သူ့ကိုယ်ပိုင် အင်အားစု တစ်ခုကို တည်ဆောက်ရန် သူတစ်ယောက်တည်းကိုသာ အားကိုးနေ၍ မလုံလောက်ပေ။
ခေတ်မီ လူ့အဖွဲ့အစည်းမှ လာသူ တစ်ယောက် ဖြစ်သည့် အလျောက် ချင်ဟန်က ဤအချက်ကို နက်နက်ရှိုင်းရှိုင်း နားလည် သဘောပေါက်ထား၏။
ထို့ကြောင့် မြောက်ပိုင်း အုပ်ချုပ်သူများနှင့် ပူးပေါင်းမှု စတင်ပြီးနောက် ထိုသူများထံမှ ကျွန်များစွာကို ဝယ်ယူခဲ့ခြင်း ဖြစ်သည်။
ကျွန်များမှာ အလွန် ကောင်းမွန်သော လူအင်အား အရင်းအမြစ် တစ်ခုပင်။
ထိုကျွန်များတွင် မည်သည့် အခွင့်အရေးမျှ မရှိဘဲ ပိုင်ရှင်များ၏ လက်အောက်တွင်သာ ရှိကြသည်။ သူတို့အပေါ် မည်သို့ပင် ဆက်ဆံစေကာမူ ကန့်ကွက်မည့်သူ တစ်ဦးတစ်ယောက်မှ ရှိမည် မဟုတ်ချေ။
ပုံမှန် အခြေအနေမျိုးတွင် အထူး သတ်မှတ်ထားသော ကျွန်အချို့မှလွဲ၍ အုပ်ချုပ်သူ အများစုမှာ သူတို့၏ ကျွန်အများစု အပေါ် သိပ်ပြီး ဂရုစိုက်လေ့ မရှိပေ။
မည်သို့ပင်ဖြစ်စေ အုပ်ချုပ်သူများ ဖြစ်သည့် အလျောက် သူတို့၏ လက်အောက်ခံများကို အတိုင်းအတာ တစ်ခုအထိ အမိန့်ပေး စေခိုင်းနိုင်လေသည်။ စစ်တိုက်ရန် ဖြစ်စေ၊ အခြား ကိစ္စရပ်များ ပြုလုပ်ရန် ဖြစ်စေ သူတို့အတွက် အခမဲ့ သို့မဟုတ် ဈေးပေါသော အသေခံ တပ်သားများ အမြဲတမ်း ရှိနေတတ်သည် မဟုတ်ပါလား။
တစ်ဖက်တွင်လည်း ကျွန်များမှာ ဈေးပေါသည် ဆိုသော်ငြား ငွေပေး ဝယ်ယူရမည် ဖြစ်သောကြောင့် တွက်ခြေ သိပ်ကိုက်မည် မဟုတ်ပေ။
သို့သော် ချင်ဟန်ကမူ ဤအချက်ကို သဘောမတူချေ။ သူ့တွင် ကျွန်များ၏ ထုတ်ဖော် မသုံးရသေးသော အလားအလာများကို ဆွဲထုတ်နိုင်သည့် နည်းလမ်း များစွာ ရှိနေသည်။
ထို့ကြောင့် မြောက်ပိုင်း အုပ်ချုပ်သူများထံမှ ကျွန် အများစုကို ချင်ဟန်က သိမ်းသွင်းခဲ့ခြင်း ဖြစ်သည်။
လွန်ခဲ့သော တစ်နှစ်တာ ကာလအတွင်း ကူတူး တော်ဝင်မြို့တော်၌ သူရှာဖွေ စုဆောင်းထားခဲ့သော အမြတ်အစွန်း အများစုကို ဤနည်းလမ်းဖြင့် သုံးစွဲခဲ့သည်။
ထိုကျွန်များကို စံအိမ်တော်၌ အလုပ်လုပ်ရန် စီစဉ်ပေးခဲ့ပြီး ရိုးရှင်းသော အလုပ်ရုံ တစ်ရုံကို တည်ထောင်ခဲ့၏။ ထို့အပြင် မြစ်ရေစီးကြောင်းနှင့် ရေအားကို အသုံးပြု၍ ကုန်ပစ္စည်းများ ထုတ်လုပ်ကာ စံအိမ်တော်မှ ထွက်ရှိလာသော ထိုပစ္စည်းများကို ရောင်းချရန် သူ့ အချိတ်အဆက်များကို အသုံးချခဲ့တော့သည်။
