"အလှတရားတွေ စုဝေးရာ သခင်မလေး ဗာနာထံသို့...
ဒီစာကို သခင်မလေး ရချိန်ဆို ကျွန်တော်လည်း အိမ်ပြန်လမ်းပေါ် ရောက်နေလောက်ပါပြီ... အကြောင်းရင်း အချို့ကြောင့် အိမ်ပြန်ပြီး အဖေ့ကို သွားရောက် ဂါရဝပြုဖို့ လိုအပ်နေလို့ပါ... ဒါကြောင့် ကျွန်တော် ခေတ္တခဏ ထွက်ခွာသွားရပါလိမ့်မယ်...
မသိမသာနဲ့ ကူတူး မြို့တော်ကြီးမှာ ဖြတ်သန်းခဲ့တဲ့ အချိန်တွေက တစ်နှစ်တောင် ရှိခဲ့ပြီပဲ... ဒီတစ်နှစ်တာ ကာလအတွင်းမှာ ကျွန်တော် လူအများကြီးနဲ့ ခင်မင် ရင်းနှီးခွင့် ရခဲ့တယ်... သူတို့ အားလုံးက ရိုးသားပြီး ယုံကြည် စိတ်ချရတဲ့ အပြင် အတော်လေးကိုလည်း စိတ်ဝင်စားဖို့ ကောင်းကြတယ်... အားလုံးက ကျွန်တော့်ရဲ့ မိတ်ဆွေကောင်းတွေချည်းပါပဲ... အိမ်နဲ့ ဝေးကွာနေတဲ့ အချိန်တွေမှာ သူတို့က ကျွန်တော့်ကို ကြီးမားတဲ့ ပျော်ရွှင်မှုတွေ ယူဆောင်လာပေးခဲ့ပြီး စိတ်ဝိညာဉ်ကိုပါ ငြိမ်းချမ်းစေခဲ့တယ်... အဲ့ဒါကြောင့်လည်း ကျွန်တော် ရှေ့ဆက်ဖို့ ခွန်အားတွေ ရခဲ့တာပါ...
ဒါပေမဲ့ ကျွန်တော် အပျော်ရွှင်ရဆုံး အရာကတော့ သခင်မလေးနဲ့ ဆုံတွေ့ခွင့် ရခဲ့တာပါပဲ"
...
စာကို ကိုင်ထားသော ဗာနာ၏ လက်များ အနည်းငယ် တုန်ယင်သွားပြီး ရင်ခုန်သံများ မြန်ဆန်လာကာ အလျင်အမြန် ဆက်ဖတ်လိုက်သည်။
"ကျွန်တော်တို့ အတူတကွ ဖြတ်သန်းခဲ့ရတဲ့ အချိန်တွေ သိပ်မများခဲ့ပေမဲ့ ဆုံတွေ့ရတဲ့ အချိန်တိုင်းကို ကျွန်တော် အမြဲတမ်း မျှော်လင့် တောင့်တနေခဲ့ပြီး အရမ်းလည်း ပျော်ရွှင်ရပါတယ်... သခင်မလေးရော ကျွန်တော့်လို ခံစားရလား ဆိုတာတော့ မသိပေမဲ့ တစ်ခါတလေကျရင် ကျွန်တော့်ရဲ့ ခံစားချက်တွေကို ထိန်းချုပ်လို့ မရနိုင်တော့ဘူး...
ကျွန်တော့် ဇာတိမှာ လွင်ပြင်ထဲက မြင်းဖြူလေးတွေဟာ လတ်ဆတ်တဲ့ ပန်းပွင့်လေး တစ်ပွင့်နဲ့ လှပတဲ့ မိန်းကလေး တစ်ယောက်လိုပဲ သူ့ရဲ့ သူရဲကောင်းနဲ့ အမြဲတမ်း ဆုံတွေ့ပြီး ပြီးပြည့်စုံတဲ့ လိုက်ဖက်ညီမှု ရှိကြတယ်လို့ မကြာခဏ ကြားဖူးပါတယ်...
