သာမန် အရောင်းအဝယ် ကိစ္စ သက်သက်သာ ဆိုပါက ချင်ဟန် အတွက် ကြီးကြီးမားမား ခက်ခဲနေမည် မဟုတ်ပေ။
မည်သို့ပင်ဖြစ်စေ ကူတူး မြို့တော်ကြီးမှာ ကူတူး နယ်မြေ၏ အဓိက မြို့တော် ဖြစ်လေရာ ကုန်ပစ္စည်း အမြောက်အများကို အလွယ်တကူ ဝယ်ယူနိုင်စွမ်း ရှိသည့် အထင်ကရ ပုဂ္ဂိုလ်ကြီးများစွာ ရှိနေသည် မဟုတ်ပါလား။
လွန်ခဲ့သော နှစ်ဝက်ခန့် အတွင်း ကူတူး မြို့တော်၌ ချင်ဟန် တည်ဆောက်ထားခဲ့သော ဆက်ဆံရေး ကွန်ရက်များနှင့် ဆိုလျှင် ကုန်ပစ္စည်း အားလုံးအား ရောင်းချပစ်ရန်မှာ ပြဿနာကြီး တစ်ရပ် မဟုတ်တော့ချေ။
သို့သော် ဤကိစ္စက အခြား ပြဿနာ တစ်ခုကို ဖန်တီးလာနိုင်၏။
အကယ်၍ သူသာ အချိန်တို အတွင်း ဆင်တူရိုးမှား ကုန်ပစ္စည်း အမြောက်အများကို တစ်ပြိုင်နက်တည်း ထုတ်ရောင်းလိုက်ပါက ဈေးကွက်အတွင်း ကုန်ပစ္စည်း ပေါများသွားပြီး ဈေးနှုန်းများ ထိုးကျသွားကာ နောင်တစ်ချိန် ရောင်းချရန် ခက်ခဲသွားပေလိမ့်မည်။
နောင်တစ်ချိန်တွင် ရောင်းချနိုင်ခဲ့လျှင်ပင် အကျိုးအမြတ် ကြီးကြီးမားမား ရနိုင်တော့မည် မဟုတ်ချေ။
ထို့အပြင် ဤသည်မှာ သူတို့ ပူးပေါင်း ဆောင်ရွက်မှု၏ အစသာ ရှိသေးသည်။
အချိန်များ ကုန်လွန်လာသည်နှင့်အမျှ မြောက်ပိုင်း အုပ်ချုပ်သူများ အနေဖြင့် အကျိုးအမြတ်များ စတင် ခံစားလာရပါက ကုန်ပစ္စည်းများ ရှာဖွေရန် သို့မဟုတ် ကျွန်များ ဖမ်းဆီးရန် ပိုကြိုးပမ်းလာကြမည်မှာ သေချာလှသည်။
ထိုအချိန် ရောက်လာပါက ကူတူး မြို့တော်ရှိ ချင်ဟန်၏ အဆက်အသွယ်များက ထိုအရာများ အားလုံးကို ဝယ်ယူနိုင်စွမ်း ရှိတော့မည် မဟုတ်ပေ။
ထို့အပြင် လူပိုများများကို သူ့ဘက် ပါလာအောင် သိမ်းသွင်းချင်နေသည့် အချက်အား ထည့်သွင်း စဉ်းစားရမည် ဆိုလျှင် ချင်ဟန် အနေဖြင့် ဤကဲ့သို့ ခပ်လွယ်လွယ် လုပ်ဆောင်၍ မဖြစ်သေးချေ။
သူသာ ကုန်ပစ္စည်းများ အားလုံးကို ကူတူး မြို့တော်၌ ထုတ်ရောင်းပြီး ထိုအထင်ကရ ပုဂ္ဂိုလ်ကြီးများအား ကူညီ ရောင်းချပေးရန် အကူအညီ တောင်းခံပါက ထိုသူများက သူ့ကို ကျေးဇူးတင်မည် မဟုတ်သည့်အပြင် သာမန် အရောင်းအဝယ် ကိစ္စ တစ်ခု အဖြစ်သာ သတ်မှတ်သွားကြပေလိမ့်မည်။
ထိုပုဂ္ဂိုလ်ကြီးများထံတွင် ကိုယ်ပိုင် စီးပွားရေး လမ်းကြောင်းများ ပြတ်လပ်နေသည် မဟုတ်ရာ ချင်ဟန် ယူဆောင်လာမည့် အကျိုးအမြတ် အနည်းငယ်မျှကို မျက်စိကျနေကြမည် မဟုတ်ပေ။