ဤကိစ္စရပ်များနှင့် ပတ်သက်၍ မြို့စား ကိုင်ဆန်ကတော့ ဘာတစ်ခုမျှ မသိခဲ့ပေ။
သို့သော် ချင်ဟန်၏ လက်အောက်ငယ်သားများ အတော်လေး ထူးခြားနေကြောင်းကိုမူ သူ ခံစားမိနေသည်။
သာမန်လူများနှင့် ယှဉ်လိုက်လျှင် ဤအမွေးမည်း ကျွန်များမှာ အနည်းငယ် ပို၍ပင် အလုပ် ကြိုးစားလွန်းနေသကဲ့သို့ ထင်မှတ်ရ၏။
သူတို့က အလုပ် ကြိုးစားယုံသာမက ချင်ဟန်အပေါ် ထားရှိသည့် အမူအရာများမှာလည်း အတော်လေး ထူးဆန်းနေသည်။
မြို့စား ကိုင်ဆန် တစ်ယောက် ယခင်က ကျွန်များကို မမြင်ဖူးခဲ့ခြင်းမျိုးတော့ မဟုတ်ပေ။ သူ့ကိုယ်ပိုင် စံအိမ်တော်တွင်ပင် ကျွန်များစွာ ရှိနေပြီး အများစုမှာ စိုက်ပျိုးရေး လုပ်ငန်းများ လုပ်ကိုင်ကြသည်။
သို့သော် ပုံမှန်အားဖြင့် ထိုသူများ၏ အမူအရာများမှာ ထုံထိုင်းနေခြင်း သို့မဟုတ် ကြောက်ရွံ့နေခြင်းမျိုးသာ ဖြစ်ပြီး မျှော်လင့်ချက် အားလုံး ဆုံးရှုံးသွားသည့် အလားပင်။ သူတို့တွင် မည်သည့် သက်ဝင် လှုပ်ရှားမှုမျိုးမှ မရှိချေ။
သို့သော် ချင်ဟန်၏ လက်အောက်ငယ်သားများမှာမူ လုံးဝကို ကွဲပြား ခြားနားနေသည်။
သူတို့က ကျွန်များ ဖြစ်ကြသော်ငြား အသက်ဝင် တက်ကြွနေသည့် ဟန်ရှိကာ အလွန်အမင်း ဝီရိယ ရှိပြီး ခွန်အားများဖြင့် ပြည့်နှက်နေလေသည်။
ကြည့်ရသည်မှာ သူတို့က ကျွန်များနှင့် လုံးဝ မတူပေ။
ထို့အပြင် ဤကျွန်များမှာ ခန္ဓာကိုယ် တောင့်တင်း ကြံ့ခိုင်ပုံရပြီး အခြားသော ကျွန်များကဲ့သို့ အားနည်း ပိန်လှီနေသည့် အရိပ်အယောင် မရှိချေ။
"မင်း ဒါကို ဘယ်လို လုပ်လိုက်တာလဲ..." အချိန်အတန်ကြာ တိတ်တဆိတ် အကဲခတ်နေပြီးနောက် မြို့စား ကိုင်ဆန်လည်း မေးခွန်းထုတ်ဖို့ မနေနိုင်တော့ပေ။
ဤကလေးနှင့် ပတ်သက်၍ သူ နားမလည်နိုင်သော အရာများစွာ ရှိနေကြောင်း ခံစားမိနေ၏။
သူက အရည်အချင်း ရှိလွန်းလှပြီး သူ လုပ်ဆောင်ခဲ့သည့် ကိစ္စရပ် အများစုကို အခြားလူများ အနေဖြင့် သဘောပေါက် နားလည်နိုင်ရန် ခက်ခဲလှသည်။
"သူတို့ကို မျှော်လင့်ချက် တစ်ခု ပေးဖို့ လိုတယ်..." ချင်ဟန်၏ အဖြေမှာ အလွန် တိုက်ရိုက် ဆန်လှ၏။ "ဘာပဲဖြစ်ဖြစ် လူတွေနဲ့ ကိရိယာတွေ ဆိုတာက မတူဘူးလေ..."
