နာမည်ကြီး ကုန်တိုက်ကြီး၏ ဒုတိယထပ် အဝတ်အထည် ဌာနက အရောင်းဝန်ထမ်း မမရွှီတစ်ယောက် ယနေ့ အလုပ်ထဲတွင် စိတ်နည်းနည်း ညစ်နေသည်။
ထို့ကြောင့် တစ်နေ့လုံး အလုပ်လုပ်ရာတွင် သူ့မျက်နှာ သိပ်မကောင်းလှပေ။
အလုပ်ကို စစ်ဆေးရန် သူ့အထက်လူကြီး မန်နေဂျာ ဘေးနား ဖြတ်သွားတာတောင် သူမက အလိုက်တသိ ပြုံးမပြဘဲ ရှောင်ထွက်သွားခဲ့သည်။
ထိုအခြေအနေကို မြင်သော လုပ်ဖော်ကိုင်ဖက် လီက အနားသို့ ရောက်လာပြီး မေးလိုက်သည်။
"မမရွှီ ... ဘာဖြစ်နေတာလဲ"
မမရွှီက အိမ်ကနေ အလုပ်ကို ရောက်ကတည်းက အကြာကြီး စိတ်ညစ်နေခဲ့ရတာမို့ တစ်ယောက်ယောက်က ဂရုတစိုက် မေးလာတော့ ရင်ဖွင့်ဖို့ အခွင့်အရေး ရသွားသည်။
"ငါ့ယောက္ခမလေ ... ဈေးပေါတာဆို သိပ်ကြိုက်တာ။ အခု ကလေးကို မူကြိုကျောင်း ပို့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး စကားများရပြန်ပြီ။ ဘယ်ကမှန်းမသိတဲ့ ဈေးပေါပေါ ကျောင်းတစ်ကျောင်း သွားရှာလာပြီး ကျောင်းလခတောင် သွားသွင်းလိုက်ပြီတဲ့"
မမရွှီက အသက် ၃၆ နှစ် ရှိပြီ ဖြစ်သည်။ ကလေး ရဖို့အရေး သူမကိုယ်တိုင် အပင်ပန်းခံကာ ဖန်ပြွန်သန္ဓေသား နည်းပညာနဲ့ အကြိမ်ကြိမ် ကြိုးစားပြီးမှ ဤကလေးလေးကို ရခဲ့တာ ဖြစ်သည်။ ဒါကြောင့် ကလေးကို အလွန်အမင်း အလိုလိုက်ကာ ချစ်ခင်ယုယထားသည်။
သူ့ယောက္ခမကလည်း နေထိုင်ရာ ရပ်ကွက်ထဲမှာ နာမည်ကြီးပဲ ဖြစ်သည်။ ငွေတစ်ပြားတစ်ကျပ် သက်သာဖို့ဆိုရင် ဘာမဆို အပင်ပန်းခံ လုပ်မည့်သူ ဖြစ်သည်။ ဟိုနား ဒီနားမှာ ကျန်းမာရေး ဟောပြောပွဲတွေ ဘာတွေ လုပ်တယ် ကြားရင် ဆန် ဆီ ဆား အလကားရလို့ဆိုပြီး မနက်စောစော သွားတန်းစီတတ်သူ ဖြစ်သည်။ သက်ကြီးရွယ်အိုတွေအတွက် ခရီးစဉ်တွေ အလကား လိုက်ပို့တယ် ကြားရင်လည်း တစ်ယောက်မကျန် ပါတတ်သေးသည်။
အလကားရရင် ဘာမဆို ယူတတ်လွန်းသဖြင့် လူငယ်တွေ အမြင်မှာတော့ သူမက ဘုရားသခင် အဆင့်ပဲ ဟု တင်စားကြရသည်။
