ချင်ဟန် တိုက်ပွဲအတွင်း ဝင်ရောက်လာပြီးနောက် အခြေအနေများမှာ လျင်မြန်စွာ ပြောင်းလဲသွားလေပြီ။
သူက ဓားကို အဆက်မပြတ် ဝှေ့ယမ်း၍ တစ်ကိုယ်တော် ရှေ့သို့ တိုးထွက်လာပြီး မျက်တောင်တစ်ခတ် အတွင်းမှာပင် လူအုပ်ကြီးထဲသို့ အပြင်းအထန် ထိုးဖောက် ဝင်ရောက်သွားတော့သည်။
ချင်ဟန်၏ လုပ်ရပ်များကို မြင်လိုက်ရချိန်တွင် မြို့စား ကိုင်ဆန်မှာ အလိုအလျောက်ပင် ထိတ်လန့်သွားပြီး ချင်ဟန်အား ကာကွယ်ပေးရန် လူအချို့ စေလွှတ်လိုစိတ် ပေါ်လာခဲ့သည်။
သို့သော် ချင်ဟန် ပြသလိုက်သော စွမ်းရည်များကြောင့် သူ လုံးဝကို မှင်သက် အံ့ဩသွားရတော့၏။
မြင်းပေါ်တွင် ရှိနေသော ချင်ဟန်၏ အကြည့်တို့က တည်ငြိမ်နေဆဲ ဖြစ်ကာ သူ့အရှေ့ရှိ ရန်သူများကို တိတ်ဆိတ်စွာပင် ခုတ်ပိုင်းနေလေသည်။ သူ့ ဓားချက်များက လေထုကို အဆက်မပြတ် ခွဲဖြာ ထွက်သွားပြီးနောက် ကျယ်လောင်သော လေတိုးသံကြီးများ ဆက်တိုက် ထွက်ပေါ်လာ၏။
လူအများအပြားမှာ အနည်းငယ်မျှပင် ခုခံနိုင်စွမ်း မရှိဘဲ လွင့်စင် ထွက်သွားကြပြီး အချို့ဆိုလျှင် ထက်ပိုင်း ပြတ်လုမတတ် ပိုင်းဖြတ် ခံလိုက်ရသည်။
ထိုနောက်တွင်တော့ ချင်ဟန်၏ မြင်းက ကျယ်လောင်စွာ ဟီမြည်၍ ရန်သူများကြားထဲသို့ အဟုန်ပြင်းစွာ ခုန်ဝင်သွားတော့သည်။
သူ့ပတ်ပတ်လည်ရှိ မြောက်မြားစွာသော ရန်သူများက ချင်ဟန်ထံ အပြင်းအထန် ပြေးဝင်လာကြ၏။
သို့သော် ချင်ဟန်နှင့် ယှဉ်လိုက်ချိန်တွင်မူ ထိုသူများမှာ မယုံကြည်နိုင် လောက်အောင် အားနည်းနေသကဲ့သို့ ထင်မှတ်ရသည်။
သူက အလွန်အမင်း မြန်ဆန်လွန်းပြီး သိုးအုပ်ထဲ ဝင်ရောက်လာသော ဝံပုလွေ တစ်ကောင်ပမာပင်။ သူ့ လှုပ်ရှားမှု တိုင်းတွင် ပြင်းထန်သော ဖိနှိပ်နိုင်စွမ်းများ ပါဝင်နေပြီး ပေါ့ပေါ့ပါးပါး တိုက်ခိုက်လိုက်သော ဓားချက် တစ်ချက်ကပင် ကြီးမားလှသော သေကျေ ပျက်စီးမှုများကို ဖြစ်ပေါ်စေသည်။
