ကျောင်းကားမောင်းသူ ကျန်းတာမင် ဆိုသူသည်လည်း ရှင်းဝေဆီမှ အလွန် ကောင်းမွန်သော အလုပ် ကမ်းလှမ်းချက် ရရှိထားသူ တစ်ဦး ဖြစ်သည်။
သူ့ရဲ့ လက်ရှိ အလုပ်က အစိုးရဌာန တစ်ခုမှာ အကြီးအကဲ လူကြီးတွေအတွက် ကားမောင်းပေးရတဲ့ ယာယီ ဝန်ထမ်း အဆင့်သာ ရှိသေးသည်။
သို့သော် ကျန်းတာမင်ရဲ့ ကားမောင်း ကျွမ်းကျင်မှုကတော့ သူလုပ်ကိုင်နေသည့် တစ်ရုံးလုံးမှာ အလွန် နာမည်ကြီးသည်။ ကားစီးလျှင် အလွယ်တကူ ကားမူးတတ်တဲ့ လူကြီးတွေတောင် ကျန်းတာမင် မောင်းတဲ့ ကားကို စီးရလျှင် လုံးဝ မမူးကြပေ။ အကြောင်းမှာ သူ မောင်းနှင်သည့် ပုံစံက အလွန် ညင်သာပြီး ငြိမ့်ညောင်းလွန်းသောကြောင့် ဖြစ်သည်။
အထူးသဖြင့် နောက်ပြန် ပါကင် ထိုးတဲ့ နေရာမျိုးမှာဆိုရင် သူ ဘယ်လောက်တောင် ကျွမ်းကျင်သလဲ ဆိုတာ မြင်တွေ့ရသူ တိုင်းပင် အံ့ဩကာ ပါးစပ်အဟောင်းသား ဖြစ်ရသည်။
သူ့ဆီကို ဤမူကြိုကျောင်းမှ အလုပ် ကမ်းလှမ်းစာ ရောက်လာတုန်းက သူက ဒါဟာ အွန်လိုင်းက လူလိမ်တွေပဲ နေမှာလို့ ထင်မှတ်ခဲ့သည်။ ဒီခေတ်ကြီးမှာ အလုပ်လုပ်စရာ မလိုဘဲ လစာ အများကြီး ပေးမယ်ဆိုပြီး လိမ်လည်လှည့်စား ကြတာတွေက ပေါမှပေါ မဟုတ်လား။ ဒါကြောင့် သူက ဒီကမ်းလှမ်းချက်ကို အလေးအနက် မထားဘဲ ပစ်ထားခဲ့ပေသည်။
တစ်နေ့ သူ တာဝန်ချိန် အတွင်းမှာ အလုပ်လုပ် နေတုန်း သူ့မိန်းမဆီက အရေးပေါ် ဖုန်းဝင်လာသည်။
အိမ်မှာ ပြဿနာကြီး တက်နေပြီမို့ အမြန်ဆုံး ပြန်လာခဲ့ပါတဲ့။
ရုံးမှာကလည်း လောလောဆယ် ကားသုံးစရာ မလိုတဲ့ အချိန်မို့ ကျန်းတာမင်က တာဝန်ကျ လူကြီးကို အကျိုးအကြောင်းပြောကာ ခွင့်တိုင်ပြီး အမြန် ပြန်လာခဲ့သည်။ သူ့မိန်းမက တော်ရုံတန်ရုံ ပြဿနာလောက်ဆို တည်ငြိမ်စွာ ရင်ဆိုင်တတ်သူမို့ ယခု ဘယ်လို ပြဿနာကြီးများ ဖြစ်နေလဲ ဆိုတာကို တွေးပြီး သူ အလွန် စိတ်ပူနေမိသည်။
အိမ်သို့ ပြန်ရောက်ရောက်ချင်း မြင်လိုက်ရသည့် မြင်ကွင်းကြောင့် သူ မှင်သက်သွားရသည်။ ရင်းနှီးကျွမ်းဝင်နေကျဖြစ်သော သူတို့၏ အိမ်ရှေ့ စင်္ကြံလမ်းတစ်ခုလုံး အနီရောင် ဆေးနီတွေ အပြည့် ပက်ခံထားရတာကို တွေ့လိုက်ရသည်။