မမရွှီ ပြောပြချက် အရဆို သူတို့အိမ်မှာ တစ်နှစ်ပတ်လုံး ကြက်ဥ ဝယ်စားစရာ လုံးဝ မလိုဘူးတဲ့။ ယောက္ခမကြီး ဟိုဟောပြောပွဲ ဒီဟောပြောပွဲတွေကနေ တန်းစီပြီး ရလာတဲ့ အလကား ကြက်ဥတွေချည်း စားနေရတာ ဖြစ်သည်။
တခြား ကိစ္စတွေ တွက်ကပ်တာက ထားလိုက်ပါတော့။ သည်းခံလို့ ရပါသေးသည်။
ဒါပေမဲ့ ကလေး ပညာရေးနဲ့ ပတ်သက်လာရင်တော့ အရေးကြီးတယ် မဟုတ်လား။ မမရွှီတို့ မိသားစုမှာ ပိုက်ဆံ သိပ်မပေါများလှပေမဲ့ တစ်ဦးတည်းသော ကလေးကိုတော့ ကျောင်းကောင်းကောင်း ထားချင်သည်။
တစ်လကိုမှ ကျောင်းလခ ၂၆၀ ယွမ် တဲ့။ ဒါ ဘယ်လို ကျောင်းမျိုးလဲ ဟု သူမ တွေးပူမိသည်။
ဒါပေမဲ့ ဒီအဘွားကြီးကို သွားပြောလို့ မရပေ။ တွက်ကပ်တတ်လွန်းတဲ့ ယောက္ခမက လခ ၂၆၀ ယွမ်ကို ကိုယ်တိုင် သွားသွင်းလိုက်ပြီ ဆိုတော့ ဒီကိစ္စက ကျောက်စာ ထွင်းလိုက်သလို ဘယ်လိုမှ ပြင်လို့မရတော့အောင် ဖြစ်သွားပြီ ဖြစ်သည်။
သူမ၏ စကားကို ကြားတော့ လီက ချက်ချင်း ထောက်ခံသည်။
"ဒါ မဖြစ်သင့်ဘူးလေ။ ကလေး ပညာရေးက အရေးကြီးတယ်။ ဆင်းရဲတာ ဆင်းရဲတာပဲ။ ဒီကိစ္စမှာတော့ မကပ်သင့်ဘူး"
"ငါ့ဝမ်းကွဲ အစ်ကိုတို့ဆို နိုဘယ် မူကြိုကျောင်းတက်ချင်လို့ အဲဒီနားမှာ အိမ်တောင် သွားဝယ်ကြတာ။ အခု မိဘတွေကို အင်တာဗျူးဖို့တောင် ပြင်ဆင်နေကြပြီ"
"နိုဘယ် မူကြိုကျောင်း"
ထိုနာမည်ကို ကြားတော့ မမရွှီ မျက်လုံးထဲမှာ အားကျစိတ်လေး တစ်ခဏတာ ဖြတ်သန်းသွားသည်။
အဲဒီကျောင်း အကြောင်း သူမ ကောင်းကောင်း ကြားဖူးသည်။ ဒါပေမဲ့ သူတို့လို သာမန် မိသားစု အနေနဲ့ ဘယ်တော့မှ တက်နိုင်မှာ မဟုတ်ဘူး ဆိုတာလည်း သိသည်။ ထွက်ပေါ်နေသော ကောလာဟလတွေ အရ ဆိုရင် မိသားစု ပိုင်ဆိုင်မှု အနည်းဆုံး ယွမ် ၅ သိန်း ရှိမှသာ ထိုကျောင်းက လက်ခံတာတဲ့။
သူမက ကလေးရဖို့ ဆေးရုံမှာ ကုသစရိတ်နဲ့တင် ရှိသမျှ စုငွေ ယွမ် ၅ သိန်းလောက် ကုန်ခဲ့ပြီးပြီဆိုတော့ အခု သူတို့ အခြေအနေက သာမန် လူလတ်တန်းစား အဆင့်လောက်ပဲ ရှိတော့သည်။
မမရွှီက သက်ပြင်းချကာ ပြောသည်။