သို့သော် ဤအရင်းအမြစ်များကို အမှန်တကယ် လိုအပ်နေသူများထံ ယူဆောင်သွားနိုင်ခဲ့မည် ဆိုပါက အခြေအနေမှာ တစ်မူ ကွာခြားသွားပေမည်။
ပြည့်စုံပြီးသား အရာတစ်ခုကို ထပ်မံ အလှဆင်နေခြင်းထက် အမှန်တကယ် အကူအညီ လိုအပ်နေချိန်တွင် ကမ်းလှမ်းလိုက်ခြင်းက ပိုတန်ဖိုးကြီးမားကြောင်း လူအများစုက ကောင်းကောင်းကြီး နားလည်ထားကြသည် မဟုတ်ပါလား။
ထို့ကြောင့် မြို့စား ကိုင်ဆန်၏ နယ်မြေ အနီးအနားရှိ အုပ်ချုပ်သူများမှာ ကုန်ပစ္စည်းများ ရောင်းချရန် အတွက် အကောင်းဆုံး ရွေးချယ်မှုများ ဖြစ်လာခဲ့သည်။
တောင်ပိုင်း အုပ်ချုပ်သူများ၏ အခြေအနေမှာ မြောက်ပိုင်း အုပ်ချုပ်သူများထက် အဆပေါင်းများစွာ သာလွန် ကောင်းမွန်သည်။
သို့တိုင် သူတို့ထံတွင်လည်း အချို့သော ကန့်သတ်ချက်လေးများတော့ ရှိနေဆဲပင်။
တောင်ပိုင်း ဒေသများမှာ မြေဆီလွှာ ကောင်းမွန်ပြီး ရာသီဥတု ပိုနွေးထွေးသောကြောင့် စားနပ်ရိက္ခာ သီးနှံများ အလျှံပယ် ထွက်ရှိကြ၏။
ထို့အပြင် တောင်ပိုင်းတွင်လည်း ပဋိပက္ခ အနည်းငယ် ရှိနေသော်ငြား မြောက်ပိုင်း အုပ်ချုပ်သူများ ကဲ့သို့ နယ်စွန်နယ်ဖျားမှ လူရိုင်းများကို ခုခံကာကွယ်ရန် မလိုအပ်သောကြောင့် စစ်ရေး အသုံးစရိတ် ကြီးကြီးမားမား ကုန်ကျလေ့ မရှိချေ။
သို့သော် ဤသည်က မြောက်ပိုင်း အုပ်ချုပ်သူများလောက် ဆင်းရဲ နွမ်းပါးခြင်း မရှိကြောင်းကိုသာ သက်သေပြနေခြင်း ဖြစ်သည်။
အမှန်တကယ်တွင်မူ သူတို့လည်း ထင်သလောက် ချမ်းသာ ကြွယ်ဝနေကြသည်တော့ မဟုတ်ပေ။ နှစ်ကာလ ကြာရှည်လာသည်နှင့်အမျှ ကြီးကြီးမားမား စုဆောင်းနိုင်ခြင်း မရှိဘဲ လက်ရှိ နေ့စဉ် အသုံးစရိတ်များကိုသာ ကာမိရုံမျှ ရပ်တည်နေကြရသည်။
အကယ်၍ ချမ်းသာ ကြွယ်ဝသော ဘဝမျိုးဖြင့် နေထိုင်ချင်ပါက သူတို့အတွက် အတော်လေး ခက်ခဲနေဆဲပင်။
ဤလူများ အတွက်တော့ စီးပွားရေး လမ်းကြောင်းသစ် တစ်ခု ဖော်ဆောင်နိုင်ခြင်းက မယုံကြည်နိုင်လောက်အောင် အရေးပါလှ၏။
ချင်ဟန် ယူဆောင်လာပေးမည့် အကျိုးအမြတ်များ အပေါ် သူတို့ ပို၍ လေးလေးနက်နက် သဘောထားလာမည် ဖြစ်သလို ပို၍လည်း တန်ဖိုးထားလာကြပေလိမ့်မည်။
