ထိုကုန်ပစ္စည်းများကို သူ့ကိုယ်ပိုင် ပိုင်ဆိုင်မှုများဟု မှတ်ယူထားသောကြောင့်လားမသိ အော်မန်ဒိုက သူ့တာဝန်ကို အလွန် အလေးအနက် ထားကာ နေ့စဉ်ရက်ဆက် မြင်းစီး၍ အဆက်မပြတ် ကင်းလှည့်နေတော့သည်။
ဤသည်ကို မြင်လျှင် ချင်ဟန်က ခပ်ရေးရေး ပြုံးယုံသာ ပြုံးပြီး မည်သို့မျှ ဝင်ရောက် ပြောဆိုခြင်း မပြုချေ။
သူတို့ ခရီးဆက်လာခဲ့ကြ၏။
ဤလောကရှိ လမ်းခရီးများမှာ ဖြတ်သန်း သွားလာရန် အလွန် ခက်ခဲကြမ်းတမ်းလှကြောင်း အထူးတလည် ပြောနေစရာပင် မလိုပေ။
ခေတ်မီ လူ့အဖွဲ့အစည်းတွင်မူ ကောင်းမွန်သော လမ်းပန်း ဆက်သွယ်ရေး ဆိုသည်မှာ သွေးလွှတ်ကြောများ ကဲ့သို့ပင် ကုန်ပစ္စည်း စီးဆင်းမှု အရှိန်အဟုန်ကို မြှင့်တင်ပေးနိုင်ပြီး ကုန်သွယ်ရေး အတွက် အဟန့်အတားများကို လျော့ကျစေကာ စီးပွားရေးကို တိုးတက်စေသည် မဟုတ်ပါလား။
သို့သော် ဤလောကရှိ အုပ်ချုပ်သူများ အတွက်မူ ကောင်းမွန်သော လမ်းများ ဖောက်လုပ်ခြင်းက သူတို့အတွက် ကြီးမားသော အကျိုးအမြတ်များ ယူဆောင် မလာပေးနိုင်သည့်အပြင် သူတို့ ရင်ဆိုင်ရမည့် အန္တရာယ်များကိုသာ ပိုတိုးပွား လာစေနိုင်၏။
ချောမွေ့သော လမ်းကြောင်း တစ်ခု ဆိုသည်မှာ ရန်သူများ လာရောက် တိုက်ခိုက်မည့် အချိန်ကို အလွန်အမင်း လျော့ကျသွားစေပြီး မိမိတို့ဘက်မှ ရင်ဆိုင်ရမည့် အန္တရာယ်အား ပိုကြီးမားလာစေခြင်းပင် ဖြစ်သည်။
ဤအုပ်ချုပ်သူများက စီးပွားရေးနှင့် ကုန်သွယ်ရေး အပိုင်းတွင် သိပ်ပြီး နားလည် သဘောပေါက်ခြင်း မရှိကြသော်လည်း စစ်ရေး ခြိမ်းခြောက်မှုများနှင့် ပတ်သက်လာလျှင်မူ အလွန်အမင်း အကဲဆတ်ကြသည်။
ထို့ကြောင့် လမ်းသစ်များ ဖောက်လုပ်ရန် နေနေသာသာ အချို့သော အုပ်ချုပ်သူများ ဆိုလျှင် ရန်သူများ ဝင်ရောက် တိုက်ခိုက်ရန် ခက်ခဲစေရန် အတွက် ရှိပြီးသား လမ်းများကိုပင် တမင်တကာ ဖျက်ဆီးပစ်လေ့ ရှိကြသည်။
ဤသည်ကို ထောက်ရှုလျှင် ဤလောကကြီးရှိ လမ်းခရီးများ မည်မျှ ဆိုးရွားမည်ကို ကောင်းကောင်းကြီး စိတ်ကူးကြည့်၍ ရနိုင်သည်။
ခရီးအကွာအဝေးမှာ အလွန်အမင်း မဝေးကွာသော်ငြား ချင်ဟန်နှင့် သူ့လူများမှာ သုံး၊ လေးရက်ခန့် ခရီးဆက်ခဲ့ပြီးနောက်မှသာ နောက်ဆုံးတွင် ခရီးပန်းတိုင်သို့ နီးကပ်လာခဲ့တော့သည်။
"ငါတို့ ရောက်တော့မယ်..." လမ်းတစ်လျှောက် မြင်းစီးလာရင်း မြို့စား ကိုင်ဆန်က ပြောလာသည်။
"ငါ ငယ်ငယ်တုန်းက ဒီလမ်းကို ဖြတ်သွားခဲ့ဖူးတယ်... မကြာခင် ငါတို့ မြို့စား မိုင်လာရဲ့ ပိုင်နက်ထဲကို ရောက်တော့မယ်..."