နောင်အနာဂတ်မှာ သခင်မလေးနဲ့ နေ့တိုင်း ဆုံတွေ့ခွင့်ရဖို့ မျှော်လင့်မိပါတယ်..."
သူမ၏ ကုတင်ကြီးပေါ်တွင် ထိုင်လျက် ဗာနာ တစ်ယောက် စာကို အကြိမ်ကြိမ် အခါခါ ဖတ်နေမိပြီး ရင်ခုန်သံများမှာလည်း တစ်ဟုန်ထိုး မြန်ဆန်လာခဲ့သည်။
"ဒါ ချစ်ခွင့်ပန်တာများလား" သူမ ကုတင်ပေါ်တွင် ထိုင်ရင်း တိတ်တဆိတ် တွေးတောနေမိရာ မျက်နှာလေးမှာ အရက်မူးနေသူ တစ်ယောက်အလား နီရဲလာတော့သည်။
သူမ ထိုနေရာတွင် ထိုင်လျက် သူမ၏ စိတ်ခံစားချက်များကို မထိန်းချုပ်နိုင်တော့ဘဲ ဟိုဟိုဒီဒီ ဂနာမငြိမ် ဖြစ်နေမိသည်။
ထိုအချိန်တွင် သူမ၏ သူရဲကောင်းထံ သွားရောက်၍ ခံစားချက်များကို ဖွင့်ဟ ပြောပြချင်စိတ်များ တဖွားဖွား ပေါ်ပေါက်လာခဲ့သည်။ သူမလည်း သူ ပြန်လာမည့် အချိန်ကို မျှော်လင့်နေကြောင်းနှင့် နေ့စဉ်နေ့တိုင်း သူနှင့် အတူတူ ရှိနေချင်ကြောင်း ပြောပြချင်နေမိသည်။
သို့သော် သော့ခတ်ထားသော သူမ၏ အခန်းတံခါးကို မြင်လိုက်ရချိန်တွင်တော့ စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းငုံ့သွားရတော့၏။
အစောပိုင်းကတည်းက အိုလီဗီယာက သူမကို အပြင်ထွက်ခွင့် ပိတ်ပင်ထားခဲ့သည် မဟုတ်ပါလား။
ယခင်ကတော့ သူမက ကယ်လီ၏ အိမ်တော်တွင် ချင်ဟန်နှင့် တစ်ခါတစ်ရံ သွားရောက် တွေ့ဆုံနိုင်ခဲ့သည်။
သို့သော် မကြာသေးမီက အိုလီဗီယာ တစ်ယောက် အကြောင်းရင်း တစ်စုံတစ်ရာကြောင့် အတော်လေး အလုပ်များလာပြီး များစွာ ပိုတင်းကျပ်လာခဲ့ကာ သူမ မည်မျှပင် တောင်းပန်စေကာမူ အပြင်ထွက်ခွင့် လုံးဝ မပြုတော့ပေ။
မကြာသေးမီက အိုလီဗီယာ၏ လေးနက်နေသော မျက်နှာထားကို တွေးမိရင်း ဗာနာ တစ်ယောက် သက်ပြင်းချကာ အနာဂတ်ကိုသာ မျှော်လင့်နေရတော့သည်။
ဒီကာလလေး လွန်မြောက်သွားပြီး အစ်မ အိုလီဗီယာ သူမရဲ့ ကိစ္စတွေ အားလုံး ဖြေရှင်းပြီးသွားရင် သူရဲကောင်း ကိုင်လင်းလည်း ပြန်ရောက်လာလောက်မှာပါ...
အဲ့ဒီအချိန် ရောက်ရင် သူတို့ ပြန်ဆုံတွေ့ခွင့် ရမှာပါလေ...
