ခန်းမဆောင် အတွင်း၌ အိုလီဗီယာ တစ်ယောက် တိတ်ဆိတ်စွာ တွေးတောနေမိ၏။
တောင်၊မြောက် ကုန်သွယ်ရေး လုပ်ငန်းများ တိုးတက်လာသည်နှင့်အမျှ ချင်ဟန်၏ အင်အားများမှာလည်း ပိုကြီးမားလာပေလိမ့်မည်။
ဤအချက်ကို သူမ ကောင်းကောင်းကြီး သဘောပေါက်ထားသည်။
တောင်၊မြောက် ကုန်သွယ်ရေးက မြောက်ပိုင်း အုပ်ချုပ်သူများကို ဆင်းရဲနွမ်းပါးမှုမှ ကင်းဝေးစေရုံသာမက တောင်ပိုင်း အုပ်ချုပ်သူများ အတွက်လည်း ကြီးမားသော အကျိုးအမြတ်များ ရရှိစေမည် မဟုတ်ပါလား။ ကြားပွဲစား တစ်ဦး အနေဖြင့် ချင်ဟန် ကိုယ်တိုင်လည်း အကျိုးအမြတ်များ ရရှိမည်မှာ သေချာလှသည်။
အချိန်များ ကုန်လွန်လာသည်နှင့်အမျှ မြောက်ပိုင်း အုပ်ချုပ်သူများ ဖြစ်စေ၊ တောင်ပိုင်း အုပ်ချုပ်သူများ ဖြစ်စေ သူတို့ အားလုံးက ချင်ဟန်နှင့် ပိုရင်းနှီးလာကြမည် ဖြစ်ပြီး သူ့အား ပို၍ အလေးအနက် ထားကာ ထောက်ခံ အားပေးလာကြပေမည်။ အထူးသဖြင့် မြောက်ပိုင်း အုပ်ချုပ်သူများပင်။
မြောက်ပိုင်း အုပ်ချုပ်သူများ အကြောင်း တွေးမိသည်နှင့် အိုလီဗီယာ တစ်ယောက် အတွေးနက်သွားတော့သည်။
သူမက အစေခံ မိန်းကလေးအား တည်ငြိမ်သော အကြည့်ဖြင့် စိုက်ကြည့်၍...
"ဗာနာနဲ့ ကိုင်လင်းတို့ တွေ့တဲ့ အချိန်မှာ မင်း အဲ့ဒီမှာ ရှိနေခဲ့လား"
"သူတို့ရဲ့ ဆက်ဆံရေးက ဘယ်လို အခြေအနေ ရှိလဲ" သူမက ဆက်လက် မေးမြန်းလိုက်၏။
"မင်းသမီး ဗာနာက သူရဲကောင်း ကိုင်လင်းကို အတော်လေး သဘောကျနေပုံပါပဲ..." အစေခံ မိန်းကလေးက ခဏတာ စဉ်းစားပြီးနောက် ဆက်ပြောလာသည်။
"သူရဲကောင်း ကိုင်လင်းလည်း အတူတူပဲလို့ ထင်ပါတယ်... သူက တခြား မိန်းကလေးတွေထက် စာရင် မင်းသမီး ဗာနာ အပေါ် ပိုပြီး နွေးနွေးထွေးထွေး ဆက်ဆံတတ်ပါတယ်"
"ဒီလိုလား..." အိုလီဗီယာ တိတ်ဆိတ်စွာ တွေးတောနေမိ၏။
ချင်ဟန်အား လူလွှတ်၍ အချိန် အတန်ကြာ စောင့်ကြည့်ပြီးနောက် သူမ အနေဖြင့် ထိုလူငယ် အကြောင်းကို အတော်အသင့် နားလည်ထားပြီး ဖြစ်သည်။
