လေပြေညင်း တစ်ချက် ဖြတ်သန်း တိုက်ခတ်သွားပြီးနောက် မြင်းပေါ်တွင် စီးနင်းလာသော ချင်ဟန်၏ အကြည့်တို့က ရှေ့တည့်တည့်ဆီသို့ တည်ငြိမ်စွာ စူးစိုက်ကြည့်နေသည်။
သူ အလေ့အကျင့် ရနေခဲ့သော လမ်းမကြီးအား မြင်တွေ့နေရပြီး ဘေးပတ်ဝန်းကျင် ရှုခင်းများမှာလည်း အလွန်တရာ ရင်းနှီး ကျွမ်းဝင်နေခဲ့သည်။
သူ မှတ်ဉာဏ်ထဲရှိ အတိုင်း တစ်ပုံစံတည်း ဖြစ်နေပြီး ကြီးကြီးမားမား အပြောင်းအလဲများ မရှိလှပေ။
သို့သော် သူ ရှေ့သို့ ဆက်လက် သွားလာလေလေ မတူညီသော အရာအချို့ ရှိနေကြောင်း တဖြည်းဖြည်း သဘောပေါက်လာတော့သည်။
အသိသာ ထင်ရှားဆုံးမှာ ပတ်ဝန်းကျင်ရှိ လမ်းများက ယခင်ကထက် ပိုညီညာ ပြန့်ပြူးနေခြင်းပင်။ သွားလာရန် ခက်ခဲသော လမ်းကြမ်း အချို့ကိုပင် ညှိထားသဖြင့် အတော်လေး သွားရလာရ လွယ်ကူနေလေပြီ။
ထိုသည်ကို ကြည့်လျှင် မြို့စား ကိုင်ဆန် တစ်ယောက် ချင်ဟန် ပေးခဲ့ဖူးသော အကြံပြုချက်များကို လျစ်လျူမရှုဘဲ အမှန်တကယ် လက်တွေ့ အကောင်အထည် ဖော်ခဲ့ပုံရသည်။
သူ ရှေ့သို့ ဆက်လက် ထွက်ခွာလာချိန်တွင်တော့ အဝေးမှ စောင့်ကြိုနေသော လူတစ်စုအား လှမ်းမြင်လိုက်ရ၏။
ထိုသူများ အားလုံးမှာ ရင်းနှီးနေသော မျက်နှာများ ဖြစ်ကြပြီး ချင်ဟန် အနေဖြင့် အများစုကို ကောင်းကောင်းကြီး မှတ်မိနေသည်။ သို့သော် ရှေ့ဆုံးမှ ဦးဆောင်လာသူကတော့ ချင်ဟန်အား အနည်းငယ် အံ့အားသင့်သွားစေခဲ့၏။
ထိုသူမှာ ခပ်ပိန်ပါးပါး လူလတ်ပိုင်း အရွယ်ရှိ အမျိုးသား တစ်ဦး ဖြစ်ပြီး မြင်းပေါ်တွင် ထိုင်လျက် သူ့အား တိတ်ဆိတ်စွာ လှမ်းကြည့်နေခြင်းပင်။
"အဖေ..."