ထိုသာမန် လူများ အနေဖြင့် သူ့အား ရင်ဆိုင်ရချိန်တွင် တစ်ချက်တည်းသော တိုက်ခိုက်မှုကိုသာ ခံနိုင်ရည် ရှိကြပြီး ပွဲချင်းပြီး သေဆုံးသွားခြင်း မဟုတ်လျှင်ပင် ပြင်းထန်စွာ ဒဏ်ရာ ရသွားကြလေပြီ။
လူအုပ်ကြီးထဲ အပြင်းအထန် တိုးဝင် သတ်ဖြတ်နေသော ချင်ဟန်၏ ရဲရင့် တက်ကြွလှသည့် ပုံရိပ်ကြောင့် မြို့စား ကိုင်ဆန် တစ်ယောက် ဆွံ့အ မှင်သက် သွားရတော့သည်။
မြင်းလှည်းများဘေးရှိ သူ့ မြင်းပေါ်တွင် ထိုင်နေရင်း သူရဲကောင်း တစ်ဦးအလား ရန်သူများကို အဆက်မပြတ် သတ်ဖြတ်နေသော ချင်ဟန်အား ငေးကြည့်နေမိသည်။ ချင်ဟန် ထုတ်ဖော် ပြသနေသော စွမ်းအားများကို အာရုံခံမိပြီးနောက် မြို့စား ကိုင်ဆန်မှာ လုံးဝကို စကားစများ ဆွံ့အ သွားခဲ့လေပြီ။
"ဒီစွမ်းအားတွေက... တကယ်ပဲ ဒီစွမ်းအားတွေက..."
ယခင်က သူရဲကောင်းများ အကြောင်း သူ ကြားဖူးခဲ့ပြီး သာမန်လူများ အနေဖြင့် ထိုကဲ့သို့သော တည်ရှိမှုမျိုးကို မည်သို့မျှ တားဆီးနိုင်စွမ်း မရှိကြောင်းကိုလည်း ကောင်းစွာ သိထား၏။
လွန်ခဲ့သော တစ်နှစ်တာ ကာလအတွင်း ချင်ဟန် ပေးပို့သော စာများမှ တစ်ဆင့် သူက သူရဲကောင်း တစ်ဦး ဖြစ်လာခဲ့ပြီ ဆိုသည်ကိုလည်း သိထားခဲ့ပြီး ဖြစ်သည်။
ထို့ကြောင့်ပင် အော်မန်ဒိုအား စွန့်လွှတ်လိုက်ပြီး ချင်ဟန်ကိုသာ သူ့ အရိုက်အရာအား ဆက်ခံခွင့် ပေးရန် ခိုင်မာစွာ ဆုံးဖြတ်ခဲ့ခြင်း မဟုတ်ပါလား။
သို့တိုင် နားဖြင့် ကြားခဲ့ရခြင်းမှာ ကိုယ်တိုင် မျက်မြင် ကိုယ်တွေ့ မြင်တွေ့လိုက်ရခြင်းနှင့် မည်သို့မျှ နှိုင်းယှဉ်၍ ရနိုင်မည် မဟုတ်ချေ။
ချင်ဟန်၏ ထိတ်လန့်ဖွယ် စွမ်းအားများကို ကိုယ်တိုင် မြင်တွေ့လိုက်ရချိန်မှသာ သူရဲကောင်းများအား အဘယ်ကြောင့် ဤမျှလောက် တန်ဖိုးထား ကြသနည်း ဆိုသည်ကို သူ နက်နက်ရှိုင်းရှိုင်း သဘောပေါက် သွားတော့သည်။
"ကိုင်လင်းရဲ့ ခွန်အားတွေနဲ့ ဆိုရင် ငါ့ရဲ့ အစောင့်အရှောက် တပ်ဖွဲ့ တစ်ခုလုံး ပေါင်းပြီး တိုက်ခိုက်ရင်တောင် သူ့ကို ယှဉ်နိုင်မှာ မဟုတ်ဘူး..."