သူက အလုပ်ရှုပ်နေကြသော အမွေးမည်း ကျွန်များအား ကြည့်ရင်း ညင်သာစွာ ဆိုလာသည်။
"ကိရိယာ တန်ဆာပလာတွေကို အကြိမ်ကြိမ် အခါခါ သုံးလို့ ရပေမဲ့ သေချာ ထိန်းသိမ်းဖို့တော့ လိုအပ်တယ်... ကျွန်တွေဆိုတာလည်း အထူး ကိရိယာ တစ်မျိုး ဖြစ်လို့ ထိန်းသိမ်း စောင့်ရှောက်ဖို့ လိုအပ်တာပဲ..."
ဆက်လက်၍ "တကယ်လို့ အဖေသာ သူတို့ကို လုံလောက်တဲ့ အိပ်ချိန်နဲ့ အနားယူချိန်တွေ ပေးမယ်၊ အစားအသောက် ပြည့်ပြည့်ဝဝ ကျွေးမွေးမယ် ဆိုရင်... တစ်နည်းအားဖြင့် နေ့စဉ် သင့်လျော်သလို ထိန်းသိမ်း စောင့်ရှောက်ပေးမယ် ဆိုရင် သူတို့လည်း လဲကျသွားမှာ မဟုတ်သလို ခန္ဓာကိုယ်ပိုင်း ဆိုင်ရာမှာလည်း ဘာပြဿနာမှ ရှိလာမှာ မဟုတ်ဘူး..."
"ဒါ့အပြင် အဖေသာ သူတို့ကို မျှော်လင့်ချက်လေး နည်းနည်း ပေးပြီး ကြိုးကြိုးစားစား လုပ်ကိုင်မယ် ဆိုရင် သူတို့ရဲ့ ဘဝတွေလည်း ပိုကောင်းမွန် လာနိုင်တယ် ဆိုတာကို ပြသနိုင်မယ် ဆိုရင် သူတို့ရဲ့ လုပ်ရည်ကိုင်ရည်က အဆပေါင်းများစွာ တက်လာလိမ့်မယ်..."
မြို့စား ကိုင်ဆန် အတော်လေး အံ့အားသင့် သွားသည်။ သူ တစ်စိတ်တစ်ပိုင်း သဘောပေါက် နားလည်သွားသော်ငြား အနည်းငယ် ရှုပ်ထွေးနေဆဲပင်။
ကျွန်တွေကို လုံလောက်တဲ့ အနားယူချိန်နဲ့ အစားအသောက်တွေ ပေးရမယ် ဟုတ်လား။
ထိုအချက်က သူ့အမြင်များနှင့် လုံးဝ ကိုက်ညီမှု မရှိပေ။
ကုန်ကျစရိတ်ကို သက်သာစေရန် သာမန်လူ တစ်ယောက် အနေဖြင့် ကျွန်များကို တတ်နိုင်သမျှ အစားအနည်းဆုံး ကျွေးပြီး အဆိုးရွားဆုံး အလုပ်များကိုသာ စေခိုင်းပေလိမ့်မည်။
ကျွန်များကို အကောင်းဆုံး အသုံးချနိုင်ရန် သူတို့အတွက် ကိုယ်ပိုင် အချိန်ဆိုသည်မှာ လုံးဝ မရှိခြင်းက ပိုကောင်းလှသည်။ ထိုမှသာ ပိုင်ရှင်များအတွက် တန်ဖိုး ပိုဖန်တီးပေးနိုင်မည် မဟုတ်ပါလား။
ချင်ဟန်၏ လုပ်ရပ်များမှာမူ ဤကဲ့သို့သော တွေးခေါ်မှု မျိုးနှင့် လုံးဝကို ဆန့်ကျင်ဘက် ဖြစ်နေလေသည်။
"လူတွေရဲ့ ခန္ဓာကိုယ် ဆိုတာကလည်း ပြုစု ထိန်းသိမ်းမှု လိုအပ်တယ်..." မြို့စား ကိုင်ဆန်အား ကြည့်ရင်း ချင်ဟန်က ရှင်းပြလိုက်သည်။
"ကျွန် တစ်ယောက်ကို အလုပ် ကြိုးကြိုးစားစား လုပ်စေချင်ရင် သူတို့ဆီမှာ ကျန်းမာတဲ့ ခန္ဓာကိုယ် တစ်ခု ရှိနေဖို့က အဓိကပဲ..."