"ငါက အဲ့လောက် နာမည်ကြီးတဲ့ ကျောင်းကြီး မဟုတ်ရင်တောင် အသင့်အတင့် ကောင်းတဲ့ ကျောင်းလောက်တော့ ထားချင်တာပေါ့။ တစ်လ ယွမ် ၂၄၀၀ လောက်ဆို မဆိုးပါဘူး"
သူမရဲ့ အရောင်းဝန်ထမ်း လစာက တစ်လလုံးမှ ၃၅၀၀ ပဲ ရတာ ဖြစ်သည်။ ဒါတောင် ကလေးကျောင်းလခကို ၂၄၀၀ လောက် အထိ အကုန်အကျခံ သုံးချင်နေတာ ဆိုတော့ သူမက ဒီကလေးကို ဘယ်လောက် ပိုးမွေးသလို မွေးထားလဲ ဆိုတာ အသိသာကြီးပင်။
လီက ထိုကျောင်းလခ ဂဏန်းကို ကြားတော့ လန့်သွားသည်။
"အခုခေတ် မူကြိုကျောင်း ဈေးတွေက ဒီလောက်တောင် ကြီးနေပြီလား"
မမရွှီက ညည်းတွားလိုက်သည်။
"ဟုတ်တယ်ဟေ့ ... ကလေး မွေးတယ် ဆိုတာ သန်းကြွယ် သူဌေးလောင်းလေးကို အကြွေးတင်နေသလိုပဲ"
နှစ်ယောက်သား အလုပ်ချိန်အတွင်း စကားလက်ဆုံ ကျနေပေမဲ့ ထူးခြားသော အဖြေတော့ မထွက်လာပေ။ နောက်ဆုံးတော့ မမရွှီ စိတ်ထဲမှ ဆုံးဖြတ်လိုက်သည်။ ယောက္ခမ စိုက်ပေးထားတဲ့ ယွမ် ၂၆၀ ကို သူမ ပြန်ပေးလိုက်မယ်။ ကလေးကိုတော့ ကျောင်းကောင်းကောင်းပဲ ရွေးပြီး ထားမယ် ဟု ဆုံးဖြတ်လိုက်သည်။
ညနေ အလုပ်ဆင်းပြီး အိမ်ပြန်ရောက်တော့ သူမ ဒေါသ ထွက်နေတုန်းပင်။ ဒါပေမဲ့ အိမ်ထဲဝင်လိုက်သည်နှင့် ယောက္ခမကြီးက မြေးဖြစ်သူ သမီးလေး မုန်မုန်နဲ့ ပျော်ရွှင်စွာ ကစားနေတာကို မြင်တော့ သူမ၏ စိတ်များ အနည်းငယ် လျော့ကျသွားသည်။
ဟုတ်သည်။ သူမ မွေးထားတာက တကယ့်ကို ချစ်စရာ သမီးလေး။ အိမ်မှာ အမြဲတမ်း ဂါဝန်လှလှလေးတွေ ဝတ်ပေးထားပြီး အရုပ်မလေးလို လှပအောင် ပြင်ဆင်ပေးထားသည်။
မမရွှီ စိတ်ပျော့သွားသည်။ သူက အသက်ကြီးမှ ကလေးရတာဆိုတော့ သူ့ယောက္ခမကလည်း တခြား ကလေးတွေရဲ့ အဘွားတွေထက် အသက်ပိုကြီးနေတာပေါ့။
ဒီလို အသက်အရွယ်ကြီးနဲ့ ကလေးထိန်းပေးနေတာပဲ ကျေးဇူးတင်စရာ ကောင်းနေပြီ ဖြစ်သည်။ မဟုတ်ရင် သူမ အလုပ်ထွက်ပြီး ကလေးကို အချိန်ပြည့် ထိန်းရမှာမို့ အလုပ်ဆက်လုပ်လို့ရမှာ မဟုတ်ဘူး။ ဒါပေမဲ့ ကလေး ပညာရေး ကိစ္စ ဆိုတော့လည်း သူ အမေတစ်ယောက်အနေနဲ့ သေချာ ဂရုစိုက်ရမယ်လေ။
"အမေ ..."
