"အစ်ကိုကြီး ပြန်လာတာ ကောင်းပါတယ်... အဖေ အဲ့လောက် ဒေါသထွက်နေစရာ မလိုပါဘူး..."
မြို့စား ကိုင်ဆန်၏ မကျေမနပ် ဖြစ်နေသော မျက်နှာထားအား ကြည့်ရင်း ချင်ဟန်က ပြုံး၍...
"ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ဆီမှာ လူလိုနေတာပဲလေ... သူပြန်လာတာ အချိန်ကောင်းပါပဲ..."
"ဟမ့်..." မြို့စား ကိုင်ဆန်က အေးစက်စက် နှာခေါင်းရှုံ့လိုက်သော်လည်း ချင်ဟန်၏ စကားများကို ကြားပြီးနောက် ခေါင်းညိတ် ထောက်ခံလိုက်၏။
မည်သို့ပင်ဖြစ်စေ အော်မန်ဒိုသည်လည်း သားအရင်း တစ်ယောက်ပင်။ မည်မျှပင် ဆိုးသွမ်းနေပါစေ သူ့ သားသာ ဖြစ်သည်။
အော်မန်ဒိုမှာ ပြန်ရောက်နေပြီ ဖြစ်ရာ သူ့အား ထပ်မံ နှင်ထုတ်လိုက်ပါက သိပ်တော့ ကောင်းမည် မဟုတ်ချေ။
ထို့အပြင် ချင်ဟန် ပြောခဲ့သလိုပင် သူတို့က အိမ်နီးချင်း အုပ်ချုပ်သူများနှင့် ကုန်သွယ်မှု စတင်နေပြီ ဖြစ်သဖြင့် အကူအညီများ အမှန်တကယ် လိုအပ်နေသည် မဟုတ်ပါလား။
ယခု အော်မန်ဒို ပြန်ရောက်လာချိန်တွင် သူသာ ကူညီပေးနိုင်လျှင်လည်း ကောင်းလှ၏။ ထိုအကြောင်း တွေးမိသည်နှင့် သူ့မျက်နှာထားမှာ အနည်းငယ် ပျော့ပြောင်းသွားပြီး ဘေးရှိ သခင်ဝှိုက်အား ကြည့်၍...
"သူ့ကို ခေါ်လာခဲ့လိုက်..."
"ဟုတ်ကဲ့ပါ" သခင်ဝှိုက်က ခေါင်းညိတ် အရိုအသေပေးပြီးနောက် လှည့်ထွက်သွားတော့သည်။
အချိန် အနည်းငယ် ကြာပြီးနောက် ခြေသံများ ထွက်ပေါ်လာပြီး အော်မန်ဒို တစ်ယောက် အခန်းထဲ ဝင်ရောက်လာ၏။
သူက အနက်ရောင် ဝတ်ရုံကို ဝတ်ဆင်ထားပြီး အရပ်ရှည်ကာ တောင့်တင်းသော ရုပ်ရည်သွင်ပြင် ရှိသည်။ သို့သော် ယခင်ကထက် ခန္ဓာကိုယ် ပိုဖိုင့်ကားနေသလို ထင်မှတ်ရသည်။
ချင်ဟန်နှင့် ယှဉ်ရပ်လိုက်ချိန်တွင်မူ သူတို့နှစ်ယောက်ကြား ကွာခြားချက်မှာ သိသာလွန်းလှသည်။
"မင်း ပြန်လာရဲသေးတယ်ပေါ့" အော်မန်ဒိုကို ကြည့်နေသော ကိုင်ဆန်၏ မျက်နှာထားမှာ အလွန်အမင်း အေးစက်လို့။
"အဖေ..." အခန်းထဲ ဝင်လာပြီးနောက် အော်မန်ဒိုက ဒူးတစ်ဖက်ထောက်ကာ ရိုသေ လေးစားစွာဖြင့်...
"အဖေ့နားကနေ ထွက်သွားခဲ့ရတဲ့ လတွေအတွင်း အဖေ့ကို အရမ်း လွမ်းနေခဲ့တာပါ... အဖေ့အနားမှာ နောက်တစ်ကြိမ် ပြန်နေခွင့် ပြုပါ..."