လတ်လတ်ဆတ်ဆတ် ပက်ခံထားရသော ဆေးနီတွေက သွေးတွေလိုပဲ ရဲရဲတောက်နေပြီး မြင်ရသူ အဖို့ အလွန် တုန်လှုပ် ထိတ်လန့်စရာ ကောင်းလှသည်။
ကျန်းတာမင် ရင်ဘတ်ထဲ ဆို့တက်သွားသည်။ သူက ရုံးမှာလည်း ဘယ်သူနဲ့မှ ရန်မဖြစ်ဖူးသလို သာမန် ယာဉ်မောင်း တစ်ယောက်ပဲမို့ အပြင်မှာလည်း ဘာပြဿနာမှ မရှာဖူးဘူး။ ဘာလို့များ ငါ့အိမ်ကို ဒီလို ဆေးလာပက်ပြီး ရန်လာစရတာလဲ ဟု သူ တွေးနေမိသည်။
သူ့လက်တွေ တုန်ရီနေပြီး သော့ကို မနည်း အားယူ ဖွင့်ကာ အိမ်ထဲသို့ ဝင်လိုက်သည်။ အိမ်ထဲ ရောက်ရောက်ချင်း သူ့မိန်းမက အလွန်အမင်း ငိုထားလို့ မျက်လုံးတွေ ရဲနေတာကို တွေ့လိုက်ရသည်။
"ဘာဖြစ်တာလဲကွ"
သူ့မိန်းမက ဘာမှ ပြန်မပြောဘဲ တိတ်ဆိတ်နေသည်။ ရင်ဘတ်ကြီးက နိမ့်ချည်မြင့်ချည်နှင့် အလွန် ဒေါသ ထွက်နေပုံရသည်။
ကျန်းတာမင် ရင်ထဲ ပို၍ ကျပ်တည်းလာသည်။
"ရဲတိုင်လိုက်ရမလား"
"ဟင့်အင်း ... ရဲမတိုင်နဲ့။ မတိုင်ရဘူး"
သူ့မိန်းမက တုန်တုန်ရီရီ အသံဖြင့် အမြန် တားမြစ် ပြောဆိုလိုက်သည်။
ပြီးမှ သူမ လက်ညှိုးထိုးပြရာသို့ ကျန်းတာမင် ကြည့်လိုက်တော့ တက္ကသိုလ် ကျောင်းတက်နေရမည့် သူ့သားဖြစ်သူက အိမ်၏ ကြမ်းပြင်ပေါ်မှာ ဒူးထောက်နေတာကို အံ့ဩဖွယ် တွေ့လိုက်ရသည်။
သူတို့က အစိုးရ၏ တစ်အိမ်ထောင် ကလေးတစ်ယောက် မူဝါဒကို တိတိကျကျ လိုက်နာခဲ့ကြသူတွေ ဖြစ်သည်။ ထို့ကြောင့် ဒီသားလေးက သူတို့ မိသားစုရဲ့ တစ်ဦးတည်းသော အဖိုးတန် ရတနာလေး ဖြစ်သည်။ လင်မယား နှစ်ယောက်လုံး ပိုက်ဆံ သိပ်မရှိပေမဲ့ သားကိုတော့ တတ်နိုင်သမျှ အလိုလိုက်ကာ ကျွေးမွေး စောင့်ရှောက်ထားခဲ့သည်။
သားကလည်း ငယ်စဉ်ကတည်းက လိမ္မာတယ်လို့ ပြောလို့ရသည်။ တက္ကသိုလ်ဝင်တန်းတွင် အမှတ် ၅၀၀ ကျော် ရရှိခဲ့ပြီး ပြည်နယ်ထဲက ဒုတိယတန်းစား တက္ကသိုလ် တစ်ခုကို တက်ရောက်ခွင့် ရခဲ့သည်။ မိဘများက ဘွဲ့ရပြီးရင် အလုပ်ရှာဖို့ မခက်လောက်ဘူးလို့ တွေးကာ ဝမ်းသာခဲ့ကြတာ ဖြစ်သည်။
အခု ယုံကြည်ရသည့် သားဖြစ်သူ ဒူးထောက်နေတာ မြင်တော့ ကျန်းတာမင် ခေါင်းထဲ ဗလာ ဖြစ်သွားသည်။