မမရွှီ ဒေါသမထွက်တော့ဘဲ ယောက္ခမနဲ့ ကောင်းကောင်း ပြောဆို တိုင်ပင်ဖို့ ဆုံးဖြတ်လိုက်သည်။
"ဟေး ... ညည်း သိလား။ အဲဒီ ၂၆၀ တန် ကျောင်းကို ဘယ်သူ ညွှန်းပေးလိုက်လဲ ဆိုတာ။ ဆရာမထန်လေ"
"တကယ် သူလား"
မမရွှီ အံ့ဩသွားကာ အာမေဋိတ်သံ ထွက်သွားသည်။
ဆရာမထန်ဆိုတာ အရင် သူမထားချင်ခဲ့သည့် ယွမ် ၂၄၀၀ တန် ကျောင်းမှာ လုပ်တုန်းက သူမ အသေအချာ စုံစမ်းဖူးတဲ့ ဆရာမ တစ်ဦး ဖြစ်သည်။
ဆရာမထန်ရဲ့ သင်ကြားရေး အရည်အသွေးက မြို့ထဲမှာ အမြင့်ဆုံးပဲ ဖြစ်သည်။ ဒါပေမဲ့ သူက နောက်ပိုင်းမှာ အတန်း သိပ်မဝင်တော့ဘူးဟု သိရသည်။ WeChat မှာ သူတို့ အဆက်အသွယ် ရှိကြပေမဲ့ စကား သိပ်မပြောဖြစ်ကြဘူး။
ဆရာမထန်က မိဘတွေကြားမှာ နာမည်ကြီးတယ်။ ကလေးတွေကို အရမ်းချစ်တတ်တယ်လို့လည်း နာမည်ကြီးတယ်။ မိဘမဲ့ နင်ဖူပေါင် ဆိုတဲ့ ကလေးကို အလကား သင်ပေးခဲ့တာ မိဘတိုင်း သိပြီး လေးစားကြတဲ့ ဆရာမကောင်း တစ်ဦး ဖြစ်သည်။
ပြီးတော့ ဆရာမထန်က အလွန် နူးညံ့သိမ်မွေ့တယ်။ စကားပြောရင် ဖြည်းဖြည်းနဲ့မှန်မှန် ပြောတတ်ပြီး ကလေးတိုင်းက သူ့ကို ချစ်ကြတယ်။
ဆရာမထန် ကိုယ်တိုင် ညွှန်းတာ ဆိုတော့ မမရွှီ စိတ်ဝင်စားသွားသည်။
"တကယ်လား။ ဒါပေမဲ့ ဘယ်လိုလုပ် ဒီလောက် ဈေးပေါရတာလဲ”
သူမ စိတ်ထဲတွင် တစ်ဝက်လောက် ယုံသွားပြီ ဖြစ်သည်။
ယောက္ခမက ချက်ချင်း ဝင်ပြောသည်။
"ညည်းက မသိပါဘူး။ ဒါက အခုမှ ဖွင့်တဲ့ ကျောင်းသစ် မို့လို့။ ပေါက်ဈေးအရ ဆိုရင် ၃ ထောင်လောက် ပေးရမှာ။ ညည်းတို့ လင်မယား ဝင်ငွေ ဘယ်လောက် ရှိလို့လဲ။ ငယ်တုန်းရွယ်တုန်း စုထားဦး။ နောင် ကလေးကြီးလာရင် သုံးစရာတွေ အများကြီး လာဦးမှာ။ ဘယ်ကျောင်းတက်တက် အတူတူပါပဲ။ ပြီးတော့ ငါ စုံစမ်းပြီးပြီ ... ဆရာမထန်က ဒီကျောင်းမှာ ရှိတာ"
ယောက္ခမကြီးက သူ သေချာ စုံစမ်းပြီးမှ အကွက်ရလိုက်ပြီလို့ တွေးနေသည်။ ဆရာမထန်သာ ဒီကျောင်းမှာ တကယ် ရှိရင် ယွမ် ၂ ထောင်တန် ကျောင်းမှာ ထားတာနဲ့ အတူတူပဲ မဟုတ်လား။
မမရွှီ စိတ်မချသေးပေ။
"မနက်ဖြန် ကျမ ခွင့်ယူပြီး ကလေးနဲ့အတူ ကျောင်းကို သွားကြည့်မယ်"