သူမ ရင်ထဲတွင် နက်ရှိုင်းသော လွမ်းဆွတ်မှုများ ပြည့်လျှံလာပြီး လက်ထဲရှိ စာကို ကြည့်ကာ ချင်ဟန် တစ်ယောက် စောစော ပြန်လာပါစေဟုသာ တိတ်တဆိတ် ဆုတောင်းနေမိသည်။
ထိုအကြောင်းများ တွေးတောနေရင်း သူမလည်း မနေနိုင်တော့ဘဲ ထထိုင်ကာ စက္ကူနှင့် ကလောင်တံကို ယူ၍ သူမ၏ ကိုယ်ပိုင် စာတစ်စောင်ကို စတင် ရေးသားလေတော့သည်။
အခြား တစ်ဖက်ရှိ ခန်းမဆောင် တစ်ခု အတွင်းတွင်မူ အိုလီဗီယာ တစ်ယောက် အလယ်ဗဟို၌ ထိုင်လျက် ကိစ္စရပ် အမျိုးမျိုးကို ဖြေရှင်းနေ၏။
မကြာသေးမီက သူမ အတော်လေး ဖိအား များနေခဲ့သည်။
အရာရာတိုင်းက သူမ အပေါ် အဆက်မပြတ် ဖိစီးလာခဲ့ပြီ မဟုတ်ပါလား။
ထိုအထဲတွင် သူမ ညီမလေး၏ လုပ်ရပ်များပါ ပေါင်းထည့်လိုက်ချိန်တွင်တော့ သူမ ပို၍ပင် စိုးရိမ် ပူပန်လာရပြီး ကိစ္စပေါင်းစုံဖြင့် အလုပ်ရှုပ်နေခဲ့ရတော့သည်။
"မင်းသမီး..." အနက်ရောင် ဝတ်ရုံနှင့် အစေခံ တစ်ယောက် ရောက်လာပြီး ရိုသေစွာ လျှောက်တင်လာသည်။
"ဗာနာ တစ်ယောက် အပြင်ထွက်ခွင့် ထပ်တောင်းနေပြန်ပြီလား" အိုလီဗီယာက ခေါင်းကိုက်လာသကဲ့သို့ ခံစားရသဖြင့် နဖူးကို ပွတ်သပ်လိုက်၏။
ဒီကာလ အတွင်း သူမ ညီမလေးက အပြင်ထွက်ခွင့် အမြဲတစေ ပူဆာနေပြီး အပြင်ရောက်ဖို့ နည်းလမ်း ပေါင်းစုံ သုံးကာ ကြိုးစားနေသဖြင့် သူမ အတော်လေး စိတ်အနှောင့်အယှက် ဖြစ်နေရသည်။
ဗာနာအား စောင့်ရှောက်ရသော အစေခံ ရောက်လာသည်ကို မြင်လိုက်ရသဖြင့် ဗာနာ တစ်ယောက် ထပ်ပြီး ပြဿနာ ရှာနေပြန်ပြီဟု သူမ ခန့်မှန်းလိုက်ခြင်းပင်။
သို့သော် အစေခံ မိန်းကလေး ခေါင်းခါယမ်းသည်ကို မြင်လိုက်ရသဖြင့် သူမ အံ့အားသင့်သွားရသည်။
"မဟုတ်ပါဘူး" အစေခံ မိန်းကလေးက ရိုသေသော အမူအရာဖြင့်...
"သခင်မလေး ဗာနာက အပြင်ထွက်ခွင့် မတောင်းပါဘူး... အဲ့ဒီအစား သူမရဲ့ စာတစ်စောင်ကို ပို့ပေးဖို့ အကူအညီ တောင်းနေတာပါ"
"စာ ပို့ပေးရုံ သက်သက်လား..."