တစ်ကြိမ် တစ်ခါမျှ အကျိုးအမြတ်များ၏ အရသာကို မြည်းစမ်းမိသွားပြီ ဆိုသည်နှင့် သူတို့ နောက်ဆုတ်ရန် လွယ်ကူတော့မည် မဟုတ်ချေ။
ထိုအချိန် ရောက်လာပါက မိမိဆန္ဒအရ ဖြစ်စေ၊ အခြေအနေအရ ဖြစ်စေ သူတို့၏ အကျိုးစီးပွားများမှာ ချင်ဟန်နှင့် အလိုအလျောက် ချိတ်ဆက် မိသွားတော့မည် ဖြစ်သည်။
သူတို့အား ဤထက် ပိုကြီးမားသော အကျိုးအမြတ်များ ယူဆောင်လာပေးနိုင်မည့်သူ မပေါ်လာသရွေ့ သူတို့ အားလုံးက ချင်ဟန်၏ အခိုင်မာဆုံး ထောက်ခံ အားပေးသူများ ဖြစ်လာကြပေမည်။
သေချာသည်ကတော့ ဤရည်မှန်းချက် အောင်မြင်ရန် အတွက် ပတ်ဝန်းကျင်ရှိ အုပ်ချုပ်သူများ၏ ပူးပေါင်း ပါဝင်မှုကို အရင်ဆုံး ရယူနိုင်ဖို့ လိုအပ်သည်။
မြို့စား ကိုင်ဆန်မှာ ချင်ဟန်၏ ဖခင် ဖြစ်နေသောကြောင့် ထိုဘက်တွင်တော့ ပြဿနာ ရှိမည် မဟုတ်ချေ။
သို့သော် ချင်ဟန် အနေဖြင့် ကျန်ရှိနေသော အခြား အုပ်ချုပ်သူများကိုတော့ တစ်ဦးချင်းစီ လိုက်လံ တွေ့ဆုံ ဆွေးနွေးရဦးမည် ဖြစ်သည်။
ကံကောင်းစွာဖြင့် ယခုအချိန်အထိ အရာအားလုံးက ချောမွေ့ အဆင်ပြေနေခဲ့သည်။
သတင်း အနည်းငယ်မျှ လွှင့်ထုတ်လိုက်ရုံဖြင့်ပင် လူအများအပြားက သူ့အား လာရောက် တွေ့ဆုံရန် ကိုယ်တိုင်ကိုယ်ကျ ကမ်းလှမ်းလာခဲ့ကြ၏။
ကြည့်ရသလောက် လက်ရှိ အခြေအနေများက အတော်လေး ကောင်းမွန်နေပုံပင်။
နောက်ရက်များ အတွင်းတွင်တော့ ချင်ဟန် တစ်ယောက် နောက်တစ်ကြိမ် အလုပ်များလာခဲ့လေပြီ။
အိမ်သို့ ပြန်ရောက်ပြီး မကြာမီမှာပင် ချင်ဟန်က အိမ်နီးချင်း အုပ်ချုပ်သူများ၏ အိမ်တော်များထံ လိုက်လံ သွားရောက်ကာ ဆွေးနွေးမှုများ စတင် ပြုလုပ်တော့သည်။
အစပိုင်းတွင်တော့ အရာအားလုံးက ချောချောမွေ့မွေ့ပင်။
ဤအုပ်ချုပ်သူများအား မိမိဘက် ပါဝင်လာစေရန် အတွက် ချင်ဟန်က အလွန်တရာ ဆွဲဆောင်မှု ရှိသော အခွင့်အရေးများ ပေးအပ်ခဲ့၏။
သဘောတူညီချက်များ အရ သူက တောင်ပိုင်း အုပ်ချုပ်သူများ အတွက် မြောက်ပိုင်းမှ လာသော ကုန်ပစ္စည်း တစ်ချို့တစ်ဝက်ကို အမြဲတမ်း ဖယ်ချန်ပေးထားမည် ဖြစ်ပြီး ဈေးနှုန်း သက်သာစွာဖြင့် ရောင်းချပေးမည်ဟု အာမခံထားခြင်း ဖြစ်သည်။
တောင်ပိုင်း အုပ်ချုပ်သူများ အနေဖြင့် ကုန်ကျစရိတ်ကို ရွှေငွေအစား စားနပ်ရိက္ခာ သီးနှံများ သို့မဟုတ် အခြား စိုက်ပျိုးရေး ထွက်ကုန်များဖြင့် ပေးချေနိုင်ခွင့် ရှိသည်။