ယောက္ခမက လိုလိုလားလားပင် သဘောတူလိုက်သည်။
ထိုနေ့ ညဘက်ကျတော့ မမရွှီ စိတ်လှုပ်ရှားပြီး အိပ်မပျော်ပေ။ ညသန်းခေါင်ကြီး ထပြီး အင်တာနက်မှာ မူကြိုကျောင်း ဈေးနှုန်းတွေ လိုက်ရှာကြည့်နေမိသည်။
တကယ်လို့သာ ဆရာမထန်က ၂၆၀ နဲ့ တကယ် သင်ပေးမှာ ဆိုရင်တော့ ရှယ်ပဲ ဟု တွေးမိသည်။ တစ်လကို ယွမ် ၂ ထောင်လောက် သက်သာသွားမယ်။ အဲဒီ ပိုက်ဆံနဲ့ ကလေးအတွက် အားဆေးတွေ အဝတ်အစားတွေ ဝယ်တိုက်လို့ ရတာပေါ့။
ဒါပေမဲ့ ဒီလောက်တန်တဲ့ မိုးဗြဲဒယ်ကြီးက ကောင်းကင်ကနေ အလကား ကျလာပါ့မလား။ တွေးရင်းတွေးရင်းနဲ့ မနက် ၃ နာရီ ထိုးသွားသည်။
မိုးလင်းတော့ မမရွှီ တစ်ယောက် အိပ်ရေးပျက်ထားသဖြင့် မျက်ကွင်းညိုကြီးတွေနဲ့ ကလေးလိုက်ပို့ဖို့ ထလာသည်။
အိမ်ကထွက်ပြီး လမ်းထောင့်ချိုးလိုက်တာနဲ့ တောက်ပြောင်နေတဲ့ အဝါရောင် ကျောင်းကားကြီးကို တွေ့လိုက်ရသည်။
ရပ်ကွက်ထဲက တခြား မိဘတွေလည်း ကလေး လာပို့ကြရင်း ထိုကျောင်းကားကြီးကို စိတ်ဝင်တစား ဝိုင်းကြည့်နေကြသည်။ ကားဘေးမှာ "ကြယ်တာရာ မူကြိုကျောင်း" လို့ လှပစွာ ရေးထားသည်။
မိဘတချို့က အားကျစွာ ပြောကြသည်။
"ဒီကျောင်းကားကြီးက ဈေးကြီးမှာပဲနော်”
"ဒါပေါ့ ... ကြားတာတော့ ယွမ် ၂ သန်းကျော်တယ်တဲ့။ နိုဘယ် ကျောင်းတွေမှ ဒီလိုကား သုံးနိုင်တာ"
"ဘုရားရေ ... ငါတို့ ရပ်ကွက်ထဲမှာ နိုဘယ်ကျောင်း တက်နိုင်တဲ့ ကလေး ရှိနေတာလား"
"မဖြစ်နိုင်ပါဘူး။ နိုဘယ်ကျောင်း တက်နိုင်ရင် ငါတို့ ရပ်ကွက်မှာ ဘယ်နေမလဲ။ ဟိုဘက်က ဗီလာ အိမ်ကြီးတွေမှာ နေမှာပေါ့"
အားလုံး တီးတိုး ပြောဆိုနေကြသည်။
ထိုကျောင်းကားကြီးက သူတို့ရှေ့မှာ ငြိမ့်ခနဲ ညင်သာစွာ ရပ်သွားသည်။
ကျောင်းစဖွင့်သော ပထမဆုံး နေ့မို့လို့ ဆရာမထန် ကိုယ်တိုင် ကားပေါ်က ဆင်းလာပြီး မုန်မုန်ရဲ့ နာမည်ကို ခေါ်လိုက်သည်။
မမရွှီ ကြောင်တောင်တောင်နဲ့ သားအမိ နှစ်ယောက် ကားပေါ် တက်လိုက်ကြသည်။
အောက်က မိဘတွေ အားလုံး ပါးစပ်အဟောင်းသား ကျန်ခဲ့ကြသည်။ ဒီကျောင်းက ဘယ်လောက် ပေးရလဲ။ ကြယ်တာရာ မူကြိုကျောင်းဆိုတာ တစ်ခါမှ မကြားဖူးဘူး။