အိုလီဗီယာ အနည်းငယ် အံ့အားသင့်သွားပြီး ခေါင်းညိတ်လိုက်သည်။
"ဒါက ပြဿနာ မရှိပါဘူး... သူ ပို့ချင်ရင် ပို့ခိုင်းလိုက်ပါ... ဒါပေမဲ့ ကိုင်လင်း တစ်ယောက် အခုချိန်ဆို သူ့အဖေရဲ့ နယ်မြေကို ရောက်နေလောက်ပြီ ဆိုတော့ ဒီစာက သူ့ဆီရောက်ဖို့ အချိန်နည်းနည်းတော့ ကြာလိမ့်မယ်"
သူမက ပြုံး၍ တိတ်တဆိတ် စဉ်းစားနေပြီးနောက် ဆက်ပြော၏။
"ဒါနဲ့ စကားမစပ်... ကိုင်လင်း တစ်ယောက် မကြာသေးခင်က ဘာတွေ လုပ်နေလဲ... အဲ့ဒီဘက်က သတင်း အထူးအဆန်းများ ရသေးလား"
"သူရဲကောင်း ကိုင်လင်းက အတော်လေး အလုပ်ရှုပ်နေပါတယ်" အစေခံ မိန်းကလေးက ခဏတာ စဉ်းစားပြီးနောက် သူမ သိထားသည်များကို အိုလီဗီယာအား ပြန်လည် တင်ပြသည်။
"ကုန်သည် မဟာမိတ် အဖွဲ့လား... တောင်၊မြောက် ကုန်သွယ်ရေးလား" အိုလီဗီယာက စာရွက်စာတမ်းများကို စစ်ဆေးနေရင်း နားထောင်နေလိုက်၏။
အစပိုင်းတွင် သူမက ခပ်ပေါ့ပေါ့သာ နားထောင်နေခဲ့သော်လည်း မကြာမီမှာပင် သူမ လုပ်လက်စ အလုပ်များကို ရပ်တန့်လိုက်ပြီး မျက်နှာထားမှာ ပိုလေးနက်လာတော့သည်။
"ဒါနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ အားလုံး ငါ့ဆီ ယူလာခဲ့စမ်း" နောက်ဆုံးတွင် သူမက လေးနက်သော အမူအရာဖြင့် အမိန့်ပေးမိလေပြီ။
ခဏအကြာတွင် သက်ဆိုင်ရာ အချက်အလက်များ အားလုံး ရောက်ရှိလာခဲ့၏။
ချင်ဟန် လုပ်ဆောင်ခဲ့သမျှ အရာအားလုံးကို အသေးစိတ် မှတ်တမ်းတင်ထားသည်။
သာမန် လူများကို ဤကဲ့သို့ အနီးကပ် စောင့်ကြည့်လေ့ မရှိသလို သူတို့နှင့် ပတ်သက်ပြီး ဤမျှ အသေးစိတ်ကျသော အချက်အလက်များလည်း ရှိမည် မဟုတ်ချေ။
သို့သော် ချင်ဟန်မှာ သက်စောင့်မျိုးစေ့ နိုးထခါနီး ဖြစ်နေသော သူရဲကောင်းလောင်းလျာ တစ်ယောက် ဖြစ်နေသည့်အပြင် ဗာနာနှင့်လည်း ရင်းနှီးသော ဆက်ဆံရေး ရှိနေသောကြောင့် မင်းသမီး အိုလီဗီယာ ကိုယ်တိုင်က သူ့အကြောင်း သတင်း အချက်အလက်များ စုဆောင်းရန် လက်အောက်ငယ်သားများအား ညွှန်ကြားထားခဲ့ခြင်း ဖြစ်သည်။
ယခုတော့ ဤအချက်အလက်များက အသုံးဝင်လာမည့်ပုံပင်။
အိုလီဗီယာက သတင်း အချက်အလက် အစုအဝေးကြီးကို လျင်မြန်စွာ ဖတ်ရှုလိုက်ပြီး ဖတ်လေလေ သူမ မျက်နှာထားမှာ ပိုလေးနက်လေလေ ဖြစ်လာတော့သည်။
"မယုံနိုင်စရာပဲ... တကယ်ကို မယုံနိုင်စရာပဲ..." စာရွက်စာတမ်းများကို ချထားပြီးနောက် သူမ ထိုနေရာတွင် ထိုင်လျက် တီးတိုး ရေရွတ်လိုက်သည်။
"ငါ ဘာလို့ ဒီအကြောင်း အရင်က မတွေးမိခဲ့ပါလိမ့်..."
