ရှင်းဝေ တစ်ယောက် မြေကြီးထဲသို့ မျိုးစေ့တွေ ချလိုက်တဲ့ အချိန်မှာ သူမ စိတ်ထင်လို့လားတော့ မသိပေ။ စနစ်က ဆုချထားတဲ့ ထူးဆန်းသော ခရမ်းချဉ်သီး စေ့တွေဟာ မြေကြီးနဲ့ ထိတွေ့လိုက်တာနဲ့ တစ်ပြိုင်နက် တောက်ပသော အလင်းရောင် မှိန်မှိန်လေးများ ထွက်ပေါ်လာသလို ခံစားလိုက်ရသည်။
ချယ်ရီ ပျိုးပင်တွေကတော့ ထိုအရာများထက် ပို၍ သိသာထင်ရှားသည်။ မြေကြီးထဲသို့ စိုက်ပျိုးလိုက်တာနဲ့ အရွက်တွေက ချက်ချင်းဆိုသလို ပိုပြီး စိမ်းလန်း စိုပြေကာ အသက်ဝင်လာသည်။
စနစ်ကြီး ပေးတဲ့ ပစ္စည်းတွေက သာမန် အပင်တွေ မဟုတ်ဘဲ နတ်ဆေးပင်တွေများ ဖြစ်နေမလား ဟု သူမ တွေးမိသည်။ နောင်တစ်ချိန် အသီးသီးလာရင် ဘယ်လို အရသာမျိုး ရှိနေမလဲ ဆိုတာကိုတော့ လက်ရှိအချိန်တွင် ဘယ်သူမှ မပြောတတ်နိုင်သေးပေ။
ထိုသို့ စိုက်ပျိုးရေး လုပ်ငန်းများ လုပ်ဆောင်နေတုန်းမှာပင် သူမ၏ ဖုန်းမြည်လာသည်။ ရှင်းဝေ ဖုန်းကိုင်လိုက်တော့ တစ်ဖက်မှ အလွန် ကြည်လင် ပြတ်သားပြီး နူးညံ့သိမ်မွေ့သော အမျိုးသမီး အသံတစ်သံ ထွက်ပေါ်လာသည်။
"ဟို ... ကြယ်တာရာ မူကြိုကျောင်းကပါလားရှင်။ ကျွန်မက မူကြိုဆရာမထန်ပါ။ ပြီးခဲ့တဲ့ တစ်ခေါက်က ကမ်းလှမ်းစာ လက်ခံရရှိထားလို့ အသေးစိတ် မေးမြန်းချင်လို့ပါ။ အခုများ အားပါသလား"
ရှင်းဝေသည် မိမိ လိုချင်နေသော ဆရာမထံမှ ဖုန်းလာသဖြင့် ချက်ချင်း နားစွင့်သွားသည်။
"ဟုတ်ကဲ့ ... အားပါတယ်ရှင်"
သူမသည် ဆရာမထန်နှင့် တွေ့ဆုံရန်အတွက် အနီးဆုံး ကော်ဖီဆိုင် တစ်ဆိုင်တွင် ချက်ချင်း ချိန်းဆိုလိုက်သည်။
ချိန်းဆိုထားသည့်အတိုင်း နာရီဝက်ပင် မကြာမီမှာပင် အသက် ၃၀ ကျော် အရွယ်ရှိ အမျိုးသမီး တစ်ဦး ရောက်ရှိလာသည်။ သူမ၏ မျက်နှာက လှပသော ဘဲဥပုံစံ ရှိပြီး မျက်ဝန်းတွေက အလွန် နူးညံ့သိမ်မွေ့သည်။ အလှပဂေး စာရင်းဝင် မိန်းမလှ တစ်ဦး မဟုတ်သော်လည်း သူမအနား ရောက်သွားသည်နှင့် စိတ်နှလုံးကို အေးချမ်းစေသော မေတ္တာရှင် အရှိန်အဝါမျိုးက အလိုလို ထွက်ပေါ်နေလေသည်။