"တကယ်လို့ ထူးထူးခြားခြား အဟန့်အတားတွေသာ မရှိခဲ့ဘူး ဆိုရင်တော့ နောက်ထပ် နာရီ အနည်းငယ် အကြာမှာ ငါတို့ ရောက်နိုင်လောက်တယ်..." မြို့စား ကိုင်ဆန်က ပြုံး၍ ဆက်ပြော၏။
"မြို့စား မိုင်လာက ကျွန်တော်တို့ကို လာကြိုပြီး သူ့စံအိမ်တော်ဆီ ခေါ်သွားဖို့ လူတွေ စေလွှတ်ပေးမယ်လို့ သတင်းပို့ထားပါတယ်..." အနီးနားရှိ လူငယ် တစ်ယောက်က ဝင်ရောက် သတင်းပို့လာသည်။
"အဲ့ဒါ ပိုကောင်းတာပေါ့..." ချင်ဟန်က တည်ငြိမ်သော အကြည့်ဖြင့် ပြုံးကာ ခေါင်းညိတ်ပြလိုက်၏။
သူက မြင်းပေါ်တွင် လိုက်ပါလာပြီး တစ်စုံတစ်ခု ပြောရန် ပြင်နေစဉ် ရုတ်တရက် တန့်သွားကာ အလိုအလျောက်ပင် အရပ်မျက်နှာ တစ်ခုဆီ လှမ်းကြည့်လိုက်မိသည်။
သူ့ ထက်မြက်သော အာရုံခံနိုင်စွမ်းဖြင့် အဝေး တစ်နေရာမှ ပုံမှန် မဟုတ်သော အခြေအနေ အချို့ကို အာရုံရလိုက်ခြင်းပင်။
"သူတို့ ရောက်လာကြပြီလား..."
ထိုအရာကို အာရုံခံမိသော်ငြား သူ့ အမူအရာက ပြောင်းလဲမသွားဘဲ တိတ်တဆိတ် တွေးတောနေလိုက်သည်။
ထို့နောက်တွင်တော့ ကုန်သည် ယာဉ်တန်းမှာ ဆက်လက် ထွက်ခွာလာခဲ့ကြ၏။
ခရီးပန်းတိုင်သို့ နီးကပ်လာသောကြောင့်ပဲလားမသိ လူတိုင်းက အလျင်အမြန် ရောက်ရှိ၍ အနားယူလိုစိတ်ဖြင့် ခရီးသွားနှုန်းကို ပိုမြှင့်တင်လိုက်သည်။
သို့သော် သူတို့ လုံးဝ မကြုံတွေ့ချင်သော အရာတစ်ခုက လက်တွေ့ ဖြစ်ပေါ်လာခဲ့လေပြီ။
ကျဉ်းမြောင်းသော လမ်းကလေးပေါ်တွင် အဝေးမှနေ၍ ကျယ်လောင်သော အော်ဟစ်သံများနှင့် အတူ မြားမိုးများက အဆက်မပြတ် ရွာကျလာတော့သည်။
ချင်ဟန် စောင့်ကြည့်နေစဉ်မှာပင် သားရေ အကာအကွယ်များ ဝတ်ဆင်ထားသော လူအများအပြားက ထူထပ်သော တောအုပ်ထဲမှ ထွက်ပေါ်လာပြီး သူတို့ထံ အပြင်းအထန် ပြေးဝင်လာကြ၏။
"အဲ့ဒါက... တောင်ဓားပြတွေလား..." ထိုပုံရိပ်များကို မြင်လိုက်ရချိန်တွင် မြို့စား ကိုင်ဆန်၏ အမူအရာမှာ ပျက်ယွင်းသွားသည်။ "ဒီလောက်တောင် အများကြီးလား..."