မြောက်ပိုင်းမှ ပိုလျှံနေသော သားမွေးများနှင့် ကျွန်များကို တောင်ပိုင်းသို့ ရောင်းချပြီး တောင်ပိုင်းမှ ပေါများသော စားနပ်ရိက္ခာများအား မြောက်ပိုင်းသို့ ပြန်လည် ရောင်းချခြင်း။ ဤသည်မှာ အလွန် ရိုးရှင်းသော အကြံဉာဏ် တစ်ခု ဖြစ်ပြီး လုပ်ဆောင်နိုင်စွမ်း ရှိသရွေ့ ကြီးမားသော အကျိုးအမြတ်များ ရရှိနိုင်မည် မဟုတ်ပါလား။
သို့သော် မည်သူတစ်ဦး တစ်ယောက်ကမျှ ဤကဲ့သို့ အကျိုးအမြတ် များပြားလှသော ကုန်သွယ်ရေး လမ်းကြောင်းမျိုးကို ယခင်က မဖန်တီးနိုင်ခဲ့ချေ။
ဤသည်မှာ တွေးခေါ်နိုင်စွမ်း ကန့်သတ်ချက်များကြောင့် တစ်စိတ်တစ်ပိုင်း ပါဝင်ပေလိမ့်မည်။
ဤကမ္ဘာလောကကြီးတွင် သူရဲကောင်းများကဲ့သို့ အစွမ်းထက်သော တည်ရှိမှုများ ရှိနေသော်ငြား နယ်ပယ် အများအပြားတွင်တော့ များစွာ လိုအပ်ချက်များ ရှိနေဆဲပင်။
မှူးမတ်များ၏ တွေးခေါ်မှုများမှာ အတော်လေး ကျဉ်းမြောင်းပြီး သူတို့ လက်အောက်ခံများထံမှ အကျိုးအမြတ် ထုတ်ယူရန်သာ အာရုံစိုက်တတ်ကြသည်။ သူတို့နယ်မြေ ပြင်ပသို့ အာရုံစိုက်လာလျှင်ပင် အများအားဖြင့် သူတစ်ပါး နယ်မြေကို လုယူရန် အတွက်သာ ဖြစ်လေ့ရှိ၏။ ဤကဲ့သို့ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုမျိုးကို တွေးတောလေ့ သိပ်မရှိချေ။
ဥပမာအားဖြင့် ချင်ဟန်၏ ဖခင် ဖြစ်သူ မြို့စား ကိုင်ဆန်ပင်။
ချင်ဟန်၏ အကြံပြုချက်များ မတိုင်မီက သူ့ အကြီးမားဆုံး စီးပွားရေး လှုပ်ရှားမှု ဆိုသည်မှာ လှည့်လည် သွားလာနေသော ကုန်သည်များနှင့် အရောင်းအဝယ် ပြုလုပ်ခြင်းသာ ဖြစ်သည်။
သူ့ နယ်မြေ အတွင်း လူတိုင်းက ဂျုံနှင့် အခြား နှံစားသီးနှံများကိုသာ စိုက်ပျိုးရပြီး မလိုက်နာသူများကို ကြိုးပေး ကွပ်မျက်လေ့ ရှိ၏။
ဤကဲ့သို့သော အခြေအနေမျိုး အောက်တွင် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု ဆိုသည်မှာ သဘာဝကျကျပင် နည်းပါးလှပေမည်။
အခြားသော အုပ်ချုပ်သူ အများစုမှာလည်း ထိုနည်းတူပင်။
သူတို့၏ အကန့်အသတ် ရှိသော တွေးခေါ်မှုများ အပြင် ပထဝီ အနေအထားများကလည်း အဟန့်အတား ဖြစ်နေခဲ့သည်။
