတုန်း သွားလုပ်လိုက်ပါလို့ အကြံပေးချင်လို့ပါ"
ဆရာကြီးလျူ မျက်မှောင်ကြုတ်လိုက်သည်။ ဒီကောင်တွေက သူ့ကို အလုပ်ထုတ်လျှင် ပေးရမည့် နစ်နာကြေး လျော်ကြေးကို မပေးချင်လို့ နည်းလမ်းပေါင်းစုံ သုံးပြီး မောင်းထုတ်နေမှန်း ချက်ချင်း သဘောပေါက်လိုက်သည်။
သူက စဉ်းစားဦးမည်ဟု အေးတိအေးစက် ပြောပြီး ရုံးခန်းထဲမှ ပြန်ထွက်လာခဲ့သည်။
အလုပ်ဆက်မလုပ်ချင်တော့သဖြင့် စားဖိုမှူး ဝတ်စုံကိုတောင် မလဲတော့ဘဲ အိမ်သို့ တန်းပြန်လာခဲ့သည်။ ဇနီးသည်က သူ့ကို အချိန်မတော် မြင်လိုက်ရတော့ လန့်သွားသည်။
"ဘာဖြစ်လို့လဲ ရှင်။ ဘာကိစ္စ ရှိလို့လဲ"
ဆရာကြီးလျူက HR မန်နေဂျာ ပြောလိုက်သည့် စကားများကို ဇနီးဖြစ်သူအား ပြန်ပြောပြလိုက်သည်။
ထိုအခါ ဇနီးသည်က ဝင်ပြောသည်။
"ရှင်ကလည်း ... မူကြိုကျောင်းက လာကမ်းလှမ်းတုန်းက ရှင်ပဲ မသွားဘူးလို့ ငြင်းခဲ့တာ မဟုတ်ဘူးလား"
လစာ ယွမ် ၅ သောင်း ဆိုသည်မှာ လွန်စွာ မက်လောက်စရာ ဖြစ်သော်လည်း အပြင်လောကကြီးက ဘယ်လောက်ကြာကြာ ခံမလဲ မသိနိုင်ပေ။ ဒီမှာက အခြေကျပြီးသား တည်ငြိမ်သော အလုပ် ဆိုတော့ သူ မထွက်ချင်ခဲ့ပေ။
ဇနီးသည်က ဆက်ပွစိပွစိ လုပ်သည်။
"ရှင်ကလည်း ပါးစပ်က ဖွာလိုက်တာ။ အခု ဘယ်လို လုပ်မလဲ"
ဆရာကြီးလျူက သူ့မှာ အပြစ်ကင်းစင်ကြောင်း ပြောသည်။
"ငါ ဘယ်သူ့ကိုမှ မပြောပါဘူးကွာ"
ထိုစကားဆုံးသည်နှင့် လင်မယား နှစ်ယောက်သား တစ်စုံတစ်ရာကို သတိရသွားကာ မျက်နှာများ ဖြူဖပ်ဖြူရော် ဖြစ်သွားကြသည်။
ဒီဖိတ်စာ ကိစ္စကို သိတဲ့လူက သူတို့အပြင် နောက်ထပ် တစ်ယောက်ပဲ ရှိတာကိုး။ အဲ့ဒါက သူ့တပည့်ကျော် လျူမင်ပင် ဖြစ်သည်။
သူတို့ နှစ်ယောက်လုံးက မျိုးရိုးလည်း တူ မွေးရပ်မြေ မြို့လည်း တူသလို လျူမင်ကို သူက သားရင်းတစ်ယောက်လို သဘောထားကာ ပညာသင်ပေး ကျွေးမွေး စောင့်ရှောက်ခဲ့သည်။ ဒါကြောင့်လည်း ဒီမူကြိုကျောင်းက ဖိတ်စာ ကိစ္စကို လျှို့ဝှက်မထားဘဲ အသိပေးခဲ့ခြင်း ဖြစ်သည်။ သူ့တပည့်ရင်းက ယခုလို သူ့ကျောကို ဓားနဲ့ ထိုးလိမ့်မည်ဟု ဘယ်တုန်းကမှ မတွေးခဲ့ဖူးပေ။
ဆရာကြီးလျူ တစ်ကိုယ်လုံး အေးစက်သွားသည်။