သူကား ကိုယ်ကျင့်တရား ကောင်းမွန်ပြီး ပြီးပြည့်စုံလုနီးပါး ဖြစ်နေသော သူရဲကောင်း တစ်ယောက်ပင်။
မည်သူ့ကိုပင် မေးမြန်းစေကာမူ ကယ်လီ ဖြစ်စေ၊ ကူတူး တော်ဝင် အကယ်ဒမီမှ အခြားသူများ ဖြစ်စေ အားလုံးက သူ့အပေါ် အလွန် မြင့်မားသော အကဲဖြတ်မှုများ ပေးထားကြသည် မဟုတ်ပါလား။
သူက အမျိုးသမီးများ အပေါ် ယဉ်ကျေး နူးညံ့စွာ ဆက်ဆံတတ်ပြီး မည်သူ့ကိုမျှ စော်ကားလေ့ မရှိချေ။
မိတ်ဆွေ သူငယ်ချင်းများ အပေါ်တွင်လည်း ရိုးသား ပွင့်လင်းကာ ရင်းနှီး နွေးထွေးစွာ ဆက်ဆံတတ်ပြီး အလွန် ကောင်းမွန်စွာ သဘောထားတတ်၏။
လေ့ကျင့်ရေးတွင်လည်း မယုံကြည်နိုင်လောက်အောင် ကြိုးစား အားထုတ်လေ့ ရှိသည်။ သူက နေမထွက်မီ အစောကြီး ကတည်းက ထ၍ လေ့ကျင့်လေ့ ရှိပြီး တစ်ရက်မျှပင် ပျင်းရိ ငြီးငွေ့ခြင်း မရှိကြောင်း ကြားသိထားရသည်။
အိုလီဗီယာထံတွင် အတွေ့အကြုံများစွာ ရှိသော်လည်း သူတို့၏ သူရဲကောင်း လေ့ကျင့်မှု အပေါ် လုံးဝ နှစ်မြှုပ်ထားသူများသာ အချို့သော အပိုင်းများတွင် ချင်ဟန်နှင့် ယှဉ်ပြိုင်နိုင်စွမ်း ရှိပေလိမ့်မည်။
ဤကဲ့သို့သော သူရဲကောင်း တစ်ယောက်က ဗာနာအပေါ် အထူးတလည် ဆက်ဆံနေသည်ကို ထောက်ရှုလျှင် သူလည်း ဗာနာအား အတော်လေး သဘောကျနေပုံ ရသည်။
အိုလီဗီယာ၏ ခေါင်းထဲတွင် အတွေးပေါင်းများစွာ လျင်မြန်စွာ ဖြတ်ပြေးသွားတော့သည်။
တော်ဝင် မင်္ဂလာပွဲ အများစုမှာ အတော်လေး ရက်စက်ကြမ်းကြုတ်လှ၏။ အများအားဖြင့် နိုင်ငံရေး ရည်ရွယ်ချက် တစ်ခုခု အတွက်သာ အသုံးချခံရလေ့ ရှိသည် မဟုတ်ပါလား။
သို့သော် အစ်မကြီး တစ်ယောက် အနေဖြင့် သူမက ဗာနာ၏ ဆန္ဒကိုလည်း အလွန် အလေးထား ဂရုစိုက်မိသည်။ ဗာနာက ကိုင်လင်းအား သဘောကျနေပြီး ကိုင်လင်းကလည်း သူမအတွက် အကူအညီ ဖြစ်စေနိုင်မည်ဟု ခံစားရသောကြောင့် ဤသည်မှာ ပြီးပြည့်စုံသော အခြေအနေ တစ်ရပ် ဖြစ်နေခဲ့လေပြီ။
...
ခဏတာ စဉ်းစားပြီးနောက် သူမက ခေါင်းမော့၍...