ပြေးဝင်လာသော လူအုပ်ကြီးမှာ အလွန်အမင်း ထူထပ် များပြားလှပြီး လူသုံး၊ လေးရာခန့် ရှိမည်ဟု ခန့်မှန်းရသည်။
လူ သုံး၊ လေးရာ ဆိုသည်မှာ သိပ်မများပြားသော ပမာဏဟု ထင်မှတ်ရသော်ငြား တကယ်တမ်း ဤကဲ့သို့သော နေရာဒေသမျိုးတွင် အတော်လေး ကြီးမားသည့် အင်အားစု တစ်ခုပင်။ ချင်ဟန် သိထားသလောက် ဆိုလျှင် ပတ်ဝန်းကျင်ရှိ အုပ်ချုပ်သူများတွင် သူတို့၏ ကိုယ်ပိုင် အင်အားစုများ အသီးသီး ရှိကြသော်လည်း လူအင်အား သိပ်မများပြားပေ။
အုပ်ချုပ်သူ တစ်ယောက် အနေဖြင့် လူသုံး၊ လေးရာခန့် ပိုင်ဆိုင်ထားခြင်းကပင် အတော်လေး အားကောင်းသော အင်အားစု တစ်ခု အဖြစ် သတ်မှတ်နိုင်သည်။
ဥပမာ အားဖြင့် မြို့စား ကိုင်ဆန်တွင် အစောင့်အရှောက် အင်အား နှစ်ရာခန့်သာ ရှိသည် မဟုတ်ပါလား။
သေချာသည်မှာ ထိုအစောင့်အရှောက် အများစုက သက်တမ်းရင့် စစ်သည်တော်များ ဖြစ်ကြပြီး သာမန်လူများနှင့် လုံးဝ နှိုင်းယှဉ်၍ ရနိုင်မည် မဟုတ်ချေ။
ဤဓားပြများမှာ သားရေ အကာအကွယ်များ ဝတ်ဆင်ထားရုံသာမက ဒူးလေးများပင် ကိုင်ဆောင် ထားကြသေး၏။ ကြည့်ရသည်မှာ သာမန် အသေခံ တပ်သားများနှင့် မတူပေ။
ဤခရီးစဉ် အတွက် မြို့စား ကိုင်ဆန်က သူ့ အစောင့်အရှောက် ထက်ဝက်ခန့်ကို ခေါ်ဆောင်လာခဲ့ပြီး လူတစ်ရာ ဝန်းကျင်ခန့်သာ ရှိလေသည်။
ကုန်ပစ္စည်းများ သယ်ယူ ပို့ဆောင်ရာတွင် ကူညီပေးသော အလုပ်သမားများကိုပါ ထည့်သွင်း ရေတွက်လိုက်လျှင်ပင် စုစုပေါင်း အင်အားမှာ နှစ်ရာအောက်သာ ရှိပေမည်။
ထို့အပြင် သူတို့ ခရီးဆက်လာခဲ့ရသည်မှာ အတော်လေး ကြာမြင့်နေပြီ ဖြစ်သဖြင့် ခွန်အား အများစု ကုန်ဆုံးနေချိန် ရန်သူများက အသင့် စောင့်ကြိုနေခြင်းတို့နှင့် ပေါင်းစပ်လိုက်လျှင် သူတို့ နှစ်ဖက်ကြားရှိ အင်အား ကွာဟချက်မှာ အလွန်အမင်း ကြီးမားသွားခဲ့လေပြီ။
မြို့စား ကိုင်ဆန်၏ မျက်နှာမှာ ပြာနှမ်းသွားတော့သည်။ အခြေအနေများက ဤသို့ ဖြစ်လာခဲ့ပြီ ဖြစ်ရာ သူ့တွင် အခြား ရွေးချယ်စရာ လမ်းကြောင်း မရှိတော့ပေ။
မြင်းပေါ်တွင် ရှိနေရင်းပင် သူက ဓားကို ဆွဲထုတ်လိုက်ပြီး အစောင့်အရှောက်များကို ဦးဆောင်၍ ရှေ့သို့ ပြေးဝင်သွားတော့သည်။