"သူ ဖြစ်လိမ့်မယ်လို့ ငါ ထင်မထားခဲ့ဘူး"
ဇနီးသည်က ခါးသီးစွာ ပြောသည်။
"စီးပွားရေးက မကောင်းတော့ ကုမ္ပဏီတိုင်းက လူလျှော့နေတာလေ။ ရှင်သာ ထွက်သွားရင် သူက စားဖိုမှူးချုပ် ဖြစ်လာမှာပေါ့။ အကျိုးစီးပွားနဲ့ ယှဉ်လာရင် သားအဖတောင် စိတ်ဝမ်းကွဲကြသေးတာ။ ဆရာတပည့် ဆိုတာ ပြောမနေနဲ့တော့"
နှစ်ယောက်သား ဘာဆက်ပြောရမှန်း မသိတော့ဘဲ တိတ်ဆိတ်သွားကြသည်။
လောကဓမ္မတာ သဘောတရားကို နားလည်သော်လည်း သံယောဇဉ်ဆိုတာ ရှိနေတော့ ဒီလို အလိမ်ခံရတာကို ခံစားရ ခက်လှသည်။
"ကဲ ... အခု ဘယ်လို လုပ်မလဲ"
သူ့ရှေ့တွင် ရွေးချယ်စရာ လမ်းနှစ်သွယ် ရှိသည်။ တစ်လမ်းက ဟိုတယ်ကို ပြန်သွား HR မန်နေဂျာကို တောင်းပန်ပြီး ရာထူးငယ်လေး တစ်ခုနဲ့ အောက်ကျို့ လုပ်မလား။
ဒါမှမဟုတ် ဒီပတ်ဝန်းကျင်ကနေ အပြီးအပိုင် ထွက်ခွာပြီး လစာ ယွမ် ၅ သောင်းပေးမယ့် အလုပ်သစ်ကို သွားကြည့်မလား။
အချိန် အတန်ကြာအောင် စဉ်းစားပြီးနောက် ဆရာကြီးလျူက သူ့ကို ကမ်းလှမ်းသော မူကြိုကျောင်းကို သွားရောက် လေ့လာကြည့်ရန် အပြီးသတ် ဆုံးဖြတ်လိုက်သည်။
သူ့ဇနီးကလည်း ထိုဆုံးဖြတ်ချက်ကို ထောက်ခံသည်။
"မူကြိုကျောင်းဆိုတော့ ကောင်းတာပေါ့။ ကလေးလေးတွေနဲ့ပဲ နေရမှာ။ ပြီးတော့ သုံးလ နေရင် ရှင့်မြေးမလေးလည်း မူကြို တက်ရတော့မှာ ဆိုတော့ အဆင်ပြေတာပေါ့"
ထိုနေ့ ညနေမှာပင် ဆရာကြီးလျူက ဟိုတယ်သို့ သူ၏ နှုတ်ထွက်စာကို တရားဝင် တင်လိုက်သည်။
ထိုသတင်းကို ကြားတော့ ဟိုတယ် ပိုင်ရှင်က HR မန်နေဂျာကို ချီးကျူးလိုက်သည်။ လစာမြင့်မားသော စားဖိုမှူးချုပ် တစ်ယောက်ကို နစ်နာကြေး လျော်ကြေး တစ်ပြားမှ ပေးစရာ မလိုဘဲ အလွယ်တကူ ဖြုတ်ပစ်နိုင်ခဲ့သဖြင့် ကုမ္ပဏီအတွက် ငွေအတော်များများ သက်သာသွားသည် မဟုတ်ပါလား။
ထို့နောက် ပိုင်ရှင်က ဆရာကြီးလျူ၏ တပည့် လျူမင်ကို စားဖိုမှူးချုပ် နေရာသို့ ရာထူးတိုးပေးလိုက်ရန် ဖုန်းဆက် မှာကြားလိုက်သည်။ သူ့ဘဝတွင် ပထမဆုံး အကြိမ်အဖြစ် စားဖိုမှူးချုပ် ဦးထုပ်ကို ဆောင်းခွင့် ရလိုက်သော လျူမင်မှာ ပျော်လွန်း၍ စကားပင် မပြောနိုင်တော့ဘဲ ပြုံးဖြီးနေတော့သည်။
သို့သော် ...