ကူတူး နယ်မြေကို မှူးမတ်များ၏ နယ်မြေ အများအပြားဖြင့် ဖွဲ့စည်းထားပြီး မြောက်မှ တောင်သို့ သွားရောက်ရာတွင် အုပ်ချုပ်သူ အများအပြား၏ နယ်မြေများကို ဖြတ်သန်းသွားရလေသည်။
အုပ်ချုပ်သူတိုင်းက အကျိုးအမြတ် အချို့ကို ရယူလိုကြသဖြင့် ပဋိပက္ခများ ဖြစ်ပေါ်လာနိုင်သည် မဟုတ်ပါလား။
ဤလုပ်ငန်းတွင် လျှို့ဝှက် အန္တရာယ်များလည်း ရှိနေသေး၏။
ဤကမ္ဘာလောကကြီး၏ ဖရိုဖရဲ နိုင်လှသော အခြေအနေများကို ထည့်တွက်မည် ဆိုလျှင် နေရာအနှံ့ ဓားပြများ ရှိနေတတ်သဖြင့် အန္တရာယ်ကို ပိုကြီးမားလာစေသည်။
အကယ်၍ ဤပြဿနာများကို ဖြေရှင်းနိုင်ခဲ့လျှင်တောင် မြောက်ပိုင်း အုပ်ချုပ်သူများက ပြင်ပ လူစိမ်းများ အပေါ် တံခါးပိတ်ထားတတ်သည့် အချက်က ရှိနေသေးသည်။
ခြုံငုံကြည့်ရလျှင် ဤလုပ်ငန်း အတွက် အတားအဆီးများစွာ ရှိနေခဲ့၏။
အလွန်တရာ ခက်ခဲလွန်းသောကြောင့် အတိတ်က မည်သူကမျှ ဤအရာကို မလုပ်ဆောင်နိုင်ခဲ့ခြင်း ဖြစ်သည်။
ခဏတာ အတွင်းမှာပင် ဤအရာကို ဖန်တီးရာတွင် ချင်ဟန် ရင်ဆိုင်ခဲ့ရမည့် ပြဿနာ အမျိုးမျိုးကို အိုလီဗီယာ တစ်ယောက် ခန့်မှန်းကြည့်နိုင်ခဲ့လေပြီ။
သူမကို အံ့အားသင့်စေခဲ့သည်မှာ အခက်အခဲများစွာ ရှိနေသည့်တိုင် ချင်ဟန် တစ်ယောက် ထိုအရာများ အားလုံး ကျော်လွှားပြီး အောင်မြင်အောင် လုပ်ဆောင်နိုင်ခဲ့ခြင်းပင်။
"သူ ဒါကို ဘယ်လိုများ လုပ်ခဲ့တာလဲ" အိုလီဗီယာ တစ်ယောက် မနေနိုင်ဘဲ တိတ်တဆိတ် တွေးတောနေမိပြီး ချင်ဟန် အပေါ် အတော်လေး စိတ်ဝင်စားသွားခဲ့၏။
ယခင်က သူမက ချင်ဟန်အား မြို့စား တစ်ဦး၏ သား၊ ကော်ရီပို၏ တပည့်၊ အလားအလာရှိသော သူရဲကောင်းလောင်းလျာ တစ်ဦး အဖြစ်သာ ရှုမြင်ခဲ့သည်။
ဤဂုဏ်သိက္ခာ ကြီးမားသော အဆင့်အတန်းများ အပြင် ချင်ဟန် တစ်ယောက် ဤကဲ့သို့သော ကိစ္စရပ်များတွင်လည်း ဤမျှ စွမ်းဆောင်ရည် မြင့်မားလိမ့်မည်ဟု သူမ တစ်ခါမျှ မတွေးခဲ့ဖူးချေ။
အိုလီဗီယာ တစ်ယောက် ချင်ဟန် အပေါ် အတော်လေး စိတ်ဝင်စားမှုကို မထိန်းချုပ်နိုင်တော့ပေ။
သေချာသည်ကတော့ အဓိက အကျဆုံး အချက်မှာ ဤအရာများ အားလုံး ပြီးဆုံးသွားပြီး အချိန်များ ကုန်လွန်လာသည်နှင့်အမျှ ချင်ဟန်၏ သြဇာ လွှမ်းမိုးမှုနှင့် အင်အားများ သေချာပေါက် တိုးပွားလာမည် ဆိုသည့် အချက်ပင်။
End
***