တစ်နည်းအားဖြင့် ဆိုရလျှင် ချင်ဟန်မှာ ကြားပွဲစား တစ်ဦး ဖြစ်လာခဲ့လေပြီ။
သူနှင့် ဖရူဒို မိသားစုက အုပ်ချုပ်သူ အသီးသီး အတွက် ကုန်ကြမ်း အရင်းအမြစ်များ ထောက်ပံ့ပေးပြီး ထိုအုပ်ချုပ်သူများက ကိုယ်တိုင်ကိုယ်ကျ ပြန်လည် ရောင်းချကြမည် ဖြစ်သည်။
ဤနည်းအားဖြင့် သုံးပွင့်ဆိုင် အားလုံး အကျိုးအမြတ် ကိုယ်စီ ရရှိကြမည် မဟုတ်ပါလား။
ချင်ဟန် အနေဖြင့် အကျိုးအမြတ် ကြီးကြီးမားမား မရရှိနိုင်သော်ငြား မြောက်ပိုင်း အုပ်ချုပ်သူများ၏ ကုန်ပစ္စည်းများကို ဈေးကွက်အတွင်း ဖောင်းပွသွားခြင်း မရှိစေဘဲ လျင်မြန်စွာ ဖြန့်ဖြူး ပေးနိုင်မည် ဖြစ်၏။
တစ်ချိန်တည်းမှာပင် မြောက်ပိုင်း ရာသီဥတု အခြေအနေများကြောင့် စားနပ်ရိက္ခာ သီးနှံများနှင့် အခြား စိုက်ပျိုးရေး ထွက်ကုန်များ၏ တန်ဖိုးမှာ တောင်ပိုင်းထက် အဆပေါင်းများစွာ ဈေးကြီးမြင့်နေပြီး သားမွေးများနှင့် ကျွန်များကမူ နှိုင်းယှဉ်ရလျှင် အတော်လေး ဈေးပေါနေခဲ့သည်။
အခြား တစ်ဖက်တွင်တော့ တောင်ပိုင်း၌ ထိုအခြေအနေ၏ ပြောင်းပြန် ဖြစ်နေခဲ့လေပြီ။
မြောက်ပိုင်း အုပ်ချုပ်သူများထံမှ သားမွေးများနှင့် ကျွန်များကို ဝယ်ယူချိန်တွင် ချင်ဟန် အနေဖြင့် စားနပ်ရိက္ခာများအား အာမခံ အဖြစ် အသုံးပြုနိုင်သည်။ တောင်ပိုင်းသို့ ရောက်လာချိန်တွင်လည်း တောင်ပိုင်း အုပ်ချုပ်သူများအား စားနပ်ရိက္ခာများနှင့် စိုက်ပျိုးရေး ထွက်ကုန်များ အသုံးပြု၍ ငွေပေးချေရန် တောင်းဆိုနိုင်သည်။
ဤကဲ့သို့ မြောက်မှ တောင်သို့ ကူးလူး ဆက်သွယ်ခြင်းဖြင့် သူတို့ အားလုံး အကျိုးအမြတ် အများအပြား ရရှိနိုင်ပေမည်။
မြောက်ပိုင်း အုပ်ချုပ်သူများ အတွက်တော့ ချင်ဟန်၏ လုပ်ဆောင်ချက်များက သားမွေးများနှင့် ကျွန်များ ပိုလျှံနေသည့် ပြဿနာကို ဖြေရှင်းပေးနိုင်သည့်အပြင် တန်ဖိုးအတွက် စားနပ်ရိက္ခာ များစွာ ပေးချေခြင်းက သူတို့ ရင်ဆိုင်နေရသော အစားအစာ လိုအပ်ချက် ဖိအားများကို များစွာ လျော့ကျသွားစေနိုင်သည်။
တောင်ပိုင်း အုပ်ချုပ်သူများ အတွက်လည်း ဤသားမွေးများ သို့မဟုတ် ကျွန်များကို ပြန်လည် ရောင်းချရန် ခက်ခဲလှသည် မဟုတ်ချေ။ လှည့်လည် သွားလာနေသော ကုန်သည်များထံ ဖောက်သည်ချသည် ဖြစ်စေ၊ အခြား ဒေသများသို့ မိမိလူများ စေလွှတ်၍ သွားရောက် ရောင်းချခိုင်းသည် ဖြစ်စေ အားစိုက်ထုတ်မှု ကြီးကြီးမားမား မလိုဘဲ အကျိုးအမြတ် အများအပြား ရရှိနိုင်သည်။