"ဗာနာရဲ့ စာကို မြန်မြန် ပို့ပေးဖို့ တစ်ယောက်ယောက်ကို စေလွှတ်လိုက်ပါ"
"ဟုတ်ကဲ့ပါ မင်းသမီး" အစေခံ မိန်းကလေးက ခေါင်းညိတ် အရိုအသေ ပေးပြီးနောက် ထွက်ခွာသွားတော့သည်။
"ငါ့အစ်ကိုကြီး အော်မန်ဒို အခု ဘာတွေ လုပ်နေလဲ"
ကျယ်ပြောလှသော မြစ်ပြင်ကြီး ဘေးတွင် ချင်ဟန်က ဘေးနားရှိ အစေခံအား ကြည့်ကာ တည်ငြိမ်စွာ မေးလိုက်၏။
အစေခံက ရိုသေစွာဖြင့်...
"မြို့စားက သူ့ကို အိမ်နီးချင်း မြို့ငယ်လေး တစ်မြို့ဆီ အဝေးပို့ထားပါတယ်... အဲ့ဒီမှာ သူက နေ့တိုင်း အရက်မူးနေအောင် သောက်ပြီး အချိန်ဖြုန်းနေတယ်လို့ ကြားရပါတယ်"
"အားလုံး စီစဉ်ပြီးပြီလား" ချင်ဟန်က မေးလိုက်သည်။
"သခင်လေး ညွှန်ကြားထားတာတွေ အားလုံး လုပ်ဆောင်ပြီးပါပြီ" အစေခံက ခေါင်းညိတ်၍... "ကျွန်တော်တို့ ဓားပြတွေဆီကို သတင်းတွေ လွှင့်ထုတ်ထားလိုက်ပါပြီ... ဒါပေမဲ့..."
ထိုနေရာ အရောက်တွင် သူ့ မျက်နှာပေါ်၌ တွေဝေသွားသော အရိပ်အယောင်များ ထွက်ပေါ်လာပြီး...
"သခင်လေး... ကျွန်တော်တို့ ဘာလို့ ဒီလို လုပ်ရတာလဲ... ဒီကုန်ပစ္စည်းတွေက ကျွန်တော်တို့ အတွက် အရမ်း အရေးကြီးတယ်လေ... အခုလို သတင်း အချို့ ထွက်သွားအောင် လုပ်လိုက်ရင် ဖြစ်နိုင်တာက..."
ချင်ဟန်က ပြုံးလျက်...
"ဖြစ်နိုင်တာက သူတို့ လောဘတက်ပြီး ငါတို့ဆီက ကုန်ပစ္စည်းတွေကို လုယူဖို့ ဒါမှမဟုတ် ပြဿနာ လာရှာဖို့ လုပ်လာလိမ့်မယ်... ဟုတ်လား... အဲ့ဒါက ငါအလိုရှိနေတဲ့ အရာပဲ"
"ဘာဖြစ်လို့လဲဟင်"
အစေခံ တစ်ယောက် လုံးဝ နားမလည်နိုင်တော့ချေ။
ဤတစ်ကြိမ်တွင်မူ ချင်ဟန်က ပြန်လည် ဖြေကြားခြင်း မပြုတော့ပေ။ သူက တိတ်ဆိတ်စွာ လှည့်၍ မြစ်ပြင်ဆီသို့သာ ငေးကြည့်နေလိုက်သည်။
"အော်မန်ဒိုဆီကို လူတစ်ယောက် လွှတ်လိုက်... အဖေက သူ့ကို မောင်းထုတ်ပြီး ကတည်းက လွမ်းဆွတ်နေကြောင်းနဲ့ သူ ပြန်လာဖို့ မျှော်လင့်နေကြောင်း သွားပြောခိုင်းလိုက်ပါ..."
ချင်ဟန်က အစေခံအား တည်ငြိမ်သော အကြည့်ဖြင့် စိုက်ကြည့်၍...