လူလတ်ပိုင်း အမျိုးသားကို မြင်သည်နှင့် ချင်ဟန် မျက်နှာထက် ဝမ်းသာအားရ ဖြစ်သွားသော အရိပ်အယောင်များ ထွက်ပေါ်လာပြီး သူ့မြင်းကို အလျင်အမြန် ရှေ့သို့ နှင်လိုက်တော့သည်။
ထိုသူကား ချင်ဟန် လက်ရှိ ပိုင်ဆိုင်ထားသော ခန္ဓာကိုယ်၏ ဖခင်... ဤဒေသ တစ်ခုလုံးအား အုပ်စိုးသည့် မြို့စား ကိုင်ဆန်ပင် မဟုတ်ပါလား။
ချင်ဟန်ကို မြင်တွေ့လိုက်ရချိန်တွင် မြို့စား ကိုင်ဆန် တစ်ယောက်လည်း ပြုံးမပြဘဲ မနေနိုင်တော့။ မြင်းပေါ်တွင် ထိုင်နေရင်း ချင်ဟန်အား လေးနက်သော အကြည့်တို့ဖြင့် စူးစိုက် ကြည့်နေမိသည်။
လွန်ခဲ့သော နှစ်ဝက်ခန့်က အခြေအနေနှင့် နှိုင်းယှဉ်လျှင် ချင်ဟန်မှာ ကြီးမားစွာ ပြောင်းလဲသွားခဲ့လေပြီ။
သူရဲကောင်း အသက်ရှူ ကျင့်စဉ်အား လေ့ကျင့်ထားသောကြောင့် သူက ယခင်ကထက် များစွာ ရဲရင့် ခန့်ညားလာပုံရပြီး အရပ်အမောင်းမှာလည်း ပိုမြင့်မားကာ ကိုယ်ခန္ဓာမှာ ပို၍ တောင့်တင်း သန်မာလာခဲ့၏။ တစ်ချက် ကြည့်လိုက်သည်နှင့်ပင် သန်မာ ပြတ်သားသော စစ်မှန်သည့် သူရဲကောင်း တစ်ယောက်နှင့် တူနေတော့သည်။
သူ အတော်လေး ရင့်ကျက်လာခဲ့ပြီး ထိုနေရာတွင် ငြိမ်သက်စွာ ရပ်နေရုံမျှဖြင့် သူ့ထံမှ ထူးခြားသော အငွေ့အသက်များကို မည်သူမဆို ခံစားသိရှိနိုင်ကာ သူ့အား အလွယ်တကူ မေ့ဖျောက်၍ မရနိုင်လောက်အောင်ပင်။
"ကောင်းတယ်... သိပ်ကောင်းတယ်..." မြို့စား ကိုင်ဆန်က မြင်းပေါ်မှ ဆင်းပြီး ချင်ဟန်၏ ပခုံးအား ခပ်ဖွဖွ ပုတ်ကာ ဆီးကြိုလိုက်သည်။
"တစ်နှစ်တောင် ကြာခဲ့ပြီပဲ..." ချင်ဟန်၏ မျက်နှာအား စိုက်ကြည့်ရင်း သူ တိတ်တဆိတ် သက်ပြင်းချ၍... "မင်း ပြန်လာပြီကိုး"
"ဟုတ်ကဲ့ပါ..." ချင်ဟန်လည်း နွေးထွေးစွာ ပြုံးလိုက်ပြီး... "ကျွန်တော် အခုတော့ ပြန်ရောက်လာခဲ့ပါပြီ... အပြင် ရောက်နေတဲ့ အချိန်တွေ တစ်လျှောက်လုံး အဖေ့ကို အမြဲတမ်း သတိရနေခဲ့တာ... အခုတော့ အိမ်ပြန်ရောက်လာခဲ့ပြီလေ"
"ကူတူး မြို့တော်ကြီးက အရမ်းကို ခမ်းနား စည်ကားလွန်းတော့ မင်း အိမ်ပြန်မလာချင်တော့ဘူးလို့တောင် အဖေက ထင်နေခဲ့တာ" ချင်ဟန်၏ စကားကို ကြားလျှင် မြို့စား ကိုင်ဆန် တစ်ယောက် ကျယ်လောင်စွာ ရယ်မော၍ နောက်ပြောင်လိုက်၏။
"ကူတူး မြို့တော်ကြီး ဘယ်လောက်ပဲ စည်ကား ခမ်းနားနေပါစေ... နောက်ဆုံးမှာတော့ ဒါက ကျွန်တော့် အိမ်ပါပဲ… ဒါ ကျွန်တော့် နေရာပဲလေ"
"သိပ်မှန်တာပေါ့..."
မြို့စား ကိုင်ဆန်က ကျေနပ်အားရစွာ ခေါင်းညိတ်လိုက်ပြီး ချင်ဟန်၏ အနောက်ဘက်သို့ တစ်ချက် လှမ်းကြည့်၍...
"ကောင်းပြီ... မင်းလည်း အိမ်ပြန်ရောက်နေပြီပဲ... ဒီမှာ ဆက်ရပ်မနေကြနဲ့တော့... အိမ်ပြန်ကြတာပေါ့"
"ဟုတ်ကဲ့ပါ" ချင်ဟန်က ပြုံး၍ တုံ့ပြန်လိုက်သည်။
ထို့နောက် သူတို့ အားလုံး အိမ်တော်ဆီသို့ ဦးတည် လျှောက်လှမ်းလာခဲ့ကြတော့၏။
"အစ်ကိုကြီးရော ဘယ်ရောက်နေလဲ..."
