"ကလေးပြုစုပျိုးထောင်ရေး ကျွမ်းကျင်ပညာရှင်" "အချိန်ပြည့် ဆရာဝန်" နှင့် "အချိန်ပြည့် သန့်ရှင်းရေး ဝန်ထမ်း" ဆိုသော ရာထူးများသည် သာမန်အားဖြင့် အလွန် အလုပ်ခေါ်စာ ရှားပါးလှသော အလုပ်အကိုင် နေရာများ ဖြစ်သည်။
သို့သော် ရှင်းဝေက ထိုအလုပ်အကိုင် နေရာများအားလုံးအတွက် တစ်လကို လစာ ယွမ် ၂ သောင်း ပေးမည်ဟု မက်လောက်စရာ ကမ်းလှမ်းခဲ့သည်။
"ကလေးပြုစုပျိုးထောင်ရေး ကျွမ်းကျင်ပညာရှင်" ဆိုသော ရာထူးခေါင်းစဉ်က နားထောင်လို့ အလွန် ကောင်းသလို ထိုရာထူးကို လျှောက်ထားလာသူ အမျိုးသမီးသည်လည်း နိုင်ငံတော် အဆင့် အသိအမှတ်ပြု လက်မှတ်ကို တရားဝင် ရရှိထားသူ တစ်ဦး ဖြစ်သည်။
သို့သော်လည်း ပြင်ပလောကတွင် အမည်ရ နာမည်ကြီး မူကြိုကျောင်းကြီးများကသာ ဒီလို တန်ဖိုးကြီး ပညာရှင်မျိုးကို ငွေကြေးအကုန်အကျခံကာ ငှားရမ်းနိုင်ကြသည်။ အဲဒီလို နာမည်ကြီး ကျောင်းကြီးတွေမှာလည်း အတွေ့အကြုံရှိ ဆရာသမားတွေက နေရာပြည့်နေပြီမို့ သူမလို လုပ်ငန်းခွင် ဝင်ကာစ လူသစ်တစ်ယောက် အတွက် နေရာရဖို့က အလွန် ခက်ခဲလှသည်။ သူမ တစ်ယောက် အလုပ်ရှာရ ခက်ခဲနေချိန်မှာ ကြယ်တာရာ မူကြိုကျောင်းက သူမကို မျှော်လင့်မထားဘဲ လာရောက် ကမ်းလှမ်းခဲ့ခြင်း ဖြစ်သည်။
အချိန်ပြည့် သန့်ရှင်းရေး ဝန်ထမ်းနှင့် ကျောင်းဆရာဝန် ကိစ္စကတော့ ပြောနေစရာပင် မလိုတော့ပေ။
ဆေးလောကဆိုတာ ပြိုင်ဆိုင်မှု အလွန် ပြင်းထန်လှသော နယ်ပယ်တစ်ခု ဖြစ်သည်။ အထူးသဖြင့် ရှေ့တန်းကနေ နေ့စဉ်နှင့်အမျှ လူနာတွေရဲ့ ထူးဆန်းထွေလာ ရောဂါဝေဒနာတွေနဲ့ သူတို့၏ စိတ်ညစ်ညူးမှု ဒေါသတွေကို တိုက်ရိုက် ခံရသော ဆေးခန်းပြ ဆရာဝန်တွေ ဆိုရင် ပိုဆိုးလှသည်။
ဒေါက်တာလူ ဆိုသူသည် မြို့ကြီးပြကြီး ဆေးရုံကြီး တစ်ခု၏ ကလေးကုသဆောင်မှ နှုတ်ထွက်လာသူ ဆရာဝန် တစ်ဦး ဖြစ်သည်။ ဒေါက်တာလူသည်လည်း နာကျင်တတ်သော လူသားတစ်ယောက်ပဲလေ။ စက်ရုပ်လို သံမဏိ ကိုယ်ထည်မှ မဟုတ်တာ။ နေ့စဉ် အလုပ်ဒဏ် ပိလွန်းတော့ သူ၏ ကျန်းမာရေးပါ ထိခိုက်လာခဲ့ရသည်။