"ဘာပြောရမလဲ ဆိုတာ နားလည်တယ် မဟုတ်လား"
"နားလည်ပါပြီ" ချင်ဟန်၏ အမူအရာကို မြင်လိုက်ရချိန်တွင် အစေခံက ခဏတာ တုံ့ဆိုင်းသွားပြီးနောက် သူ့ မျက်နှာထားမှာလည်း လေးနက်သွားတော့သည်။
နောက်တစ်နေ့တွင်။
"အဖေက တကယ်ပဲ အဲ့ဒီလို ပြောခဲ့တာလား"
မြို့ငယ်လေး အတွင်း၌ အော်မန်ဒို တစ်ယောက် သူ့ရှေ့ရှိ အမျိုးသားအား ကြည့်ရင်း မျက်လုံးများ ပြူးကျယ်သွားခဲ့၏။
တစ်နှစ်တာ အချိန် ကုန်လွန်သွားခဲ့ပြီးနောက် အော်မန်ဒိုမှာ ယခင်ကထက် များစွာ အသက်ဝင်မှု ကင်းမဲ့နေပုံ ပေါ်သည်။
သူ့ ခန္ဓာကိုယ်မှာ ကြီးမားနေဆဲ ဖြစ်သော်လည်း အဆီများ စတင် စုပူလာပြီး တစ်ကိုယ်လုံးတွင်လည်း အရက်နံ့များ နံစော်နေလေပြီ။
ထိုနေရာတွင် ရပ်နေသော သူ့ သွေးကြောများ ယှက်သန်းနေသည့် မျက်လုံးများက ရှေ့ရှိ အမျိုးသားအား မျှော်လင့်ချက် အပြည့်ဖြင့် စူးစိုက် ကြည့်နေမိသည်။
"တကယ်ပါ သခင်လေး" အမျိုးသားက ခေါင်းညိတ်၍... "ကျွန်တော် သခင်ကြီး အနားမှာ အစေခံနေတုန်းက သူ သက်ပြင်းချပြီး အဲ့ဒီလိုမျိုး ပြောတာကို အကြိမ်ကြိမ် ကြားခဲ့ရတာပါ... သခင်ကြီးက သခင်လေးကို နှင်ထုတ်ခဲ့မိတဲ့ အတွက်လည်း နောင်တရနေပါတယ်... ဘာပဲဖြစ်ဖြစ် သခင်လေးက သူ့ရဲ့ သားအကြီးဆုံးပဲလေ... ဘယ်လိုလုပ် မလွမ်းဆွတ်ဘဲ နေနိုင်မှာလဲ"
"ငါ သိသားပဲ" ထိုစကားများကို ကြားလျှင် အော်မန်ဒို တစ်ယောက် ပြုံးဖြီးဖြီး ဖြစ်သွားသည်။ "အဖေက ငါ့ကို စွန့်ပစ်မှာ မဟုတ်ပါဘူး... ငါက သူ့ရဲ့ သားအကြီးဆုံး ဖြစ်သလို မိသားစုရဲ့ ဆက်ခံသူပဲလေ"
"သခင်ကြီးက တိတ်တဆိတ်နဲ့ သခင်လေးကို ပြန်လာစေချင်နေတာပါ..." အမျိုးသားက ရိုသေစွာဖြင့် ဆက်ပြောလာ၏။ "အကယ်၍ သခင်လေးသာ အခု ပြန်သွားပြီး သခင်ကြီး ရှေ့မှာ ပေါ်လာရင် သူ သေချာပေါက် အရမ်း ဝမ်းသာသွားပါလိမ့်မယ်"
"တိုက်တိုက်ဆိုင်ဆိုင်ပဲ သခင်ကြီးက သခင်လေး ကိုင်လင်းနဲ့ အတူ မြို့စား မိုင်လာဆီ သွားရောက် လည်ပတ်ဖို့ အပြင်ထွက်တော့မှာပါ... အကယ်၍ သခင်လေး အခုချက်ချင်း သွားမယ် ဆိုရင် သူတို့ကို အမီလိုက်နိုင်လောက်တယ်"