"ဘာဖြစ်တာလဲ"
သူ့သားကလည်း အပြစ်ရှိသူပီပီ ငိုထားတာ ဘယ်လောက်ကြာပြီလဲ မသိပေ။ မျက်လုံးတွေက ရဲနေပြီး နှုတ်ခမ်းတွေ တုန်ရီနေရှာသည်။
သူ့မိန်းမက သားဖြစ်သူကို ဒေါသထွက်နေပေမဲ့ အချစ်လွန်သဖြင့် ကြည့်ပြီး မနေနိုင်ရှာပေ။
"သူ ... အွန်လိုင်း ချေးငွေတွေ အများကြီး တင်နေပြီတဲ့"
"ဘယ်လောက်တောင်လဲ"
ကျန်းတာမင် ထိတ်လန့်တကြား အော်မေးလိုက်သည်။
"ယွမ် ၈ သိန်း”
ထိုဂဏန်းကို ကြားလိုက်ရသောအခါ ကျန်းတာမင် ခေါင်းမူးသွားပြီး မျက်လုံးထဲ မိုက်ခနဲ ဖြစ်သွားသည်။
ထိုအခါ သားအမိ နှစ်ယောက်လုံး အလန့်တကြား ပြေးလာပြီး သူ့ကို ပြေးတွဲလိုက်ကြသည်။
"ရှင် မူးလဲလို့ မဖြစ်ဘူးနော်။ ရှင်က အိမ်ထောင်ဦးစီး။ ရှင်လဲသွားရင် ကျွန်မတို့ သေပြီပဲ"
ကျန်းတာမင် လွင့်ထွက်သွားသော သတိကို ပြန်ကပ်ဖို့ အတော်လေး ကြိုးစားလိုက်ရသည်။
ယွမ် ၈ သိန်းတဲ့။ မိသားစုအတွက် မျှော်လင့်ချက် မရှိတော့ဘူး ဆိုတဲ့ ခံစားချက်ကြီးက သူ့ရင်ထဲသို့ အပြည့်အဝ ပြည့်နှက် ဝင်ရောက်လာသည်။
သူတို့ လင်မယား တစ်သက်လုံး အပင်ပန်းခံ စုထားတဲ့ ပိုက်ဆံက ယွမ် ၁ သိန်းပဲ ရှိတာ။ ဒီနေနေတဲ့ အိမ်ဟောင်းလေးကို ရောင်းရင်တောင် အလွန်ဆုံး ယွမ် ၃ သိန်းလောက်ပဲ ရမှာ ဖြစ်သည်။
သူ့လစာ ယွမ် ၂ ထောင်ကျော်နဲ့ အိမ်မှာနေသည့် အလုပ်လက်မဲ့ မိန်းမနဲ့ပေါင်းပြီး ကျန်တဲ့ ကြွေး ၄ သိန်းကို ဘယ်လိုများ ရှာဆပ်ရမလဲ။ ထမင်းမစား ရေမသောက်ဘဲ အလုပ် လုပ်ရင်တောင် ဘယ်လိုမှ မရနိုင်သည့် ပမာဏ ဖြစ်သည်။
ကျန်းတာမင် တစ်ယောက် ဒေါသထွက်လွန်းလို့ သူ့ခါးပတ်ကို အမြန် ဆွဲဖြုတ်ပြီး သားဖြစ်သူကို တရစပ် ရိုက်နှက်တော့သည်။
သားဖြစ်သူရဲ့ နာကျင်စွာ အော်ဟစ်သံ မိန်းမဖြစ်သူရဲ့ တားဆီးကာ စူးစူးဝါးဝါး အော်ဟစ်သံတွေက အိမ်ထဲမှာ ဆူညံစွာ ပဲ့တင်ထပ်သွားသည်။
ဒါပေမဲ့ ကျန်းတာမင်ကတော့ ဒေါသထွက်နေတဲ့ နွားသိုးတစ်ကောင်လိုပဲ မဲမဲမြင်ရာ ဝင်ဝှေ့နေသည်။ ဘယ်သူမှ တားလို့ မရတော့ပေ။