ဆရာမထန်က ဒီတွေ့ဆုံပွဲသို့ မလာခင်ကတည်းက ကြယ်တာရာ မူကြိုကျောင်း အကြောင်းကို အွန်လိုင်းတွင် သေချာ ရှာဖွေ လေ့လာခဲ့ပါသေးသည်။ ဒါပေမဲ့ ဘာအချက်အလက်မှ သိပ်မရှိတဲ့ ကျောင်းသစ် တစ်ကျောင်း ဖြစ်နေပြီး ဒီပညာရေး လောကထဲမှာလည်း နာမည် လုံးဝ မရှိသေးကြောင်း တွေ့ရသည်။
သို့သော်လည်း သူတို့ ပေးထားသော လစာက အလွန် မြင့်မားလွန်းလှသည်။ တစ်လကို ယွမ် ၂ သောင်း အထိ ပေးမည် တဲ့။
ဒါပေမဲ့ ဆရာမထန် ယခုလို ဒီနေရာသို့ ရောက်လာရခြင်းရဲ့ အဓိက အကြောင်းရင်းက ပိုက်ဆံ တစ်ခုတည်းကြောင့် မဟုတ်ပါဘူး။
ငွေရေးကြေးရေး အပြင် တခြား ဘာအကျိုးခံစားခွင့်တွေများ ကမ်းလှမ်းထားလဲ ဆိုတာကို သူမ သေချာ သိချင်သည်။
ဖုန်းထဲတုန်းကတော့ ရှင်းဝေ၏ အသံက အရမ်း ငယ်ရွယ်ပုံရသည်ဟု သူမ ခံစားမိသည်။
ဒါပေမဲ့ လူချင်း တကယ် တွေ့လိုက်ရတော့ သူမ အတော်လေး အံ့သြသွားသည်။
ရှင်းဝေက သူမ ထင်ထားတာထက် ပိုငယ်ရွယ်နေသည်။ တက္ကသိုလ် ဘွဲ့ရကာစ ကလေးမလေး တစ်ယောက်လိုပဲ အပြစ်ကင်းစင်နေသည်။ ဒီလောက် ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလောက် ကြီးမားတဲ့ ဆုံးဖြတ်ချက်တွေ တကယ် ချနိုင်ပါ့မလား ဟု တွေးမိသည်။
ဆရာမထန် သံသယ ဝင်မိသော်လည်း နှစ်ပေါင်းများစွာ လုပ်ငန်းခွင် အတွေ့အကြုံအရ သူမ၏ EQ (စိတ်ပိုင်းဆိုင်ရာ ဉာဏ်ရည်) မှာ အလွန် မြင့်မားပြီးသားမို့ မေးခွန်းတွေကို ချက်ချင်း မမေးဘဲ မျိုသိပ်ကာ ဖြည်းဖြည်းချင်း အကဲခတ် စုံစမ်းရန် ဆုံးဖြတ်လိုက်သည်။
ဆရာမထန် စကားမစရသေးခင်မှာပင် သူမ၏ ဖုန်းမြည်လာသည်။
သူမက ရှင်းဝေကို အားနာစွာ ကြည့်ပြီး…
"ဆောရီးပါနော် ... ကျွန်မ ဖုန်းတစ်ချက်လောက် ပြောလိုက်ပါရစေ" ဟု ရိုသေစွာ ခွင့်တောင်းသည်။
"ရပါတယ် ... ပြောပါရှင်"
ရှင်းဝေက ပေါ့ပေါ့ပါးပါးပင် နားလည်မှုရှိစွာ ခွင့်ပြုလိုက်သည်။