"ဟမ့်" ချင်ဟန်၏ နာမည်ကို ကြားသည်နှင့် အော်မန်ဒို၏ မျက်နှာထားမှာ အေးစက်သွားပြီး သူ့ရင်ထဲတွင် ဒေါသများ ပြည့်လျှံလာတော့သည်။ "ဒီကောင်က ပြန်လာရဲသေးတယ်ပေါ့"
အချို့သော အရာများက အတော်လေး ထူးဆန်းလှသည်။
ချင်ဟန်က သူ့အပေါ် မည်သည့်အရာမျှ တိုက်ရိုက် မလုပ်ဆောင်ခဲ့သော်ငြား အော်မန်ဒို၏ စိတ်ထဲတွင်တော့ သူ ဤကဲ့သို့ သနားစရာ အခြေအနေမျိုး ရောက်နေရခြင်းမှာ ချင်ဟန်ကြောင့်ဟုသာ မှတ်ယူထားသည်။
သူ့ စိတ်ထဲတွင် နောင်တရခြင်း ဆိုသည့် အရိပ်အယောင် တစ်စွန်းတစ်စမျှ မရှိခဲ့ပေ။
"ငါ ပြန်သွားရမယ်" ထိုနေရာတွင် ရပ်လျက် ချင်ဟန် အကြောင်း တွေးတောရင်း သူက အေးစက်စက် ရယ်မောလိုက်သည်။
"ငါ မရှိတဲ့ အချိန် ကိုင်လင်းက သူ့ရဲ့ လှည့်ကွက်တွေ သုံးချင်နေတာလား... သူ့အကြံတွေ အောင်မြင်မှာ မဟုတ်ဘူး... ဘယ်သူက သားအကြီးဆုံးလဲ၊ ဘယ်သူက အဖေ့ကို ဆက်ခံမယ့်သူလဲ ဆိုတာ သူ သိအောင် ငါလုပ်ပြရမယ်"
သူက မြို့စား ကိုင်ဆန်၏ အိမ်တော်သို့ ပြန်ရန် အစေခံများအား ချက်ချင်း ပြင်ဆင်ခိုင်းလိုက်တော့သည်။
အော်မန်ဒိုအား ကြည့်ရင်း သူ့အား လာရောက် စကားပြောခဲ့သော အမျိုးသားမှာ တိတ်တဆိတ် သက်ပြင်းချကာ စိတ်သက်သာရာ ရသွား၏။
"အော်မန်ဒိုလား... သူ ဘာကိစ္စ ပြန်လာရတာလဲ"
အိမ်တော် အတွင်း၌ အော်မန်ဒို ပြန်ရောက်လာကြောင်း အစေခံ၏ လျှောက်တင်ချက်ကို ကြားလျှင် မြို့စား ကိုင်ဆန်၏ မျက်နှာထားမှာ ချက်ချင်း အေးစက်သွားသည်။
"သူ့လုပ်ရပ်တွေ အတွက် အပြင်မှာ သေချာ နောင်တရအောင် နေခဲ့ဖို့ ငါ သူ့ကို ပြောထားခဲ့တယ် မဟုတ်လား... သူ ဘာလို့ ပြန်လာရတာလဲ"
သူ့ အမူအရာမှာ အတော်လေး ကြည့်ရဆိုးနေပြီး အော်မန်ဒို အပေါ် အလွန် မကျေမနပ် ဖြစ်နေပုံရသည်။
ဤမကျေနပ်မှုများမှာ လွန်ခဲ့သော အချိန်ကာလ တစ်လျှောက်လုံး တဖြည်းဖြည်း စုပုံလာခဲ့ခြင်းပင်။
ချင်ဟန်နှင့် နှိုင်းယှဉ်၍ မရသော သူ့ အရည်အချင်းများကို ဘေးဖယ်ထားလျှင်ပင် အော်မန်ဒိုက အလွန် မိုက်မဲသော ကိစ္စရပ်များစွာ လုပ်ဆောင်ခဲ့သည် မဟုတ်ပါလား။
ချင်ဟန်အား နှိုင်းယှဉ်စရာ တစ်ခု အဖြစ် ထားကြည့်လိုက်ချိန်တွင်တော့ သူက ပို၍ပင် ဆိုးရွားနေတော့သည်။
End
***