အချိန်အတန်ကြာ ရိုက်နှက်ပြီးနောက် မောလွန်းလို့ ဆက်မရိုက်နိုင်တော့မှ သူ ရပ်လိုက်သည်။ သူ့ခန္ဓာကိုယ်ထဲက ခွန်အားတွေ အကုန် ပါသွားသလို ခံစားလိုက်ရပြီး ကြမ်းပြင်ပေါ်သို့ ဖင်ထိုင်ချလိုက်သည်။ သူ၏ ခေါင်းထဲမှာတော့ "၈ သိန်း" ဆိုတဲ့ ဂဏန်းကြီးကပဲ အဆက်မပြတ် မြည်ဟည်းနေသည်။
သူတို့၏ ဆွေမျိုးတွေ ဆိုတာကလည်း သူတို့လိုပဲ ဆင်းရဲနွမ်းပါး ကြတာချည်း ဖြစ်သည်။ ဒီခေတ်ကြီးထဲ ပိုက်ဆံရှာရ ခက်ခဲလွန်းတော့ လူတိုင်းက ကိုယ့်အိတ်ထဲက ပိုက်ဆံကို မျက်လုံးထက်တောင် ပိုတန်ဖိုးထားကြတာ။ သူတို့ဆီက ဒီလောက်များပြားတဲ့ ပိုက်ဆံ သွားချေးဖို့ ဆိုတာ လုံးဝ မဖြစ်နိုင်ပေ။
ထို့နောက် အတိအကျ ဘယ်လောက် အကြွေးတင်နေလဲ ဆိုတာကို သားဖြစ်သူအား သေချာ စစ်ဆေးမေးမြန်း ကြည့်လိုက်တော့မှ အကြောင်းစုံ ပေါ်လာတော့သည်။
တက္ကသိုလ် ရောက်ကတည်းက သူ့သားက အိမ်ကနေ ခွဲထွက်ကာ လွတ်လွတ်လပ်လပ် နေချင်လာသည်။ သူ့အခန်းဖော်တွေထဲမှာ သူဌေးသားတွေ ပါလာတော့ သူတို့ကို အားကျပြီး နာမည်ကြီး ဇိမ်ခံပစ္စည်းတွေ သုံးချင်လာသည်။ သူတို့ကို ဒကာခံပြီး နေရာတကာ ကျွေးချင်မွေးချင်လာသည်။
မိဘက တစ်လနေစရိတ် ယွမ် ၁၅၀၀ ပဲ ပေးနိုင်တာကို သူက ဘယ်လိုလုပ်ပြီး အဲ့လောက် အများကြီး သုံးနိုင်မှာလဲ။
နောက်ပိုင်း ကောင်မလေး ရလာတော့ ပိုဆိုးသွားပြီ။ ကျောင်းသားကတ် ပြရုံနဲ့ အွန်လိုင်းကနေ ငွေချေးရတာ လွယ်ကူတော့ တဖြည်းဖြည်း ချေးရင်းနဲ့ အကြွေး ယွမ် ၁ သိန်းလောက် ကုန်သွားသည်။ နောက်ပိုင်း ပိုက်ဆံသုံးရတာ စွဲလမ်းလာပြီး တရားမဝင် အွန်လိုင်း ငွေချေးစားသူတွေဆီကပါ လွယ်လွယ်ကူကူ ထပ်ချေးလိုက်သည်။
သူပြောပုံအရတော့ အစက အကြွေးက ယွမ် ၃ သိန်းကျော်ပဲ ရှိတာတဲ့။ ဒါပေမဲ့ အချိန်မှန် မဆပ်နိုင်တော့ အတိုးတွေ ဆင့်ပွား တက်လာပြီး ၈ သိန်းကျော် ဖြစ်လာတာပဲ ဖြစ်သည်။
အခု အိမ်ပြန်ရောက်တော့ အစက သူကြောက်နေခဲ့တာ။ ဒါပေမဲ့ အဖေဖြစ်သူရဲ့ ရိုက်နှက်တာကို ခံလိုက်ရတော့မှ သူ့စိတ်ထဲတွင် "ငါတော့ ငါ့အမှားအတွက် အပြစ်ဒဏ် ခံပြီးပြီ။ ကိစ္စပြတ်ပြီ" လို့ ယူဆပြီး စိတ်သက်သာရာ ရသွားလေသည်။