ဆရာမထန် ဖုန်းကိုင်လိုက်သည်နှင့် တစ်ပြိုင်နက် တစ်ဖက်လူ၏ ဒေါသတကြီး ဆဲဆိုသံကြီးက အကျယ်ကြီး ထွက်ပေါ်လာသည်။ အသံက ကျယ်လွန်းသဖြင့် တစ်ဖက်ခုံတွင် ထိုင်နေသော ရှင်းဝေပင် အတိုင်းသား ကြားနေရသည်။
"ထန်... နင် ထွက်သွားတာနဲ့ပဲ ကမ္ဘာကြီးက လည်ပတ်တာ ရပ်သွားမယ် ထင်နေလား။ ထွက်သွားစမ်းပါ... နင်မရှိလည်း ငါက ပိုက်ဆံ ရှာနိုင်ပါသေးတယ်။ နင်ဖူပေါင်ဆိုတဲ့ ကလေး ကျောင်းလခ လျှော့ပေးထားတာ ဘယ်သူလဲ ဆိုတာ မမေ့နဲ့နော်"
"ကျေးဇူးကန်းတဲ့ ကောင်မ ... အတောင်စုံတော့ ပျံချင်ပြီပေါ့လေ"
"နင် ထွက်ချင်ရင် ထွက်သွား။ ငါ ပြောလိုက်မယ် ... ဒီလအတွက် လစာ တစ်ပြားမှ နင် မရစေရဘူး။ ပြီးတော့ ဒီလောကထဲမှာ နင်က ကျေးဇူးကန်းတတ်တဲ့ ကောင်မ ဆိုပြီး ငါ လိုက်ဖွမယ်။ နင့်ကို ဘယ်သူက အလုပ်ခန့်မလဲ ကြည့်ကြသေးတာပေါ့"
တစ်ဖက်လူ၏ အသံက မိုးခြိမ်းသံလို အလွန် ကျယ်လောင်ပြီး အသုံးအနှုန်းများကလည်း အလွန် ရိုင်းစိုင်းလှသည်။
ဆရာမထန် ဒေါသကြောင့် တစ်ကိုယ်လုံး တုန်ရီနေပြီး ဖုန်းချလိုက်သည်။
စောစောက ရှိနေသော နူးညံ့သိမ်မွေ့တဲ့ ပုံစံလေး ချက်ချင်း ပျောက်သွားပြီး ဒေါသကြောင့် စကားပင် ဆက်မပြောနိုင် ဖြစ်နေသည်။ ရှင်းဝေ၏ စိုးရိမ်တကြီး ကြည့်နေသော အကြည့်ကို မြင်တော့ ဆရာမထန်က ခါးသက်သက် ပြုံးကာ ရယ်လိုက်သည်။
"ကျွန်မ ရှင့်ကို ဖုံးကွယ်ထားစရာ အကြောင်း မရှိပါဘူး။ အခု ဖုန်းဆက်တာ ကျွန်မ အလုပ်လုပ်ခဲ့တဲ့ ကျောင်းက သူဌေးပါ"
"ကျွန်မ အဲဒီမှာ လုပ်ခဲ့တာ ၁၀ နှစ် တိတိ ရှိပြီ။ ကလေးတွေကလည်း ကျွန်မကို အရမ်း ခင်ကြတယ်"
"နောက်ပိုင်း ကျွန်မ ကလေး ပညာရေးနဲ့ စိတ်ပညာ ဘွဲ့တွေ သွားယူတယ်။ အဲ့တုန်းက ဘယ်သူမှ မလုပ်ချင်ကြဘူး။ ခက်ခဲလို့လေ။ ကျွန်မကတော့ ဇွဲမလျှော့ဘဲ ကိုယ့်ပိုက်ဆံ ကိုယ်စိုက်ပြီး အောင်မြင်အောင် လုပ်ခဲ့တယ်။ တစ်ကျောင်းလုံးမှာ ကျွန်မ တစ်ယောက်တည်း အောင်မြင်ခဲ့တာ။ ဒါပေမဲ့ သူဌေးက ကျွန်မကို သူ ထိန်းချုပ်မရတော့မှာ ကြောက်နေတယ်"