ဤအတွေးက မြို့စား ကိုင်ဆန်၏ ခေါင်းထဲ လျင်မြန်စွာ ဖြတ်ပြေးသွားခဲ့သည်။
ချင်ဟန် ထုတ်ဖော် ပြသလိုက်သော ခွန်အားများနှင့်သာ ဆိုလျှင် သူသာ ဆန္ဒရှိပါက ဤဓားပြ တစ်သိုက်လုံးကို အကုန်အစင် သတ်ဖြတ်ပစ်ရန်မှာ လုံးဝ ပြဿနာ ရှိမည် မဟုတ်ကြောင်း သူ ခံစားလိုက်ရသည်။
သူ တစ်ယောက်တည်းနှင့်ပင် လူနှစ်ရာခန့် ရှိသော ဓားပြအုပ်ကြီးအား ကောင်းကောင်းကြီး ရင်ဆိုင်နိုင်စွမ်း ရှိလေသည်။
ဘုန်း...
ချင်ဟန်၏ တိုက်ခိုက်မှုကြောင့် အလောင်း တစ်လောင်း လွင့်စင် ထွက်သွားပြီး မြေပြင်ပေါ်သို့ ပြင်းထန်စွာ ရိုက်ခတ် ပုံကျသွားတော့၏။
မြေပြင်ပေါ်တွင် အရှိန်အဟုန်ဖြင့် ပြေးလွှား သတ်ဖြတ်နေသော ချင်ဟန်၏ မျက်နှာထားမှာ တည်ငြိမ်နေဆဲ ဖြစ်ပြီး သူ့ တစ်ကိုယ်လုံးမှာလည်း သွေးများဖြင့် ရွှဲနှစ် ဖုံးလွှမ်းနေလေပြီ။
အသက်ရှူ ကြပ်လုမတတ် ပြင်းထန်လှသော သွေးညှီနံ့များက လေထုထဲ ပျံ့နှံ့လာ၏။
များမကြာမီမှာပင် သူ့ပတ်ပတ်လည် တစ်ဝိုက်တွင် ရန်သူ့ အလောင်းများဖြင့် ပြည့်နှက်သွားတော့သည်။
အချိန်တိုလေး အတွင်းမှာပင် သူက လူ ဒါဇင်ပေါင်း များစွာကို သတ်ဖြတ်ခဲ့ပြီး ဖြစ်ကာ အလောင်းများမှာ တောင်ကုန်းငယ် တစ်ခုအလား ပုံကျနေလေပြီ။
ယခုအခါ သူ့အနီးအနားသို့ မည်သူတစ်ဦး တစ်ယောက်မျှ ချဉ်းကပ်လာရဲခြင်း မရှိတော့ချေ။
အခြား တစ်ဖက်တွင်မူ အမွေးမည်း ကျွန်များက ဟိန်းဟောက် အော်ဟစ်ရင်း ရှေ့သို့ ပြေးဝင်လာကာ ရိုးရှင်းသော တိုက်ခိုက်ရေး ပုံစံတစ်ခု ဖွဲ့စည်း၍ မြို့စား ကိုင်ဆန်နှင့် အခြားသူများကို ကာကွယ် ပေးထားကြသည်။
တိုက်ဆိုင်မှု တစ်ခုသာ ဖြစ်နိုင်သော်ငြား တိုက်ပွဲ အရှိန် မြင့်တက်လာသည်နှင့်အမျှ ဓားပြများမှာ အော်မန်ဒို ပိတ်မိနေသော နေရာဘက်သို့ အဆက်မပြတ် ဆုတ်ခွာလာခဲ့၏။ သူ့ပတ်လည်တွင် ဓားပြ အရေအတွက် ပိုများပြားလာခြင်းက သူ့အပေါ် ကြီးမားသော ဖိအားများကို သက်ရောက် လာစေတော့သည်။