ကျန်းတာမင်တို့ လင်မယားက တစ်သက်လုံး ရိုးရိုးသားသား နေလာကြသူတွေ။ ဒီလောက် ငွေအများကြီးကို ဘယ်က သွားရှာရမလဲ။
ထိုအခါ သူ့မိန်းမက အကြံပေးသည်။
"ရှင် ဟို တစ်လ ယွမ် ၂ သောင်း ပေးမယ် ဆိုတဲ့ မူကြိုကျောင်းကို သွားစမ်းကြည့်ပါလား”
အရင်တုန်းကတော့ သူတို့က ဒါ လိမ်တာပဲလို့ ထင်ခဲ့ကြတာ။
ဒါပေမဲ့ အခုတော့ လည်ပင်းကို ဓားနဲ့ အတင်း ထောက်ထားသလို အခြေအနေ ရောက်နေပြီလေ။ အွန်လိုင်း ကြွေးရှင်တွေကလည်း အိမ်အထိ လာရောက် ဆေးနီပက်ပြီး လိုက်သောင်းကျန်းနေပြီ။
မိဘဆိုတော့လည်း ဘယ်လောက်ပဲ ဒေါသထွက်ပြီး ရိုက်ရိုက် သားသမီး ဒုက္ခရောက်မှာကိုတော့ မကြည့်ရက်ကြဘူး။
ထို့ကြောင့် ကျန်းတာမင် စိတ်ကို တတ်နိုင်သမျှ တည်ငြိမ်အောင် ထားပြီး ပြောလိုက်သည်။
"ဒီလိုလုပ် ... ရှေ့နေ အရင် ငှားပြီး ဘယ်ဟာတွေက တရားဝင်လဲ စစ်ခိုင်းမယ်။ တရားဝင်တဲ့ အကြွေးကို ဆပ်မယ်။ တရားမဝင်တဲ့ အတိုးကြီးစားတွေကိုတော့ တရားစွဲဖို့ မစဉ်းစားနဲ့တော့"
"ဒီကောင့်ကို သေချာ ကြည့်ထား။ လိုအပ်ရင် ကျောင်း ခဏ နားခိုင်းထားလိုက်။ ပြဿနာတွေ ထပ်မရှာစေနဲ့"
အိမ်ထောင်ဦးစီး ပီပီ ယခုလို ပြတ်သားသော ဆုံးဖြတ်ချက် ချလိုက်တော့မှ သူ့မိန်းမ စိတ်သက်သာရာ ရသွားသည်။
ကျန်းတာမင် ကိုယ်တိုင်ကတော့ သူ့ကို အလုပ်ကမ်းလှမ်းထားသည့် ဟို မူကြိုကျောင်းကို လူကိုယ်တိုင် သွားကြည့်ဖို့ ဆုံးဖြတ်လိုက်၏။ တကယ်လို့များ လစာ ယွမ် ၂ သောင်း ဆိုတာသာ အမှန်တကယ် ဖြစ်ခဲ့ရင် လအနည်းငယ်လောက် အပင်ပန်းခံ လုပ်ပြီး အကြွေးဆပ်ဖို့ ငွေရှာရမယ် ဟု ဆုံးဖြတ်လိုက်သည်။
ဤသို့ဖြင့် သူ ကြယ်တာရာ မူကြိုကျောင်းသို့ ရောက်လာခဲ့သည်။
ကျောင်းတွင် သူ့ကို လက်ခံတွေ့ဆုံတဲ့ လူလတ်ပိုင်း အရွယ် အမျိုးသားက (ဆရာကြီးလျူ) အင်တာဗျူးတောင် မလုပ်ဘဲ အလုပ်ခန့်စာချုပ်ကို တန်းပြီး လက်မှတ်ထိုးခိုင်းသည်။
ဒီလောက်တောင် ပေါ့ပေါ့ဆဆ နိုင်ရလား ဟု သူ တွေးမိသည်။
ကျန်းတာမင် မျက်လုံးထဲမှာတော့ ဤကြယ်တာရာ မူကြိုကျောင်းက ပိုပြီးတော့တောင် သံသယ ဖြစ်စရာ ကောင်းလာသည်။