မူလက ဒေါက်တာလူ စိတ်ကူးထားသည်မှာ ဆေးရုံကြီးကနေ အပြီးအပိုင် ထွက် ဇာတိမြေ ရွာလေးကို ပြန်ပြီး တောင်တန်းတွေ ကြားမှာ အေးအေးဆေးဆေး နေထိုင်ရင်း ကိုယ်ပိုင် ကျန်းမာရေးကို ပြန်လည် လိုက်စားမလို့ပင် ဖြစ်သည်။
ဒါပေမဲ့ သေချာ စဉ်းစားကြည့်လေ။ သူက ရွာကနေ မြို့ကို တက်လာကာ ခဲရာခဲဆစ် ကြိုးစားပြီး PhD ဘွဲ့ကြီးကို ဂုဏ်ယူစွာ ယူထားခဲ့တာ ဖြစ်သည်။ အခု ရွာပြန်ရောက်တော့ ပိုက်ဆံလည်း မရှိ ကျန်းမာရေးကလည်း မကောင်း ဆိုတော့ ရွာသားတွေ၏ ဝိုင်းဝန်း လှောင်ပြောင်တာကို ခံရမည့် ကိန်း ဆိုက်နေသည်။ အဲဒီလို အကျပ်အတည်း ဖြစ်နေချိန်မှာပဲ ကြယ်တာရာ မူကြိုကျောင်းက ယွမ် ၂ သောင်းပေးမည့် ကမ်းလှမ်းစာကြီး ရောက်လာခဲ့သည်။
ကျောင်းဆရာဝန် ဆိုတာ သူ့အတွက်တော့ အသက်မကြီးခင် သက်ပြည့်ပင်စင် ယူလိုက်ရသလို သက်တောင့်သက်သာ အလုပ်မျိုးပဲ ဖြစ်သည်။ ဘာမှ ပင်ပင်ပန်းပန်း လုပ်စရာ မလိုဘဲ ပိုက်ဆံထိုင်ယူရမယ့် ဒီလို အလုပ်မျိုးကို ဘယ်မှာများ သွားရှာတွေ့နိုင်တော့မလဲ။
ဤသို့ဖြင့် တစ်ပတ်အတွင်းမှာပဲ ရှင်းဝေ လိုချင်သော ကျောင်းဝန်ထမ်း နေရာ အားလုံး အပြည့်အစုံ ရရှိသွားခဲ့သည်။
ဝန်ထမ်း အသစ်စက်စက်များ အားလုံး စုံလင်စွာ ရောက်လာသောအခါ ကျောင်း၏ အစည်းအဝေး ခန်းမကြီးတွင် မိတ်ဆက်ပွဲ ပြုလုပ်ကြသည်။ ရှင်းဝေက မူကြိုကျောင်း၏ လက်ရှိ အခြေအနေ အရပ်ရပ်ကို အားလုံးသိအောင် ရှင်းပြလိုက်သည်။
အခြေအနေကို ကြားလိုက်ရသောအခါ ရောက်လာသူ အားလုံး အံ့ဩကာ ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြသည်။
သူတို့ တခြားလူတွေ လစာ ဘယ်လောက်ရလဲ မသိပေမဲ့ ကိုယ့်လစာ ယွမ် ၂ သောင်း ဆိုတာကိုတော့ ကိုယ်စီ သိကြသည်။ ဒီလောက် လစာ ကောင်းကောင်း ပေးနိုင်တဲ့ ကျောင်းဆိုတော့ တော်တော် ကြီးကျယ်ခမ်းနားတဲ့ ကျောင်းကြီးပဲ ဖြစ်မယ် ထင်ပြီး အားလုံး စိတ်လှုပ်ရှားစွာ လာခဲ့ကြတာ ဖြစ်သည်။
ဒါပေမဲ့ တကယ်တမ်း အလုပ်လာလုပ်ရန် ရောက်လာတော့ လက်ရှိ ကျောင်းသား ဦးရေက စုစုပေါင်း ၂ ယောက်တည်း တဲ့။