"သူတို့ကို ကျန်းမာ ကြံ့ခိုင်စေချင်ရင် သင့်လျော်တဲ့ အစားအသောက်တွေ ကျွေးဖို့ လိုတယ်... တကယ်လို့ အရည်အသွေး ညံ့ဖျင်းတဲ့ အစားအသောက်တွေကိုသာ အချိန် အကြာကြီး ကျွေးထားမယ် ဆိုရင် သူတို့ရဲ့ ခန္ဓာကိုယ်တွေက တဖြည်းဖြည်း အားနည်းလာလိမ့်မယ်... နောက်ဆုံးမှာ သူတို့ကို ကြိမ်တို့နဲ့ ရိုက်ရင်တောင် ပိုပြီး အလုပ် မလုပ်နိုင်တော့ဘူး... ဒါ့အပြင် ကြိမ်တို့နဲ့ ရိုက်နှက်တာကလည်း သိပ်ပြီး ထိရောက်တဲ့ နည်းလမ်းမျိုးမှ မဟုတ်တာ..." ချင်ဟန်က ညင်သာစွာ ဆိုလာ၏။
ချင်ဟန်၏ ရှင်းပြချက်ကို နားထောင်ရင်း မြို့စား ကိုင်ဆန်လည်း သဘောပေါက် နားလည်သွားသည့် ဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။
"မင်း ဘာပဲလုပ်လုပ် ငါကတော့ အမြဲတမ်း စိတ်အေးရပါတယ်လေ..." သူက ဤအကြောင်းကို ဆက်လက် မေးမြန်းနေခြင်း မပြုတော့ဘဲ စကားလမ်းကြောင်း လွှဲလိုက်၏။
"ငါတို့ မိုင်လာဆီ သွားလည်တဲ့ အခါကျရင် အော်မန်ဒိုကိုပါ တစ်ပါတည်း ခေါ်သွား... ဒါမှ သူလည်း အလုပ်တချို့ လုပ်နိုင်မှာ..."
"ကောင်းပါပြီ" ချင်ဟန်က ခေါင်းညိတ်လိုက်ပြီး မည်သို့မျှ ဂရုစိုက်ပုံ မရပေ။
နောက်ရက် အနည်းငယ် အကြာ ကုန်ပစ္စည်းများ အားလုံး ပြင်ဆင်ပြီးစီး သွားချိန်တွင် ချင်ဟန် နောက်တစ်ကြိမ် ခရီးဆက်ခဲ့ပြန်သည်။
ယခင် အကြိမ်များနှင့် ယှဉ်လိုက်လျှင် ဤတစ်ကြိမ် ခရီးစဉ်မှာ အလွန်အမင်း အရေးပါလှ၏။
အရင် အကြိမ်များ တုန်းကမူ ကုန်သွယ်မှု စတင်ကာစသာ ဖြစ်သောကြောင့် ပတ်ဝန်းကျင်ရှိ အုပ်ချုပ်သူများမှာ ပမာဏ အနည်းငယ်သာ ဝယ်ယူခဲ့ကြသည်။
သို့သော် ယခု တစ်ကြိမ်တွင်မူ အခြေအနေများက ကွဲပြား ခြားနားနေသည်။ ချင်ဟန်က သင်္ဘောဖြင့် တင်သွင်းလာသော ကုန်ပစ္စည်းများ အားလုံး နီးပါးကို ယူဆောင်လာခဲ့ခြင်းပင်။
၎င်းတို့မှာ ငွေကြေး ပမာဏ အမြောက်အမြား တန်ဖိုးရှိပြီး ထိုပမာဏက မြို့စား ကိုင်ဆန်ကိုပင် လွန်စွာ စိတ်လှုပ်ရှားသွားစေခဲ့သည်။
အကယ်၍ တစ်စုံတစ်ရာသာ မှားယွင်းသွားခဲ့လျှင် ဆုံးရှုံးမှုက အလွန် ကြီးမားပေလိမ့်မည်။
ထိုအကြောင်းကြောင့်ပင် မြို့စား ကိုင်ဆန်က သူ့အစောင့်အရှောက် တပ်ဖွဲ့၏ တစ်ဝက်ကျော်ကို တစ်ပါတည်း ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်သည်။
မြို့စား ကိုင်ဆန်နှင့် အော်မန်ဒိုတို့ နှစ်ယောက်မှာ ကုန်သည်အဖွဲ့ကြားတွင် လိုက်ပါလာခဲ့ကြ၏။
"အများကြီးပါလား..."
