ကလေးများအတွက် ပြင်ဆင်ထားသည့် သစ်သီးဝလံများမှာ မင်းကွတ်သီး၊ ချယ်ရီသီး စသည့် နိုင်ငံခြားမှ တိုက်ရိုက် တင်သွင်းထားသော အဆင့်မြင့် အသီးအနှံများချည်းသာ ဖြစ်သည်။ နာနတ်သီး ဆိုလျှင်လည်း နိုင်ငံခြားမျိုးစိတ် ဖြစ်သော ရွှေနာနတ်သီး အမျိုးအစား ဖြစ်သဖြင့် လတ်ဆတ်သော သစ်သီးရနံ့များက တစ်ခန်းလုံးတွင် မွှေးကြိုင် ပျံ့နှံ့နေလေသည်။
မမရွှီ တစ်ယောက် ကျောင်းဝင်းအတွင်းမှ ပြန်လည် ထွက်ခွာလာခဲ့သည့် အချိန်တွင်မူ အံ့ဩလွန်းသဖြင့် အိပ်မက်မက်နေသလိုပင် ခံစားနေရရှာသည်။ သူမ၏ ရင်ထဲတွင်လည်း ဝမ်းသာလွန်းသည့် စိတ်လှုပ်ရှားမှုများကြောင့် နှလုံးခုန်သံများမှာ တဒိန်းဒိန်းနှင့် ခုန်လှုပ်နေဆဲပင် ဖြစ်သည်။
သူမ၏ ချစ်လှစွာသော ကလေးငယ်သည် ယခုကဲ့သို့ အဘက်ဘက်မှ ပြည့်စုံ ကောင်းမွန်လွန်းလှသည့် မူကြိုကျောင်းမျိုးတွင် တက်ရောက်ခွင့် ရလိမ့်မည်ဟု သူမ၏ တစ်သက်တာ ဘဝတွင် ဘယ်တုန်းကမှ စိတ်ကူးပင် မယဉ်ဖူးခဲ့ပါချေ။
...
ထိုနေ့ မနက်ခင်း တစ်ခုလုံးတွင် ကြယ်တာရာ မူကြိုကျောင်း၏ ရှေ့၌ ကလေးလာအပ်ကြသည့် မိဘများမှာ တဖွဲဖွဲနှင့်ပင် ဝင်ထွက် သွားလာနေကြသည်။
မူလကတော့ မိဘအများစုမှာ "၂၆၀ ယွမ်" ဆိုသည့် အလွန် ချိုသာသော ဈေးနှုန်းကို မက်မောသဖြင့်သာ လာရောက် ကြည့်ရှုခဲ့ကြခြင်း ဖြစ်သည်။ သို့သော်လည်း ကျောင်း၏ အရည်အသွေးနှင့် အပြင်အဆင်များက ဒီလောက်အထိ ကောင်းမွန်နေလိမ့်မည်ဟု သူတို့ လုံးဝ ထင်မှတ်မထားခဲ့ကြပေ။
ထို့ကြောင့် သံသယများစွာနှင့် ရောက်ရှိလာကြသည့် မိဘတိုင်းမှာ မြင်တွေ့လိုက်ရသည့် မြင်ကွင်းများကြောင့် အိပ်မက်မက်နေသလိုမျိုး ပါးစပ်အဟောင်းသားနှင့် မှင်သက်ကုန်ကြရသည်။ သူတို့၏ ခြေရင်းနားသို့ ကောင်းကင်ပေါ်မှ မမျှော်လင့်ထားသော ကံကောင်းခြင်းကြီး ပြုတ်ကျလာသလိုမျိုးပင် ... လူတိုင်းအတွက် ယုံကြည်ရ ခက်ခဲလွန်းသည့် အနေအထား ဖြစ်နေလေသည်။
ကျောင်းတွင် အသုံးပြုထားသည့် ကျောင်းကားနှင့် ကလေးများကို ကျွေးမွေးသည့် အစားအသောက်များက အဆင့်မြင့်မားလွန်းနေရုံသာ မကသေးပေ။