ထို့အပြင် စားနပ်ရိက္ခာများ ပေါများနေသည့် တောင်ပိုင်း ဒေသများ အတွက် ထိုအရင်းအမြစ်များကို အာမခံနှင့် ငွေပေးချေမှု အဖြစ် အသုံးပြုခြင်းကလည်း မည်သည့် ပြဿနာမျှ ရှိမည် မဟုတ်ပေ။
မည်သို့ပင်ဖြစ်စေ တောင်ပိုင်း အုပ်ချုပ်သူများ၏ ဆင်းရဲ နွမ်းပါးမှု ဆိုသည်မှာ ငွေကြေး ပြတ်လပ်မှု သက်သက်သာ ဖြစ်လေသည်။
စားနပ်ရိက္ခာများမှာ သူတို့အတွက် ကြီးမားသော ပြဿနာ တစ်ရပ် မဟုတ်ခဲ့ပေ။
ဤအချက်က မြောက်ပိုင်း အုပ်ချုပ်သူများနှင့် လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေ၏။
ဤသည်မှာ ကုန်ပစ္စည်း ပိုလျှံ ဖောင်းပွမှုကြောင့် ဖြစ်ပေါ်လာသည့် ဂန္ထဝင် ပြဿနာ တစ်ရပ်ပင် မဟုတ်ပါလား။
တောင်ပိုင်း၏ ရာသီဥတု အခြေအနေ ကောင်းမွန်သောကြောင့် စားနပ်ရိက္ခာများ အလျှံပယ် ထွက်ရှိသော်လည်း ပမာဏ အလွန်အမင်း များပြားနေသဖြင့် ဈေးကောင်း ရရန် ခက်ခဲနေကြခြင်း ဖြစ်သည်။
ထိုသည်က တောင်ပိုင်း အုပ်ချုပ်သူတိုင်းတွင် စားနပ်ရိက္ခာများ ပေါများနေသော်ငြား ငွေကြေး ပြတ်လပ်နေကြကြောင်း ညွှန်ပြနေ၏။
ချင်ဟန်၏ အစီအစဉ်က သူတို့၏ ဤလိုအပ်ချက်ကို အကောင်းဆုံး ဖြေရှင်းပေးနိုင်ခဲ့လေပြီ။
ချင်ဟန် တစ်ယောက် တောင်ပိုင်း ဒေသများတွင် အလုပ်များနေချိန် နန်းတော်ထဲရှိ ဗာနာထံသို့ သူ့ပေးစာလေး နောက်ဆုံးတော့ ရောက်လာခဲ့တော့သည်။
"ဒီစာက ငါ့အတွက်လား..." ဗာနာက စာအိတ်လေးအား ကြည့်ရင်း ခေါင်းမော့၍ မေးလာသည်။
အစေခံ မိန်းကလေးက ခေါင်းညိတ်ပြရင်း…
"ဟုတ်ပါတယ်... သူရဲကောင်း ကိုင်လင်းက မထွက်ခွာခင် သခင်မလေးကို နှုတ်ဆက်ဖို့ သခင်ကယ်လီရဲ့ အိမ်တော်ကို တကူးတက သွားခဲ့တာပါ... သခင်မလေး အဲ့ဒီမှာ မရှိနေလို့ ဒီစာကို ထားခဲ့တာပါတဲ့...
အခုချိန်ဆိုရင် သူရဲကောင်း ကိုင်လင်း တစ်ယောက် သူ့အိမ်ကို ပြန်ရောက်နေလောက်ပါပြီ..."
"ဒီလိုလား..." ဗာနာက ခေါင်းညိတ်လိုက်၏။ ချင်ဟန် အကြောင်း တွေးမိသည်နှင့် သူမ မျက်နှာထက် ဝမ်းနည်းရိပ် အနည်းငယ် ယှက်သန်းသွားတော့သည်။
ထို့နောက် သူမ လက်ထဲရှိ စာအိတ်လေးအား ကြည့်ကာ အလျင်အမြန် ဖောက်၍ စတင် ဖတ်ရှုလိုက်လေပြီ။
End
***