အချိန် အနည်းငယ် အကြာတွင် နှစ်ဖက် အင်အားစု အပြင်းအထန် ထိပ်တိုက် ရင်ဆိုင်မိသွားကြ၏။
မတူညီသော အင်အားစု နှစ်ခု ပက်ပင်းတိုးမိသွားကြပြီး ထိုနေရာ တစ်ဝိုက်မှာ စစ်တလင်းပြင် တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့လေပြီ။
ကျယ်လောင်သော အော်ဟစ်သံများနှင့် သတ်ဖြတ်သံများက လေထုထဲတွင် ဖုံးလွှမ်းသွားပြီး နာကျင်စွာ အော်ဟစ် ညည်းညူသံများက ရံဖန်ရံခါ ထွက်ပေါ်လာသည်။
ဤမြင်ကွင်းကို ကြည့်ရင်း ချင်ဟန်၏ အကြည့်တို့က တည်ငြိမ်နေဆဲ ဖြစ်ကာ ဘေးဘက်သို့ တိတ်တဆိတ် လှမ်းကြည့်လိုက်သည်။
အရှေ့ဘက် တိုက်ပွဲ အလယ်တွင်တော့ အော်မန်ဒို တစ်ယောက် ဓားပြတချို့နှင့် အပြင်းအထန် တိုက်ခိုက်နေ၏။
သေချာသည်မှာ ထိုသည်က သူ့ဘက်မှ ရဲရင့်လွန်း၍ မဟုတ်ဘဲ အခြေအနေအရ အတင်းအကျပ် တွန်းပို့ခံလိုက်ရသောကြောင့်ပင်။
အစောပိုင်းက သူက အဖွဲ့၏ အပြင်ဘက်ဆုံးတွင် မြင်းစီးလာခဲ့ခြင်း ဖြစ်ပြီး ထိုဓားပြများ ပြေးဝင်လာချိန်တွင် လှည့်ပြေးရန် ကြိုးစားခဲ့သော်လည်း အချိန်နှောင်းသွားခဲ့ပြီ ဖြစ်သည်။
လက်ရှိတွင် သူက မြင်းပေါ်၌ ရှိနေပြီး မြင်းစီး ဓားပြ တစ်ယောက်နှင့် ရင်ဆိုင်နေရကာ လောလောဆယ်တွင် မည်သူကမျှ အသာစီး မရသေးချေ။
အော်မန်ဒိုမှာ အနည်းငယ် ချည့်နဲ့ ပင်ပန်းနေပုံ ပေါ်သော်ငြား သူက ယခင်က အစောင့်အရှောက်များနှင့် အတူ လေ့ကျင့်ခဲ့ဖူးသဖြင့် အခြေခံ ကောင်းကောင်း ရှိသည်။ သူ့ မြင်းစီးကျွမ်းကျင်မှုနှင့် ပေါင်းစပ်လိုက်လျှင် အချိန် ခဏတော့ တောင့်ခံထားနိုင်စွမ်း ရှိ၏။
သို့သော် ထိုမျှသာ။
ဓားပြများနှင့် ပတ်သက်၍ ချင်ဟန်၏ အမြင်တွင်မူ ထိုသူများမှာလည်း အတော်လေး သာမန် အဆင့်တွင်သာ ရှိသည်။
မြို့စား ကိုင်ဆန် ကဲ့သို့သော သာမန် အုပ်ချုပ်သူ တစ်ယောက် အတွက်တော့ ထိုသူများက လက်ရွေးစင် တပ်သားများ ဖြစ်နေနိုင်သော်ငြား ချင်ဟန် အတွက်မူ ကြီးကျယ်သော ကိစ္စ တစ်ခု မဟုတ်ချေ။
မြို့စား ကိုင်ဆန်ဘေးတွင် မြင်းစီးလာသော ချင်ဟန်၏ အကြည့်တို့က တည်ငြိမ်နေပြီး တိတ်တဆိတ်ပင် လက်တစ်ဖက်ကို မြှောက်လိုက်သည်။
သူ့ဘေးရှိ လက်အောက်ငယ်သားမှာ ချက်ချင်းပင် အခြေအနေကို သဘောပေါက်သွားပြီး အလံငယ် တစ်ခု ဝှေ့ယမ်း ပြလိုက်၏။