သူတို့ ဖုန်းထုတ်ပြီး အွန်လိုင်းမှာ အမြန် လိုက်ရှာကြသော်လည်း ဘာအချက်အလက်မှ ရှာမတွေ့ပေ။
ကားပေါ်ရောက်တော့ မမရွှီက ဆရာမထန်ကို မေးလိုက်သည်။
"ဆရာမ တကယ် ဒီမှာ လုပ်နေတာလား။ ဝမ်းသာလိုက်တာ။ ဒါနဲ့ တစ်ခုလောက် မေးပါရစေ ... ကျောင်းလခက တကယ်ပဲ ၂၆၀ ယွမ် လားဟင်။ ကျွန်မ ယောက္ခမက အသက်ကြီးတော့ နားလေးပြီး သုည တစ်လုံး လျော့ကြားတာများလား။ ၂၆၀၀ ဖြစ်ရမှာ မဟုတ်ဘူးလား"
ဒီလောက် ကားကောင်းကြီး စီးနိုင်တဲ့ ကျောင်းက ဒီလောက် ဈေးပေါတာ သူ တကယ် မယုံနိုင် ဖြစ်နေသည်။
ဆရာမထန်က ပြုံးပြီး ယဉ်ကျေးစွာ ပြောသည်။
"၂၆၀ ပါရှင်။ စိတ်ချပါ။ ဒီမှာ ဆရာကောင်းတွေ အများကြီး ရှိပါတယ်"
ပြီးတော့ သူမက ကျောင်းရှိ အခြား လုပ်ဖော်ကိုင်ဖက်တွေရဲ့ အရည်အချင်းကို ဂုဏ်ယူစွာ ရှင်းပြသည်။
မမရွှီက ပါးစပ်ကသာ ချီးကျူးနေပေမဲ့ စိတ်ထဲမှာတော့ ကျောင်းကို ကိုယ်တိုင် မြင်ရမှ ယုံမယ်လို့ တွေးထားသည်။
နောက်ဆုံးတော့ ကားလေးက ကျောင်းကို ရောက်သွားသည်။ ၁၀,၀၀၀ စတုရန်းမီတာ ကျယ်ဝန်းသော မြေနေရာနှင့် ခမ်းနားသော တိုက်ကြီး တစ်တိုက်ကို တွေ့လိုက်ရသည်။
ကလေးများအတွက် ကစားကွင်းတွေလည်း အစုံအလင် ပါတယ်။ မုန်မုန်လေးက ကျောင်းပထမဆုံး ရက်မှာ မငိုတဲ့အပြင် မျက်လုံးတွေက ကစားကွင်းရှိ မြင်းစီးဂျား လည်နေတာကိုပဲ စိတ်ဝင်တစား လိုက်ကြည့်နေသည်။
မမရွှီက သမီးလေးကို မေးလိုက်သည်။
"သမီး ဒီမှာ တက်ချင်လား"
သမီးဖြစ်သူက ပျော်ရွှင်စွာ ခေါင်းကို ဆက်တိုက် ညိတ်ပြသည်။ ပြီးတော့ မမရွှီ လက်ကို ဆွဲပြီး ကစားကွင်းဆီ ခေါ်နေတော့သည်။
ထိုစဉ် မမရွှီ သတိရသွားသည်။
"မနက်က ကလေးကို မုန့်မကျွေးခဲ့ရဘူး။ ပေါင်မုန့်နဲ့ နို့ သွားဝယ်လိုက်ဦးမယ်"
ဆရာမထန်က ပြုံးကာ တားလိုက်သည်။
"မလိုပါဘူးရှင်။ ဒီမှာ ကန်တင်း ရှိပါတယ်။ သူ ကျွန်မတို့နဲ့ အတူ စားလို့ ရပါတယ်"
ထို့ကြောင့် ကလေးကို ကန်တင်းမှာ နေရာချပေးပြီး ကလေးပြုစုရေး ပညာရှင်နဲ့ အပ်ထားခဲ့လိုက်သည်။ ဆရာမထန်ကတော့ တခြား ကလေးတွေ သွားကြိုရဦးမည် ဖြစ်သဖြင့် ထွက်သွားသည်။
ပထမဆုံး ရက်ဆိုတော့ မမရွှီလို စိတ်မချတဲ့ မိဘတွေ အများအပြား ပါလာတတ်သည်။