ထို့ကြောင့်ပင် သူဌေးက အစည်းအဝေးတိုင်းမှာ ဆရာမထန်ကို အကြောင်းမဲ့ ဖိနှိပ်ပြီး ဝေဖန်လေ့ရှိသည်။ ဘွဲ့ရကာစ အတွေ့အကြုံမရှိသေးသော ဆရာမ အသစ်တွေကိုတောင် သူမ အတန်းထဲ အစားထိုး ဝင်ခိုင်းပြီး သူမကိုတော့ အဆိုးဆုံး အတန်းချိန်တွေသို့ ပြောင်းပစ်လေ့ ရှိသည်။
ဆရာမထန်သည် ထိုအတိတ်အကြောင်းတွေကို ပြောရင်းနဲ့ မျက်ဝန်းတွေ မှိန်ဖျော့ကာ ဝမ်းနည်းသွားသည်။ ဒါပေမဲ့ ကလေးတွေ မျက်နှာထောက်ပြီး သူမ အံကြိတ် သည်းခံခဲ့သည်။ အထူးသဖြင့် စောစောက သူဌေး ပြောသွားတဲ့ နင်ဖူပေါင် ဆိုတဲ့ ကလေးလေးကြောင့်ပါ။
နင်ဖူပေါင်မှာ မိဘတွေ မရှိတော့ဘူး။ လမ်းဘေးမှာ အမှိုက်ကောက်ပြီး အသက်မွေးတဲ့ အဘွား တစ်ယောက်ပဲ ရှိရှာတယ်။ ကျောင်းကသာ လခ လျှော့မပေးရင် သူ ကျောင်းဆက်တက်နိုင်မှာ မဟုတ်ဘူး။ ဆရာမထန်က အဲဒီကလေးကို သနားသဖြင့် အထူး ဂရုစိုက်ပေးခဲ့တာ ဖြစ်သည်။
အဲဒီအချက်ကို အခွင့်ကောင်းယူပြီး သူဌေးက နင်ဖူပေါင်ကို ဓားစာခံ လုပ်ကာ သူမကို အမြဲ ခြိမ်းခြောက်နေခြင်း ဖြစ်သည်။
အခုတော့ အခြေအနေက လွန်လွန်းနေပြီ။ ဘာမှ ခိုင်လုံသော အကြောင်းပြချက် မရှိဘဲ သူမ၏ လစာကို ဖြတ်တောက်နေသည်။
ဆရာမ အသစ်လေးတွေတောင် တစ်လကို ယွမ် ၄၀၀၀ လောက် ရနေချိန်မှာ လုပ်သက်ရင့်တဲ့ သူမက ယွမ် ၂၀၀၀ ကျော်လောက်ပဲ ရတော့သည်။
လစာကလည်း နည်း လုပ်ငန်းခွင်မှာလည်း လေးစားမှု လုံးဝ မရှိ အမြဲတမ်း ဖိနှိပ်ခံနေရတာ။ တခြားလူသာ ဆိုရင် ထွက်သွားတာ ကြာပေါ့ ဟု သူမ တွေးမိသည်။
ဆရာမထန်လည်း သည်းခံနိုင်စွမ်း အကုန်အစင် ကုန်သွားပြီ။ ဒါကြောင့် ကျောင်းအုပ်နဲ့ အကြီးအကျယ် စကားများပြီး ဒီနေ့ အလုပ်ထွက်ရှာခြင်း ဖြစ်သည်။ အရင်က ကမ်းလှမ်းစာ ပို့ဖူးတဲ့ ဒီကျောင်းကို သတိရပြီး လာရောက် လေ့လာကြည့်မိတာ ဖြစ်သည်။
ဟိုကျောင်းက သူမ အလုပ်ထွက်ရှာနေမှန်း ရိပ်မိသွားပုံရသည်။ ဒါကြောင့် ချက်ချင်း အလုပ်ထုတ်ပစ်ရုံမက အခုလို ယုတ်မာတဲ့ စကားတွေပါ ဖုန်းဆက် ပြောဆိုနေခြင်း ဖြစ်သည်။