စာသင်နှစ်တောင် မစရသေးဘူး။ ရှိတဲ့ ၂ ယောက်ကလည်း တစ်ယောက်က ကျောင်းပိုင်ရှင် သူဌေးမလေး ကိုယ်တိုင် မွေးစားထားတဲ့ ကလေး နောက်တစ်ယောက်က ဆရာမထန် အပြင်ကနေ ခေါ်လာတဲ့ အခမဲ့ ကျောင်းသားလေး ဖြစ်နေသည်။
အားလုံးက ရှင်းဝေကို နားမလည်နိုင်စွာဖြင့် ဝိုင်းကြည့်လိုက်ကြသည်။ သူတို့ မျက်လုံးထဲတွင် ရှင်းဝေသည် ပိုက်ဆံ ပေါလွန်း၍ ဘာလုပ်ရမှန်း မသိဘဲ ငွေကုန်ကြေးကျခံကာ ကျောင်းဖွင့်တမ်း ကစားနေသော “သူဌေးသမီး ဖြုန်းတီးရေးသမား” တစ်ယောက် အဖြစ် အထင်ရောက်သွားကြသည်။
ဒီကျောင်း ရေရှည် ခံပါ့မလား ဟုလည်း စိုးရိမ်လာကြသည်။
အထူးသဖြင့် အစိုးရ အလုပ်ကနေ ထွက်ပြီး လာလုပ်တဲ့ ယာဉ်မောင်း ကျန်းတာမင် ဆိုရင် ပိုဆိုးသည်။ လကုန်ရင် သူမျှော်လင့်ထားတဲ့ လစာရော တကယ် ရပါ့မလား ဆိုပြီး သံသယ ကြီးစွာ ဝင်လာသည်။
သို့သော် သူတို့ သေချာ ပြန်တွေးကြည့်ကြသည်။ ဒီလောက် ကြီးကျယ်ခမ်းနားတဲ့ ကျောင်းကြီးကို ငွေအများကြီး အကုန်အကျခံ တည်ထောင်ထားတာ သာမန်လူတော့ ဘယ်လိုမှ မဖြစ်နိုင်။ ရင်းနှီးမြှုပ်နှံမှုတွေ ဒီလောက် များပြားနေမှတော့ နောက်ကွယ်မှာ ရည်မှန်းချက် ကြီးကြီးမားမား ရှိမှာပဲလေ ဟု တွေးမိကြသည်။ လောလောဆယ်တော့ "ရေလာတုန်း မြောင်းပေး ငွေလာတုန်း ယူထား" ဆိုတဲ့ သဘောဖြင့် အခြေအနေကို ဆက်ကြည့်ရန် အားလုံး ဆုံးဖြတ်လိုက်ကြသည်။
လောလောဆယ် ကျောင်းသားက မရှိသေးတော့ အားလုံးက ကိုယ့်အလုပ်အပြင် တခြားနေရာတွေမှာပါ ဝိုင်းဝန်း ကူညီ ပါဝင်ရသည်။
စားဖိုမှူးကြီးလျူမှလွဲ၍ ကျန်သူများ အားလုံး "ကျောင်းသား လက်ခံရေး အရာရှိ" ဘဝသို့ အလိုအလျောက် ကူးပြောင်း သွားကြရသည်။
ရှင်းဝေက သူတို့ကို နေထိုင်ရမည့် ဝန်ထမ်း အိပ်ဆောင်များဆီသို့ လိုက်ပြသည်။ အခန်းများက ကြယ်ငါးပွင့် ဟိုတယ် အခန်းများကဲ့သို့ အဆင့်မီ ပြင်ဆင်ထားပြီး တစ်ခန်းလျှင် နှစ်ယောက် အေးဆေးစွာ နေနိုင်သည်။
အားလုံးက ဒီမြို့က ဒေသခံတွေ ဖြစ်ကြသဖြင့် အိမ်ပြန်အိပ်ကြမည် ဖြစ်ရာ ဒေါက်တာလူ တစ်ယောက်သာ အဆောင်နေရန် လိုအပ်လေသည်။