မြင်းပေါ်တွင် ထိုင်၍ လိုက်ပါလာသော အော်မန်ဒိုက ပတ်ပတ်လည်ရှိ မြင်းလှည်းများကို လှမ်းကြည့်ရင်း ရင်ထဲတွင် ပြင်းပြသော လိုအင်ဆန္ဒ တစ်ခုကို ခံစားနေရသည်။
ထိုမြင်းလှည်းများ အတွင်း မည်သည့် အရာများ ပါဝင်နေသနည်း ဆိုသည်ကို သူ အတိအကျ သိထား၏။
သူသိထားသည်များ အရ ဆိုလျှင် ဤမြင်းလှည်းများထဲတွင် ကြီးမားသော ဓနဥစ္စာများ ပါဝင်နေသည်။
ဤကုန်သွယ်မှုသာ ပြီးဆုံးသွားပါက သူ့ မိသားစု အနေဖြင့် ကြီးမားသော အကျိုးအမြတ်များ ရရှိပေတော့မည်။
ထိုအကြောင်း တွေးမိသည်နှင့် သူ အလွန်အမင်း စိတ်လှုပ်ရှားလာတော့၏။
သို့သော် သူ မသိရှိခဲ့သည့် အချက်မှာ ဤကုန်ပစ္စည်းများကို ရောင်းချသူက သူ့ မိသားစု မဟုတ်ဘဲ ချင်ဟန် တစ်ယောက်တည်းသာ ဖြစ်နေခြင်းပင်။
ဤမျှ တန်ဖိုးကြီးမားသော ကုန်ပစ္စည်းများမှာ ချင်ဟန်၏ ကိုယ်ပိုင် ပစ္စည်းများ ဖြစ်နေလိမ့်မည်ဟု သူ လုံးဝ စိတ်ကူးပင် မယဉ်နိုင်ခဲ့ချေ။
ချင်ဟန် တစ်ယောက် မြောက်ပိုင်း အုပ်ချုပ်သူများထံမှ ဝယ်ယူနိုင်ရန် မြို့စား ကိုင်ဆန်ကသာ ငွေထုတ်ပေးခဲ့ခြင်း ဖြစ်နိုင်ပြီး ထို့ကြောင့်ပင် ဤကုန်ပစ္စည်းများ အားလုံး မိသားစုနှင့်သာ သက်ဆိုင်သည်ဟု ထင်မှတ်ထားခဲ့သည်။
မိသားစု၏ ဓနဥစ္စာ ဆိုသည်မှာလည်း အနာဂတ်တွင် သူ့ ပိုင်ဆိုင်မှုများ ဖြစ်လာမည် မဟုတ်ပါလား။
ထိုအကြောင်းများကို တွေးတောရင်း အော်မန်ဒိုမှာ ဝမ်းသာပီတိ ဖြစ်နေမိပြီး သူ့ ရင်ခုန်သံများပင် မြန်ဆန်လာခဲ့တော့သည်။
End
***