ယခု အချိန်တွင်မူ ချင်ဟန်၏ ကြောက်မက်ဖွယ် ခွန်အားများကြောင့် တုန်လှုပ် ခြောက်ခြားသွားကြသော ဓားပြများမှာ ဆက်လက် တိုက်ခိုက်လိုစိတ်ပင် မရှိကြတော့ပေ။
သို့သော် သူတို့ရှေ့ တည့်တည့်တွင် ရှိနေသော အော်မန်ဒိုအား ရင်ဆိုင်ရချိန်တွင်မူ မည်သို့မျှ တုံ့ဆိုင်းနေခြင်း မရှိဘဲ ဝင်ရောက် တိုက်ခိုက်ကြသည်။
ဤအခြေအနေအား ရင်ဆိုင်လိုက်ရသဖြင့် အော်မန်ဒိုမှာ ခါးသီးမှုကို ခံစားလိုက်ရသော်ငြား အံတင်းတင်း ကြိတ်၍သာ ရှေ့သို့ ဆက်လက် ရင်ဆိုင်ရုံမှလွဲ၍ အခြား ရွေးချယ်စရာ မရှိချေ။
ကံကောင်းစွာဖြင့် သူ့ ဘေးပတ်လည်တွင် ဓားပြများကို အချိန်အတန်ကြာ ခုခံ တားဆီးပေးနိုင်မည့် အစောင့်အရှောက် အချို့ ရှိနေခဲ့၏။
သို့သော် အချိန်များ တဖြည်းဖြည်း ကုန်လွန်လာသည်နှင့်အမျှ သူတို့ဘက်မှ အသာစီး မရတော့ဘဲ ခုခံ ကာကွယ်ရန် ပို၍ ပို၍ ခက်ခဲလာခဲ့လေပြီ။
ဤသည်ကို မြင်လိုက်ရချိန်တွင် မြို့စား ကိုင်ဆန်မှာ အလွန်အမင်း စိုးရိမ် ပူပန်သွားတော့၏။
မည်သို့ပင်ဖြစ်စေ အော်မန်ဒိုသည်လည်း သူ့ သားအရင်း တစ်ယောက် ဖြစ်ပြီး မည်မျှပင် စိတ်ပျက်ဖို့ ကောင်းနေပါစေ ဤအချက်က ပြောင်းလဲသွားမည် မဟုတ်ပေ။
သားဖြစ်သူ အန္တရာယ်နှင့် ရင်ဆိုင်နေရသည်ကို မျက်မြင်ကိုယ်တွေ့ မြင်လိုက်ရချိန်တွင် ဖခင် တစ်ယောက် အနေဖြင့် အလွန် ထိတ်လန့် စိုးရိမ်သွားမိသည်။
"ကိုင်လင်း..."
အဝေးတွင် ရှိနေသော ချင်ဟန်အား လှမ်းကြည့်ရင်း သူက အော်ဟစ် ခေါ်ဆိုလိုက်သည်။
ထိုအသံကို ကြားလျှင် ချင်ဟန်က လှမ်းကြည့်၍ ခေါင်းညိတ်ပြပြီးနောက် အနည်းငယ်မျှ တုံ့ဆိုင်းနေခြင်း မရှိဘဲ ရှေ့သို့ အပြင်းအထန် ပြေးဝင်သွားတော့သည်။ သူက မြင်းကို အပြင်းနှင်ပြီး အော်မန်ဒို ရှိရာ နေရာသို့ အမြန်ဆုံး ရောက်ရှိနိုင်ရန် အစွမ်းကုန် ကြိုးစားလိုက်၏။
လမ်းခုလတ်တွင် သူ့ အရှေ့မှ ပိတ်ဆို့နေသော၊ သို့မဟုတ် သူ့အား တားဆီးရန် ကြိုးစားလာသော ဓားပြများ အားလုံးမှာ သူ့ ဓားချက်အောက်တွင် အသက်ပျောက် သွားခဲ့ရပြီး သူ့ ပုံရိပ်မှာ အလွန်အမင်း ရဲစွမ်းသတ္တိ ပြည့်ဝသည့် အသွင်ကို ဆောင်နေသည်။