ကျောင်းအပေါ် စိတ်မချသေးသည့် မိဘများအတွက်လည်း ကလေးငယ်များနှင့် အတူတူ နေ့လယ်စာကို ကိုယ်တိုင် ဝင်ရောက် မြည်းစမ်း စားသောက်ခွင့် ပြုလိုက်လေသည်။ ထိုသို့ ဟိုတယ်အဆင့်မီ ထမင်းတစ်နပ်ကို ကိုယ်တိုင် စားသောက်ပြီးသွားသည့် နောက်တွင်တော့ မိဘများ အားလုံး၏ စိတ်ထဲရှိ သံသယများမှာ လုံးဝ ကင်းရှင်းသွားကြတော့သည်။
ထိုသို့ စိတ်ကျေနပ်သွားကြသည့် မိဘတချို့က ကြယ်တာရာ မူကြိုကျောင်း၏ အဆင့်မြင့်လှသော အစားအသောက် မီနူးများကို ဓာတ်ပုံရိုက်ယူကာ WeChat ရှိ "မေမေတို့ ဂရု" ထဲသို့ ချက်ချင်းပင် မျှဝေလိုက်ကြသည်။
ထိုအခါ ချက်ချင်းဆိုသလိုပင် ထိုအုပ်စုထဲတွင် သတင်းက ပွက်လောရိုက် သွားတော့သည်။ ကလေးငယ်လေးများက ဒီလောက်အထိ ကောင်းမွန် အဖိုးတန်သည့် အစားအစာများကို စားသောက်ရသည် ဆိုတာကို ကြားရသူ အားလုံးက မယုံနိုင်အောင် ဖြစ်နေကြသည်။
"တကယ်ကြီး ၂၆၀ ပဲလား။ သစ်သီးတွေက အကောင်းစားတွေချည်းပဲ"
ယခုလက်ရှိ ပြင်ပ ပေါက်ဈေးအရ ဆိုလျှင် ယခုကျောင်းတွင် ကျွေးနေသော သစ်သီးမျိုးကို မိဘများ ကိုယ်တိုင်ပင်လျှင် နေ့တိုင်း ဝယ်မစားနိုင်ကြပါချေ။
"သစ်သီးတင် မကဘူး။ စားဖိုမှူးက ကျန်ပေ ဟိုတယ်ကြီးက စားဖိုမှူးချုပ်တဲ့"
"မြန်မြန် လုပ်ကြ ... ဆရာမထန် ဖုန်းနံပါတ် ပို့ပေးစမ်းပါ"
"ကျောင်းပိုင်ရှင်က ၂၆၀ နဲ့ ပရဟိတ လုပ်နေတာလား"
ထိုသို့ အားတက်သရော ပြောဆိုနေကြသော်လည်း တချို့ကမူ အခြေအနေကို ဘေးမှနေ၍ အဆိုးမြင် သုံးသပ်ကာ ထောက်ပြကြပြန်သည်။
"ဟေး ... ဒါက အစပိုင်း ရက်တွေမို့လို့ နေမှာပါ။ ၅ ရက်လောက် နေရင် ပုံမှန် ပြန်ဖြစ်သွားမှာ"
သို့သော်လည်း ထိုသို့ ပြောဆိုသူများကို တခြားသော မိဘများက မကျေမနပ်ဖြင့် ဝိုင်းဝန်း ချေပလိုက်ကြသည်။
"ယွမ် ၂၆၀ နဲ့ ဒီလောက် ရနေတာ နင်တို့က ဘာလိုချင်သေးလို့လဲ"
ထိုအခါ မီးလောင်ရာ လေပင့်ကာ အပြစ်လိုက်ရှာချင်သူများပင် ဘာမှ ဆက်လက် မပြောနိုင်တော့ပါချေ။ ဟုတ်သည်လေ ... ကုန်ကျစရိတ်က တစ်လလုံးမှ ၂၆၀ တည်းသာ မဟုတ်ပါလား။
အကယ်၍ ရက်အနည်းငယ်လောက်သာ ယခုလို ကောင်းမွန်နေမည် ဆိုလျှင်တောင်မှ ပေးရသည့် ဈေးနှုန်းနှင့် ဆိုလျှင် အလွန်အမင်း တန်နေသေးသည်ဟု အားလုံးက ယူဆကြသည်။