သူ စားဖိုမှူးချုပ် အဖြစ် မီးဖိုချောင်ကို စတင် ကိုင်လိုက်သည့် ပထမဆုံး အကြိမ်မှာပင် သူ၏ ဟင်းပွဲက ပြန်ပို့ခံလိုက်ရသည်။ လျှာပါးသော ဖောက်သည်အဘိုးကြီး တစ်ယောက်က သူချက်သည့် ခရမ်းချဉ်သီး ကြက်ဥမွှေကြော်သည် ယခင် စားဖိုမှူးချုပ်၏ မူရင်း အရသာ မမှီကြောင်း ပြင်းပြင်းထန်ထန် ဝေဖန် ပြောဆိုပြီး ပွဲဆူလေတော့သည်။
ရိုးရှင်းသော ဟင်းပွဲလေး တစ်ပွဲ ဖြစ်သော်လည်း လျူမင် မျက်နှာ ပူထူသွားရသည်။ သူ့အပြစ်ကို ဖော်ထုတ်သည့် ဖောက်သည်ရဲ့ လျှာကို ဆွဲထုတ်ပစ်ချင်စိတ်ပင် ပေါက်သွားသည်။
ခရမ်းချဉ်သီး ကြက်ဥကြော်လေး တစ်ပွဲကိုများ ဒီလောက်တောင် ပြဿနာ ရှာနေရလား ဟု သူ တွေးနေမိသည်။ မီးဖိုချောင် ဝန်ထမ်း အားလုံးကလည်း သူ့ကို တိတ်တဆိတ် လှောင်ပြောင်နေသလို ခံစားနေရသည်။
ဒါပေမဲ့ ဘာဖြစ်လဲကွာ။
အခု ငါက ဒီမီးဖိုချောင်ရဲ့ စားဖိုမှူးချုပ် ဖြစ်နေပြီ။ ဟိုကျွမ်းကျင်ပါတယ်ဆိုတဲ့ ဆရာသမားကတော့ မူကြိုကျောင်းမှာ ကလေး ထမင်း သွားချက်နေရပြီလေ။
လျူမင် ထိုကဲ့သို့ မိမိကိုယ်ကို နှစ်သိမ့် တွေးတောကာ ကျေနပ်နေလိုက်သည်။
ထိုအချိန်တွင် ဆရာကြီးလျူသည် ရှင်းဝေ၏ ကြယ်တာရာ မူကြိုကျောင်း ရှေ့သို့ အမှန်တကယ် ရောက်ရှိနေပြီ ဖြစ်သည်။
သူ မူကြိုကျောင်းဆိုတာကို တစ်ခါမှ မရောက်ဖူးပေမဲ့ ဒီခေတ် မူကြိုကျောင်းတွေက ဒီလောက်ထိ ကြီးကျယ် ခမ်းနားလိမ့်မည်ဟု လုံးဝ ထင်မထားခဲ့ချေ။
ကျောင်း၏ အပြင်ဘက် နံရံတွေမှာ ကလေးများ သဘောကျမည့် ပန်းချီတွေ လှပစွာ ဆွဲထားပြီး အတွင်းဘက်မှာတော့ အဆင့်မီ ကစားကွင်းတွေ သစ်ပင် ပန်းမန် အပြည့်ရှိသော ပန်းခြံတွေနှင့် အတော်ပင် စည်ကားနေသည်။
ယခုအချိန် ကျောင်းဝင်းထဲတွင် ရှင်းဝေ တစ်ယောက်တည်းသာ အလုပ်လုပ်နေသည်ကို သူ တွေ့လိုက်ရသည်။
ဆရာကြီးလျူသည် သူ့တစ်သက်တွင် ယခုလို အလုပ်လာလျှောက်ရတာမျိုး တစ်ခါမှ မကြုံဖူးသဖြင့် ဒီလောက်ထိ နေရထိုင်ရ ခက်လိမ့်မည်ဟု မထင်ခဲ့ဖူးပေ။
"ဟို ... မင်္ဂလာပါ ခင်ဗျာ။ ကျွန်တော် အလုပ် လျှောက်ဖို့ ရောက်လာတာပါ"
ရိုးရှင်းလှသော စကားတစ်ခွန်း ဖြစ်သော်လည်း သူ၏ ဂုဏ်သိက္ခာနှင့် မာနများကြောင့် အကြိမ်ကြိမ် အားယူပြီးမှ ထိုစကားကို ပြောထွက်လာခဲ့သည်။
***