ချင်ဟန်၏ လှုပ်ရှားမှုများကို လှမ်းကြည့်ရင်း မြို့စား ကိုင်ဆန်လည်း စိတ်သက်သာရာ ရစွာဖြင့် သက်ပြင်း တစ်ချက် ချလိုက်မိသည်။
ချင်ဟန်မှာ အလွန်အမင်း သန်မာလွန်းပြီး ယခု နေရာရှိ ဓားပြများ အားလုံး ပေါင်း၍ တိုက်ခိုက်လျှင်ပင် သူ့အား ယှဉ်နိုင်မည် မဟုတ်ဟု ဆိုရလျှင် ချဲ့ကား ပြောဆိုခြင်း ဖြစ်မည် မဟုတ်ချေ။
ချင်ဟန် တစ်ယောက် အော်မန်ဒို ရှိရာသို့ ရောက်သွားသည်နှင့် အော်မန်ဒိုမှာ သေချာပေါက် အသက်ဘေးမှ လွတ်ကင်းသွားမည် ဖြစ်သည်။
အော်မန်ဒို ကိုယ်တိုင်လည်း ဤအချက်ကို တွေးတောနေမိ၏။
ပြင်းထန်သော တိုက်ပွဲ အလယ်တွင် ရှိနေသည့်တိုင် ချင်ဟန်၏ သူရဲကောင်း ဆန်သော စွမ်းရည်များကို သူ ရှင်းလင်းစွာ မြင်တွေ့ခဲ့ရသည်။
အတိတ်က သူတို့ကြားတွင် မည်သို့သော ပွတ်တိုက်မှုများ ရှိခဲ့ပါစေ ယခု အချိန်တွင်တော့ ထိုအရာများကို သူ ဂရုမစိုက်နိုင်တော့ပေ။
အကယ်၍ ချင်ဟန်သာ ရောက်မလာခဲ့ပါက သူ အချိန် အကြာကြီး တောင့်ခံထားနိုင်မည် မဟုတ်ဘဲ အတိတ်က သူ့ လက်ချက်ဖြင့် သေဆုံးသွားခဲ့ရသူများ ကဲ့သို့ပင် ဤဓားပြများ လက်ထဲတွင် သူ အသက် ပျောက်ရပေတော့မည်။
သေခြင်းတရား...
ထိုစကားလုံးကို တွေးလိုက်မိသည်နှင့် သူ့ နှလုံးသားမှာ ကြောက်ရွံ့ တုန်လှုပ် သွားခဲ့ရပြီး တစ်ကိုယ်လုံး အပြင်းအထန် စိုးရိမ် ပူပန်လာလေပြီ။
သူက ဓားကို အစွမ်းကုန် မြှောက်ကိုင်လိုက်ပြီး ရှိသမျှ ခွန်အားများကို ထုတ်ဖော်ကာ ဘေးပတ်လည်ရှိ အစောင့်အရှောက်များနှင့် အတူ ပူးပေါင်း၍ ဆက်လက် တိုက်ခိုက်နေသည်။
ထိုသည်က သူ ဤနေရာမှ ဆုတ်ခွာ ထွက်ပြေးရန် ဆန္ဒ မရှိသောကြောင့် မဟုတ်ပေ။ အကယ်၍ သူသာ ဆုတ်ခွာလိုက်ပါက ရန်သူများအား သူ့ကျောပြင်ကို လှည့်ပြလိုက်ရမည် ဖြစ်ပြီး ထိုသို့သာ ဆိုလျှင် သူ့ အဆုံးသတ်မှာ ပိုဆိုးရွား သွားမည် မဟုတ်ပါလား။
"ငါ အချိန် ခဏလောက်ပဲ ဆက်ပြီး တောင့်ခံထားဖို့ လိုတော့တယ်..."