မြို့စား ကိုင်ဆန်၏ အဖွဲ့မှာ အတော်လေး ကြီးမားပြီး ထိုအထဲတွင် ချင်ဟန် ရင်းနှီး ကျွမ်းဝင်သည့် လူများစွာ ပါဝင်နေသည်။
သို့သော် ချင်ဟန်၏ အစ်ကို ဖြစ်သူ အော်မန်ဒိုကိုမူ သူတို့ကြားထဲ မတွေ့ရပေ။
"သူလား..." အော်မန်ဒို အကြောင်း တွေးမိသည်နှင့် မြို့စား ကိုင်ဆန်၏ မျက်နှာထားမှာ ချက်ချင်း အေးစက်သွားပြီး သူ့နာမည်ကိုပင် မဟထုတ်ချင်သည့် အလား။
ချင်ဟန် ပို၍ သိချင်စိတ် ပြင်းပြသွားပြီး သေချာ စုံစမ်း မေးမြန်းကြည့်ပြီးနောက်မှ အခြေအနေ အရပ်ရပ်ကို သဘောပေါက်သွားလေပြီ။
ဖြစ်ပုံမှာ မကြာသေးမီက အော်မန်ဒို တစ်ယောက် အစောင့်တပ်သား တစ်စုကို ဦးဆောင်ကာ အနီးနားမှ ဖြတ်သန်းသွားသော ကုန်သည် အဖွဲ့တစ်ဖွဲ့အား တိုက်ခိုက်ခဲ့ခြင်းပင်။ ထိုကိစ္စကြောင့် အိမ်နီးချင်း အုပ်ချုပ်သူတစ်ဦး ဒေါသထွက်သွားခဲ့ပြီး မြို့စား ကိုင်ဆန် အတွက် အတော်လေး ခေါင်းခဲစရာ ဖြစ်ခဲ့ရ၏။
ဤကိစ္စ ပြီးဆုံးသွားပြီ ဖြစ်သော်လည်း မြို့စား ကိုင်ဆန်က အော်မန်ဒို အပေါ် အလွန်အမင်း စိတ်ပျက်သွားခဲ့ပြီး မြင်ရတိုင်း ဒေါသမထွက်မိစေရန် သူ့အား အခြား နေရာတစ်ခုသို့ အဝေးပို့ထားခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့်သာ ယခုလို ချင်ဟန်အား လာရောက် ဆီးကြိုရာတွင် အော်မန်ဒို တစ်ယောက် မပါဝင်လာခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
မည်သို့ပင်ဖြစ်စေ သူ ဤနေရာတွင် ရှိနေလျှင်ပင် ချင်ဟန်အား လာရောက် ကြိုဆိုချင်မှ ကြိုဆိုပေလိမ့်မည်။
အဘယ်ကြောင့်ဆိုသော် အရင်ကတည်းက ချင်ဟန်နှင့် သူ့အစ်ကိုကြား ဆက်ဆံရေးမှာ သိပ်ပြီး အဆင်ပြေလှသည် မဟုတ်ချေ။
လွန်ခဲ့သော တစ်နှစ်တာ အတွင်း အော်မန်ဒို ကျူးလွန်ခဲ့သည့် ပြဿနာများကို ကြားသိရပြီးနောက် ချင်ဟန် တစ်ယောက် တိတ်တဆိတ် ခေါင်းခါယမ်းမိတော့သည်။
တွေးထားသည့် အတိုင်းပင်... အချို့သော လူများမှာ သူ့အတွက် ပြိုင်ဘက် ဖြစ်လာရန်ပင် အရည်အချင်း မပြည့်ဝပေ။
ကူတူး မြို့တော်ကြီးတွင်တော့ ချင်ဟန် တစ်ယောက် အလွန်တရာ သတိထား နေထိုင်ခဲ့ပြီး သူ့အင်အားများ စုစည်းနိုင်ရန် အစွမ်းကုန် ကြိုးစားခဲ့ရ၏။ ထို့ကြောင့် ယခုချိန်တွင် သူက အတော်လေး ထူးချွန် ထက်မြက်သော သူတစ်ယောက် ဖြစ်နေခဲ့လေပြီ။