ဒါပေမဲ့ "ယွမ် ၂ သောင်း" ဆိုတဲ့ ကြီးမားသော ငွေကြေး ငါးစာက သူ့ကို မျှားထားပြီးသား ဖြစ်နေတော့ သံသယတွေကို အတင်း မြိုချလိုက်ရသည်။ တကယ်လို့ လိမ်တာ မဟုတ်ဘူး ဆိုရင်ရော ... ဟူသော မျှော်လင့်ချက်ဖြင့် လက်မှတ်ထိုးလိုက်သည်။
ထို့နောက် သူ မူရင်း အစိုးရ အလုပ်ကနေ ထွက်စာ တင်လိုက်သည်။ သူ့ဌာနမှူးက သူ့ကို ရုံးခန်းထဲသို့ နာရီဝက်လောက် ခေါ်ပြီး အလုပ်မထွက်ရန် ဖျောင်းဖျသေးသည်။ ဒါပေမဲ့ ကျန်းတာမင်က ဆုံးဖြတ်ချက် ခိုင်မာနေတော့ နောက်ဆုံးတွင် လက်လွှတ်လိုက်ရသည်။
အစိုးရ စနစ်ထဲမှာက ဘယ်လောက်ပဲ တော်တော် ပုဂ္ဂလိက ကုမ္ပဏီတွေ လောက် ဝင်ငွေ မကောင်းတာ အမှန်ပဲလေ။
ကျန်းတာမင် ကျောင်းသို့ အလုပ်ဝင်လာတော့ ဆရာကြီးလျူက ဈေးဝယ်ပြီး ပြန်လာတဲ့ ရှင်းဝေကို ယာဉ်မောင်းရောက်ရှိကြောင်း ဒီကိစ္စ ပြောပြသည်။ ဆရာကြီးလျူ ကိုယ်တိုင်ကလည်း ဒီလို ဝန်ထမ်းအသစ် လူခေါ်တာ ပေါ့ပျက်ပျက် နိုင်လွန်းတယ် ထင်နေသည်။
"တကယ်ပဲ ထပ်ပြီး စစ်ဆေးစရာ မလိုတော့ဘူးလား”
"မလိုပါဘူး"
ရှင်းဝေက လျှို့ဝှက်နက်နဲစွာ ပြုံးရင်း ယုံကြည်မှု အပြည့်ဖြင့် ပြောလိုက်သည်။
သူမ ထိုသို့ ပြောရခြင်းမှာ သူတို့အားလုံးက စနစ်ကြီးက တိကျစွာ စိစစ်ပြီး အကြံပေးထားသူတွေ ဖြစ်သောကြောင့်ပင်။ စနစ်ရဲ့ တင်းကျပ်သော စစ်ဆေးမှုကို ကျော်ဖြတ်လာသူတွေက အကျင့်စာရိတ္တရော အရည်အချင်းပါ အပြည့်အဝ အာမခံချက် ရှိပြီးသား ဖြစ်သည်။
ယခုအခါ ကျောင်းကား မောင်းသူ ကိစ္စပါ အောင်မြင်စွာ ပြီးပြတ်သွားပြီ ဖြစ်သည်။
ထိုအချိန်တွင် ရှင်းဝေ ခေါင်းထဲမှာ စနစ်၏ အသံ ထွက်လာပြန်သည်။
[ဂုဏ်ယူပါတယ်။ ကျောင်းကား ယာဉ်မောင်း ခေါ်ယူမှု အောင်မြင်ပါသည်။]
[စနစ် ဆုလက်ဆောင် - အမဲသား ၂၀ ပိဿာ ကြက်ဥ အလုံး ၁၀၀ ဟင်းသီးဟင်းရွက်နှင့် သစ်သီး ၂ ပိဿာ စီ ချယ်ရီ ပျိုးပင် ၃ ပင် ငွေသား ယွမ် ၁ သန်းနှင့် အမှတ် ၁ သောင်း။]
ရှင်းဝေ စနစ်မှ ရရှိသော ဆုလက်ဆောင်တွေကို ကြည့်ပြီး အလွန် ကျေနပ်သွားသည်။