ထိုအကြောင်းစုံကို ကြားရတော့ ရှင်းဝေပါ ဒေါသထွက်သွားသည်။
"ဆရာမထန် ... ကျွန်မတို့ ရှင့်ကို တကယ် ခန့်ချင်ပါတယ်"
"ဒါပေမဲ့ အခု ရှင် လိုအပ်နေတာက ဥပဒေ အကူအညီပါ။ ဒီလိုလုပ် ... ရှင်သွားပြီး အလုပ်သမား ခုံရုံးမှာ တရားစွဲလိုက်။ အလုပ်သမား အခွင့်အရေး ချိုးဖောက်မှုနဲ့ အမှုဖွင့်။ ကျွန်မ ရှင့်ဘက်က အပြည့်အဝ ပံ့ပိုးပေးမယ်။ အဲဒီကိစ္စတွေ ရှင်းပြီးမှ ကျွန်မတို့ဆီ လာခဲ့ပါ"
ဆရာမထန် အလွန် အံ့ဩသွားသည်။ ရှင်းဝေက အလုပ်သမား ခုံရုံး တင်ဖို့အထိ ရဲရဲဝံ့ဝံ့ တိုက်တွန်းလိမ့်မယ်လို့ မထင်ထားခဲ့။
သာမန်အားဖြင့် အလုပ်ရှင်တွေက အလုပ်သမား တစ်ယောက်က အရင် ကုမ္ပဏီနဲ့ ပြဿနာ တက်လာတယ် ဆိုရင် အဲဒီလူကို ပြဿနာကောင်လို့ သတ်မှတ်ပြီး အလုပ်မခန့်ချင်ကြဘူးလေ။
ရှင်းဝေက ဆက်ပြောသည်။
"ဒီလောကကြီးမှာ ကိုယ့်အခွင့်အရေးအတွက် ကိုယ်တိုက်ယူရတယ် ရှင့်။ သူတို့ အနိုင်ကျင့်တာကို ဒီတိုင်း ငြိမ်ခံနေမှာလား။ ကြယ်တာရာ မူကြိုကျောင်းက ရှင့်ဘက်မှာ ရှိတယ်"
"ငွေရေးကြေးရေး အခက်အခဲ ရှိရင်လည်း ကျွန်မ တစ်လစာ ကြိုထုတ်ပေးမယ်"
ဆရာမထန် မျက်ရည် ဝဲလာသည်။ နှစ်ပေါင်းများစွာ ဖိနှိပ်ခံခဲ့ရသမျှ ခံစားချက်များက ရှင်းဝေ၏ ကြင်နာသော စကားကြောင့် ရင်ထဲ နွေးထွေးသွားရသည်။
"ကျေးဇူးပါ ... ကျေးဇူးတင်ပါတယ်ရှင်"
ဆရာမထန် ပြောစရာ တစ်ခု ကျန်သေးသည်။
"ကျွန်မ ရှင့်ဆီမှာ အလုပ်လုပ်ပါ့မယ်။ ဒါပေမဲ့ ကျွန်မ တောင်းဆိုချင်တာ တစ်ခု ရှိတယ်။ ကျွန်မ ကျောင်းပြောင်းရင် ဟိုက နင်ဖူပေါင် ဆိုတဲ့ ကလေးကိုပါ တစ်ပါတည်း ခေါ်လာချင်တယ်"
တစ်လ ယွမ် ၂ သောင်း ရရင် နင်ဖူပေါင်ရဲ့ ကျောင်းလခကို သူမ ကိုယ်တိုင် တတ်နိုင်လောက်သည်။ မဟုတ်ရင် ဟိုကျောင်းက သူဌေး စရိုက်နဲ့ဆို သူမ မရှိတာနဲ့ ကလေးကို ကျောင်းထုတ်ပစ်မှာ သေချာသည်။ သူ့မျက်စိအောက်မှာ ထားတာက ပိုစိတ်ချရသည် ဟု သူမ တွေးမိသည်။
ဆရာမထန် စကားမဆုံးခင် ရှင်းဝေက ဖြတ်ပြောလိုက်သည်။