အခြား တစ်ဖက်တွင်တော့ ဤနေရာရှိ အော်မန်ဒိုက အသုံးဝင်မည့် ကိစ္စ တစ်ခုမျှ မလုပ်နိုင်ခဲ့သည့်အပြင် ပြဿနာ ပေါင်းစုံကိုသာ လိုက်လံ ဖန်တီးနေခဲ့သည်။ သူ တစ်ခုမှ အောင်မြင်အောင် မလုပ်နိုင်ဘဲ ရှိသမျှ အရာအားလုံးကို ဖျက်ဆီးပစ်ရန်သာ တတ်စွမ်းနိုင်၏။
သို့သော် ဤသည်က ချင်ဟန် အတွက်တော့ ကောင်းမွန်သော အချက် တစ်ခုပင်။
အော်မန်ဒို တစ်ယောက် ဤကဲ့သို့ အသုံးမကျ ဖြစ်နေလေလေ ချင်ဟန်နှင့် နှိုင်းယှဉ်လာသည့် အခါတိုင်း သူက သားအကြီးဆုံး ဖြစ်နေလျှင်ပင် မြို့စား ကိုင်ဆန် အနေဖြင့် အလွယ်တကူ ဆုံးဖြတ်ချက် ချနိုင်လေပင်။
ဤသည်က ချင်ဟန် အတွက် အရာရာကို ပိုလွယ်ကူသွားစေသည်။ ယခု လက်ရှိ ချင်ဟန် အတွက် သာမန် မြို့စား နယ်မြေ တစ်ခုမျှက ကြီးကြီးမားမား အရေးမပါလှသော်ငြားပေါ့။
မည်သို့ပင်ဖြစ်စေ နောက်ဆုံးတွင်တော့ ဤသည်မှာ သူ လိုအပ်နေသော အင်အား အရင်းအမြစ် တစ်ခုပင် မဟုတ်ပါလား။ အကယ်၍ သူသာ မြို့စား နယ်မြေကို တရားဝင် ဆက်ခံနိုင်ခဲ့ပါက အင်အားသုံး၍ လုယူရခြင်းထက် အဆပေါင်းများစွာ ပိုကောင်းပေလိမ့်မည်။
ထိုအကြောင်းများ တွေးတောမိရင်း ချင်ဟန် တိတ်တဆိတ် ပြုံးလိုက်ပြီး ရှေ့သို့ ဆက်လက် လျှောက်လှမ်းလာခဲ့သည်။
"ဒါနဲ့ စကားမစပ်..." သူတို့ လျှောက်လာရင်း မြို့စား ကိုင်ဆန်က စကားစလာ၏။
"အရင်က မင်း ပေးခဲ့တဲ့ အကြံဉာဏ်တွေကို အဖေ သေချာ လေ့လာကြည့်ပြီးပြီ... အတော်လေးကို ကောင်းမွန်တာပဲ... ပတ်ဝန်းကျင်က အုပ်ချုပ်သူတွေလည်း ဒီအစီအစဉ်ထဲ ပါဝင်ချင်နေကြတယ်... အခု မင်း ပြန်ရောက်လာပြီ ဆိုတော့ သူတို့ အများစုက မင်းနဲ့ တွေ့ဆုံချင်နေကြတယ်လေ... မင်း သဘောထားကကော ဘယ်လိုရှိလဲ"
"ရတာပေါ့ အဖေ..." ချင်ဟန် ပြုံးလိုက်သည်။ "ကျွန်တော် သူတို့နဲ့ တွေ့ပြီး သေချာ ဆွေးနွေးကြည့်လိုက်ပါ့မယ်"
မြို့စား ကိုင်ဆန်အား လာရောက် တွေ့ဆုံခြင်း အပြင် သူ ဤနေရာသို့ ပြန်လာရသည့် အခြား ရည်ရွယ်ချက် တစ်ခုမှာ သူ့ကုန်သွယ်ရေး လမ်းကြောင်း ကိစ္စကို လုပ်ဆောင်ရန်ပင်။
တောင်၊မြောက် ကုန်သွယ်ရေး လမ်းကြောင်းမှာ မယုံကြည်နိုင်လောက်အောင် ကြီးမားသည့် အကျိုးအမြတ်များ ရရှိနိုင်သော အခွင့်အရေး တစ်ရပ် ဖြစ်နေခဲ့လေပြီ။
ပထဝီ အနေအထားအရ အားသာချက်များအပြင် ဖရူဒို မိသားစုနှင့် ရှိနေသော ရင်းနှီးသည့် ဆက်ဆံရေးတို့ကြောင့် သူက မြောက်ပိုင်း အုပ်ချုပ်သူများ၏ ကုန်ပစ္စည်း အများစုကို စုဆောင်းထားနိုင်ခဲ့၏။