"ဆရာမထန်လည်း ရှိတယ်တဲ့ဟေ့"
ထိုသတင်းက ပို၍ပင် အားကောင်းသွားစေသည်။ အကြောင်းမှာ ဆရာမထန် ဆိုသည်မှာ မူကြိုပညာရေး လောကတွင် အလွန် ဂုဏ်သတင်း ကြီးမားသူ တစ်ဦး ဖြစ်သောကြောင့်ပင်။
မိဘအုပ်စုလေး အတွင်းတွင်တော့ ဤသတင်းမှာ ပွဲဆူသွားတော့သည်။ အထူးသဖြင့် ကလေးမိခင်များအတွက် ဤမျှ ကောင်းမွန်သည့် အခွင့်အရေးမှာ ရင်ထဲထိတိုင်အောင် ထိရှသွားစေသည့် သတင်းကောင်း ဖြစ်လေသည်။
ကလေးဆိုသည်မှာ မိဘများ၏ အသည်းနှလုံး ဖြစ်သည်ဆိုတာကို လောကတွင် လူတိုင်း သိကြပြီးသားပင် ဖြစ်သည်။
ကောက်ကျစ်သော စီးပွားရေး သမားများကလည်း ဤအချက်ကို ကောင်းစွာ သိကြသဖြင့်၊ ကလေးကို ဓားစာခံ တစ်ခုလို လုပ်ကာ မိဘများဆီကနေ ပိုက်ဆံများကို နည်းလမ်းအမျိုးမျိုးဖြင့် ညှစ်ယူကြလေသည်။
ဟိုကြေး ဒီကြေး ဆိုသည့် ခေါင်းစဉ်မျိုးစုံ ပြကာ ပိုက်ဆံများ တောင်းခံကြသည်။ တကယ့် လက်တွေ့ဘဝတွင် အသုံးမဝင်လှသည့် အရာများအတွက် အိုင်ကျူခွန်များ ဆောင်ခိုင်းနေခြင်း ဖြစ်သော်လည်း၊ မိဘများမှာမူ ကလေးမျက်နှာကို ထောက်ထားရသဖြင့် မည်သို့မျှ မငြင်းရဲကြပါချေ။
တကယ်တမ်း ကျပြန်တော့လည်း ပိုက်ဆံ အလွန်အမင်း ပေါများသည့် သူဌေးများမှာ လူနည်းစုသာ ဖြစ်ပြီး၊ ကျန်သည့် လူအများစုမှာ သာမန် ရုန်းကန်နေရသည့် မိသားစုများသာ ဖြစ်ကြသည်။
ထိုသို့သော အချိန်တွင်မှ ၂၆၀ ဆိုသည့် ဈေးနှုန်းထားဖြင့် "လောက၏ မေတ္တာရှင်" ကဲ့သို့သော ကျောင်းမျိုး ပေါ်ပေါက်လာတော့ အားလုံးမှာ ဝမ်းသာလွန်းသဖြင့် မျက်ရည်ပင် ကျမတတ် ဖြစ်ကုန်ကြရသည်။
ဒါပေမဲ့ ဂရုထဲတွင် လက်ရှိ ကျောင်းထားရမည့် အရွယ် ကလေးရှိသည့် မိခင်များမှာ နည်းပါးနေသေးသည်။ အများစုမှာ ကိုယ်ဝန်ဆောင် မိခင်လောင်းများသာ ဖြစ်ကြသည်။ သို့သော် သူတို့ အားလုံးကလည်း "ကြယ်တာရာ မူကြိုကျောင်း" ဆိုသည့် နာမည်ကို ရင်ထဲတွင် အသေအချာ မှတ်သားလိုက်ကြသည်။ နောက်တစ်ချိန် ကလေး မွေးဖွားလာလျှင် ဒီကျောင်းကိုပဲ ထားတော့မည်ဟု ဆုံးဖြတ်လိုက်ကြသည်။