ကျောင်းပြင်ဆင်စရိတ် ဝန်ထမ်းလစာ အဆောင်စရိတ် အကုန်အကျတွေကို စိတ်ထဲမှ တွက်ကြည့်လိုက်တော့ ဝန်ထမ်းတွေ ခမျာ ပိုင်ရှင်ဖြစ်တဲ့ ရှင်းဝေ ကိုယ်စား ရင်ပူလာကြသည်။ ဒီဖိအားက ရှင်းဝေ ပေးတာ မဟုတ်။ သူတို့ဘာသာ သူတို့ တွေးပူနေကြခြင်း ဖြစ်သည်။
ထို့နောက် ရှင်းဝေက သူတို့ကို ကျောင်းသား လက်ခံရေးအတွက် ပြင်ဆင်ထားသော လက်ကမ်း ကြော်ငြာ စာရွက်များ ပေးလိုက်သည်။
စာရွက်ပါ အချက်အလက်များကို မြင်လိုက်ရတော့ အားလုံး ဆွံ့အ သွားကြပြန်သည်။
ကလေးများကို တစ်နေ့ သုံးနပ် ကျွေးမယ် အချိုပွဲ သစ်သီး ပါမယ် အိမ်တိုင်ရာရောက် ကြိုပို့ ယာဉ် ပါမယ်။
ဒါပေမဲ့ ကျောင်းလခက ... တစ်လလုံးမှ ၂၆၀ ယွမ် တဲ့။
ဒီဈေးက တစ်မြို့လုံးမှာ ဘယ်ကျောင်းမှ မပေးနိုင်တဲ့ အသက်သာဆုံး ဈေးပဲ ဖြစ်သည်။
ဂေါ်ဖီထုပ် တစ်ထုပ်ဈေး (ပေါပေါလောလောဈေး) လို့တောင် တင်စားပြီး ပြောလို့ရသည်။
ဒီလောက် နည်းပါးတဲ့ ဈေးနဲ့ လက်ခံတဲ့ ကျောင်းတွေကို အပြင်မှာ "မူကြိုကျောင်း" လို့ ခေါ်လို့ မရပေ။ "ကလေးထိန်းရုံ" လို့ပဲ ခေါ်ရမည်။ အဲဒီလို နေရာမျိုးတွေမှာ ကလေးတွေကို ကျွေးတဲ့ အစားအသောက်က ဝက်စာလို အရည်အသွေးညံ့ပြီး နေရာကလည်း ကျဉ်းကျဉ်းလေး လေဝင်လေထွက် မကောင်းတဲ့ တိုက်ခန်းကျဉ်းလေးတွေထဲမှာ ဖွင့်ကြတာ ဖြစ်သည်။
အခု သူတို့ကျောင်းကတော့ အလွန် အဆင့်မြင့်တဲ့ Facilities တွေနဲ့လေ။ ဒီလောက် နည်းတဲ့ ဈေးနဲ့ ကောက်ရင် တစ်လစာ ဝန်ထမ်းလစာတောင် ကာမိပါ့မလား ဟု အားလုံး တွေးပူနေကြသည်။
ထိုအခါ ရှင်းဝေက ပြောသည်။
"လောလောဆယ် အတန်း တစ်တန်းစာ ကျောင်းသား ၁၀ ယောက် အရင် ခေါ်မယ်။ ကျန်တာ နောက်မှ ဆက်ဆွေးနွေးမယ်"
ဘာ ... ၁၀ ယောက်တည်းလား။
ထိုစကားကို ကြားတော့ ဆရာမထန် ချက်ချင်း ဝင်ပြောလိုက်သည်။
"ဒီကိစ္စ ကျွန်မ တာဝန် ထားလိုက်"
သူမက အသိမိတ်ဆွေများကို ဖုန်းအနည်းငယ် ဆက်လိုက်ရုံဖြင့် လိုအပ်သော ၁၀ နေရာ ပြည့်သွားသည်။ သူမရဲ့ နှစ်ပေါင်းများစွာ လုပ်သက် အတွေ့အကြုံအရ ဘယ်ကလေး မိဘတွေက ငွေကြေး အခက်အခဲ ဖြစ်နေလဲ ဆိုတာကို သူမ အသေအချာ သိသည်။