သူက အလွန် တည်ကြည် လေးနက်ဟန် ပေါ်နေပြီး ယခုလို မြင်တွေ့လိုက်ရသဖြင့် မြို့စား ကိုင်ဆန်၏ အမူအရာမှာ ပို၍ ပျော့ပြောင်းသွားတော့သည်။
"ထလိုက်တော့..." သူက အော်မန်ဒိုအား ကြည့်၍ ပြောလိုက်၏။
သူက တည်ငြိမ်စွာပင်... "အတိတ်က ကိစ္စတွေကို ပြန်မပြောကြတော့ဘူးလေ... မင်း ပြန်လာတာ ကောင်းပါတယ်... မကြာသေးခင်တည်းက လူတိုင်း အရမ်း အလုပ်ရှုပ်နေကြတာ... မင်း ဟိုနေရာမှာ နေပြီး တစ်နေ့လုံး အရက်သောက်နေမယ့် အစား အခုလို ပြန်လာပြီး ကူညီပေးတာက ပိုကောင်းပါတယ်... ရက်အနည်းငယ် နေရင် ငါတို့ ခရီးထွက်ရမယ်... မင်းရဲ့ ဓားကိုပါ ယူခဲ့..."
အော်မန်ဒို၏ ဖိုင့်ကားနေသော ခန္ဓာကိုယ်အား ကြည့်ရင်း သူ မျက်မှောင် မကြုတ်ဘဲ မနေနိုင်ခဲ့ပေ။
"ဟုတ်ကဲ့ပါ အဖေ..." အော်မန်ဒိုက စိတ်အားထက်သန်သည့် ဟန်ဖြင့် အဆက်မပြတ် ခေါင်းညိတ်ပြသည်။
ခဏအကြာတွင် မြို့စား ကိုင်ဆန် ထွက်ခွာသွားပြီး ချင်ဟန်နှင့် အော်မန်ဒို နှစ်ယောက်တည်းသာ ကျန်ရစ်ခဲ့တော့၏။
"အစ်ကိုကြီး..." ချင်ဟန်က ခပ်ရေးရေး ပြုံး၍ လက်ကမ်းကာ နှုတ်ဆက်လိုက်သည်။
သို့သော် အော်မန်ဒိုကမူ တုံ့ပြန်ခြင်း မရှိချေ။
ချင်ဟန်ကို ကြည့်၍ အော်မန်ဒိုက အေးစက်စွာ နှာခေါင်းရှုံ့ပြီးနောက် လှည့်ထွက်သွားတော့သည်။
ချင်ဟန်၏ လက်မှာ လေထဲတွင် တန့်သွားပြီး အနည်းငယ် အနေခက်သွားပုံ ရလေသည်။
"သခင်လေး..." သူ့ဘေးမှ သခင်ဝှိုက်၏ အသံ ထွက်ပေါ်လာပြီး ထိုသူမှာလည်း အနေခက်နေသည့် ဟန်ဖြင့်...
"သခင်လေး အော်မန်ဒိုက..."
"ရပါတယ်..."
ချင်ဟန်၏ အပြုံးက ပြောင်းလဲမသွားဘဲ ကမ်းထားသော လက်ကို ဖြည်းညှင်းစွာ ပြန်ရုတ်လိုက်သည်။ သူက ထိုနေရာတွင်ပင် ရပ်၍ ထွက်ခွာသွားသော အော်မန်ဒို၏ ကျောပြင်အား ငေးကြည့်နေမိသည်။
စိတ်ထဲမှ ခေါင်းခါယမ်းလိုက်ပြီး သခင်ဝှိုက်ကို နှုတ်ဆက်ကာ ထွက်ခွာလာခဲ့တော့၏။
…
နောက်ရက် အနည်းငယ် အကြာတွင် မြို့စား ကိုင်ဆန်၏ စံအိမ်တော်မှာ အတော်လေး အလုပ်ရှုပ်နေခဲ့သည်။
မြောက်ပိုင်းမှ လာသော ကုန်ပစ္စည်းများ နေရာအနှံ့ ရှိနေပြီး စံအိမ်တော် တစ်ခုလုံး ပြည့်နှက်နေလေပြီ။
ပတ်ပတ်လည်တွင် ထူထပ်သော အမွေးမည်းများ ရှိသည့် လူတချို့က ကြိုးကြိုးစားစား အလုပ်လုပ်နေကြသည်။
"ပစ္စည်းတွေ အများကြီးပါလား..." နေရာအနှံ့ရှိ ကုန်ပစ္စည်းများကို ကြည့်ရင်း မြို့စား ကိုင်ဆန်က အံ့အားသင့်စွာ သက်ပြင်းချ၍...
"ဒီလောက်များတဲ့ ပစ္စည်းတွေကို ဘယ်လို သယ်လာတာလဲ... ပြီးတော့ ဟိုအုပ်ချုပ်သူတွေက မင်းကို တကယ်ပဲ ဖြတ်သန်းခွင့် ပေးလိုက်တာလား..."