တချို့ကလည်း နောက်ပြောင်သည့် သဘောဖြင့် ပြောကြသည်။
"ကျန်ပေ ဟိုတယ် စားဖိုမှူး လက်ရာ ငါတောင် မစားဖူးသေးဘူး။ ကလေးတွေက ငါတို့ထက်တောင် ကံကောင်းနေသေးတယ်။ ယွမ် ၂ သန်းတန် ကျောင်းကားကြီး အကြောင်းတော့ ပြောမနေနဲ့တော့"
တချို့ကလည်း စိတ်လှုပ်ရှားလွန်းသဖြင့် ဒေသတွင်း အွန်လိုင်း ဖိုရမ်များတွင် ကြယ်တာရာ မူကြိုကျောင်း အကြောင်းကို ပို့စ်များ ရေးတင်လိုက်ကြသည်။
ထို့ကြောင့် ၂၆၀ ဆိုသည့် ကျောင်းလခ ဈေးနှုန်းမှာ အွန်လိုင်း ဖိုရမ်များတွင် အလွန် ရေပန်းစားသော ခေါင်းစဉ် တစ်ခု ဖြစ်သွားတော့သည်။
မူကြိုကျောင်း တစ်ကျောင်းတွင် နေရာရဖို့အရေး ပြိုင်ဆိုင်မှုများ အလွန် ပြင်းထန်လှသည်ကို လူတိုင်း သိရှိကြသည်။ ဒါပေမဲ့ အခုလို ဈေးနှုန်းပိုင်းမှာ အလွန်အမင်း သက်သာခွင့် ရရှိမည် ဆိုလျှင်တော့ မိခင်များအတွက် အကြီးမားဆုံးသော အကျိုးကျေးဇူး တစ်ခုပင် မဟုတ်ပါလား။
ထိုသို့ သတင်းများ ပျံ့နှံ့သွားပြီး တစ်ရက်ပင် မပြည့်ခင် အချိန်အတွင်းမှာပင် ...
ရှင်းဝေ၏ ခေါင်းထဲရှိ စနစ်ကြီးမှာလည်း တက်ကြွစွာ ပွင့်လန်းလာတော့သည်။
[ဂုဏ်ယူပါတယ်။ လက်ခံသူသည် ဂုဏ်သတင်း တန်ဖိုးများ ရရှိသည့် အတွက် အမှတ် ၃၆,၀၀၀ သို့ ပြောင်းလဲ ပေးလိုက်ပါပြီ။]
ဒါက ရှင်းဝေ အတွက်တော့ ပထမဆုံး အကြိမ်အဖြစ် ဂုဏ်သတင်း တန်ဖိုးကို ရရှိဖူးခြင်း ဖြစ်သည်။ သူမသည် စနစ်ကို ချက်ချင်းပင် သိလိုစိတ်ဖြင့် မေးလိုက်သည်။
"ဂုဏ်သတင်း တန်ဖိုး ဆိုတာ ဘာလဲ"
ထိုအခါ စနစ်က ချက်ချင်းပင် ပြန်လည် ဖြေကြားသည်။
[လက်ခံသူ အနေနဲ့ ကျော်ကြားမှုနဲ့ ဂုဏ်သတင်း ရရှိသမျှ အရာအားလုံးကို အမှတ် အဖြစ် ပြောင်းလဲပေးမှာ ဖြစ်ပါတယ်။]
ထိုစကားကို ကြားလိုက်ရချိန်တွင် ရှင်းဝေ၏ မျက်လုံးများမှာ အရောင်တောက်သွားလေသည်။ စနစ်က သူမကို တစ်ကြိမ်တည်းနှင့် ဒီလောက် အမှတ်အများကြီး ပေးတာ ဒါဟာ ပထမဆုံးအကြိမ်ပင် ဖြစ်သည်။
ထို့ကြောင့် သူမအနေဖြင့် နောင်တွင် ကျောင်းကို ပို၍ နာမည်ကြီးအောင် လုပ်ဖို့အတွက် နည်းလမ်းကောင်းများကို အပူတပြင်း ရှာဖွေရတော့မည်ဟု ဆုံးဖြတ်လိုက်လေတော့သည်။
***