"နင်ဖူပေါင် အတွက်လား ... စိတ်မပူနဲ့။ သူ့ကို ကျောင်းလခ ကင်းလွတ်ခွင့် ပေးလိုက်မယ်။ ခေါ်သာ လာခဲ့"
ဆရာမထန် အားနာသွားသည်။
"ဒါဆို ... ကျွန်မ လစာထဲက နှုတ်လိုက်ပါလား"
ရှင်းဝေက မလိုပါဘူး ဆိုသည့် သဘောဖြင့် လက်ကာပြသည်။
"ကျွန်မတို့ ကျောင်းက ကျောင်းလခ ကင်းလွတ်ခွင့် ပေးနိုင်ပါတယ်။ နင်ဖူပေါင် တစ်ယောက်တည်း မဟုတ်ဘူး။ နောက်ထပ် လာမယ့် သူ့လို ကလေးမျိုးတွေ ရှိရင်လည်း အကုန် အလကား ထားပေးမှာ"
သူမ ကယ်တင်ရမည့် အခြား ဗီလိန်ပေါက်စတွေ အများကြီး ကျန်သေးသည် မဟုတ်ပါလား။ ဒါက အနာဂတ်အတွက် အခြေခံ အုတ်မြစ် ချထားခြင်းသာ ဖြစ်သည်။
ဆရာမထန် ရှင်းဝေ လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်သည်။ တွေ့ဆုံချိန်က စပြီး အခုချိန်ထိ ဒါဟာ အလွန် စိတ်လှုပ်ရှားမှု အဖြစ်ဆုံး အချိန်ပင် ဖြစ်သည်။
"ကျေးဇူးပါ ... တကယ် ကျေးဇူးတင်ပါတယ်"
သူတို့ နှစ်ယောက်ရဲ့ ရည်မှန်းချက်ချင်းက အံဝင်ခွင်ကျ တူညီနေသည်။
ဆရာမထန် နှစ်ပေါင်းများစွာ အောက်ခြေမှာ ဖိနှိပ်ခံကာ လုပ်နိုင်ခဲ့တာ သူမရဲ့ စိတ်ထား ကောင်းမွန်မှုကြောင့်ပင်။
ဒီနေ့ ရှင်းဝေနဲ့ တွေ့လိုက်ရချိန်မှာ ဖော်ပြမရနိုင်တဲ့ ရင်းနှီးမှုကို သူမ ခံစားလိုက်ရသည်။ လူတွေကြားက "ရေစက်" ဆိုတာ ဒါမျိုး ဖြစ်လိမ့်မည် ဟု သူမ ယုံကြည်လိုက်သည်။
သူမ မေးချင်ခဲ့တဲ့ သံသယ မေးခွန်းတွေ အကုန်လုံး ပျောက်ကွယ်သွားပြီ ဖြစ်သည်။ ထို့ကြောင့် ချက်ချင်းပင် အလုပ်ခန့်စာချုပ်ကို လက်မှတ် ထိုးလိုက်သည်။ အိမ်ပြန်ခါနီးမှ မေးခွန်းမေးဖို့ မေ့သွားတာကို သတိရတော့သည်။ ဒါပေမဲ့ လက်မှတ်လည်း ထိုးပြီးပြီ ဆိုတော့ မမေးတော့ပါဘူးလေ ဟု သဘောထားလိုက်သည်။
ပြီးတော့ သူမ လုပ်စရာ အရေးကြီး ကိစ္စ တစ်ခု ရှိနေသေးသည်။
သူမရဲ့ သူဌေးဟောင်းကို အလုပ်သမား ခုံရုံး တင်ပြီး တရားစွဲရမယ်။
ရှင်းဝေ ပြောသလိုပဲ ... လောကကြီးမှာ ကိုယ့်အခွင့်အရေးအတွက် ကိုယ်တိုင် ရဲရဲဝံ့ဝံ့ တိုက်ယူရမယ်။
***