သူရဲကောင်း စလိုင်း ရှိနေသောကြောင့် ဖရူဒို မိသားစုမှာ မြောက်ပိုင်း အုပ်ချုပ်သူများကြားတွင် ထိပ်တန်း မိသားစု တစ်ခုအဖြစ် ရပ်တည်နေခဲ့သည်။ သူတို့က အနည်းငယ် ဆင်းရဲနွမ်းပါးသော်ငြား ကျန်ရှိနေသော မြောက်ပိုင်း အုပ်ချုပ်သူများ အကြားတွင်တော့ အတော်လေး သြဇာညောင်းဆဲပင်။
သူတို့၏ ဂုဏ်သတင်း အရှိန်အဝါများကြောင့်ပင် ချင်ဟန် အနေဖြင့် မြောက်ပိုင်း အုပ်ချုပ်သူ အများအပြားကို ကုန်သည် မဟာမိတ် အဖွဲ့တစ်ခု အဖြစ် အလွယ်တကူ စုစည်းနိုင်ခဲ့ပြီး သူတို့ ကုန်ပစ္စည်းများကို လက်ဝါးကြီးအုပ် ထိန်းချုပ်ထားနိုင်ခဲ့ခြင်း ဖြစ်သည်။
သဘောတူညီချက်များ အရဆိုလျှင် ဖရူဒို မိသားစု... ပို၍ တိတိကျကျ ဆိုရလျှင် ချင်ဟန်က မြောက်ပိုင်း အုပ်ချုပ်သူများ၏ ကုန်ပစ္စည်းများကို ရောင်းချပေးရန် တာဝန်ယူရမည် ဖြစ်သည်။
မြောက်ပိုင်း အုပ်ချုပ်သူများက သူတို့၏ ကုန်ပစ္စည်း အများစုကို ချင်ဟန်ထံ အပ်နှံရန် ကတိပြုထားကြပြီး သူကလည်း အချိန် အတိုင်းအတာ တစ်ခုအထိ ထိုပစ္စည်းများကို ပုဂ္ဂလိက အနေဖြင့် ရောင်းချခြင်း မပြုရပေ။
သေချာသည်ကတော့ ဤကဲ့သို့သော စာချုပ်မျိုးမှာ ပြဿနာ အများအပြား ရှိလာနိုင်သော်လည်း သူတို့၏ လက်ရှိ အခြေအနေများကြောင့် မြောက်ပိုင်း အုပ်ချုပ်သူများတွင် ရွေးချယ်စရာ သိပ်မရှိခဲ့ချေ။ ထို့အပြင် ချင်ဟန်၏ စွမ်းဆောင်ရည် အချို့ကြောင့်လည်း သူတို့ထံမှ ယုံကြည်မှု အနည်းငယ်ကို အောင်မြင်စွာ ရယူနိုင်ခဲ့ခြင်းပင်။
ထို့ကြောင့် လတ်တလော အချိန်အတွင်း ဤသဘောတူညီချက်နှင့် ပတ်သက်ပြီး မည်သည့် ပြဿနာမှ ပေါ်လာစရာ အကြောင်း မရှိတော့ပေ။
သို့တိုင် ဤသဘောတူညီချက်က ချင်ဟန်၏ အရောင်းအဝယ် စွမ်းရည်ကို အကဲစမ်းနေသကဲ့သို့ ဖြစ်နေ၏။
အကယ်၍ သူသာ စုဆောင်းထားသော ကုန်ပစ္စည်းများကို လျင်မြန်စွာ မရောင်းချနိုင်ဘဲ မြောက်ပိုင်း အုပ်ချုပ်သူများအား အကျိုးအမြတ်များ အချိန်မီ မရှာဖွေပေးနိုင်ပါက ဤသဘောတူညီချက်မှာ အနှေးနှင့် အမြန်ဆိုသလို သေချာပေါက် ပျက်ပြားသွားပေလိမ့်မည်။
ထိုသည်မှာ ချင်ဟန် ဤတစ်ကြိမ် နေရပ်သို့ ပြန်လာရသည့် အဓိက အကြောင်းရင်းများထဲမှ တစ်ခုပင် ဖြစ်တော့သည်။
End
***