ထိုအလံပေါ်တွင် ချင်ဟန် မိသားစု၏ အမှတ်တံဆိပ်ကို ရေးဆွဲထားသည်။
ထိုအခါ ချက်ချင်းပင် မြင်းလှည်းများ နောက်တွင် ပုန်းအောင်းနေသော အမွေးမည်း ကျွန်များက မြင်းလှည်း တစ်စီးထဲသို့ စိတ်လှုပ်ရှားစွာ ပြေးဝင်သွားပြီး သူတို့၏ လက်နက်များကို ဆွဲထုတ်လာကြတော့သည်။
အစောင့်အရှောက်များက ဓားပြများကို တားဆီး ပေးထားသဖြင့် သူတို့မှာ လက်နက်များ အလျင်အမြန် ထုတ်ယူ၍ ရှေ့သို့ ပြေးဝင်သွားနိုင်ခဲ့ခြင်းပင်။
ဤကဲ့သို့သော အခြေအနေမျိုးအတွက် ကြိုတင် ပြင်ဆင်ထားသည့် အနေဖြင့် ချင်ဟန်က လူတိုင်းကို သားရေ အကာအကွယ်များ ဝတ်ဆင်ထားစေခဲ့ရာ ဤသည်က အချိန် အများအပြား သက်သာသွားစေခဲ့၏။
ဤအချက်မှာ မြို့စား ကိုင်ဆန်၏ အစောင့်အရှောက်များ အဖို့လည်း အတူတူပင်။
လက်ရှိ အချိန်တွင် အကာအကွယ် ဝတ်ဆင်မထားသူ ဆို၍ လူနှစ်ယောက်သာ ရှိပြီး ထိုသူများမှာ မြို့စား ကိုင်ဆန်နှင့် အော်မန်ဒိုတို့ ဖြစ်သည်။
မြို့စား ကိုင်ဆန် အနေဖြင့်မူ သူ့ ခန္ဓာကိုယ်မှာ ပိန်ပါးပြီး အတော်လေး အားနည်းလှသောကြောင့် မဝတ်ထားခြင်းပင်။ သူက အပေါ့စား အကာအကွယ် ဝတ်ဆင်ရန်ပင် မသင့်တော်သဖြင့် မည်သည့် အကာအကွယ်မျှ ဝတ်ဆင်မထားခြင်း ဖြစ်၏။
အော်မန်ဒို အတွက်ကတော့ သူက ချင်ဟန်အား အထင်အမြင် သေးသောကြောင့်ဟု ဆိုရပေမည်။
သူက ချင်ဟန်အား အမြဲတမ်း မနှစ်မြို့ခဲ့သလို အထင်လည်း သေးခဲ့သောကြောင့် ချင်ဟန်၏ အကြံပေး စကားများကို လုံးဝ နားမထောင်ခဲ့ပေ။
မြို့စား မိုင်လာ၏ ပိုင်နက် အတွင်းသို့ ရောက်ရှိတော့မည် ဖြစ်ရာ ထိုလေးလံပြီး သက်တောင့်သက်သာ မရှိသော အကာအကွယ်များကို ဝတ်ဆင်ထားရန် ဘာအကြောင်း ရှိမည်နည်း။
ထိုစဉ်က အော်မန်ဒို ယခုလို ပြောလာချိန်တွင် ချင်ဟန်က ခပ်ရေးရေး ပြုံးယုံသာ ပြုံးပြီး မည်သည့် စကားမျှ ထပ်မံ ဆိုမလာခဲ့ချေ။
ယခုချိန်တွင်တော့ အော်မန်ဒို တစ်ယောက် နောင်တရနေမည်လားဟူ၍ပင် တွေးနေမိသည်။
ထိုစဉ်မှာပင် သူက ခေါင်းမော့၍ အရှေ့သို့ လှမ်းကြည့်လိုက်ပြီးနောက် သူ့ ဓားကို ဆွဲထုတ် ဝှေ့ယမ်းကာ ရှေ့သို့ အပြင်းအထန် ပြေးဝင်သွားတော့သည်။
End
***