သာမန် မူကြိုကျောင်း တစ်ကျောင်းမှာ ထားရင်တောင် အနည်းဆုံး ယွမ် ၇၀၀ မှ ၈၀၀ လောက် ကုန်ကျတာ ဖြစ်သည်။ အခု တစ်လ ယွမ် ၂၆၀ ဆိုတာ ကြားလိုက်ရရင် မိဘတွေက ခေါင်းနဲ့ လမ်းလျှောက်ပြီးတောင် အလုအယက် လာအပ်ကြလိမ့်မည် ဖြစ်သည်။
တခြားသူတွေ ဘာမှ မလုပ်ရသေးခင်မှာပင် ဆရာမထန် တစ်ယောက်တည်း၏ အစွမ်းဖြင့် ၁၀ ယောက် ပြည့်အောင် ချက်ချင်း ရှာပေးလိုက်နိုင်သည်။
ထိုအခါ ဆရာကြီးလျူက မေးသည်။
"တကယ်လို့ လူတွေ ထပ်လာအပ်ချင်ရင် ဘယ်လို လုပ်မလဲ"
ရှင်းဝေက စဉ်းစားပြီး ပြောသည်။
"ရှင်တို့ တစ်ယောက်ချင်းစီမှာ ခွဲတမ်း ၂ နေရာစီ ရှိတယ်။ ကိုယ်နဲ့ ရင်းနှီးတဲ့သူတွေကို ခေါ်လာလို့ ရတယ်"
အစတုန်းကတော့ ဤကမ်းလှမ်းချက်ကို ဘယ်သူမှ သိပ်အရေးမစိုက်ကြပေ။
ဒါပေမဲ့ ရှင်းဝေ ကိုယ်တိုင် မောင်းဝင်လာတဲ့ ကျောင်းကားကြီးကို မျက်မြင်ကိုယ်တွေ့ မြင်လိုက်ရတဲ့ အချိန်မှာတော့ ဝန်ထမ်းတွေ အားလုံး လုံးဝ ရှော့ခ်ရသွားကြသည်။
အဝါရောင် တောက်တောက် ပြောင်လက်နေတဲ့ ထိပ်တန်း အဆင့်မြင့် ကျောင်းကားကြီး ဖြစ်သည်။
အရေးကြီးတာက ကားတစ်ခုလုံးကို ကျည်ကာမှန်တွေ အထူး တပ်ဆင်ထားတာတဲ့။ ဒီကား တစ်စီးတည်း၏ တန်ဖိုးကတင် ယွမ် ၂ သန်းကျော်တယ်။
ယွမ် ၂ သန်းတန် ကားကြီးကို စီးပြီး တစ်လ ယွမ် ၂၆၀ပဲ ပေးရတဲ့ ကျောင်း။ ဒါ စီးပွားရေး လုပ်နေတာ လုံးဝ မဟုတ်ဘူး။ အရှုံးခံပြီး ပရဟိတ လုပ်နေတာပဲ ဟု အားလုံး တွေးမိကြသည်။
ဘယ်သူ့မှာ ကိုယ်ချစ်ရတဲ့ ဆွေမျိုး မရှိဘဲ နေမလဲ။ ဝန်ထမ်းတွေက ဒီသတင်းကောင်းကို ဆွေမျိုးမိတ်ဆွေများထံ ချက်ချင်း ဖြန့်လိုက်ကြသည်။
၂ နာရီပင် မကြာခင်မှာပင် ကျောင်းသား ၁၀ ယောက်မှ ၁၅ ယောက် အထိ တိုးလာသည်။
မိဘတွေ ကိုယ်တိုင် ရောက်လာပြီး ခမ်းနားသော ကျောင်းဝင်းကြီးကို မြင်တော့ အလွန် ကျေနပ်သွားကြသည်။ ဝန်ထမ်းများက ဆရာမထန် သင်ပေးထားသည့် အတိုင်း "ဒါက ကျောင်းဖွင့်ပွဲ အထူး ပရိုမိုးရှင်းမို့ ဒီဈေးနဲ့ ရတာ။ လက်လွတ်မခံကြနဲ့" ဟု ရှင်းပြ ပြောဆိုလိုက်ကြသည်။
တနင်္လာနေ့တွင် ကျောင်းစတက်မယ်လို့လည်း အသိပေးလိုက်သည်။