သူ အလွန် မျှော်လင့်ချက် ကင်းမဲ့နေသလို ခံစားနေရပြီး ဤအတွေး တစ်ခုတည်းသာ သူ့ခေါင်းထဲ ကြီးစိုး နေမိသည်။
သို့သော် သူ့ အနောက်တွင် ရှိနေသော အစောင့်အရှောက် တစ်ယောက်၏ မျက်နှာထားမှာ ကောက်ကျစ် စဉ်းလဲလာသည်ကိုမူ သတိမထားမိခဲ့ချေ။
ထိတ်လန့် စိုးရိမ်နေသော အော်မန်ဒိုအား လှမ်းကြည့်ရင်း ထိုအစောင့်အရှောက်၏ မျက်နှာထားမှာ အေးစက်သွားပြီး အရှေ့သို့ တဖြည်းဖြည်း ချဉ်းကပ်လာခဲ့၏။ ကြီးမားသော ခွန်အား တစ်ခုက အော်မန်ဒို၏ ကျောပြင်ကို အနောက်မှ ဝင်ရောက် ဆောင့်တွန်းလိုက်ရာ သူ မတုံ့ပြန်နိုင်ခင်မှာပင် မြင်းပေါ်မှ လွင့်စင် ပြုတ်ကျသွားပြီး မြေပြင်ပေါ်သို့ ပြင်းထန်စွာ ရိုက်ခတ် ပုံကျသွားသည်။
ထိုနောက်တွင်တော့ ဓားပြ အမြောက်အမြားက သူ့အပေါ် ဝိုင်းအုံ ပြေးဝင်လာကြပြီး သူ့အား အပြီးတိုင် ဝါးမြိုသွားလေတော့သည်။
"အော်မန်ဒို..." ဤမြင်ကွင်းကို မြင်လိုက်ရချိန်တွင် မြို့စား ကိုင်ဆန်၏ မျက်လုံးများ ပြူးကျယ်သွား၏။
အော်မန်ဒို၏ အနောက်တွင် ရပ်နေသော အစောင့်အရှောက် တစ်ယောက်က သူ့အား မြင်းပေါ်မှ တွန်းချပြီးနောက် မြင်းကို လုယူကာ အရှိန်အဟုန်ဖြင့် ထွက်ပြေးသွားသည်ကို သူ ရှင်းလင်းစွာ မြင်တွေ့လိုက်ရသည်။ ထိုအချိန်တွင် အော်မန်ဒို၏ ခန္ဓာကိုယ်က ဓားပြများကို အကာအကွယ် တစ်ခုသဖွယ် ပိတ်ဆို့ ပေးထားသကဲ့သို့ ဖြစ်သွားခဲ့သည်။
ကြည့်ရသည်မှာ ထိုသူက တိုက်ပွဲကို ကြောက်ရွံ့သဖြင့် ထွက်ပြေး လွတ်မြောက်နိုင်ရန် အော်မန်ဒိုအား ရန်သူများ ပိတ်ဆို့ပေးသည့် အကာအကွယ် အဖြစ် အသုံးပြုသွားခြင်းပင်။
"မလုပ်ကြနဲ့..." ထိုနေရာတွင် ရပ်နေရင်း ဓားပြ အများအပြား အော်မန်ဒို အပေါ် ဝိုင်းအုံ သွားကြသည်ကို မြို့စား ကိုင်ဆန် ရှင်းလင်းစွာ မြင်တွေ့နေရသည်။
ထိုအချိန်တွင် ချင်ဟန်မှာ သိပ်မဝေးသော နေရာသို့ ရောက်ရှိနေပြီ ဖြစ်၏။
သို့သော် အဖြစ်ဆိုးကတော့ မလွှဲမသွေ ဖြစ်ပေါ်လာခဲ့ပြီ ဆိုရပေမည်။
End
***