မမရွှီ ထမင်းစားခန်းထဲ ရောက်သွားတော့ မြင်လိုက်ရသည့် မြင်ကွင်းကြောင့် အလွန် အံ့ဩသွားသည်။
"ဘူဖေး"
ကလေးများအတွက် မနက်စာက ဘူဖေး ဖြစ်နေတာကိုး။ နို့ ကြက်ဥ ပေါင်မုန့် ပဲနို့ နဲ့ ဆီကြော်မုန့်တွေ အစုံပါပဲ။ တချို့က စားဖိုမှူး ကိုယ်တိုင် သန့်ရှင်းစွာ လုပ်ထားတာ။ တချို့က အပြင်က နာမည်ကြီး ဆိုင်များမှ ဝယ်ထားတာ ဖြစ်သည်။
မုန်မုန်လေး တစ်ယောက်တည်း စားရင်တောင် တစ်လကို မနက်စာဖိုး ယွမ် ၂၀၀ ဖိုးလောက် ကုန်မှာ။
ဒီကျောင်းက တကယ်ပဲ အမြတ်ရလို့ ဒီလို လုပ်နေတာလား ဟု သူမ တွေးမိသည်။
မမရွှီ သူမရဲ့ ယောက္ခမကို ကျေးဇူးတင်မိသလို ဖြစ်သွားသည်။ တကယ်လို့ သူမသာ ဆုံးဖြတ်ရမည် ဆိုရင် ဒီလို အခွင့်အရေးကောင်းကို မယုံကြည်ဘဲ လက်လွှတ်မိမှာ သေချာသည်။
ထိုစဉ် ပညာရှင် တစ်ယောက်က ဝင်ပြောသည်။
"မိဘလည်း မနက်စာ မစားရသေးဘူး မလား။ ဝင်စားသွားပါဦး။ ကျွန်မတို့ စားဖိုမှူးကြီးက ဟိုတယ်ကြီးက စားဖိုမှူးချုပ်ဟောင်းလေ။ ဒီနေ့ သူကိုယ်တိုင် လုပ်ထားတဲ့ အလွှာတစ်ထောင် မုန့်က ရှယ်ပဲ"
မမရွှီ တံတွေး မျိုချလိုက်မိသည်။ သူမ ယခင်က ဟိုတယ်ကြီးမှာ မင်္ဂလာဆောင်တုန်းက ဒီမုန့်ကို စားဖူးသည်။ ထိုဟိုတယ်တွင် တစ်ဝိုင်းကို ယွမ် ၅၀၀၀ တန်လေသည်။ ဟင်းတိုင်းက အရမ်းကောင်းတာ ဖြစ်သည်။
အဲဒီက စားဖိုမှူးချုပ်ကို ဒီကျောင်းက ခေါ်ထားတယ်တဲ့လား။ မမရွှီ စိတ်လှုပ်ရှားသွားသည်။ ကိုယ့်သမီးလေး ဒီလို လက်ရာကို ကောင်းကောင်း စားရမယ်ဆိုရင် ကိုယ်စားရတာထက် ပိုပျော်သည်။
သူမ မနေနိုင်ဘဲ စားပွဲပေါ်မှ မုန့်တစ်ခု ယူစားလိုက်သည်။ ထောပတ်နံ့ သင်းနေပြီး သိပ်မချို မအီဘူး။ အရမ်း စားလို့ ကောင်းသည်။ ဆရာကြီးလျူ ကိုယ်တိုင် လုပ်ထားတဲ့ သခွားသီးချဉ်လေးကလည်း အလွန် ကြွပ်ရွ လတ်ဆတ်နေသည်။ တစ်ကိုက် ကိုက်လိုက်တာနဲ့ ဒီကျောင်းကို လာရကျိုး နပ်ပြီလို့ သူမ တွေးမိလိုက်သည်။
စားပွဲပေါ်က မီနူးကတ်လေးမှာ ဒီနေ့ နေ့လယ်စာ စာရင်းကို အသေအချာ ရေးထားသည်။ ဟင်း ၈ မျိုး ဟင်းချို ၁ ခွက်နဲ့ သစ်သီးစုံ တစ်ပွဲတဲ့။
***