အရေးကြီး ကိစ္စတွေ အားလုံးပြီးပြီမို့ အောင်ပွဲခံသည့် အနေဖြင့် ဆရာကြီးလျူက ရေခဲသေတ္တာထဲက ပစ္စည်းတွေ အကုန် ထုတ်ပြီး စားပွဲအပြည့် အရသာရှိသော ဟင်းပွဲတွေ ဖန်တီးတော့သည်။
ထမင်းမစားခင် ကတည်းက မီးဖိုချောင်ကနေ ထွက်လာတဲ့ မွှေးပျံ့လွန်းသော ရနံ့ကြောင့် အားလုံး လည်ပင်းရှည် မျှော်နေကြပြီ ဖြစ်သည်။
"ဆရာကြီးလျူ ဘာတွေ ချက်နေတာလဲ။ မွှေးလိုက်တာ"
ဒေါက်တာလူက အားလုံးကို ဝင်ပြောသည်။
"ဆရာမထန် ပြောပြလို့ သိရတာ ... ဆရာကြီးလျူက အရင်တုန်းက ကျန်ပေ ဟိုတယ်ကြီးရဲ့ စားဖိုမှူးချုပ်တဲ့"
ထိုစကားကို ကြားသောအခါ အားလုံး မှင်သက်သွားကြသည်။
"ဝိုး ... ဒီလောက် အဆင့်အတန်း ရှိတဲ့ စားဖိုမှူးက ငါတို့အတွက် ချက်ကျွေးမှာလား"
ဟင်းပွဲတွေ အစုံအလင် ခင်းကျင်းပြီးတော့ အားလုံး ပန်းကန်နဲ့ တူ ကိုယ်စီကိုင်ကာ စားရန် အသင့် ပြင်ထားကြသည်။ ဗိုက်ထဲမှာတော့ ဆာလောင်လွန်း၍ စည်တီးသံတွေ ဆူညံနေပြီ ဖြစ်သည်။ သူတို့မျက်နှာတွေက တည်ငြိမ်ချင်ယောင် ဆောင်ထားကြပေမဲ့ သူတို့ရဲ့ အစာအိမ်တွေကတော့ အစားအသောက်များကို တောင့်တလွန်းသဖြင့် ရိုးသားလွန်းနေသည်။
ရှင်းဝေက အားလုံးကို အချိုရည် ကိုယ်စီ ထည့်ပေးပြီး စကားစသည်။
"ဒီနေ့က စပြီး ကျွန်မတို့က မိသားစုတွေ ဖြစ်သွားပါပြီ"
ဝန်ထမ်း အစုံအလင် ရပြီမို့ စနစ်ကြီးကလည်း ကတိအတိုင်း ဆုကြေးတွေ ထပ်ပေးပြန်သည်။ ရှင်းဝေ တစ်ယောက် အခုဆို ငွေသား သိန်းချီ ကိုင်ထားနိုင်တဲ့ တကယ့် သူဌေးမလေး ဖြစ်နေပြီ။
"ရှင်တို့ အားလုံးက ကျွန်မရဲ့ အလုပ်အတွက် အကျိုးတော်ဆောင်ကြီးတွေပါ။ ကျွန်မတို့ အတူတူ ကြိုးစားပြီး ဒီကျောင်းကို မြို့မှာ အကောင်းဆုံးနဲ့ အကြီးဆုံး ဖြစ်အောင် လုပ်ကြမယ်"
ကလေးဆန်တဲ့ ရိုးရှင်းသော စကားလေး ဖြစ်ပေမဲ့ လူငယ်တစ်ယောက်ရဲ့ စိတ်ဓာတ်ပြင်းပြမှုက အားလုံးကို အလိုလို ကူးစက်သွားစေသည်။
ဒီအလုပ်အပေါ် သူတို့ မျှော်လင့်ချက် ကြီးသွားသည်။ လုပ်ဖော်ကိုင်ဖက်တွေကလည်း သူ့နယ်ပယ် အသီးသီးမှာ အတွေ့အကြုံရှိတဲ့ ဆရာတွေချည်းပဲလေ။ ဒီလို အဖွဲ့နဲ့ ထောင်တဲ့ ကျောင်းက မအောင်မြင်စရာ အကြောင်း လုံးဝ မရှိပေ။