မှူးမတ် တစ်ယောက် ဖြစ်သည့် အလျောက် အခြားသော အုပ်ချုပ်သူများ မည်သို့ ရှိမည်ကို သူ ကောင်းကောင်း သိထားသည်။
ဤလောကရှိ မှူးမတ်များတွင် ကြီးမားသော ကိုယ်ကျင့်တရား ရှိသည်ဟု သူ လုံးဝ မယုံကြည်ပေ။
တကယ်တမ်း ဤလူများကို ဓားပြများဟု ခေါ်လျှင်ပင် လွန်မည် မဟုတ်ချေ။
အော်မန်ဒိုမှာ ထိုအရာအတွက် ဥပမာ တစ်ခုပင်။
မြို့စား ကိုင်ဆန်က သူ့အား အဘယ်ကြောင့် နှင်ထုတ်ခဲ့သနည်း။ အကြောင်းမှာ သူက လူအချို့အား တိတ်တဆိတ် ခေါ်ဆောင်သွားပြီး အနီးအနားရှိ အုပ်ချုပ်သူ တစ်ယောက်၏ ကုန်သည်အဖွဲ့ကို ဓားပြတိုက်ခဲ့သောကြောင့် ဖြစ်သည်။
ဤကဲ့သို့သော ကိစ္စမျိုးမှာ မကြာခဏ ဖြစ်ပွားလေ့ရှိပြီး ရေတွက်၍ပင် မရနိုင်တော့ပေ။
အကယ်၍ ထိုကုန်သည်အဖွဲ့သာ အနီးအနားရှိ အုပ်ချုပ်သူအဖွဲ့ မဟုတ်ဘဲ သာမန် ကုန်သည်အဖွဲ့ သို့မဟုတ် အဝေးမှ အုပ်ချုပ်သူ တစ်ဦး၏ အဖွဲ့သာ ဖြစ်ခဲ့လျှင် အော်မန်ဒို အပြစ်တင် ခံရမည် မဟုတ်ပေ။
ယခုလို အချိန်မျိုးတွင် လမ်းပန်း ဆက်သွယ်ရေးမှာ အဆင်မပြေဘဲ အတော်လေးလည်း အန္တရာယ် များလှ၏။ ကုန်သည်အဖွဲ့ တစ်ဖွဲ့ ဓားပြတိုက် ခံရခြင်းမှာ ကြီးကျယ်သော ကိစ္စတစ်ခု မဟုတ်ချေ။
မြို့စား ကိုင်ဆန် ကိုယ်တိုင်လည်း ယခင်က ဤကဲ့သို့သော ကိစ္စမျိုး လုပ်ခဲ့ဖူးသည်။
ဤသည်ကို ကြည့်လျှင် ဤကဲ့သို့သော လောကကြီးတွင် ကုန်သွယ်မှု ပြုလုပ်ရန် မည်မျှ အန္တရာယ် များကြောင်း မြင်တွေ့နိုင်သည်။
မြို့စား ကိုင်ဆန်၏ အမြင်တွင်တော့ ချင်ဟန် တစ်ယောက် ဤမျှ များပြားသော ကုန်ပစ္စည်းများကို ယူဆောင်လာနိုင်ခြင်းမှာ လုံးဝ နားလည်နိုင်စရာ အကြောင်း မရှိပေ။
"ပုံမှန် လမ်းကြောင်းကနေ သွားရင်တော့ သေချာပေါက် မဖြစ်နိုင်ဘူးလေ..." ချင်ဟန်က ပြုံး၍သာ တုံ့ပြန်လိုက်သည်။ "ဒီပစ္စည်းတွေကို သင်္ဘောတွေနဲ့ သယ်လာခဲ့တာပါ..."
"သင်္ဘောတွေ..." မြို့စား ကိုင်ဆန် မျက်လုံး ပြူးကျယ်သွားပြီး ဤသည်ကို လုံးဝ မျှော်လင့် မထားခဲ့ချေ။
"သင်္ဘောတွေက အန္တရာယ် မများဘူးလား..."