သူမက ဆရာကြီးလျူကို ချက်ချင်း မေးလိုက်သည်။
"ရှင် စိုက်ပျိုးရေး လုပ်တတ်လား"
ထိုမေးခွန်းကို ကြားသောအခါ ဆရာကြီးလျူ မျက်လုံးတွေ အရောင်တောက်လာသည်။
"လုပ်တတ်တာပေါ့ဗျာ"
သူ ငယ်ငယ်တုန်းက ကျေးလက်ကို အပို့ခံရတဲ့ လူငယ်ဘဝမှာ စိုက်ပျိုးရေး အလုပ်ကို ကျွမ်းကျင်စွာ လုပ်ခဲ့ဖူးသည်။ သူ့မိန်းမကိုတောင် အမြဲတမ်း ပြောဖူးသေးသည်။ ပိုက်ဆံ ရှိလာရင် နယ်ဘက်မှာ ခြံကျယ်ကျယ် ဝယ်ပြီး စိုက်ပျိုးရေး လုပ်ရင်း အေးအေးဆေးဆေး နေကြမယ်ပေါ့။
မထင်မှတ်ဘဲ ဒီကျောင်းမှာ အလုပ်လုပ်ရင်း သူ့ရဲ့ ဘဝအိပ်မက်တွေ စောစောစီးစီး အကောင်အထည် ဖော်နိုင်လိမ့်မယ်လို့ တစ်ခါမှ မတွေးခဲ့မိပေ။ ထို့နောက် သူတို့ နှစ်ယောက် ကျောင်းဝင်း ထောင့်တစ်နေရာက မြေလွတ်ကြီးကို သွားကြည့်ကြသည်။
ထိုနေရာက အတော်ပင် ကျယ်ဝန်းလှသည်။
အရင် ကျောင်းပိုင်ရှင် လက်ထက်က ပန်းစိုက်ခဲ့ပုံ ရသော်လည်း အခုတော့ အချိန်ကြာမြင့်စွာ ပစ်ထားသဖြင့် မြေလွတ်ကြီး ဖြစ်နေသည်။ ပန်းစိုက်ရင် အလှကြည့်ရုံကလွဲ၍ အလကားပဲ ဟင်းသီးဟင်းရွက် စိုက်တာက စားသောက်ရန်အတွက် ပိုအကျိုးရှိမယ် ဟု သူတို့ တွေးလိုက်ကြသည်။
ဆရာကြီးလျူက ချက်ချင်းပင် မြေဆွ ပေါင်းသင်ပြီး သပ်ရပ်သော စိုက်ခင်း တစ်ခု ဖန်တီးလိုက်သည်။ မျိုးစေ့တွေ ချပြီးနောက် ရှင်းဝေက စနစ်မှ ရရှိထားသော ချယ်ရီ ပျိုးပင် ၃ ပင်နှင့် ခရမ်းချဉ်သီး မျိုးစေ့များကိုပါ တစ်ပါတည်း စိုက်ပျိုးလိုက်သည်။
ဟင်းသီးဟင်းရွက် စိုက်ခင်းထဲမှာ ဆရာကြီးလျူက အတက်ကြွဆုံးပဲ ဖြစ်နေသည်။
သူက စိုက်ခင်းကို တစ်နေ့ကို ရေ ၃ ကြိမ်လောက်တောင် လောင်းချင်နေသည်။
အခုမှပဲ ဤမူကြိုကျောင်းမှာ အလုပ်လုပ်ရတာ ဘယ်လောက် ကောင်းလဲ ဘယ်လောက် စိတ်ချမ်းသာရလဲ ဆိုတာကို သူ နက်နက်ရှိုင်းရှိုင်း ခံစားမိတော့သည်။ အလုပ်ချိန်များက ဖိအားမရှိဘဲ အားလပ်ချိန်တွေ အများကြီး ရှိနေသည်။
လစာ အပြည့်အဝ ယူပြီး မိမိ ဝါသနာပါသော ကျေးလက်ပုံစံ စိုက်ပျိုးရေး လုပ်နေရတယ် ဆိုတာ ပြင်ပက လူတွေသိရင် ဘယ်သူက ယုံကြည်နိုင်ပါမည်နည်း။
***