"ချီးယားစ် ... မြို့မှာ အကောင်းဆုံး ကျောင်း ဖြစ်ရမယ်"
ခွက်ချင်းတိုက်ပြီးတာနဲ့ အားလုံးက မိမိတို့ လက်လှမ်းမီရာ ဟင်းပွဲတွေကို အငမ်းမရ တိုက်ခိုက် စားသောက်ကြတော့သည်။
အမဲသားနှပ်က ပါးစပ်ထဲ ထည့်လိုက်တာနဲ့ နူးညံ့စွာ အရည်ပျော်သွားသည်။
ခရမ်းချဉ်သီးဟင်းချိုကလည်း အချဉ်နဲ့အချို အချိုးအစား ကွက်တိပဲ ဖြစ်နေသည်။
ဟင်းသီးဟင်းရွက် ကြော်တွေကလည်း အလွန် လတ်ဆတ်ပြီး ဝါးလိုက်တိုင်း ကြွပ်ရွနေသည်။
ဒါက တကယ့်ကို စားဖိုမှူးကြီး တစ်ယောက်ရဲ့ အစွမ်းအစ လက်ရာပဲလား။ အားလုံးက ဆရာကြီးလျူကို ဝိုင်းပြီး ချီးကျူးကြသည်။
ဆရာကြီးလျူက အရင်တုန်းက ဟိုတယ်မှာ သူများတွေ စားဖို့ပဲ ပင်ပန်းခံ ချက်ပေးခဲ့ရတာ။ အခုတော့ အားလုံးနဲ့ အတူတူ ဝိုင်းဖွဲ့ စားသောက်ရင်း ချီးကျူးသံတွေ ကြားရတော့ အလွန် ပီတိ ဖြစ်ရသည်။
"ကျုပ် အစွမ်းအစကြောင့် မဟုတ်ပါဘူးဗျာ။ ရှင်းဝေ ဝယ်လာတဲ့ ကုန်ကြမ်းတွေက အရမ်းကောင်းလွန်းလို့ပါ"
အားလုံးက သူ နှိမ့်ချပြီး ပြောနေတယ် ထင်ကြပေမဲ့ ရှင်းဝေ တစ်ယောက်တည်းသာ သူ အမှန်အတိုင်း ရိုးသားစွာ ပြောနေမှန်း သိသည်။
ဆရာကြီးလျူ စေတနာပါပါ ချက်ထားတဲ့ ဟင်း ၁၀ ပွဲကို အမျိုးသား အမျိုးသမီး ဝန်ထမ်းများက ရက်ပေါင်းများစွာ ထမင်းငတ်ပြတ်လာသူများ ကဲ့သို့ ပန်းကန် ကွဲမတတ် ပြောင်စင်အောင် စားသောက်လိုက်ကြသည်။
စားသောက်ပြီးတော့ ဒေါက်တာလူက ကျေနပ်စွာ ပြောသည်။
"ဒီလို အစားအသောက်မျိုး စားရမယ်ဆိုရင် ကျုပ် လစာ မယူဘဲတောင် အလုပ်လုပ်ပေးနိုင်တယ်"
ကျန်တဲ့ သူတွေကလည်း ဒေါက်တာလူ၏ စကားကို ရယ်မော ထောက်ခံကြသည်။
တစ်နေ့ သုံးနပ် ဒီလို ကောင်းမွန်သော အစားအစာတွေ စားရမယ်ဆိုတာ သိလိုက်ရတော့ သူတို့ရဲ့ အလုပ်လုပ်ချင်စိတ်က မိုးထိအောင် ထောင်တက်သွားကြသည်။
ကျန်ပေ ဟိုတယ်ကြီးက VIP ဧည့်သည်တွေသာ စားနိုင်တဲ့ အစားအစာမျိုးကို နေ့တိုင်း စားရမယ့် ဒီလို အခွင့်အရေးမျိုး ဘယ်မှာ သွားရနိုင်တော့မှာလဲ။
***