သေချာပေါက် ဤလောကတွင် သင်္ဘောများ ရှိသော်လည်း သူတို့၏ နည်းပညာမှာ အလွန် မတိုးတက်သေးဘဲ ရွက်လွှင့်စဉ်အတွင်း အန္တရာယ်များစွာ ရှိနေလေသည်။
ထို့ကြောင့် မြို့စား ကိုင်ဆန် အမြင်တွင် ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ရန် သင်္ဘောများ အသုံးပြုခြင်းမှာ မယုံကြည်နိုင်လောက်အောင် အန္တရာယ် များလှ၏။
"သင်္ဘောတွေမှာ ဘာမှ ပြဿနာ မရှိသရွေ့ တကယ်တမ်း သိပ်မခက်ခဲပါဘူး..." ချင်ဟန်က မြို့စား ကိုင်ဆန်၏ ခံစားချက်ကို နားမလည်စွာ ပြောလိုက်သည်။
မြို့စား ကိုင်ဆန်မှာ အနည်းငယ် ရှုပ်ထွေးနေဆဲ ဖြစ်သော်လည်း ခေါင်းညိတ်လိုက်ပြီး ဆက်လက် မေးမြန်းခြင်း မပြုတော့ပေ။
"ဟို အမွေးမည်းတွေနဲ့ ဖုံးလွှမ်းနေတဲ့ လူတွေက ဘယ်သူတွေလဲ..." ကုန်ပစ္စည်းများ အဆက်မပြတ် ရွှေ့ပြောင်းရန် အလုပ်ရှုပ်နေသော လူများကို ကြည့်ရင်း သူက စူးစမ်းလိုစိတ်ဖြင့် မေးလာသည်။
"သူတို့က ကန္တာရထဲက အမွေးမည်း လူမျိုးစုတွေပါ..." ချင်ဟန်က ရှင်းပြလိုက်၏။ "မြောက်ပိုင်းက ကန္တာရနဲ့ ဆက်သွယ်နေပြီး သူတို့က မကြာခဏ စစ်ဖြစ်လေ့ရှိတယ်... ဒါကြောင့် ဖမ်းမိတဲ့ သုံ့ပန်း အများစုကို ကျွန်တွေအဖြစ် ရောင်းစားကြတာ... ဒီအမွေးမည်း လူမျိုးတွေက အဲ့ဒီလို မျိုးနွယ်စုတွေထဲက တစ်ခုပဲ..."
"သာမန်လူတွေနဲ့ ယှဉ်ရင် ဒီအမွေးမည်း လူမျိုးတွေက ဈေးပိုပေါပြီး ပိုလည်း အလုပ်ကြိုးစားတယ်... ဒါကြောင့် လုပ်အားအတွက် သူတို့ကို အများကြီး ခေါ်လာခဲ့တာပါ..." ချင်ဟန် ဆက်လက် ရှင်းပြသည်။
သူက ထိုအမွေးမည်း လူမျိုးများကို အထူးတလည် ချန်ထားခဲ့ခြင်းပင်။
မြောက်ပိုင်း အုပ်ချုပ်သူများ ရောင်းချသော ကုန်ပစ္စည်းများထဲတွင် သားမွေးနှင့် သားရေများ အပြင် ကျွန်များစွာလည်း ပါဝင်လေသည်။
ထိုကျွန်များထဲမှ အများစုကို ချင်ဟန်က သူ့အတွက် ချန်ထားခဲ့၏။
ထိုနည်းဖြင့် ကူတူး တော်ဝင်မြို့တော်တွင် သူစုဆောင်းထားခဲ့သော ဓနဥစ္စာ အများစုကို သုံးစွဲခဲ့ခြင်း ဖြစ်သည်။
တခြားလောကမှ လာသူ တစ်ယောက် အနေဖြင့် ခွန်အား၏ အရေးပါမှုကို သူ ရှင်းလင်းစွာ နားလည်ထားပြီး ခွန်အားကို တစ်သီးပုဂ္ဂလနှင့် အစုအဖွဲ့ ခွန်အားဟူ၍ ခွဲခြားနိုင်သည်။
တစ်သီးပုဂ္ဂလ ခွန်အား အပိုင်းတွင် သူက သူရဲကောင်း တစ်ယောက် ဖြစ်ပြီး သူရဲကောင်း အသက်ရှူ ကျင့်စဉ်နှင့် ခန္ဓာကိုယ် သန့်စင်ခြင်း ကျင့်စဉ်တို့ကို လေ့ကျင့်ထား၏။
အစုအဖွဲ့ ခွန်အား အပိုင်းတွင်မူ သူကိုယ်ပိုင် အင်အားစု တစ်ခုကို တည်ဆောက်ရန် လိုအပ်သည်။
ဤသို့ ပြုလုပ်နိုင်ရန် သူက ကူတူး တော်ဝင်မြို့တော်ရှိ မှူးမတ်များနှင့် မိတ်ဆွေဖွဲ့ခဲ့သလို သူ့လက်အောက်ရှိ အင်အားစုကို ချဲ့ထွင်ရန် ကျွန်များကိုလည်း ဝယ်ယူခဲ့တော့သည်။
End
***